အသားကုန်ကြမ်း
Vol. 80 Ch. 1111
“သောက်ပါးစပ်ပေါက် ပိတ်ထားစမ်း” ဟိုက်တုန်းချင်းက အမျက်တချောင်းချောင်း ထွက်သွားရင်း ဟိန်းဟောက်လိုက်သည်။ အက်ရှလွန်ကျင့်ကြံသူတစ်ယောက်အနေနှင့် တာအိုကောင်းကင်၏ နောက်လိုက်ဖြစ်လာခြင်းဖြင့် အဆုံးသတ်ခဲ့သော ကိစ္စမှာ သူ့အတွက် သည်းခြေခိုက်မတတ် နာကျင်ရသည်။ နှစ်ယောက်ကြား သွေးကြွေးမရှိသရွေ့ ထိုကိစ္စကို သူ့ရှေ့တွင် မည်သူမှ အစဖော်ရဲမည်မဟုတ်ပေ။ တခြားအက်ရှလွန်ကျင့်ကြံသူများပင် သူတို့ကို ထိုနည်းလမ်းဖြင့် ရန်စဝံ့မည်မဟုတ်။
ယွီဝမ်ကျန်းတစ်ယောက်သာလျှင် ထိုသို့ လုပ်ရဲသည်။ သူတို့နှစ်ယောက်လုံးသည် သတ္တမတောင်ပင်လယ်တွင် စတင်၍ နှစ်ပေါင်းများစွာတိုင်အောင် ပဋိပက္ခရန်ပွဲများ ဆင်နွှဲခဲ့ရ၏။ သူတို့ကား တစ်ယောက် အသက်ရှင်နေသည်ကို တစ်ယောက်သည်းမခံနိုင်သော အခြေအနေအထိ ရောက်ခဲ့သည်မှာ ကြာလေပြီ။ ယွီဝမ်ကျန်းပြောလိုက်သည့် စောစောက ပြင်းထန်သောစကားလုံးများက ဟိုက်တုန်းချင်းကို အေးစက်စက် နှာမှုတ်၍ ရှေ့တက်လာစေသည်။ သူ့လက်တစ်ချက်အဝှေ့က ပုံရိပ်ယောင်ဓားတစ်လက်ကို ရှေ့သို့ ချက်ချင်း ပျံထွက်သွားစေ၏။
၎င်းက မျက်စိကျိန်းဖွယ် ဓားအလင်းကို ထုတ်လွှတ်နေသော မိုးပြာရောင်ဓားတစ်လက် ဖြစ်သည်။ ၎င်းက ပေါ်လာသည်နှင့်တစ်ပြိုင်နက် သီးခြားဓားတစ်သိန်းအဖြစ် ခွဲထွက်ပြီးနောက် နိုင်ငံအရှိန်အဝါတောင်ပေါ်ရှိ ယွီဝမ်ကျန်းထံသို့ လေကိုခွင်းသွားသည်။
“ငါက ဘာလို့သောက်ပါးစပ်ကို ပိတ်ထားရမှာလဲ သောက်ရူး” ယွီဝမ်ကျန်းက ဆဲသည်။ “မင်းက တာအိုကောင်းကင်ရဲ့ လက်ပါးစေလေ။ ဘာလဲ လူတွေ အဲဒီအကြောင်း အကျယ်ကြီးပြောမှာ ကြောက်တာလား။ ငါ သောက်ပါးစပ်ကို မပိတ်တဲ့အပြင် ထပ်ပြောမယ်။ မင်းက လက်ပါးစေခွေးတစ်ကောင်ပဲ။ အို့ အို့ အို့ လာလာ ခွေးလေး ငါ့ကို ကိုက်စမ်းပါ” ယွီဝမ်ကျန်းသည် မင်း ဘာတတ်နိုင်ဆိုသော အထာဖြင့် မေးကို မော့ထား၏။
ဓားတစ်သိန်းက အကာအကွယ်ကို ပြေးဆောင့်၍ လှိုင်းထသွားစေသဖြင့် တဝုန်းဝုန်းမြည်သံများ ဆူညံသွားသည်။ တစ်ချိန်တည်းမှာပင် ဘေးရှိ ကျင့်ကြံသူနှစ်ယောက်က အေးစက်စက် ရယ်ရင်း လက်များကို ဝှေ့ယမ်းလိုက်ရာ အဖြူတန်းနှင့်အမည်းတန်း ချီတန်းနှစ်တန်း စီးမျောထွက်လာသည်။ ၎င်းတို့သည် လေလယ်တွင် အတူတကွ ဆုံစည်းကာ တောင်ကို စိုက်ချလိုက်သော ဧရာမဆူးချွန်ကြီးတစ်ခုအသွင် ပြောင်းသွား၏။
