စိတ်ကောင်းစေတနာ
Vol. 80 Ch. 1112
ဤအရာအားလုံး ဖြစ်ပျက်သွားခဲ့သည့် အမှန်တကယ်ကြာချိန်မှာတော့ အသက်ဆယ်ရှိုက်သာ ဖြစ်သည်။
အသက်ဆယ်ရှိုက်မတိုင်ခင်က မန်ဟိုသည် အကာအကွယ်ထဲမှ ထွက်လာခဲ့၏။ အသက်ဆယ်ရှိုက်ကြာသော် ရန်သူတစ်ယောက် သေသွားခဲ့လေပြီ။
ယင်းကား အမှန်တကယ် ကြမ်းလှချေသည်။ သုံးယောက်တစ်ယောက် တိုက်ပြီး တစ်ယောက်ကို ချက်ချင်းဆိုသလို သတ်ပစ်လိုက်ခြင်း။
လျင်မြန်သည်၊ ထိရောက်သည်၊ ဟာကွက်တစ်ချက်မှမရှိ။ မန်ဟိုသည် အသေတိုက်ကွက်အထိ လှုပ်ရှားမှုတိုင်းကို တိတိကျကျ ခန့်မှန်းပြင်ဆင်ထားခဲ့၏။ ထိုအခြင်းအရာက သူ မည်မျှ ရက်စက်သလဲ၊ အခြေအနေကို မည်ကဲ့သို့မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်သလဲ ပြသခဲ့သည်သာမက၊ နတ်ဘုရားစွမ်းရည်များစွာ တစ်ပြိုင်တည်းသုံးခဲ့သောအချက်က ... သူ၏အတိုက်အခိုက်စွမ်းရည်အဆင့်နှင့်ပတ်သက်၍ စောင့်ကြည့်နေသူများအကုန်လုံးကို အံ့အားသင့်စေခဲ့သည်။
ယွီဝမ်ကျန်း၏မျက်လုံးများ ဝိုင်းစက်သွားပြီး သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် မန်ဟိုက အစွမ်းထက်ကြောင်း သိသော်လည်း ... ဤမျှအထိ တကယ်ကြီးအစွမ်းထက်နိုင်သည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ သူ့မှာ ထိုကျင့်ကြံသူအမျိုးသားကို အသက်ဆယ်ရှိုက်အတွင်း သတ်နိုင်မလားဟု သူ့ကိုယ်သူ မေးကြည့်သောအခါ ခက်ခဲမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထို့အပြင် နှောင့်ယှက်ဖို့ ကြိုးစားနေသော လူနှစ်ယောက်ကိုပင် ထည့်မတွက်ရသေး။
သို့သော် မန်ဟိုက စီးဆင်းနေသော ရေအလျဉ်ပမာ အကုန်လုံးကို ချောချောမွေ့မွေ့ လုပ်ဆောင်အောင်မြင်ခဲ့သည်။ ထို့နောက် သူသည် တစ်ဖက်လှည့်၍ ကျင့်ကြံသူအမျိုးသမီးကို တိုက်ခိုက်လိုက်၏။ သူက တစ်ချိန်တည်းမှာပင် လာနေသောဓားချီကို ဘေးဖယ်ထုတ်ရန် သူမစွမ်းအားကိုလည်း ငှားယူပြီး သူ့အရှိန်ကိုပင် တင်လိုက်သေးသည်။
“ယုံတောင် မယုံနိုင်ဘူး.... သူက နောက်မဆုတ်ဘဲ တိုက်ခိုက်နေတာပါလား” ယွီဝမ်ကျန်းသည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် ချာချာလည်သွား၏။ ရုတ်တရက် သူ့မှာ မန်ဟိုနှင့်ပတ်သက်၍ ကြောက်စရာအကောင်းဆုံးအရာက သူ့စွမ်းအားမဟုတ်ဘဲ သူ၏တိုက်ခိုက်ပုံတိုက်ခိုက်နည်းနှင့် လွှမ်းမိုးကြီးစိုးနေသောအငွေ့အသက်ဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။
