သင်တို့ ငါ့ကို .. တောက်ဖန်လို့ ခေါ်ကြလော့
Vol. 80 Ch. 1114
မန်ဟို့အသံ နားထဲ ဝင်ရောက်၍ ပဲ့တင်ထပ်သွားစဉ်မှာပင် ဟိုက်တုန်းချင်းသည် လက်တစ်ဖက် သူ့ငယ်ထိပ်အပေါ် ပုတ်လိုက်သည်ကို ခံစားလိုက်ရ၏ ....
ဝုန်း
ဟိုက်တုန်းချင်း၏မျက်လုံးများ ပြူးကျယ်သွားသည့်အချိန်မှာပင် သူ့ခေါင်းအရေပြားသည် စုတ်ပြတ်သပ်သွား၏။ မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံးကား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေပြီ။
ထိုအခိုက်အတန့်တွင် ကမ္ဘာပေါ်ရှိ ဟိုက်တုန်းချင်း၏ ဖြစ်တည်မှုသည် ပျောက်ကွယ်သွား၏။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝသည် ဖျတ်ခနဲ ပိတ်သွားသည်။
မန်ဟို၏ သုံးကြိမ်ဆက်တိုက် အသတ်ခံခဲ့ရ၍ သူကား အစအနမကျန် သေသွားခဲ့လေပြီ။
သူ သေသွားသည့်အခါ အသားစများ၊ သွေးများပြန့်ကြဲသွားစဉ် သူ၏အက်ရှလွန်အမှတ်အသားသည် မှိန်ဖျော့ဖျော့ လင်းလက်လာပြီးနောက် မန်ဟို့ထံ လွင့်မျောလာသည်။
“ယွီဝမ်ကျန်းပြောတဲ့ စကားတစ်လုံးကိုတောင် ယုံလို့မရဘူး” သူက တွေးလိုက်သည်။ “စောစောက သူပြောတော့ ဟိုက်တုန်းချင်းကို သူ တစ်ကြိမ် သတ်ခဲ့တာတဲ့။ အခုတော့ လျှာမရိုးလျှောက်ပြောတာ ဖြစ်နေတာပဲ” ထိုအတွေးက သူ ဟိုက်တုန်းချင်းကို ဒုတိယအကြိမ် သတ်ခဲ့စဉ်က ဖြစ်ပေါ်လာခဲ့၏။ ယခုတွင် သူက အေးစက်စက် နှာမှုတ်ရင်း အက်ရှလွန်အမှတ်အသားကို လှမ်းယူလိုက်သည်။
ထိုအမှတ်သည် မန်ဟို့ကိုယ်ထဲ ဝင်ရောက်ပေါင်းစည်း၍ သူ့နဖူးတွင် စူးအောင့်နာကျင်လာစေသည်။ ယခုမူ သူ့နဖူးထက်၌ ပိုမိုရှုပ်ထွေးသောအမှတ်တစ်ခု ပေါ်လာခဲ့လေပြီ။ အနီးကပ်ကြည့်လျှင်ပင် ထိုနေရာတွင် တကယ့်တကယ် အမှတ်နှစ်ခုရှိနေကြောင်း ပြောနိုင်မည်မဟုတ်ပေ။ ၎င်းသည် နက်နဲသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့သည့်အလား အတွန့်အခက်များဖြင့် ဆန်းပြားရှုပ်ထွေးနေ၏။
တစ်ချိန်တည်းမှာပင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး နဖူးပေါ်ရှိ အမှတ်မှ စီးဆင်းလာသော မဖော်ပြနိုင်သည့်စွမ်းအားကဲ့သို့ အရာကို သူ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ အမွေဖြစ်သည့် သူ၏မိစ္ဆာချုပ်နှောင်ပြုစားခြင်းမှော်အစွမ်းလည်း အက်ရှလွန်အမှတ်၏ အရှိန်အဝါဖြင့် တစ်သားတည်းပေါင်းစည်းသွားသည်။
ထိုကဲ့သို့ တစ်သားတည်းဖြစ်သွားသောအခါ မန်ဟို့ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး မိုးနှင့်မြေပျက်စီးသွားသကဲ့သို့ ကျယ်လောင်သောထစ်ချုန်းသံကြီးက သူ့စိတ်အာရုံကို စိုးမိုးသွားသည်။ ၎င်းက သူ့ဝိညာဉ်အထိ ရိုက်ခတ်လိုက်ပြီး မမြင်ရသောအတန်းတစ်တန်းအား ကောင်းကင်သို့ ထိုးတက်သွားစေသည်။