အကာအကွယ်မှာ တဝုန်းဝုန်း တွန့်လိမ်သွားသည်။ သို့သော် ယွီဝမ်ကျန်း၏ကျိန်ဆဲသံများက ပဲ့တင်ထပ်နေဆဲပင်။
“အို့ အို့ အို့ လာ ကိုက်စမ်းပါဦး သောက်ရူး” သူက ဒေါကန်နေသည်။ “မေနိုး ဟိုက်တုန်းချင်း ခွေးသူတောင်းစား။ မင်းမှာ ဇရှိရင် လာ ငါ့ကို ကိုက်စမ်းပါ။ လာကိုက်ရဲရင်တော့ မင်းကို ငါ ဆော်ပလော်တီးပစ်မယ်”
မန်ဟိုက ထူးဆန်းသောမျက်နှာထားဖြင့် ဘေးတွင် နေနေသည်။ သူသည် ရုတ်တရက် သူတို့၏တိုက်ပွဲအတောအတွင်း ယွီဝမ်ကျန်းမှာ သူ့ကို အတော်လေး လေးလေးစားစား ပြောဆိုခဲ့ကြောင်း သဘောပေါက်လိုက်၏။ သူတို့နှစ်ယောက်အနေဖြင့် သူသေကိုယ်သေ မတိုက်ခိုက်ခဲ့သော်လည်း တိုက်သာတိုက်ခိုက်ခဲ့လျှင် ယွီဝမ်ကျန်း၏ အဆဲပက်စက်မှုကို ကြက်တူရွေးသာ ယှဉ်နိုင်လိမ့်မည်။
အကာအကွယ်၏အပြင်တွင် ဟိုက်တုန်းချင်းမှာ ပို၍ ဒေါသအလိပ်လိပ် ထွက်လာပုံပေါ်သည်။ သူက ယွီဝမ်ကျန်းကို စိုက်ကြည့်ရင်း လက်ဝှေ့ယမ်းလိုက်ရာ သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေသော ပုံရိပ်ယောင်ဓားအရေအတွက်သည် ငါးသိန်းအထိ တိုးသွား၏။ ၎င်းတို့က အရောင်အဝါများ တလက်လက် တောက်ပနေလျက် အကာအကွယ်ကို ဝင်တိုက်လိုက်သည်။
အကာအကွယ်မှာ သိသိသာသာ အားနည်းလာသည်။
“ဖာခေါင်း ကြောင်သူတော် ကြွက်သူခိုး” ယွီဝမ်ကျန်းက အော်ဆဲသည်။ “မင်းမှာ ဘောမရှိဘူးမလား အခြောက်ကောင်။ တာအိုကောင်းကင်ကို ပြုစုပေးရင် သုံးတဲ့အကွက်လေးတွေ ထုတ်လေကွာ။ လာစမ်းပါ
“ဟိုက်တုန်းချင်း ငါတို့နှစ်ယောက်လုံးက သတ္တမတောင်ကဆိုတော့ မင်း ငါ့ကိုတော့ အမှန်အတိုင်း ပြောပြနိုင်တယ်မလား။ မင်းနဲ့ တာအိုကောင်းကင်ကြားမှာ ဘယ်သူခံတာလဲကွ။ ငါ တကယ်ပဲ သိချင်လို့ပါ” ယွီဝမ်ကျန်းသည် တရစပ် ပယ်ပယ်နှယ်နှယ် ဆဲနေစဉ် အသံနှိမ့်ပြီး မန်ဟို့ကို စကားပြောလိုက်၏။
“ဒီဖာခေါင်းကို မြင်တိုင်း မဆဲဘဲ မနေနိုင်လို့ပါ အစ်ကိုမန်ရေ။ ဒီကိစ္စထဲ မင်းကို ဆွဲသွင်းရတာ အားနာပါတယ်။ မင်း ဉာဏ်အလင်း မြန်မြန်ရရင် အသတ်မခံရခင် ထွက်သာသွားတော့။ ငါ့ကို ထည့်တွက်မနေနဲ့။ မင်း ဒီမှာဆက်နေလို့ကတော့ ငါ အသတ်ခံရပြီးရင် မင်း သေဖို့ အလှည့်ရောက်လာတော့မှာ
“ဒါပေမဲ့ ... အတူတူ နေရင် အသာစီးရလောက်တယ်။ ပြီးတော့ တကွဲတပြာစီဆို သေရလောက်မှာနော်
“ဒါ့အပြင် ထွက်သွားရင် ဒီလောကစည်းတံဆိပ်ကို မင်းနဲ့အတူ ယူသွားနိုင်မှာမဟုတ်ဘူး။ သူတို့ကို တစ်ယောက်ယောက် အာရုံစားအောင် လုပ်မနေသရွေ့ မင်း ဘယ်တော့မှ ထွက်ပြေးနိုင်မှာမဟုတ်ဘူး