သူ့နေရာတွင် အခြားသူများသာဆိုလျှင် တိုက်ပွဲပြန်မစခင် ရန်သူနှင့် အတန်ငယ် ဝေးကွာသွားစေရန် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ နောက်ဆုတ်လိမ့်မည်။ မန်ဟိုကတော့ ထိုသို့မဟုတ်။ သူက အခြေအနေကို အခွင့်ကောင်းယူကာ တိုက်ခိုက်သည်။ သူသည် မျက်စိတစ်မှိတ်တည်းနှင့် ကျင့်ကြံသူအမျိုးသမီးအပေါ် ရောက်လာသည်အထိ အလွန်လျင်မြန်စွာ ရွေ့လျားလာခဲ့၏။
သူ ထိုရွေးချယ်မှုမျိုး လုပ်လိုက်သည့်အချက်က ယွီဝမ်ကျန်းကို အသက်ပြင်းပြင်း ရှိုက်လိုက်မိစေသည်။ အမျိုးသမီး၏ စိတ်အခြေအနေ မတည်ငြိမ်ဖြစ်နေမျုကို အခွင့်ကောင်းယူကာ သူက သူမကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့လေသည်။
“ဒါပေမဲ့ အဲ့ဒါကလည်း အန္တရာယ်အများဆုံးဆုံးဖြတ်ချက်ပဲ။ ငါသာ သူဆိုရင် ဟိုက်တုန်းချင်းဆီသွားမှာ"
“သေစမ်းးးးးးးး” မန်ဟို ချဉ်းကပ်လာစဉ် အမျိုးသမီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမမှာ မည်သို့ဆိုစေ မန်ဟို့ကို သတ်ဖို့သာ တွေးနိုင်တော့သည့်အလား ရူးသွပ်သွားပုံပေါ်သည်။
သူမ ဟိန်းဟောက်လိုက်သည့်အခါ သူမခန္ဓာကိုယ်သည် မီးဟုန်းဟုန်းတောက်သွားပြီး သူမက သက်တမ်းကို လောင်ကျွမ်းရင်း ပြန်လည်ငယ်ရွယ်နုပျိုသွားစေ၏။ ထို့နောက် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ ပန်းပွင့်များအား သူမရစ်သိုင်းစေလိုက်ပြီး ပန်းပင်လယ်မုန်တိုင်းအသွင်ပြောင်းလဲစေကာ မန်ဟို့ထံ ပြေးဝင်သွားစေသည်။
သူက လွှမ်းခြုံမခံရခင် ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ သစ်စေ့နက်များ ပျံထွက်လာသည်။ ဖောက် ဖောက် ဖောက်။ ၎င်းတို့သည် စူးစူးဝါးဝါးအော်၍ ကျင့်ကြံသူအမျိုးသမီးထံသို့ တဟုန်ထိုးထွက်သွားသော သစ်စေ့နက်မှင်စာသေးသေးလေးများ ဖြစ်လာ၏။
သိသိသာသာပင် ၎င်းတို့က သူမစိတ်မငြိမ်မှုကို အခွင့်ကောင်းယူ၍ သူမအား ပူးကပ်ရန် မျှော်လင့်နေကြလေသည်။
သစ်စေ့နက်မှင်စာများက သူမခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်၍ အတင်းအကြပ် ပူးကပ်ကြသည်။ သူမမှာ တဆတ်ဆတ် တုန်လာပြီး မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ စူးစူးဝါးဝါးအော်သံကြီး ထွက်လာပြီး သူမနတ်ဘုရားစွမ်းရည်မှာ မတည်ငြိမ်တော့ပေ။ အဆုံးသတ်တွင် မန်ဟို့အနေဖြင့် ပန်းပွင့်မုန်တိုင်းကို ရှောင်စရာပင် မလိုဘဲ ဖြတ်လျှောက်သွားနိုင်သည်။