မန်ဟိုက ကောင်းကင်သို့ မော့ကြည့်၍ အလင်းတန်းတစ်တန်းထဲ ရောက်နေကြောင်း သဘောပေါက်လိုက်သည်။ ထိုအလင်းတန်းက မန်ဟို့ကို အထဲတွင် ထားရင်း လျင်မြန်စွာ ထိုးတက်သွားပြီး အဟန့်အတားအလုံးစုံကို ချိုးဖျက်၍ လေဟုန်ခွင်းလောကမှ အပြင်ကောင်းကင်အထိ ထွက်သွားသည်။
၎င်းသည် ရပ်တန့်ခြင်းမရှိဘဲ မြင့်သထက် မြင့်တက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား အရာအားလုံးကို ဖောက်ထွက်၍ ... တောင်ပင်လယ်လောကထဲတွင် ပေါ်လာခဲ့လေပြီ။
ယခုတွင် သူသည် ဖော်ပြ၍ပင် မတတ်နိုင်သော အမြင့်တွင် ပျံဝဲရင်း စီတန်းနေသော တောင်ကိုးလုံးကို ငုံကြည့်နေရ၏။ နေတစ်စင်းနှင့် လတစ်စင်းက ၎င်းတို့ကို လှည့်ပတ်နေပြီး ပင်လယ်ကိုးစင်းလည်း ရှိနေသည်။ ထိုမျှသာမက သူသည် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းရှိ သက်ရှိသတ္တဝါအားလုံးကိုပင် မြင်နေရ၏။
ထို့အလွန် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ အပြင်မှာ လောကနှင့်ဆက်စပ်နေပုံရသည့်တိုင် တောက်ပင်လယ်လောက၏အောက်တွင်တော့ မြေထုကြီးသုံးခုရှိနေသည်။
တစ်ခုက ... လေဟုန်ခွင်းလောကဖြစ်၏။
မန်ဟို့မျက်လုံးများ ဝိုင်းစက်သွားပြီး သူက ထိုအောက်ဘုံသုံးခုမှ အကြည့်လွှဲ၍ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းကို လှမ်းကြည့်လိုက်သည်။ တောင်ကောင်းကင်ဂြိုဟ်နှင့် တန်မျှော်စင်တွင် ရပ်နေသော သူ့မိဘနှစ်ပါးကို မြင်လိုက်ရသည်။ သူ့မှာ အော်ခေါ်ချင်သော်လည်း အသံတစ်သံမှ ထွက်မလာ။
အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းတွင် ကျင့်ကြံနေသော သူ့အစ်မကိုလည်း မြင်လိုက်ရသည်။ နဝမတောင်ပင်လယ်တွင် ရင်းနှီးသောမျက်နှာများစွာကို သူ မြင်နေရသည်။ ဖက်တီး၊ ချန်ဖန်း၊ ဝမ်ယိုချိုင် ... ကိုးပင်လယ်နတ်လောကတွင်တော့ လေဟုန်ခွင်းလောက ပြန်ပွင့်လာမည်ကို စောင့်ရင်း တရားထိုင်နေကြသော ဘွားဘွားကိုးနှင့်အခြားသူများကို မြင်ရ၏။
သူ့မှာ စိတ်နှလုံးတုန်လှုပ်စွာဖြင့် နဝမတောင်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာ၊ တောင်ထိပ်ပေါ်တွင် ... ဧရာမမျက်လုံးကြီးတစ်လုံးက သူ့ကို တွေဝေစွာ လှည့်ကြည့်လိုက်ကြောင်း တွေ့လိုက်ရသည်။
ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် တရားထိုင်နေသော ခဲကျုံစစ်ကိုလည်း မြင်ရသည်။ သူ အရှေ့အောင်ပွဲဂြိုဟ်သို့ လှမ်းကြည့်လိုက်သည့်အခါ ဖန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ကိုယ်ပွားကို တွေ့ရလေသည်။
ကိုယ်ပွားသည် မူလက ကျောက်ရုပ်ကြီးသဖွယ် မလှုပ်မယှက်ထိုင်နေခဲ့သော်လည်း ရုတ်တရက် ခေါင်းမော့၍ အတန်ငယ်အံ့အားသင့်နေဟန်ဖြင့် မန်ဟို့ကို စိုက်ကြည့်လိုက်၏။
