← Chapters

ဟိုက်တုန်းချင်းကို သုံးကြိမ်သတ်ဖြတ်ခြင်း

Vol. 80 Ch. 1113

ဟိုက်တုန်းချင်းကို သုံးကြိမ်သတ်ဖြတ်ခြင်း

Vol. 80 Ch. 1113

ယွီ၀မ်ကျန်းမှာ တောင်ပေါ်က အကာအကွယ်ထဲတွင် ထိုင်နေဆဲဖြစ်ပြီး ဖြစ်ပျက်နေသော အရာများကို စောင့်ကြည့်ကာ အသက်ရှုမှားနေလေသည်။ ဤအခိုက်အတန့်တွင် မန်ဟိုကား သူ့ကို လေးလေးနက်နက် အထင်ကြီးမိစေခဲ့ပြီဖြစ်သည်။

မန်ဟိုက ဟိုက်တုန်းချင်းကို မော့ကြည့်ပြီးနောက် အေးစက်စက် ပြောသည်။ "ကဲ အခု မင်းအလှည့်"

သူ၏စွမ်းအားတို့က တဟုန်းဟုန်း တောက်နေပြီး ထာ၀ရအလွှာမှ သူ၏ခန္ဓာကိုယ်ကို ကုစားပေးနေခြင်းအား ပကတိမျက်စိဖြင့်ပင် မြင်ရနိုင်လေသည်။

ဟိုက်တုန်းချင်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူသည် မန်ဟို၏ခွန်အားက ကြောက်မက်ဖွယ်ကောင်းကြောင်း‌ တွေ့ခဲ့ရပြီး သူ့နှလုံးသားမှာ အံ့ဩခြင်းလှိုင်းတံပိုးကြီးများဖြင့် အချိန်‌အတော်ကြာကတည်းက ပြည့်နှက်လေခဲ့လေပြီ။ သူသည် မန်ဟို ရက်စက်သော ဗျူဟာများနှင့် လျှပ်စီးလိုတိုက်ကွက်များကို သုံးရင်း သူ၏တွဲဖက်နှစ်ယောက်ကို သတ်ခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။ အဖြစ်အပျက်တစ်ခုလုံးက သူ့နှလုံးသားကို တဒိန်းဒိန်း ခုန်လာစေသည်။

"ဒီမန်ဟိုက အစွမ်းထက်လွန်းတယ်။ ငါ သူ့ကို မကိုင်တွယ်နိုင်ဘူး။ တာအိုကောင်းကင်ပဲ သူ့ကို ရှင်းနိုင်လောက်တယ်" သူသည် ဤအခြင်းအရာကို သဘောပေါက်သောအခါ ချက်ချင်းပင် တိုက်ပွဲမှ ဆုတ်ခွာရန် ပြင်လိုက်သည်။ သေမင်းအရိပ်က သူ၏ စိတ်အာရုံကို စိုးမိုး၍ သူ့အတွေးများကို လွှမ်းမိုးနေ၏။ မန်ဟို လှမ်းကြည့်လိုက်သော အခိုက်အတန့်မှာပင် သူကား တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ တစ်ချိုးတည်း လှည့်ပြေးတော့သည်။

"ဒီတိုင်း ထွက်သွားလို့ရမယ် ထင်လား" မန်ဟိုက ပြောသည်။ သူက ရှေ့သို့ လျှောက်လှမ်းလာပြီး နတ်ဘုရားခြေခုနစ်လှမ်းကို ထုတ်ဖော်လိုက်သည်။ တစ်လှမ်း။ နှစ်လှမ်း။ သုံးလှမ်း။

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ နတ်ဘုရားစိတ်ဆန္ဒက အင်အားကြီးမားလာသည်။ သူသည် သိပ်ထူးခြားသွားပုံမပေါ်သော်လည်း မိုးကောင်းကင်မှာ အရောင်အဝါများဖြင့် ပြိုးပြိုးပြက်ပြက် လက်နေပြီး နက္ခတ်တာရာများ တုန်ရီလာကာ လေပြင်းများ တိုက်ခတ်လာ၏။ ဟိုက်တုန်းချင်းအတွက် မန်ဟိုမှာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုးကောင်ကင်ကိုပင် ထမ်းနိုင်လောက်သည်အထိ ကြီးမားလာသည့်အလား ထင်ရသည်။