ထို့နောက် သူက ရွှေရောင်သိမ်းငှက်တစ်ကောင် အသွင်ပြောင်းသွားသည်။ ရွှေအလင်းတန်း ဖျတ်ခနဲ လက်သွားစဉ် သူက အမျိုးသမီးထံ ချဉ်းကပ်သွားပြီးနောက် လူအသွင်ပြန်ပြောင်းကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
အုန်းးးးးးး။ အမျိုးသမီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူမက မျက်နှာရှုံ့မဲ့နေလျက် နောက်ပျံဆုတ်လိုက်သည်။ သစ်စေ့နက်မှင်စာအားလုံး ပူးကပ်မှုမအောင်မြင်သည့်တိုင် ၎င်းတို့က သူမကိုယ်ထဲမှ ထွက်ကာ နတ်ဘုရားအာရုံတိုက်ကွက်များ ထုတ်လွှတ်လိုက်သဖြင့် နဂိုကတည်းက ဆောက်တည်ရာမဲ့နေသော အမျိုးသမီးမှာ ပို၍ရူးသွပ်သွားတော့သည်။
ဤအရာအားလုံးသည် မီးတစ်ခတ်အတွင်းဖြစ်ပျက်သွားခဲ့ခြင်းပင်။ ဟန်တုန်းချင်း မျက်နှာပျက်သွားသည်။ သူ့အနေဖြင့် မန်ဟို့ကို နောက်ထပ်တစ်ယောက် ထပ်သတ်ခွင့်မပြုနိုင်ပေ။ ခွင့်ပြုလိုက်လျှင် သူကိုယ်တိုင် ဘေးသင့်ပေတော့မည်။ သူက ဟိန်းဟောက်ရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ ပုံရိပ်ယောင်ဓားရှစ်လက်သည် သူ့ပတ်ပတ်လည်တွင် ဖြစ်တည်လာ၏။
“မိုးကောင်းကင်ကို အနိုင်ယူမယ့် မွန်းကြပ်ခြင်းဓားကိုးလက်” သူ့အသံကြီးနှင့်တစ်ပြိုင်တည်းမှာပင် ဓားကိုးလက်သည် တဝီဝီ မြည်လာ၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ထိုဓားကိုးလက်၏အလယ်တည့်တည့်တွင် အဘိုးအိုတစ်ဦး၏ ပုံရိပ်ယောင် ပေါ်လာသည်။ သူ့မျက်နှာက မထင်ရှားသော်လည်း သူက အံ့မခန်းလိလိ ဓားစိတ်ဆန္ဒကို ဖြန့်ကျက်ကာ ဓားကိုးလက်အား မန်ဟို့ထံ ပြေးဝင်သွားစေသည်။
မန်ဟိုမှာ အတန်ငယ် မျက်မှောင်ကြုတ်သွားသည်။ စစချင်း ဓားကိုးလက်မှာ သိပ်ရှိန်စရာမကောင်းပေ။ သို့သော် ပုံရိပ်ယောင်အဘိုးအိုပေါ်လာသည်နှင့် ၎င်းတို့သည် ရုတ်တရက် အသိဉာဏ်ရှိသွားသည့်အလား ပြောင်းလဲသွား၏။ အမှန်တွင် ၎င်းတို့၏ဓားအရှိန်အဝါမှာ နှစ်ဆအားကောင်းလာလေသည်။
သူ့အနေဖြင့် လာနေသောဓားများကို ရှောင်နိုင်သော်လည်း ရှောင်လိုက်လျှင် ကျင့်ကြံသူအမျိုးသမီးကို သတ်ရန် အခွင့်အရေးဆုံးရှုံးသွားပြီး သူမကို သစ်စေ့နက်မှင်စာများအား ဖယ်ထုတ်၍ ပြန်လည်သက်သာစေလိမ့်မည်။ သူမနှင့် ဟန်တုန်းချင်းသာ အတူပေါင်းတိုက်လျှင် အလွန်ဘေးကြပ်နံကြပ်ဖြစ်မည်။