“ပြီးတော့ မင်းမှာ ပြည်ထောင်ခုနစ်ရဲ့ လောကစည်းတံဆိပ်ရှိထားတော့ မင်း ထွက်သွားတာနဲ့ သူတို့ သေချာပေါက် မင်းနောက်လိုက်လာကြမှာ “
“ပြောချင်တာ ရှိသေးလား” မန်ဟိုက အေးစက်စက် မေးလိုက်သည်။
ယွီဝမ်ကျန်းက ချောင်းဟန့်၍ ဟိုက်တုန်းချင်းကို ပစ်ပစ်နှစ်နှစ် ဆဲပြီးနောက် မန်ဟို့ကို လှည့်ပြုံးပြလေသည်။
“မရှိတော့ပေမယ့် ရှင်းပြဖို့လည်း အချိန်မလောက်တော့ဘူး။ ကဲပါ သွားသွား ထွက်သွားတော့ အစ်ကိုမန်ရေ။ ငါ တတ်နိုင်သမျှ အချိန်ဆွဲပေးထားပါ့မယ်”
သူ စကားပြောနေသည့်အချိန်မှာပင် အကာအကွယ်တွင် အက်ကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာသည်။ အက်ကွဲကြောင်းကြီးက တဂျိဂျိမြည်ရင်း ကျယ်လာရာ အကာအကွယ်တစ်ခုလုံးအား လှိုင်းထလာစေတော့သည်။ သိသိသာသာပင် ၎င်းအနေဖြင့် ခေတ္တမျှသာ တောင့်ခံပေးနိုင်တော့မည်။ ဟိုက်တုန်းချင်း၏ ယွီဝမ်ကျန်းအပေါ် ရိုးတွင်းခြင်ဆီထဲမှ မုန်းတီးစိတ်က သူ့အား ပို၍အသည်းအသန် တိုက်ခိုက်နေစေသည်။
ကျင့်ကြံသူအမျိုးသားနှင့်အမျိုးသမီးတွင် နက်နဲသော ကျင့်ကြံခြင်းအခြေခံများ ရှိကြသည်။ သူတို့သည် အက်ရှလွန်တွင် မဟုတ်၍ သူတို့ပေးစွမ်းသော ခံစားချက်က မယှဉ်နိုင်သော်လည်း တူညီသယောင်ယောင်တော့ ရှိ၏။ သူတို့က နောက်ထပ်တိုက်ကွက် ဖော်ဆောင်လိုက်ကာ ဧရာမဆူးချွန်ကြီးနှစ်ခုအား အကာအကွယ်ကို စိုက်ချလိုက်စေသည်။
သတ်ဖြတ်လိုသောအလင်းရောင်များအား သူတို့မျက်ဝန်းများတွင် မြင်ရနိုင်သည်။ သူတို့သည် ယွီဝမ်ကျန်းနှင် ဟိုက်တုန်းချင်းကြားက ကိစ္စအတွက် ဤနေရာတွင် ရှိနေခြင်းမဟုတ်။ မန်ဟို့အတွက် ရောက်လာခြင်းဖြစ်ပြီး သူ့ကို သတ်နိုင်လျှင် မယုံကြည်နိုင်ဖွယ်ဆုလာဘ်တစ်ခုကို သူတို့ သေချာပေါက် ရရှိလိမ့်မည်။
ကျင့်ကြံသူအမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်လုံးက မန်ဟို့ကို သိသာထင်ရှားသော အသတ်အဖြတ်စိတ်ဆန္ဒနှင့် လောဘတို့ဖြင့်ပင် ကြည့်နေကြသည်။ သူတို့သည် သူ့ကို အပြတ်ရှင်းရန် ... သူ မတိုက်ခိုက်နိုင်သည်ကို အခွင့်ကောင်းယူချင်နေကြ၏။
ဤအခိုက်အတန့်တွင် မန်ဟိုက ရုတ်တရက် ထရပ်လိုက်သည်။ သူသည် ညာလက်သီးကို ဆုပ်လိုက်ရာ ပြည်ထောင်ခုနစ်၏ လောကစည်းတံဆိပ်အား သူ့လက်နှင့်တစ်သားတည်း ဖြစ်သွားစေသည်။