ဟိုက်တုန်းချင်းသည် မှော်သိုင်းကွက်ကို သဘောပေါက်လိုက်သဖြင့် မျက်နှာပျက်သွားတော့၏။ သူသည် လင်းချုံးကို အနိုင်ယူရန် မန်ဟို ဤပညာရပ်အား အသုံးပြုခဲ့သည်ကို မှန်သားပြင်မှတဆင့် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ပြီးလေပြီ။

သို့သော် ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ဟိုက်တုန်းချင်းမှာ  ဝေးဝေးလံလံသို့ ထွက်ပြေးရန် အချိန်မရပေ။ သူက မုဒြာလက်ကွက်နှစ်ကွက် ကပျာကယာ ဖော်ပြီးနောက် လက်ကို မြေကြီးပေါ် ဖိချလိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲမှ မ‌ရေမတွက်နိုင်သော  ဓားချီတန်းများ ထွက်လာသဖြင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။ ဓားချီတန်း ဆယ်သိန်း၊ သိန်းငါးဆယ်၊ သိန်းတစ်ရာအထိ တစ်လျှောက်လုံး။

ဓားချီတန်းသိန်းတစ်ရာက မိုးကောင်းကင်ကို အုပ်မိုးကာ မန်ဟို့ထံ ဝုန်းဒိုင်းကြဲ သောင်းကျန်းဝင်ရောက်လာသော လေဆင်နှာမောင်းကြီးအသွင် ပြောင်းသွားသည်။ ဤအခိုက်အတန့်တွင် မန်ဟိုက လေးလှမ်း၊ ငါးလှမ်း‌၊ ခြောက်လှမ်းနှင့် ခုနစ်လှမ်းမြောက်ကို လှမ်းခဲ့ပြီးလေပြီ။

မိုးအထက်မှ ဧရာမခြေဖဝါးကြီးတစ်ဖက်သည် ဟိုက်တုန်းချင်း၏ ဓားချီလေဆင်နှာမောင်းကို နင်းချရင်း ကျရောက်လာ၏။ ၎င်း နင်းချလိုက်သည်နှင့် မရေမတွက်နိုင်သော ဓားချီတန်းများမှာ ကြေမွပျက်စီးကုန်သည်။

မျက်စိတစ်မှိတ်အတွင်း ဓားချီတန်းသိန်းတစ်ရာမှာ ခြေဖဝါးကြီး၏ နင်းအားကို ခံနိုင်ရည်မရှိဘဲ ကြေမွကုန်တော့၏။ ခြေဖဝါးကြီးက အကာအကွယ်အားလုံးကို ဖျက်စီးကာ ဟိုက်တုန်းချင်းကို ဖိချလိုက်သည်။

ဟိုက်တုန်းချင်းမှာ သေရတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူက မုဒြာလက်ကွက်တစ်ကွက်ဖော်၍ သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ခြောက်ကပ်လာစေ၏။ သူ၏လက်မှာမူ သလင်းကျောက်ပမာ ကြည်လဲ့သွားလေသည်။ ထို့နောက် သူသည် ရူးသွပ်မိုက်မဲသော အမူအရာဖြင့် လက်ချောင်းကို ခြေဖဝါးကြီးထံသို့ ဝှေ့ယမ်းလိုက်၏။

"ပါရာဂွန်ကောင်းကင်တာအိုမှော်တောင်" သူက ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် ဓား‌တောင်ကြီး‌တစ်တောင်က အံ့မခန်းလိလိ လှိုင်းဂယက်များကို ဖြန့်ကျက်ပြီး သူအရှေ့တွင် ဖြစ်ပေါ်လာကာ ကျဆင်းလာသော ခြေဖဝါးကြီးကို တန်းတန်းမတ်မတ် ပြေးဆောင့်လိုက်သည်။

အုန်းးးးးးးးးးးးး

ဓားတောင်မှာ ခြေဖဝါးကြီး၏ အလေးချိန်အောက်တွင် တဆတ်ဆတ် တုန်ခါသွားပြီး အက်ကြောင်းများ မြွေလိမ်မြွေကောက် ပျံ့နှံ့သွားလာသည။ ထို့နောက် တောင်သည် မွစာကြဲသွား၏။

