လောကပါလအဆင့်သို့ ထပ်မံဝင်ရောက်ခြင်း
Vol. 80 Ch. 1108
လွှမ်းမိုးကြီးစိုးနေသော အငွေ့အသက်အောက်တွင် ဖုံးကွယ်ထားသည်မှာတော့ အခြားသူများ သတိမထားမိနိုင်သော ... ကလိမ်ကျထားမှုပင် ဖြစ်သည်။
ဥပမာအားဖြင့် လင်းချုံ၏အကြွေးစာချုပ်။ လင်းချုံပင်လျှင် ထိုအကြောင်း မသိပေ။ သူ့မှာ မန်ဟို့လှည့်ကွက်ကျော့ကွင်းထဲ မသိလိုက်ဘဲ ကျရောက်ခဲ့ရလေသည်။ ထိုအကြွေးစာချုပ်သည် သူတို့၏ပထမဆုံးတိုက်ပွဲအတွင်း မန်ဟို နတ်ဘုရားခြေခုနစ်လှမ်းကို သုံးခဲ့စဉ်က ဖြစ်ပေါ်လာခဲ့၏။ လင်းချုံတစ်ယောက် ခြေလှမ်းခုနစ်လှမ်း၏ တဟုန်ထိုးမြင့်တက်လာနေသော စွမ်းအားအပေါ် အာရုံရောက်နေခဲ့စဉ် မန်ဟိုက အကြွေးစာချုပ်ကို တိတ်တဆိတ် ဖန်တီးနေခဲ့ခြင်းဖြစ်သည်။
သူသည် လင်းချုံကို မသတ်နိုင်ခဲ့လျှင် သို့မဟုတ် သူ လွတ်သွားလျှင် လိုရမယ်ရအဖြစ် တမင်ဖန်တီးခဲ့လေသည်။ သို့မှသာလျှင် လက်ဗလာဖြင့် အရှုံးပေါ်မည်မဟုတ်ပေ။ အနည်းဆုံးတော့ သူ့တွင် အကြွေးစာချုပ်တစ်ခု ရလိုက်ပြီမဟုတ်လော။ ထို့နောက် သူတို့နောက်တစ်ခေါက် ဆုံလျှင် လင်းချုံ သူ့အပေါ် အကြွေးတင်နေကြောင်း အော်ကြီးဟစ်ကျယ် ကြေညာမည်။
သူ့အနေဖြင့် သူ့အကြွေးစာချုပ်ဝါသနာက လင်းချုံ မသေသေးသော ကိစ္စအတွက် သက်သေဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
လင်းချုံ ဘာကြောင့် မသေရသည့်အကြောင်းရင်းနှင့်ပတ်သက်၍မူ စည်းဖြူတောင်သို့ ပြန်ရာလမ်းတစ်လျှောက်တွင် သူ့ခေါင်းထဲ၌ အဖြေပေါ်လာခဲ့သည်။
“အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူတွေကို ဝိညာဉ်မပျက်ပြားသေးသရွေ့ နှစ်ကြိမ်သတ်ရမယ်” သူက ထိုနှစ်တုန်းက ပါရာဂွန်ပင်လယ်အိပ်မက် သူ့ကို ပြောခဲ့သည်ကို ပြောရင်း ရေရွတ်လိုက်သည်။ ၎င်းက အက်ရှလွန်အတွက် ထူးခြားသောအစွမ်းတစ်ခု ဖြစ်၏။
အက်ရှလွန်ကျင့်ကြံသူတစ်ယောက်ကို အမှန်တကယ် သုတ်သင်အစဖျောက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းက ထိုပုဂ္ဂိုလ်ကို နှစ်ကြိမ် သတ်ပြီးနောက် ... တတိယအကြိမ် ထပ်သတ်ရန်ပင်။ ထိုနောက်ဆုံးအကြိမ် သတ်ဖြတ်မှုက သူတို့၏ နောက်ဆုံးအကြိမ် သေဆုံးမှု ဖြစ်လိမ့်မည်။ အပြန်အလှန်အနေဖြင့် သူတို့ကို သတ်နိုင်သော မည်သူမဆို အက်ရှလွန်တစ်ပိုင်းဖြစ်လာမည်။