ထို့နောက် သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်၍ အကာအကွယ်ထံ လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် ဟိုက်တုန်းချင်းနှင့် ကျန်ကျင့်ကြံသူနှစ်ယောက်ကို ဖိနှိပ်လိုက်သည့် မရေမတွက်နိုင်သော တောင်တန်းများ ပေါ်လာသည်။
“ဉာဏ်အလင်းရှာလို့ ပြီးပြီလား” ယွီဝမ်ကျန်းက မျက်လုံးများ တောက်ပနေလျက် မေးသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်၏။ သူသည် ယွီဝမ်ကျန်းကို အဖက်မလုပ်ဘဲ အကာအကွယ်ထံ ပျံတက်လိုက်သည်။ ထို့နောက် အပြင်တွင် ပေါ်လာသည့်အခါ သူက ပါရာဂွန်တံတားကို ဆင့်ခေါ်ရင်း လက်ဝှေ့ယမ်းလိုက်သည်။
ပါရာဂွန်တံတား ကျဆင်းလာသောအခါ ဟိုက်တုန်းချင်း၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူသည် မုဒြာလက်ကွက်တစ်ကွက် ကမန်းကတန်း ဖော်လိုက်ရာ ရှေးကျသောအငွေ့အသက်များဖြင့် ဓားတစ်လက် ပေါ်လာသည်။
ဓားက ပဲ့နေသည်။ လက်ချောင်းတစ်ချောင်းအရှည်ရှိသော ထိပ်ပိုင်းသာ ကျန်ရှိသည်။ သို့သော် ၎င်းသည် ပေါ်လာသည်နှင့် လေပြင်းတစ်ချက် ဝေ့တိုက်သွားစေသော အေးစိမ့်စိမ့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ တစ်ချိန်တည်းမှာပင် ပါရာဂွန်တစ်ဦး၏ အရှိန်အဝါလည်း ဖြာထွက်လာ၏။
ဤမဟာပါရာဂွန်မှော်သိုင်းနှစ်ရပ် ပေါ်လာလျှင်ချင်း မန်ဟိုက ညာလက်ကို ဆန့်ထုတ်လိုက်သည်။ မိုးကြိုးဒယ်အိုးက ထိုလက်ထဲတွင် ပေါ်လာပြီး လျှပ်စီးများက သူ့ကို ခြံရံသွားသည်။ ရုပ်တရက် သူကား ကျင့်ကြံသူအမျိုးသမီးနှင့် နေရာချင်းလဲလိုက်လေပြီ။
မျက်စိတစ်မှိတ်အတွင်း ဘယ်သူမှ မတုံ့ပြန်နိုင်ခင် မန်ဟိုက ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် ကျင့်ကြံသူအမျိုးသားထံသို့ လက်ဝှေ့ယမ်းလိုက်သည်။
နတ်မီးတောက်အဆီအနှစ်က တဝုန်းဝုန်း ပေါက်ကွဲထွက်လာရာ ထိုအမျိုးသား မျက်နှာပျက်သွားသည်။ သူက နောက်ဆုတ်ဖို့ ကြိုးစားသော်လည်း သူ သိပ်ဝေးဝေးလံလံ မသွားနိုင်ခင် မန်ဟိုက ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းရင်း မီးတောက်မီးလျှံများနှင့်တစ်ပြိုင်တည်း ထိုလူ့ရင်ဘတ်ကို တိုက်ခိုက်လိုက်သည်။