တန်ပြန်အားက ဟိုက်တုန်းချင်းကို ရိုက်ခတ်ပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူက မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် ခြေဖဝါးကြီးကို ကြည့်လိုက်သည်။ ၎င်းက ကောင်းကင်ကြီးကို ဖုံးကွယ်ရင်း ရပ်တန့်မရနိုင်သော အဖျက်အဆီးအားကြီးဖြင့် သူ၏ ဓားတောင်ကို စိစိညက်ညက်ချေ၍ ကျဆင်းလာလေပြီ။ ၎င်းသည် ဧရာမအရိပ်ကြီးသဖွယ် သူ့အပေါ်သို့ အုန်းခနဲ ကျရောက်သွား၏။

ဟန့်တား၍လည်းမရသလို သူ့မှာ ခံနိုင်ရည်လည်း မရှိပေ။ မိုးကောင်းကင်၏ စိတ်ဆန္ဒက သူ့ကို ဖိနှိပ်နေသည့်အလားဖြစ်ပြီး သူ့မှာ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ သွေးပျက်စွာ အော်ဟစ်သံကြီး ထွက်လာပြီး သူ့မှာ ပြားကပ်သွားအောင် နင်းချေခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အသားစများ တစ်စစီ ပေါက်ကွဲသွားပြီးနောက် သွေးမြူများဖြစ်သွား၏။ သူကား အသတ်ခံလိုက်ရလေပြီ။ ‌

ခြေဖဝါးကြီး မှေးမှိန်ပျောက်ကွယ်သွားပြီး မန်ဟို ငှားယူခဲ့သော စွမ်းအင်နှင့် အရှိန်အဟုန်တို့လည်း အားနည်းလာခဲ့လေပြီ။ သို့သော် မန်ဟိုက နည်းနည်းလေးမှ အနားမယူ။ စွမ်းအားမှေးမှိန်လာသည်နှင့်တစ်ပြိုင်နက် သူသည် ဟိုက်တုန်းချင်း ပေါက်ကွဲသွားခဲ့သောနေရာသို့ တဟုန်ထိုးပြေး၀င်လာသော အလင်းတန်းအသွင် ပြောင်းသွား၏။

သူ အနားကပ်လာသော အခိုက်အတန့်တွင် သွေးမြူများသည် လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း အချိန်နောက်ပြန်သွားနေသကဲ့သို့ စွမ်းအားအား ပတ်၀န်းကျင်တွင် အာရုံရနိုင်ပြီး ဟိုက်တုန်းချင်းသည် အံ့အားသင့်နေသော မျက်နှာထားဖြင့် တဖန် ပြန်ပေါ်လာခဲ့လေပြီ။ သူက လျှာကို ကပျာကယာ ကိုက်၍ သွေးတစ်ပွက် ထွေးထုတ်လိုက်ကာ သွေးဒိုင်းတစ်ခုအဖြစ် ပြန့်ကားသွားစေသည်။ တစ်ချိန်တည်းမှာပင် သူက အလျင်အမြန် နောက်ဆုတ်လိုက်၏။

အကြောက်တရားနှင့် အမုန်းတရားတို့က သူ၏မျက်လုံးများတွင် ပြည့်နှက်နေသည်။

"ငါ အခုလေးတင် သေသွားခဲ့တာ မယုံနိုင်ဘူး။ ခွေးမသား မန်ဟို။ မင်းက ငါ့ရဲ့ အက်ရှလွန်အသက်တစ်ချောင်းကို အလကားဖြစ်သွားအောင် လုပ်လိုက်တာပဲ"

“လက်မခံနိုင်ဘူးကွ” သူက ဟိန်းဟောက်လိုက်သည်။ ဟိုက်တုန်းချင်းမှာ အပြင်ပန်းတွင် အသံကောင်းဟစ်နေသော်လည်း စိတ်ထဲတွင်တော့ ဖင်တုန်အောင် ကြောက်နေပြီး အမြန်ဆုံးနောက်ဆုတ်လိုက်သည်။ သူကား မီတာသုံးရာအထိ ခြေမြန်လက်မြန်ဆုတ်ခဲ့ပြီးလေပြီ။

မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်သော်လည်း အံ့ဩသွားဟန်မတူ။ ဟန်ချင်းလဲ့နှင့် လင်းချုံကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သူသည် အက်ရှလွန်ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ကို ဖျက်စီး၍မရကြောင်း နားလည်ခဲ့ပြီးသားဖြစ်၏။ ထိုအကြောင်းကြောင့် စောစောက ဟိုက်တုန်းချင်းကို သတ်ခဲ့ပြီးနောက်တွင် သတိလက်လွတ်မဖြစ်ခဲ့ဘဲ ထပ်သတ်ဖို့ပင် ရှေ့တက်လာခြင်းပင်။

“မင်းက အက်ရှလွန်စာရင်းဝင်ဖြစ်ဖို့တောင် မထိုက်တန်ဘူး” မန်ဟိုက ပြောသည်။ “ငါ  အရင်က အက်ရှလွန်ကျင့်ကြံသူတစ်ယောက်ကို မသတ်ခဲ့ရဘူးဆိုတော့ အကယ်၍များ သတ်နိုင်ခဲ့ရင် လေဟုန်ခွင်းလောကမှာ ဘယ်လိုဆုကြေးချီးမြှင့်ခံရမလဲ သိချင်မိတယ်” ထို့နောက် သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သွေးမိစ္ဆာခေါင်းပေါ်လာသည်။ သူ လေကို ခွင်းလာ၍ လေများက သူ့မျက်နှာကို တိုးဝှေ့နေစဉ် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သွေးမိစ္ဆာခေါင်းက သွေးဒိုင်းကို စိစိညက်ညက်ခြေမွကာ စုပ်ယူလိုက်သည်။

မန်ဟိုက လေးညို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းသဖွယ် သွေးမိစ္ဆာခေါင်းကို ဖြတ်၍ ပြေးနေသော ဟိုက်တုန်းချင်း၏အနောက်တည့်တည့်တွင် ပေါ်လာသည်။ သူ အနားရောက်သွားသည်နှင့် သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ဝုန်းခနဲ ပေါက်ကွဲထွက်လာ၏။

ဟိုက်တုန်းချင်း၏မျက်နှာမှာ ဖြူဆုပ်သွားပြီး သူက ကြောက်လန့်တကြားအော်ရင်း လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်က အကြောတဆတ်ဆတ် ဆွဲသွားပြီး သူ့ပါးစပ်က ဟလာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဓားအလင်းတန်းတစ်တန်းသည် အရောင်တစ်မျိုးစီရှိသော ဓားငါးလက်အသွင်ပြောင်းကာ ထွက်ပေါ်လာ၏။

ဓားငါးလက်လုံးက ပုံရိပ်ယောင်ဖြစ်သော်လည်း ၎င်းတို့ ကောက်ကာငင်ကာ ပေါ်လာခြင်းက မန်ဟို့မျက်လုံးများကို ဝိုင်းစက်သွားစေသည်။

ဟိုက်တုန်းချင်းက စတင်ရွတ်ဖတ်သည်။

“အသည်းက သစ်သားဖြစ်သွားသော နွေဦး

“နှလုံးက မီးဖြစ်သွားသော နွေ

“သရက်ရွက်က မြေဖြစ်သွားသော နွေလယ်

“အဆုတ်တွေက သတ္တုဖြစ်လာသော ဆောင်းဦး၏အဆုံး

“ကျောက်ကပ်တွေက ရေဖြစ်လာသော ဆောင်းလယ်

သူ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ရင်း ရေရွတ်နေစဉ် သူ့မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုအား မြင်ရနိုင်သည်။ ရလဒ်အနေဖြင့် ဓားအလင်းရောင်ငါးရောင်သည် ထွေးယှက်ကာ ဓားအစီအရင်တစ်ခုကို ဖော်ဆောင်လာကြ၏။

“ကိုယ်တွင်းအင်္ဂါငါးခု၊ ဓာတ်ကြီးငါးပါး။ လိုက်ဖက်ညီ၍ ဆက်စပ်နေခြင်း။ နေနှင့်ည၏ အလှည့်အပြောင်း၊ အစမရှိ၊ အဆုံးမဲ့၏