ဤအတွေးများက သူ့ခေါင်းထဲတွင် ဖြတ်ပြေးသွားပြီးနောက် စိတ်ပိုင်းဖြတ်လိုက်သောအရိပ်အယောင်တစ်ခုအား သူ့မျက်ဝန်းများတွင် မြင်ရနိုင်သည်။ သူသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ လာနေသောဓားကိုးလက်ကို လျစ်လျူရှုကာ ရွှေရောင်သိမ်းငှက်အသွင်ပြောင်းပြီးနောက် အမျိုးသမီးကို သူ၏ခြေသည်းများဖြင့် ကုတ်ခြစ်လိုက်၏။
အမျိုးသမီးမှာ အသားစိုင်တို့ စုတ်ပြတ်ပြီး သွေးများ လွင့်စင်ထွက်ကုန်သဖြင့် မချိတင်ကဲ အော်လိုက်ရသည်။ ရုတ်တရက် သူမမျက်ဝန်းများသည် ကြည်လင်လာကာ သူမကိုယ်ထဲမှ သစ်စေ့နက်မှင်စာများ ထပ်၍နှင်ထုတ်ခံလိုက်ရသည်။ သို့သော် ထိုသို့လုပ်ခြင်းက နတ်ဘုရားအာရုံတိုက်ကွက်များအား သူမထံ ကျရောက်လာစေရာ သူမမှာ တုန်ရီပြီး သွေးထပ်အန်လိုက်ရသည်။
အမျိုးသမီးသည် နတ်ဘုရားအာရုံထိုးနှက်မှုကို တောင့်ခံရင်း ပါးစပ်ဖွင့်ကာ သွေးတန်းတစ်တန်းအား ပျံထွက်သွားစေသည်။ ၎င်းသည် ချက်ချင်းပင် သွေးထီးအသွင်ပြောင်း၍ လာနေသောတိုက်ကွက်များကို ကာဆီးရန် ပွင့်ထွက်လာ၏။
မန်ဟိုက တခဏမျှ မရပ်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ကာ လေပြင်းတစ်ချက်အား တိုက်ခတ်သွားစေသည်။ သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်းက ဟိန်းဟောက်ရင်း သွေးထီးကို ဝါးမြိုလိုက်၏။ ထို့နောက် ရွှေရောင်သိမ်းငှက်အသွင်ဖြင့် မန်ဟိုက ပုံရိပ်ယောင်သွေးမိစ္ဆာခေါင်းကို ဖြတ်၍ ညာလက်သီးဆုပ်ကာ အမျိုးသမီး၏နဖူးကို ထိုးချလိုက်သည်။ ဤအခိုက်အတန့်တွင် ဓားကိုးလက်အနက် အမြန်ဆုံးဓားက လေဟာနယ်ကို ဖြတ်ကာ မန်ဟို့ကျောကို စိုက်ဝင်သွားသည်။ ၎င်းက သူ့ကိုယ်ထဲ စိုက်ဝင်ပြီးနောက် သူ့ကိုယ်ထဲတွင် သောင်းကျန်းဖျက်စီးရင်း ခုတ်ပိုင်းနေသော ဓားစိတ်ဆန္ဒအသွင်ပြောင်းကာ ပျောက်ကွယ်သွားလေပြီ။
မန်ဟိုမှာ အင့်ခနဲ ညည်းလိုက်ရပြီး သူ့ညာလက်မှာ တုန်ခါသွားရာ အမျိုးသမီးအား ရှောင်ရန် အခွင့်အရေးပေးလိုက်သည်။ မန်ဟိုက အေးစက်စက် နှာမှုတ်၍ လက်သီးချက်ကို နဖူးထံမဟုတ်ဘဲ သူမရင်ဘတ်ထံသို့ ပစ်သွင်းလိုက်သေး၏။
သွေးများ သူမပါးစပ်မှ ပန်းထွက်သွားပြီး သူမရင်ဘတ်မှာ အသားဗလပွဖြစ်သွားသည်။ သူမသည် သစ်စေ့နက်မှင်စာများကို ထပ်ထုတ်ရန် သူ့လက်သီးအားကို ငှားယူရင်း နောက်ဆုတ်လိုက်၏။ ယခုတွင် သူမမျက်ဝန်းများမှာ ပို၍ပင် ကြည်လင်လာပြီး သူမက မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း လက်ဝှေ့ယမ်းလိုက်သည်။ အနီရောင်မြူခိုးများကို စီးမျောထွက်လာပြီး သူမတစ်ကိုယ်လုံးကို ခြုံလိုက်လေပြီ။ မန်ဟို့အနောက်တွင်တော့ နောက်ထပ်ဓားသုံးလက်က ထိုးဆင်းလာနေသည်။