နောက်တစ်ပိုင်းအတွက်ကတော့ သူတို့၏တောင်ပင်လယ်အတွင်းက အင်မော်တယ်အပျက်အစီးများနယ်သို့ ခရီးနှင်၍ ပါရာဂွန်ပင်လယ်အိပ်မက်ကို ရှာရမည်။ ထို့နောက်တွင် အမှတ်အသားနောက်တစ်ပိုင်းကို ရရှိကာ အက်ရှလွန်စာရင်းဝင်စစ်စစ် ဖြစ်လာပေမည်။
မန်ဟိုသည် လေကို ခွင်းလာနေစဉ် အက်ရှလွန်အမှတ်တည်ရှိသည့် သူ့နဖူးပေါ်ရှိ နေရာကို လှမ်းထိကြည့်လိုက်၏
မန်ဟို ပြည်ထောင်ကိုးသို့ ပြန်သွားသည့်အချိန်နှင့် တစ်ချိန်တည်းနီးပါးမှာပင် ပြည်ထောင်လေးအတွင်း၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်။ လင်းချုံ ထွက်ပြေးနေစဉ် ထွေးထုတ်ခဲ့သော သွေးခဲက မြေကြီးပေါ်တွင် အချိန်အတော်ကြာကတည်းက ရွှဲနေခဲ့သည်။ ယခုတွင် ထိုမြေကြီးပေါ်ရှိ သွေးကွက်မှာ ရုတ်တရက် တုန်ခါလာပြီးနောက် လက်တစ်ဖက် ထိုးထွက်လာသည်။
ထိုလက်သည် မွေးကင်းစကလေးငယ်၏လက်သဖွယ် ကျောက်စိမ်းတမျှ ဖြူဆွတ်နေသည်။ ၎င်းက တဆတ်ဆတ် တုန်နေပြီး မြေကြီးလည်း တုန်ခါနေပြီးနောက် ပေါက်ကွဲထွက်သွား၏။ လူရိပ်တစ်ခု ထလာသည်။
၎င်းကား ... လင်းချုံ။
သူ့မျက်နှာမှာ ဖြူဆုပ်နေသော်လည်း သူ့ကျင့်ကြံခြင်းအခြေခံက စောစောကနှင့် မတူတော့ပေ။ ၎င်းကား အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားဟန်တူသည်။ သို့သော် သူ့ကိုယ်လုံးမှာတော့ တုန်ယင်လျက်ရှိသည်။ အသက်ရှူချိန်အနည်းငယ်ကြာသော် သူက ဟိန်းဟောက်ကြိမ်းဝါးလိုက်သည်။
“မန်ဟို” သူ့မျက်နှာသည် ပြင်းထန်သောအမျက်ဒေါသနှင့် မုန်းတီးမှုတို့ဖြင့် ရှုံ့တွနေသည်။ “စတုတ္ထတောင်ပင်လယ်မှာ ဘယ်လိုပဲ အသက်အန္တရာယ်ကြုံတွေ့ခဲ့ ကြုံတွေ့ခဲ့ ငါက ငါ့အသက်တွေထဲ တစ်ချောင်းကို ဘယ်တော့မှ မသုံးခဲ့ဘူး။ မင်းက ငါ့ကို ချောင်ပိတ်ပြီး သတ်ခဲ့တယ်တဲ့လား
“ငါတို့ နှစ်ယောက်အကြားက ရန်ငြိုးကို ဘယ်တော့မှ ဖြန်ဖြေလို့ ရတော့မှာ မဟုတ်ဘူးကွ” သူက အံတင်းတင်းကြိတ်လိုက်ပြီး စတုတ္ထတောင်သို့ ပြန်ရောက်လျှင် မန်ဟို့ကို လက်တုံံ့ပြန်ဖို့ ရှုချင်ကို ပေးဆပ်ခိုင်းရန်ပင် တွေးလိုက်မိသည်။ သို့သော် ရှုချင်က လိုဏ်ဂူ ၄၉ ၏ မင်းသမီးဖြစ်သည်ကို ထည့်တွက်လျှင် သူမက မန်ဟို့အားနည်းချက်ဖြစ်ကြောင်း သိထားသည့်တိုင် သူ့အနေဖြင့် သူမကို ဘာမှလုပ်မရကြောင်း သဘောပေါက်လိုက်သည်။