မီးတောက်များက ထိုလူ့ကို လွှမ်းခြုံသွားပြီး သူ့မှာ မချိတင်ကဲ အော်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အလင်းရောင်တစ်ရောင်က သူ့ကို ဝန်းရံလိုက်ပြီး သူက လက်ကွက်တစ်ကွက်ဖော်ရင်း ချပ်ဝတ်တန်ဆာတစ်စုံကို သူ့အား ဖုံးလွှမ်းစေလိုက်သည်။ ၎င်းက အကာအကွယ်အနည်းငယ်ပေးပါသော်လည်း နတ်မီးတောက်က ထိုးဖောက်ဝင်ရောက်၍ ပြင်းထန်သောနာကျင်မှုကို စေ့ဆော်နေသည်။ သူက အသိနှင့်သတိကပ်နေအောင် အံကြိတ်ပြီး နောက်ဆုတ်လိုက်၏။ သို့သော် မန်ဟိုက သူ့ကို အလွှတ်ပေးလိမ့်မည်လော။ သူသည် ဖျတ်ခနဲ လူအသွင်ပြန်ပြောင်း၍ ညာလက်သီးကို ဆုပ်ပြီး နတ်ဆိုးလက်သီးအား ပစ်သွင်းလိုက်သည်။
ဖောင်းးးးးးးးးးး လက်သီးက ထိုလူ့ရင်ဘတ်ကို ဆောင့်တိုက်သည်။ ချပ်ဝတ်ပေါက်ကွဲသွားပြီး သွေးများ ဖွားခနဲ ပန်းထွက်သွား၏။ အံ့အားသင့်သွားသောဟန်ပန်က ကျင့်ကြံသူအမျိုးသား၏ ဖြူဖပ်ဖြူလျော်မျက်နှာကို စိုးမိုးသွားသည်။ သူက ပုလဲတစ်လုံးကို ကပျာကယာ ကိုက်ခြေလိုက်ပြီး မန်ဟို့ဒုတိယလက်သီးချက် အနားရောက်လာစဉ် သူ့ခန္ဓာကိုယ်က ဝါးသွားလေသည်။ လက်သီးကား မည်သည့်အရာကိုမှ မထိလိုက်။
ကျင့်ကြံသူအမျိုးသားမှာ စူးစူးဝါးဝါး အော်ရင်း ပျာတီးပျာတာ ထွက်ပြေးလိုက်သည်။
“ကယ်ပါဦး”
ထိုပုလဲသည် သူ မသုံးခဲ့သည်မှာ ကြာပြီဖြစ်သော၊ များသောအားဖြင့် လျှာထဲ ထည့်သိမ်းထားသည့် အသက်ကယ်မှော်ပစ္စည်းတစ်ခု ဖြစ်သည်။ သို့သော် မန်ဟိုနှင့် ရင်ဆိုင်ရသည်မှာ စက္ကန့်ပိုင်းမျှသာ ရှိသေးသည်၊ သူ့မှာ ၎င်း၏စွမ်းအားကို ထုတ်သုံးလိုက်ရလေပြီ။
ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကို ဖော်ပြရန် အချိန်တချို့ ကြာလိုက်သော်လည်း အမှန်အားဖြင့် မန်ဟို ပါရာဂွန်မှော်သိုင်းကို ထုတ်ဖော်လိုက်သည့်အခိုက်အတန့်မှ ကျင့်ကြံသူအမျိုးသားကို တိုက်ခိုက်လိုက်သော အခိုက်အတန့်အထိ မီးတစ်ခတ်စာသာ ရှိသေးသည်။ အင်မတန် မြန်လွန်းသဖြင့် ဘယ်သူမှ တုံ့ပြန်ရန် အချိန်မရခဲ့ပေ။
ဟိုက်တုန်းချင်းက ပါရာဂွန်မှော်သိုင်းကို အတန်ငယ်နောက်ကျမှ ထုတ်လွှတ်ခဲ့သည့်အတွက် ထိုလူ့ကို အကူအညီလာပေးရန် ခက်ခဲသွားသည်။ အမျိုးသမီးမှာမူ ယခုတွင် အတော်လေး အလှမ်းဝေးနေသည်။ သူမက အသေးစားနေရာရွှေ့ပြောင်းရန် ပြင်လိုက်သော်လည်း မန်ဟိုက ထိုအချက်ကို ခန့်မှန်းထားခဲ့ပြီးဖြစ်တန်ရာသည်။ သူက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် အမျိုးသမီးထံသို့ လက်ချောင်းကို ဝှေ့ယမ်းလိုက်လေသည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်က အမျိုးသမီးကို တုန်ရီသွားစေသော ကိုယ်ပျောက်လှိုင်းများအသွင် ပြောင်းသွား၏။ သူမမှာ ယခုတွင် နေရာမရွှေ့ပြောင်းနိုင်တော့သလို၊ စွက်ဖက်ခြင်းလည်း မပြုနိုင်တော့ပေ။
အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့မျက်ဝန်းများတွင် တောက်လောင်နေသည်။ သူသည် စကားတစ်ခွန်းမပြောဘဲ ကျင့်ကြံသူအမျိုးသားထံသို့ လျှပ်စီးသဖွယ် ပြေးဝင်သွား၏။ သူ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အင်မော်တယ်အကြော ၁၂၃ ကြော၏စွမ်းအား ပေါ်ထွက်လာပြီး ကောင်းကင် ၃၃ ခု ကျဆင်းလာသည်။ ၎င်းတို့က ထွက်ပြေးနေသော ကျင့်ကြံသူကို ပိုင်းချလိုက်သော သားရဲလက်သည်းလက်ကြီးအသွင် ပြောင်းသွား၏။
ဝုန်းခနဲ ကြားလိုက်ရပြီး ကျင်ကြံသူအမျိုးသားမှာ ငယ်သံပါအောင် အော်လိုက်ရသည်။ သူ့ရင်ဘတ်သည် အသားစများအဖြစ် စုတ်ပြတ်သွားပြီး သေမင်းအရိပ် သူ့အပေါ် ရစ်ဝဲနေသည်ကို ခံစားနေရသည့်အလား သူ့မျက်နှာတွင် လုံးလုံးလျားလျား ဆောက်တည်ရာမဲ့နေသောအမူအရာ ရှိနေသည်။ သူ့မှာ ပြိုင်ဘက်၏တိုက်ကွက်များအောက်ဝယ် ပြန်တိုက်ခိုက်ရန်ဘဲ အခွင့်အရေးမရဘဲ သစ်ကိုင်းခြောက်လေးသဖွယ် ဖြစ်ရလိမ့်မည်ဟု မည်သို့ ထင်ထားခဲ့မည်နည်း။
သူသည် မန်ဟိုနှင့် လင်းချုံတိုက်ပွဲကို ပြန်တွေးမိလိုက်ပြီး ယခုတော့ လင်းချုံ၏ခံစားချက်ကို နားလည်လိုက်လေပြီ။ သူ့မှာ ဘာဆိုဘာမှ ပြန်မလုပ်ဘဲ အန္တရာယ်ချောက်ထဲ ကျဆင်းပြီးရင်းသာ ကျဆင်းနေခဲ့သည်။
ဟိုက်တုန်းချင်းက ဒေါသူပုန်ထသွားသည်။ သူသည် မုဒြာလက်ကွက်ကာ မန်ဟို ကျင့်ကြံသူအမျိုးသားထံ သွားနေသည်ကို ဟန့်တားရန် ဓားချီတန်းဆယ်သိန်းအား ပို့လွှတ်လိုက်၏။
အမျိုးသမီး၏မျက်နှာတွင်တော့ သတ်ဖြတ်လိုမှုတို့ ပြည့်နှက်နေပြီး သူမမှာ အလွန်တရာ စိုးရိမ်နေပုံပေါ်သည်။ သူမနှင့် ကျင့်ကြံသူအမျိုးသားသည် ချစ်သူရည်းစားဖြစ်သည့်အတွက် သူမနှလုံးသားမှာ နာကျင်နေရလေသည်။ သူမသည် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်မှ ရုန်းထွက်ရန် အသက်စွမ်းအားကိုပင် လောင်ကျွမ်းပစ်၍ ပါးစပ်မှ သွေးများစီးကျနေရင်း မန်ဟို့ထံ အပြေးလာသည်။
“လက်ဖယ်လိုက်စမ်း” သူမက ဆောက်တည်ရာမဲ့စွာ အော်သည်။
မန်ဟို့တိုက်ကွက်များကို ဆက်တိုက်ခံနေရသော အမျိုးသားက အံတင်းတင်းကြိတ်၍ နောက်ဆုတ်လိုက်ပြန်သည်။ သူ့အနေဖြင့် သူ့ချစ်သူ ရောက်လာသည်အထိ အချိန်ဆွဲထားနိုင်လျှင် အသက်ရှင်လိမ့်မည်။ အသက်ရှူချိန်အနည်းငယ်မျှနှင့် လုံလောက်၏။
သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက ရုတ်တရက် ဝုန်းဒိုင်းကြဲ လှုပ်ရှားလိုက်သည်။ သူသည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သူ့စွမ်းအားသည် ကြောက်ခမန်းလိလိ ထိုးတက်လာ၏။ သူ့ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံ့တွလာကာ ဟိုက်တုန်းချင်းနှင့် ကျင့်ကြံသူအမျိုးသမီးအား ချာချာလည်မူးဝေသွားစေသည်။
ကျင့်ကြံသူအမျိုးသားမှာတော့ ချက်ချင်း သေလုမြောပါးဖြစ်သွားသည်။ သူ သွေးပျက်မတတ် အော်ဟစ်နေစဉ်မှာပင် မန်ဟိုက ချဉ်းကပ်လာပြီး သူ့ရင်ဘတ်ပေါ်သို့ နောက်လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။
ထိုလူ့ခန္ဓာကိုယ်မှာ ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသည်။ သို့သော် သူကား မသေသေး။ သူ့အင်မော်တယ်ဝိညာဉ်မှာ အကောင်းအတိုင်း ထွက်လာပြီး ကပျာကယာ ထွက်ပြေးသည်။ သို့သော် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်၏။
အသံတွင် သူ၏တာအိုနတ်ဘုရားကျမ်းစာ၏စွမ်းအား ၊ အားကောင်းသော နတ်ဘုရားအာရုံတိုက်ကွက် ပါဝင်ရာ သူ၏အင်မော်တယ်ဝိညာဉ်အား တုန်ရီလာစေသည်။ ထိုအခိုက်အတန့်မှာပင် မန်ဟို့ညာလက်က ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်ပြီး အရိုးထိပ်လှံတံ ပေါ်လာသည်။ ထို့နောက် သူသည် ၎င်းကို အင်မော်တယ်ဝိညာဉ်ထံသို့ ပစ်ပေါ်လိုက်၏။ ရလဒ်ကို ကြည့်ဖို့ စောင့်နေသည့်အချိန်မှာပင် မန်ဟိုက ချာခနဲ လှည့်၍ စူးစူးဝါးဝါးအော်နေသော ကျင့်ကြံသူအမျိုးသမီးထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
လက်သီးကျရောက်လာစဉ် တဖောင်းဖောင်းပေါက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ သွေးများ အမျိုးသမီး၏ပါးစပ်မှ ပန်းထွက်သွားပြီး သူမမှာ လွင့်ထွက်သွားသည်။ ထိတိုက်မှုမှ တုန်ခါလှိုင်းက ဖြာထွက်လာပြီး ဟိုက်တုန်းချင်းထံမှ လာနေသော ဓားချီတန်းများကို ဆောင့်တိုက်ကာ ကြေမွသွားစေသည်။
ထိုအခိုက်အတန့်တွင် အရိုးထံလှံက အင်မော်တယ်ဝိညာဉ်၏နဖူးထဲသို့ စိုက်ဝင်သွားလေပြီ။ အင်မော်တယ်ဝိညာဉ်မှာ တုန်ရီသွားပြီး မယုံကြည်နိုင်သောမျက်နှာထားဖြင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွကာ အပြီးတိုင် ဖျက်စီးခံလိုက်ရတော့သည်။
“မလုပ်နဲ့” အမျိုးသမီးမှာ အံ့ဩမယုံကြည်နိုင်မှုတို့၊ အမျက်ဒေါသတို့ မျက်ဝန်းထဲတွင် ပြည့်နက်နေလျက် အော်ဟစ်ငိုကြွေးလိုက်သည်။
***