ရွှစ် ရွှစ် ရွှစ်
ဓားသုံးလက်က သူ့ကိုယ်ထဲ စိုက်ဝင်ရင်း အဖျက်စီးဓားစိတ်ဆန္ဒများ အသွင်ပြောင်းသွားသည်။ သွေးများ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာပြီး ရုတ်တရက် သူ့ဘယ်မျက်လုံးက တောက်ပလာသည်။ ထို့အတွင်းရှိ ကြယ်ကျောက်ခဲသည် ပြန့်ကားလာကာ သူ့အား အနီရောင်မြူထုထံ ပြေးဝင်သွားသည့် ဂြိုဟ်တစ်လုံးအသွင်ပြောင်းသွားစေသည်။ တခဏကြာသော် သူသည် မြူထုကို ဖြတ်၍ အမျိုးသမီး၏အရှေ့တည့်တည့်သို့ ရောက်လာခဲ့လေပြီ။
အမျိုးသမီးကျင့်ကြံသူ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူမလက်နှစ်ဖက်က မှော်ပစ္စည်းအမြောက်အမြားကို ဆင့်ခေါ်လိုက်သည်။ ထိုမျှသာမက သံချပ်ကာတစ်စုံက သူမကို လွှမ်းခြုံပေးလိုက်၏။ သို့သော် မှော်ပစ္စည်းများမှာ ပေါ်လာသည်နှင့် မန်ဟို့နတ်ဘုရားစွမ်းရည်များ၏ ဖျက်စီးခြင်းခံလိုက်သည်။
သူမ၏အကာအကွယ်များ ကျိုးပျက်သွားပြီး သံချပ်ကာလည်း စိစိညက်ညက် ကြေသွားသည်။ သူမ သေလုမြောပါးဖြစ်နေစဉ် ရုတ်တရက် သူမလည်တိုင်တွင် ဆွဲထားသော လည်ဆွဲမှာ ဖျော့တော့တော့ လင်းလာသည်။
အလင်းရောင်က သူမကို လွှမ်းခြုံရင်း သူမကို ပွေ့ဖက်ကာ နောက်ဆုတ်လိုက်သော ယောက်ျားတစ်ယောက်ပုံစံအား မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။
ထိုယောက်ျားကား မန်ဟို စောစောက သတ်ခဲ့သည့် ကျင့်ကြံသူအမျိုးသားမှတစ်ပါး အခြားမဟုတ်ပေ။
၎င်းသည် ကိုယ်ပွားမဟုတ်၊ အသက်ကယ်မှော်ရတနာဖြစ်လာအောင် လည်ဆွဲအထဲ ထည့်ထားသည့် ဝိညာဉ်အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။ သူမအတွက် ၎င်းမှာ တစ်လောကလုံးတွင် နောက်ဆုံးအဖြစ် ကျန်ရှိခဲ့သည့် ထိုအမျိုးသား၏မှတ်ဉာဏ်ပင်။ တစ်ခါအသုံးပြုလိုက်သည်နှင့် တစ်သက်လုံးပျော်ကွယ်သွားလိမ့်မည်။
“မဖြစ်ဘူး” မျက်ရည်များက အမျိုးသမီး၏မျက်နှာအပေါ်တွင် တသွင်သွင် စီးကျနေသည်။ သူမမှာ နောက်ဆုတ်နေသော်လည်း သူမနှလုံးသားကတော့ ကွဲကြေသွားခဲ့လေပြီ။
ဂြိုဟ်မှာ ဟန့်တားခံလိုက်ရသဖြင့် တဝုန်းဝုန်း မြည်သံများ ကြားလိုက်ရသည်။ ၎င်းအနေဖြင့် အမျိုးသမီးကို သတ်မရတော့ပေ။ မန်ဟိုက နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေလျက် ပုံမှန်အသွင်ဖြင့် ပြန်ပေါ်လာသည်။ သူက သက်ပြင်းဖွဖွချလိုက်၏။