ထိုသဘောပေါက်မှုက သူ့ကို ခါးသီးသွားစေသည်။ သူ့မှာ အသက်ရှင်နေသေးသည့်တိုင် မန်ဟိုက သူ့အတွင်းနတ်ဆိုးဖြစ်လာခဲ့သည်ကိုလည်း နားလည်လိုက်လေပြီ။
သူက မြေကြီးပေါ် ခြေဆောင့်နင်း၍ နိုင်ငံအရှိန်အဝါတောင်သို့ ဦးတည်ရင်း လေပေါ်ပျံတက်လိုက်သည်။ သူ့အတွက် သူ၏ပြည့်သျှံနေသော အမုန်းတရားကို ဖြေဖျောက်စရာနည်းလမ်း မရှိပေ။ သူ့မှာ မန်ဟိုနှင့်တစ်မိုးအောက်တည်းတွင် မနေချင်သော်လည်း နောက်တစ်ကြိမ် သူတို့ ထပ်တွေ့လျှင် သူတတ်နိုင်သမျှမှာလည်း ပြေးရုံသာ။ သူသည် မန်ဟို့ကို မရင်ဆိုင်ရဲတော့ပေ။
လောလောဆယ်တွင် သူ သိချင်နေသည်ကတော့ မန်ဟို သူ မသေသေးကြောင်း သိသလား ဆိုသည်ကိုပင်။
မှန်သည်၊ မန်ဟိုသည် ထိုအချက်ကို ကောင်းကောင်းသိ၏။ လက်ရှိအချိန်တွင် သူက စည်းဖြူတောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး မီးတောက်နှစ်ခု ထုတ်လွှတ်ရန် အင်္ကျီလက်ကို ခါလိုက်သည်။
ဤမီးတောက်များကား ပြည်ထောင်လေးနှင့် ပြည်ထောင်ရှစ်မှ လောကစည်းတံဆိပ်များမှတစ်ပါး အခြားမဟုတ်ပေ။
မီးတောက်နှစ်ခုသည် ရုပ်တု၏လက်ပေါ် ပျံတက်သွားပြီး ပြည်ထောင်ကိုး၏ လောကစည်းတံဆိပ်နှင့် တစ်တန်းတည်း တည်ရှိနေကြ၏။ ပြည်ထောင်လေး၏ လောကစည်းတံဆိပ်ကို ရယူပြီးနောက် သူ ပိုင်ဆိုင်သွားသော လေဟုန်ခွင်းလောကချီကြောရာခိုင်နှုန်းမှာ နှစ်ဆယ်ရာခိုင်နှုန်းမကဘဲ သုံးဆယ်ရာခိုင်နှုန်းဖြစ်သွားသည်ကိုလည်း သူ သတိပြုခဲ့ပြီးဖြစ်သည်။
သူ ဉာဏ်အလင်း ဆက်လက်ရှာဖွေနေစဉ် အချိန်သည် ကုန်ဆုံးလာ၏။ လင်းချုံနှင့် ဟန်ချင်းလဲ့တို့၏ ရှုံးနိမ့်မှုများကြောင့် လေဟုန်ခွင်းလောကတစ်ခုလုံး ပြောင်းလဲသွားသည်။ ပြည်ထောင်လေးနှင့် ပြည်ထောင်ရှစ်မှာ စစ်ရှုံး၍ ဗဟိုစစ်မြေပြင်မှ ဖယ်ထုတ်ခံလိုက်ရလေပြီ။
ကျန်ပြည်ထောင်ခြောက်ခုသည် အကြိတ်အနက် ဆက်လက်တိုက်ခိုက်နေကြ၏။ သို့သော် ပြည်ထောင်ကိုးက စစ်ပွဲအတွင်း အသာစီးရလာခဲ့ရာ ကျန်ပြည်ထောင်များမှ ကျင့်ကြံသူများမှာ ၎င်းကို ခုခံတွန်းလှန်ဖို့ အင်အားပေါင်းလိုက်ကြလေသည်။