“အသေးစားဓာတ်ငါးပါးဓားအစီအရင်” သူက လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားလိုက်ရာ ဓားအလင်းရောင်ငါးရောင်သည် တစ်ရောင်ကို တစ်ရောင် ရစ်သိုင်းလှည့်ပတ်ရင်း မန်ဟို့ထံ ထစ်ချုန်းဝင်ရောက်လာသော ဓာတ်ငါးပါးဓားအစီအရင်တစ်ခု အသွင်ပြောင်းသွား၏။

ယင်းက ပါရာဂွန်မှော်သိုင်းကွက်နှင့် အင်အားတူညီသော ဟိုက်တုန်းချင်း၏ ကောင်းကင်ဘုံလာ ဓားသိုင်းကွက်တစ်ခုပင်။ အမှန်တွင် ယင်းသည် ဤအခိုက်အတန့်မတိုင်ခင်အထိ မည်သူမှမသိအောင် လျှို့ဝှက်ထားခဲ့သည့် သူ၏အထူးဝှက်ဖဲတစ်ချပ်ဖြစ်၏။

တာအိုကောင်းကင်ပင်လျှင် သူ ထိုအကွက်ကို လျှိုထားကြောင်း မသိပေ။ အမှန်တော့ သူ လျှိုထားခဲ့သည့် အဓိကအကြောင်းရင်းကတော့ တာအိုကောင်းကင်၏လက်ထဲမှ တစ်နေ့ လွတ်မြောက်အောင် သုံးဖို့အတွက်ဖြစ်သည်။

မည်သည့်အက်ရှလွန်က နောက်အက်ရှလွန်တစ်ယောက်၏ လက်ပါစေးဖြစ်လိုမည်နည်း။ သူသည် ထိုကိစ္စကို ဂရုမစိုက်ချင်ယောင်ဆောင်ခဲ့သော်လည်း အလွန့်အလွန်ဂရုစိုက်လေသည်။

မန်ဟိုသည် လေကို ခွင်း၍ သူ့ထံလာနေသော အသေးစားဓာတ်ငါးပါးဓားအစီအရင်ကို ကြည့်ရင်း မျက်လုံးများ တောက်ပလာ၏၏။ ထို့နောက် သူက တဟားဟား ရယ်၍ နောက်ဆုတ်မည့်အစား မြန်မြန်ပျံသန်းလာသည်။ သူနှင့် ဓာတ်ငါးပါးဓားအစီအရင် နီးကပ်လာစဉ် သူက ရုတ်တရက် သူ၏လက်ဖဝါးအား အရှေ့သို့ ဆန့်ထုတ်လိုက်သည်။

“ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်၊ အတွင်းအပြင်ပြုစားခြင်း” သူက အေးစက်စက် ပြောလိုက်သည်။ ပဥ္စမမိစ္ဆာချုပ်နှောင်မန္တန်သည် မည်သည့်တားမြစ်မန္တန်၊ မည်သည့်အစီအရင်ကိုမဆို ချိုးဖျက်နိုင်ပြီး သူ ၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် အကွဲကြောင်းတစ်ကြောင်းက သူ့လက်ဝါးပေါ်တွင် ပေါ်လာလေပြီ။

ပုံမှန်အားဖြင့် အကွဲကြောင်းသည် ပေါ်လာလျှင် စုပ်ယူဝါးမြိုတတ်၏။ သို့သော် ဤတစ်ယောက်တွင်တော ဆန့်ကျင်ဘက်ဖြစ်သည်။ အရာအားလုံး ပြောင်းလဲခံလိုက်ရပြီး မန်ဟို သူ့လက်ကို ရှေ့သို့ တွန်းလိုက်သည့်အခါ ဂျိန်းခနဲ ထစ်ချုန်းသံတစ်သံအား ကြားရနိုင်သည်။ ဓာတ်ငါးပါးအစီအရင်မှာ တုန်ခါစပြုလာပြီနောက် နောက်ပြန်တွန်းထုတ်ခံလိုက်ရ၏။ ကြောက်စရာကောင်းသော ကိုယ်ပျောက်စွမ်းအားတစ်ရပ်က ဓားအစီအရင်ကို ပြန့်ကားထွက်သွားအောင် အတွင်းမှ အပြင်သို့ တွန်းထုတ်နေသည့်အလားပင်။