“ငါ ဘယ်သူ့ကိုမှ မသတ်ချင်ပေမယ့် မင်းတို့တွေက ဒီတိုက်ပွဲကို စခဲ့ကြတယ်။ ငါ မင်းကို မသတ်ရင် မင်းက ငါ့ကို သတ်တော့မှာ။ မင်းတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာမှန်ပေမယ့် .... ဘာလို့ ဒီနေရာကိုလာပြီး ငါ့ကိုမှ ရန်စရတာလဲ” သူက ခေါင်းတခါခါနှင့် ညာလက်သီးဆုပ်ရင်း ရှေ့တက်လိုက်သည်။ သူ ထိုးချလိုက်သောအခါ အမျိုးသမီးကို ကာကွယ်ပေးနေသော ပုံရိပ်ယောင်အမျိုးသားမှာ ပျောက်ကွယ်စပြုလာ၏။
“ကဲ ထားပါတော့။ ငါတို့က ရန်သူတွေဆိုပေမယ့် ငါ မင်းကို မသတ်ရင် မင်းက ငါ့ကို သတ်ဖို့ ကြိုးစားမှာဆိုတော့ ... မင်းတို့နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ခံစားချက်တွေကို ထည့်တွက်ပြီး ငါ ... နည်းနည်းကူညီပေးမယ်” ထို့နောက် သူက လက်သီးကို ရပ်တန့်၍ လက်ကို ဝှေ့ယမ်းလိုက်ကာ နတ်မီးတောက်အား ဟုန်းဟုန်းတောက်သွားစေသည်။ ၎င်းက အမျိုးသမီးနှင့် ဝိညာဉ်အပိုင်းအစကို ဝါးမြိုလိုက်သည်။
အားနည်းနေနှင့်ပြီးသော အမျိုးသမီးမှာ မီးတောက်များကြောင့် ချက်ချင်း ကျွမ်းလောင်သွားသည်။ သူမခန္ဓာကိုယ်သည် လျင်မြန်စွာ ပြာကျသွားသော်လည်း သူမအင်မော်တယ်ဝိညာဉ်က မပျောက်ကွယ်သွားပေ။ ထိုအစား သူတို့၏ဝိညာဉ်နှစ်ခုလုံးကို နတ်မီးတောက်က ရစ်သိုင်း၍ ကောင်းကင်သို့ သယ်ဆောင်သွားသည်။
“ဒီနတ်မီးတောက်က အပါယ်ဘုံဆီသွားတဲ့ မြစ်ကို ဖွင့်ပေးလိမ့်မယ်။ လေဟုန်ခွင်းလောကရဲ့ သဘာဝနိယာမတွေက မပြည့်စုံကောင်း မပြည့်စုံပေမယ့် သေချာပေါက် မြေအောက်ကမ္ဘာတစ်ခုတော့ ရှိမှာပဲ” ထို့နောက် သူက ကောင်းကင်ထံသို့ လက်သီးတစ်လုံး ပစ်လွှတ်လိုက်ကာ မိုးကောင်းကင်တစ်ခုလုံးအား တုန်ခါသွားစေသည်။ နတ်မီးတောက်သည် ကောင်းကင်ကို စုတ်ဖြဲ၍ အိပ်စက်နေသောဝိညာဉ်များအတွင်းတွင် မျောလျက် စီးဆင်းနေသော မဟူရာမြစ်တစ်စင်းကို ဖော်ပြလိုက်၏။
အမျိုးသားနှင့်အမျိုးသမီး၏ ဝိညာဉ်များက မြစ်နက်ထဲသို့ တစ်ပြိုင်တည်း ဝင်ရောက်သွားကြသည်။ သူတို့ မြစ်ထဲ နစ်မြုပ်နေစဉ် အမျိုးသား၏ ဝိညာဉ်အပိုင်းအစက မန်ဟို့ကို လှည့်ကြည့်လေသည်။ သူ၏မျက်ဝန်းများတွင် အမုန်းတို့ မရှိတော့ဘဲ တွေဝေနေဟန်ရပြီးနောက်ဆုံး ကျေးဇူးတင်နေသောအရိပ်အယောင် ဖြစ်လာတော့သည်။