များမကြာခင် ပြင်းထန်သောတိုက်ပွဲက ဝရုန်းသုန်းကား အခြေအနေသို့ ဦးတည်သွားတော့သည်။
ဖန်းတုံးအာနှင့် ပေ့ယွီသည် နဝမတောင်ပင်လယ်မှ ကျန်ကျင့်ကြံသူများဖြင့် နေရာလဲလာ၏။ သူတို့ထဲမှ တချို့မှာ စစ်မြေပြင်မှ မပြန်လိုသည့်အလား အရူးအမူး အဆက်မပြတ် တိုက်ခိုက်နေကြလေသည်။
သူတို့အနေဖြင့် တိုက်ခိုက်ခြင်းမှတစ်ဆင့် ငြိမ်းချမ်းမှုကို ရှာဖွေမှသာ အလိုရမ္မက်များကို လွှမ်းမိုးခြင်းမခံရမည့်ပုံပေါ်သည်။
လဝက်သည် ဖျတ်ခနဲ ကုန်လွန်သွား၏။ မန်ဟို လောကစည်းတံဆိပ်သုံးခုထံမှ ဉာဏ်အလင်းရရှိနှုန်းသည် လေဟုန်ခွင်းလောကချီကြော၏ သုံးဆယ်ရာခိုင်နှုန်းအထောက်အပံ့ကြောင့် လျင်မြန်စွာ တိုးမြင့်လာသည်။ ဤအခိုက်အတန့်တွင် သူကား အနှစ်သာ ၅၀၀ နီးပါး သိမြင်ထားပြီဖြစ်၏။
ထို့အပြင် ထိုမျှနှင့်မပြီးဆုံးသေး။
လဝက်အတောအတွင်း အက်ရှလွန်ကျင့်ကြံသူများ သက်ဆိုင်ရာလောကစည်းတံဆိပ်များနှင့်ပတ်သက်၍ ဉာဏ်အလင်းရသည်နှင့်အမျှ ဗဟိုစစ်မြေပြင်အခြေအနေက ပြောင်းလဲလာသည်။ တိုက်ပွဲများသည် ပို၍ရုန်းရင်းဆန်ခတ် ဖြစ်လာ၏။
ကျန်ပြည်ထောင်များထံမှ လောကစည်းတံဆိပ်များကို လုယူဖို့အလို့ငှာ ပထမဆုံး သူတို့ကို အားနည်းအောင် လုပ်ရမည်။ ယင်းကလည်း ဗဟိုစစ်မြေပြင်တွင် အသာစီးရမှ ဖြစ်နိုင်သည်။ အက်ရှလွန်ကျင့်ကြံသူများ၏ ထိန်းချုပ်မှုအောက်တွင် အလယ်ပိုင်းဒေသရှိ စစ်တပ်များကား အသည်းအသန် တိုက်ခိုက်နေကြတော့သည်။
ရံဖန်ရံခါ ပြည်ထောင်တစ်ခုသည် အပျက်အစီးအဆုံးအရှုံး များလာ၍ ၎င်း၏စေတီမှ ထိုးထွက်နေသော သွေးအလင်းတန်းမှာ မှေးမှိန်လာတတ်၏။ ထိုအခိုက်အတန့်တွင် အဆိုပါပြည်ထောင်မှ အက်ရှလွန်ကျင့်ကြံသူက လာရောက်တိုက်ခိုက်ရတတ်သည်။
လဝက်အတောအတွင်း ပြည်ထောင်အသီးသီး၏ နိုင်ငံအရှိန်အဝါတောင်အားလုံးနီးပါးတွင် ရက်ရက်စက်စက်တိုက်ပွဲများ ဖြစ်ပွားကြသည်။ အနိုင်အရှုံးနှစ်မျိုးလုံး ရှိကြသော်လည်း ဘယ်သူမှ မသွားရဲ့သည့် တောင်နှစ်လုံးတော့ ရှိလေ၏။
တစ်လုံးက ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူ စိုးမိုးသော ပြည်ထောင်တစ်၏ နိုင်ငံ့အရှိန်အဝါတောင်။ မည်သူမှ သူ့ပိုင်နက်သို့ မကျူးကျော်ရဲကြပေ။