မန်ဟိုက ထိုအခိုက်အတန့်မှာတင် ပေါ်လာသည်။ ဓားအစီအရင် ပြန့်ကားပါးလျလာစဉ် မန်ဟို ၎င်းအလယ်တည့်တည့်ရှိ အဟလေးမှ လျှပ်စီးသဖွယ်ဖြတ်၍ ဟိုက်တုန်းချင်း၏အရှေ့တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။

ဟိုက်တုန်းချင်းမှာ မှင်သက်သွားပြီး ဖြစ်ပျက်နေသောအရာကို ယုံရခက်နေသည်။ သူ ရူးတော့မည့်အချိန်မှာပင် မန်ဟို့လက်က သူ့ခေါင်းထိပ်ကို ဖိချလိုက်သည်။

သို့သော် ထိုအချိန်တွင် မန်ဟိုက မုဒြာလက်ကွက်ဖော်ရန်ပင် အချိန်မယူဘဲ နောက်သို့ ကမန်းကတန်း ပြန်ဆုတ်လိုက်၏။ ဟိုက်တုန်းချင်းကား ခေါင်းနောက်လှန်၍ အရူးသဖွယ်ရယ်ကာ ဖောင်းခနဲ ခန္ဓာဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့၍ပင်။

သူက မန်ဟို့ကို သတ်ခွင့်ပေးမည့်အစား သူ့ကိုယ်သူ သတ်သေလိုက်သည်။ သူ ပေါက်ကွဲသွားသဖြင့် ဖောင်းခနဲမြည်သံကြီးသည် အရပ်လေးမျက်နှာသို့ ဝုန်းဒိုင်းကြဲ ဖြာထွက်ရိုက်ခတ်သွားသော လေမုန်တိုင်းတစ်လုံးအသွင်ပြောင်းသွား၏။ မန်ဟိုမှာ တုန်ခါလှိုင်း၏ တွန်းထုတ်ခြင်းခံလိုက်ရသည်။ သို့သော် ဟိုက်တုန်းချင်း သူ့ကိုယ်သူ ဖောက်ခွဲပစ်ခဲ့သော နေရာတွင် သွေးမြူတိမ်တစ်ခုကို မြင်ရပြီး ၎င်းက ဟိုက်တုန်းချင်းအဖြစ် ပြောင်းသွားခဲ့ပြန်လေပြီ။

ဤတစ်ခေါက်တွင် သူသည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ တစ်ချိုးတည်း လှည့်ပြေးတော့၏။

သူ့မှာ ကြောက်ဒူးတုန်နေပြီး မိမိကိုယ်ကို ဖောက်ခွဲပစ်ခဲ့ချိန်က သတ္တိလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့် ... ဤအသက်က သူ၏နောက်ဆုံးအသက်မဟုတ်ပါလော။ နောက်တစ်ခေါက် ထပ်သေလျှင် သူ့အနေဖြင့် ခန္ဓာနှင့်ဝိညာဉ် အပြီးတိုင်ချုပ်ငြိမ်းရတော့မည်။

အက်ရှလွန်စာရင်းဝင်တိုင်းတွင် အသက်နှစ်ချောင်းရှိသည်။ တာအိုကောင်းကင်နှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက ဟိုက်တုန်းချင်းသည် အသက်တစ်ချောင်းပေးမည့်အစား အညံ့ခဲ့၏။ မဟုတ်လျှင် သူ့မှာ ယခု သေနေလောက်လေပြီ။

သူသည် တဆတ်ဆတ်တုန်နေလျက် အသားကုန်ပြေးရင်း ညာလက်ဖြင့် ရင်ဘတ်ကို ရိုက်ချလိုက်၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်လာသည်။ သို့သော် တစ်ဆက်တည်းမှာပင် သူ့ခေါင်းက အဆမတန်ကြီးလာရာ သူ့ပုံစံကို ကို့ရိုးကားရားပုံပျက်နေစေတော့သည်။