ထို့နောက် သူတို့ ပျောက်ကွယ်သွားကြသည်။
မန်ဟိုက သူ့အနောက်ကို လှည့်ကြည်လိုက်၏။ သူက လက်နှစ်ဖက်လုံး မြှောက်လိုက်ရာ လာနေသောဓားငါးလက်လုံး တုံ့ခနဲ ရပ်သွားသည်။ ၎င်းတို့သည် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသော်လည်း ရှေ့ဆက်တိုးမလာနိုင်တော့ပေ။
မန်ဟို့မျက်နှာ ဖြူဆုပ်နေသည်။ သူ့ကျင့်ကြံခြင်းအခြေခံက တဝုန်းဝုန်း သက်ဝင်လှုပ်ရှားနေသည်။
မန်ဟို သူ့ဓားများကို တားလိုက်သည်ကို မြင်ရခြင်းက ဟိုက်တုန်းချင်းအား မျက်စိမျက်နှာပျက်သွားစေသည်။ သူသည် အံ့အားသင့်နေသောစိတ်ကို ချိုးနှိမ်၍ ဒေါသတကြီး ကြိမ်းဝါးကာ ရှေ့တက်လာ၏။
မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း သူက ပုံရိပ်ယောင်ဓားဆယ်သိန်းကို ပေါင်းစည်း၍ အံ့မခန်းလိလိ မဟာဓားတစ်လက်အဖြစ် ဖော်ဆောင်လိုက်သည်။ ၎င်းက ပိုင်းချခြင်းမရှိ၊ ဝင့်ယမ်းခြင်းမရှိ .... မန်ဟို့ထံ စိုက်ဝင်သွားသည်။
ဧရာမဓားကြီး ပြေးဝင်လာစဉ် မန်ဟိုက ဘယ်လက်ကို လက်သီးဆုပ်ပြီးနောက် နတ်ဘုရားသုတ်သင်ခြင်းလက်သီးအား ဓားထိပ်ကို ဝင်ဆောင့်လိုက်စေသည်။
အုန်းးးးးးးးးးးး
ထိပ်ဖျားမှစ၍ ဓားတစ်လက်လုံး အက်ကွဲလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ဓားအရိပ်သန်းပေါင်းများစွာအဖြစ် ပြိုကွဲသွား၏။ ဟိုက်တန်းချင်း၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး အံ့ဩထိတ်လန့်နေသောအရိပ်အယောင်က သူ့မျက်နှာကို စိုးမိုးသွားသည်။
“အစွမ်းထက်လွန်းတယ်” သူ့မှာ မန်ဟို၏ကြီးမားသောခွန်အားကြောင့် ရင်တဒိန်းဒိန်းခုန်နေလျက် တွေးလိုက်လေသည်။ တိုက်ပွဲ၏အစမှ ဤအခိုက်အတန့်အထိ သူ၏စိတ်ဖိစီးမှုမှာ သူ့တစ်ကိုယ်လုံး တုန်ရီလာသည်အထိ ဆထက်တိုးလာခဲ့သည်။ သူ့ရင်တွင် ပြည့်နှက်နေသော အကြောက်တရားသည် တာအိုကောင်းကင်ကို ရင်ဆိုင်ခဲ့ရစဉ်က ခံစားခဲ့ရသော အကြောက်တရားမျိုးဖြစ်၏။
မန်ဟိုကမူ နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ထုတ်လွှတ်ပြီးနောက် ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် စတင်ကြီးထွားပြီး ဓားငါးလက်မှာ တွန့်လိမ်ဖယ်၍ ပေါက်ကွဲကုန်ကြ၏။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲ စိုက်ဝင်ခဲ့သော ဓားလေးလက်လည်း နှင်ထုတ်ခံလိုက်ရလေပြီ။
သူကား နတ်စစ်သည်တော်ကြီးပမာ အင်အားကြီးမားလျက်ရှိ၏။
***