ဒုတိယကတော့ ပြည်ထောင်ကိုးရှိ မန်ဟို၏ စည်းဖြူတောင်။ ကျန်အက်ရှလွန်အားလုံးသည် သူ့တွင် လောကစည်းတံဆိပ် မည်မျှရှိထားကြောင်း သိထားသော်လည်း ဟန်ချင်းလဲ့နှင့် သူ၏တိုက်ပွဲအပြင် သူ လင်းချုံကို အနိုင်ခဲ့မှုက သူ့နေရာကို အထိုက်ကျသွားစေခဲ့သည်။ ကျန်အက်ရှလွန်ကျင့်ကြံသူတစ်ယောက်မှ သူ့ကို ရန်စဖို့ ယုံကြည်ချက်မရှိကြပေ။
ဤသို့ဖြင့် နောက်ထပ်ရက်ပိုင်းမျှ ကုန်ဆုံးသွားသည်။ ရုတ်တရက် အကန့်အသတ်မရှိသော အလင်းတန်းတစ်တန်းသည် စည်းဖြူတောင်မှ ထိုးတက်လာ၏။ အဆိုပါအလင်းတန်းထဲတွင်တော့ မန်ဟိုက မျက်လုံးဖွင့်လိုက်သည်။ သူသည် ဖြေးဖြေးချင်း ထရပ်၍ ညာလက်ဖြင့် ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ မီးတောက်သုံးခုက သူ့လက်ဝါးအတွင်း ပျံသန်းဝင်ရောက်လာပြီးနောက် ပျောက်ကွယ်သွားသည်။
လောကစည်းတံဆိပ် ၃ ခု၊ မဟာတာအို ၉၀၀။ အနှစ်သာရ ၉၀၀။ ထိုအချက်အလက်အားလုံးကား သူ့နှလုံးသားထဲသို့ ထည့်သွင်းခံလိုက်ရလေပြီ။ သူ့အနေဖြင့် တစ်ခုကိုမှ အမှန်တကယ် အသုံးမချနိုင်သော်လည်း သူ ခံစားလိုက်ရသော အောင်မြင်မှု၏အထိတွေ့က သူ့အရှိန်အဝါကို ယခင်နှင့် တခြားစီ ကွဲပြားသွားစေသည်။
သူသည် ယခင်ထက်၍ တင့်တယ်ခံညားလာပြီး ထိုနေရာတွင် ရပ်နေစဉ် သူကား တစ်လောကလုံးနှင့် တစ်သားတည်းဖြစ်နေပုံ ပေါ်နေ၏။ အလင်းများ မှေးမှိန်စပြုလာပြီး သူက မျက်လုံးပိတ်လိုက်သည်။ အချိန်အနည်းငယ်သော် သူသည် ၎င်းတို့ ပြန်ဖွင့်လိုက်သည့်အခါ ရုတ်တရက် သူ၏ဒုတိယနိဗ္ဗာနသစ်သီးကို ထုတ်လိုက်၏။ သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် နိဗ္ဗာနသစ်သီးကို သူ့နဖူးထဲ ဖိချလိုက်လေပြီ။
နိဗ္ဗာနသစ်သီး သူ့နဖူးနှင့် ထိသွားသော အခိုက်တွင် ရင်းနှီးသောအထိတွေ့က သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားသည်။ အင်မတန် ကြီးမားကျယ်လောင်သည့် ထစ်ချုန်းသံကြီးက သူ့စိတ်ထဲတွင် ဟိန်းထွက်လာရာ သူ့အား တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မတတ် ခံစားလိုက်ရစေသည်။
သူ့အရပ်သည် စတင်မြင့်မားလာ၏။ ၁၅ မီတာ၊ ၂၄ မီတာ၊ ၃၀ မီတာ၊ ၃၉ မီတာ....