သွေးကြောပြာပြာကြီးများပင်လျှင် သူ့မျက်နှာတစ်လျှောက် ဖောင်းကြွစပြုလာ၏။

“လေဝင်ပေါက်” သူက ဟိန်းဟောက်လိုက်သည်။ ခန္ဓာကိုယ်ကို စတေးခြင်းဖြင့် သူ့ခေါင်းသည် ကြီးမားလာ၏။ တစ်ချိန်တည်းမှာပင် နတ်ဘုရားအာရုံက သူ့နဖူးထက်တွင် စုဆုံလာပြီးနောက် မမြင်ရသော ဧရာမမန္တန်ဝင်္ကပါကြီးအဖြစ် ပြန့်ကားလာလေသည်။

၎င်းက လွန်ခဲ့သောနှစ်များက သူ ရရှိခဲ့ပြီး ဝိညာဉ်အပေါ်တွင် ခတ်နှိပ်ထားခဲ့သော ကံကြမ္မာကောင်း၊  နေရာရွှေ့ပြောင်းခြင်းမုခ်ဝဖြစ်သည်။ ယခုတွင် သူသည် ၎င်းကို သုံး၍ ထွက်ပြေးရန် နတ်ဘုရားအာရုံဖြင့် အသက်သွင်းနေလေသည်။

ဤမန္တန်ဝင်္ကပါသည် တမူထူးခြားပြီး နှစ်ခါ အသတ်ခံခဲ့ရပြီးသော အက်ရှလွန်ကျင့်ကြံသူတစ်ယောက်သာလျှင် အသုံးပြုနိုင်သောအရာဖြစ်သည်။ ထိုကဲ့သို့ သတ်မှတ်ချက်ကြောင့်မဟုတ်လျှင် သူ့အနေဖြင့် စောစော သုံးခဲ့ပြီးလေပြီ။

မန္တန်ဝင်္ကပါမှ လှိုင်းများ အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ရင်း သူ့ကို သယ်ဆောင်ရန် ပြင်ဆင်နေသည်။

မန်ဟို့မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ ဟိုက်တုန်းချင်းကို အမှန်တကယ် သတ်ရခက်သည်ကို မြင်တွေ့ရခြင်းက သူ့ကို အက်ရှလွန်စာရင်းဝင်ဖြစ်ရသည့် အဓိပ္ပါယ်ကို ကောင်းစွာ နားလည်လာစေသည်။ သူက ရှေ့တက်၍ အမြင့်ဆုံးအရှိန်ဖြင့် ဟိုက်တုန်းချင်း ပျံသန်းသွားသော ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းလိုက်၏။ နေရာရွှေ့ပြောင်းလှိုင်းများ ပျံ့နှံ့လာနေစဉ် သူက အေးစက်စက် နှာမှုတ်၍ လက်ကို ဆန့်ထုတ်ကာ လက်ချောင်းတစ်ချောင်းအား ဟိုက်တုန်းချင်းထံ ဝှေ့ယမ်းလိုက်သည်။

“အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်”

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်သည် ကျင့်ကြံခြင်းခန္ဓာကို ပြုစားပေးသည့်အတွက် ဟိုက်တုန်းချင်း၏ကျင့်ကြံခြင်းအခြေခံမှာ ချုပ်နှောင်ခံလိုက်ရတော့သည်။ နတ်ဘုရားအာရုံချုပ်နှောင်ခံလိုက်သည်နှင့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝသည် ၎င်းကို အသက်သွင်းပေးနေသော အားအင်ကို ဆုံးရှုံးလိုက်ရ၏။

“မဖြစ်ဘူး” ဟိုက်တုန်းချင်းက ယူကျုုံးမရ အော်လိုက်သည်။

“ဒီတစ်ခေါက် မင်း တကယ်သေရတော့မယ်။ ငါ့အတွက် .... အက်ရှလွန်ကျင့်ကြံသူတစ်ယောက်ကို အမှန်တကယ် ပထမဆုံးသတ်ရတော့မှာပဲ” မန်ဟို့အသံက သူ့အနောက်မှ ပဲ့တင်ထပ်လာသည်။

***

All Chapters