သူ့အပြင်အားကိုယ်မှာ စုတ်ပြတ်ကွဲအက်လာ၍ ပြင်းထန်သောနာကျင်မှုက သူ့တစ်ကိုယ်လုံးတစ်လျှောက် ပြေးလွှားသွားသည်။ ယင်းက သူ နိဗ္ဗာနသစ်သီးကို ခဏတဖြုတ် စုပ်ယူခဲ့သော အရင်တစ်ခေါက်နှင့်မတူ။ ဤတစ်ခေါက်တွင် သူ့အပြင်အားကိုယ်သည် အင်မော်တယ်နယ်ပယ်မဟုတ်ဘဲ ရှေးဟောင်းနယ်ပယ်အဆင့် ဖြစ်နေလေပြီ။
သူ၏ရှေးဟောင်းနယ်ပယ် အပြင်အားကိုယ်သည် တဝုန်းဝုန်း မြည်ရင်း ထွားကြိုင်းလာ၏။ သူ၏ဝိညာဉ်မီးအိမ်ကိုးလုံးအနက် မူလက နှစ်လုံး လင်းနေခဲ့သည်။ ယခုမူ သုံးလုံးမြောက်နှင့် လေးလုံးမြောက်က လင်းလာပြီး ငါးလုံးမြောက်ထဲတွင် မီးစသေးသေးလေး ပေါ်လာသည်။
သူ့အပြင်အားကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် တိုးတက်လာနေ၏။
သူ့နှလုံးက ကျယ်ကျယ်လောင်လောင် ခုန်နေပြီး မိုးကြိုးများသည် သူ့ကို အားပေးနေသည့်အလား သူ့ပတ်ပတ်လည်တွင် တဂျိန်းဂျိန်း ထစ်ချုန်းနေသည်။
သူ၏ရှေးဟောင်းနယ်ပယ် အပြင်အားကိုယ်ထက် ပိုမိုရှိန်စရာကောင်းသော စွမ်းအားတစ်ရပ်က သူ့ကိုယ်ထဲတွင် တိုးပွားစပြုလာသည်။
မကြာမီ သူကား မီတာ ၆၀ မြင့်သွားပြီး လူ့ဘီလူးကြီးနှင့် တူလာသည်။ တရိပ်ရိပ် ထိုးတက်နေသောစွမ်းအားက လေမုန်တိုင်းများအား ဝုန်းဒိုင်းကြဲ တိုက်ခတ်လာစေ၏။
ဝေါ ဝေါ ဝေါ
လေမုန်တိုင်းတစ်လုံးက သူ့ကို စုတ်ဖြဲရင်း သူ့ကိုယ်ထဲတွင် သောင်းကျန်းနေသဖြင့် သူ့မှာ တုန်ရီလာသည်။ သူ၏ချီစီးဆင်းမှုလမ်းကြောင်းများမှာ ဖျက်စီးခံရတော့မည့်အလားပင်။
နိဗ္ဗာနသစ်သီးသည် သူ့သွေးထဲရှိ ကြောက်ခမန်းလိလိ စွမ်းအားကို လွှတ်ပေးလိုက်သော သော့တစ်ချောင်းနှင့် တူ၏။ ထပ်မံ၍ အံ့အားသင့်ဖွယ်အခိုးအငွေ့များက သူ့သွေးကြောများကို ဖြတ်စီးဆင်းလာသည်။
မန်ဟိုသည် ယခုတွင် သူ၏အင်မော်တယ်အကြော ၁၂၃ ကြောလုံး ပြတ်ထွက်သွားပြီး အင်မော်တယ်အကြောတစ်ကြောတည်းအဖြစ် ပြန်လည်ဖြစ်ပေါ်စပြုလာနေသည်ကို သိသိသာသာ ခံစားနေရ၏။
၎င်းက တစ်ကြောတည်းသော အင်မော်တယ်အကြောသာ ဖြစ်သော်လည်း ပြီးပြည့်စုံသောစက်ဝန်းတစ်ခု၏ ကောက်ကြောင်းကို ပြသနေသော ပန်းချီကားတစ်ချပ်ကဲ့သို့ တစ်စုံတစ်ခုကို ဖော်ဆောင်လိုက်သည်။
“အခု ငါက အနှစ်သာရကိုးရာကို နားလည်သွားတာမလို့ အဲဒီစွမ်းအားကို ငါ့ကို ဒီလိုကြောက်ခမန်းလိလိအဆင့်မှာ အသက်အရှိုက်နှစ်ဆယ်နေနိုင်သွားစေတာပဲ။ အရင်ထက် ပိုကြာသွားပြီ။ ငါ့တွက်ချက်မှုတွေအရ ငါသာ အနှစ်သာရသုံးထောင်ကို ဉာဏ်အလင်းရရင်တော့ ... လောကပါလအင်မော်တယ်အဆင့်မှ အမြဲနေနိုင်သွားလိမ့်မယ်” ဤမျှော်လင့်ချက်က သူ့ကို ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်မိလိုက်စေသည်။
“ဒါ့အပြင် ငါ ငါ့ရဲ့ ဒုတိယနိဗ္ဗာနသစ်သီးကို ပထမဆုံးအကြိမ် စုပ်ယူဖို့ ကြိုးစားခဲ့တုန်းက ကိုယ်ထဲက စွမ်းအားအများကြီးကို သုံးလိုက်ရတဲ့အတွက် တောင့်မခံနိုင်ခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ .... ငါ့စွမ်းအားရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ သုံးတော့တယ်”
***