မန်ဟိုမှာ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံးကို လှမ်းကြည့်ရင်း အသက်ပြင်းပြင်းရှူနေရသည်။ ဤသည်မှာ ထိုအရာများကို သူ ပထမဆုံးအကြိမ် မြင်ရခြင်းမဟုတ်ပေ။ နဂါးငွေ့တန့်ပင်လယ်တွင် မြေအောက်ကမ္ဘာသင်္ဘောကြီးဖြင့် ခရီးနှင်နေတုန်းကလည်း ထိုအရာများကို မြင်ခဲ့ပြီးသားဖြစ်သည်။
ယခုတော့ သူ့မှာ ထိုသင်္ဘောပေါ်က အဘိုးကြီးကို လေးလေးနက်နက် အထင်မကြီးမိဘဲ မနေတော့ပပေ။
မန်ဟိုမှာ ထိုနေရာတွင် တိတ်ဆိတ်စွာ ပျံဝဲနေစဉ် မချုုပ်တည်းနိုင်ဘဲ စတုတ္ထတောင်သို့ လှမ်းကြည့်မိလိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံး တုန်ရီလာသည်... ရှုချင်။
သူမအနေဖြင့် သူ သူမကို မြင်နေရကြောင်း ဘယ်နည်းနှင့်မှ သိမည်မဟုတ်ပေ။ သူ့မှာ သူမနှင့် အလွန်နီးနေသော်လည်း တစ်ချိန်တည်းမှာပင် ယူဇနာပေါင်းများစွာ ဝေးကွာနေသလို ခံစားလိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး တဆစ်ဆစ် နာကျင်လာတော့သည်။
သူမက အနားတွင် တရားထိုင်ရင်း စောင့်ရှောက်ပေးနေသော ဓမ္မကိုယ်ရံတော်များဖြင့် ကြယ်မြစ်တစ်စင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူမသည် ဘဝပြန်မဝင်စားခင်ကအတိုင်း ရိုးရှင်းမြဲရိုးရှင်းဆဲ၊ အေးစက်မြဲ အေးစက်ဆဲပင်။
“ချင်းအာ....” သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှုချင်ကိုယ်လုံးလေး သိမ့်ခနဲ တုန်သွားသည်။ သူမမျက်တောင်လေးများ လှုပ်လာပြီး သူမက မျက်လုံးဖွင့်လိုက်လေသည်။ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်တစ်ခုအား သူမမျက်ဝန်းများ၌ မြင်ရနိုင်သည်။
သူမအနားတွင် ထိုင်နေသော အဘွားအိုများက ချက်ချင်း အနားရောက်လာကြသည်။
“သခင်မလေး ဘာဖြစ်လို့လဲ”
ရှုချင်က စစချင်း ဘာမှပြန်မပြော။ အာကာသကိုသာ လှမ်းကြည့်လိုက်သည်။
နောက်ဆုံးတော့ သူမက ပြောလေသည်။ “တစ်ယောက်ယောက် .... ငါ့ကို ခေါ်နေသလိုပဲ” သူမအကြည့်သည် နောက်ဆုံးတွင် ... နဝမတောင်ပင်လယ်ရှိရာသို့ ကျရောက်သွား၏။
မန်ဟို စတုတ္ထတောင်ပင်လယ်ကို ကြည့်နေစဉ် ထိုတောင်၏အနက်ပိုင်းထဲ၌ မျက်လုံးတစ်စုံသည် ရုတ်တရက် သူ့အပေါ် ကျရောက်လာပြီးနောက် အကြည့်လွှဲသွားသည်။
မန်ဟိုက ထိုအခြင်းအရာကို ခံစားလိုက်ရ၍ ထိုနေရာသို့ လှမ်းကြည့်လိုက်ရာ ရုပ်တုကြီးတစ်ရုပ်ကို ကြည့်နေရကြောင်း တွေ့လိုက်ရသည်။ ထိုရုပ်တုထံမှ မန်ဟို့အတွက် လုံးလုံးလျားလျား မှင်သက်ဖွယ်ကောင်းသော ကြောက်ခမန်းလိလိဖိအားတစ်ရပ် ဖြာထွက်နေ၏။ ၎င်းက သူ ဆုံတွေ့ခဲ့ဖူးသည့် မည်သူမဆို၏ဖိအားထက် အဆပေါင်းများစွာ ကြီးမားလေသည်။
ရုတ်တရက် ရှေးဆန်သောအသံတစ်သံက ရုပ်တုထံမှ ထုတ်လွှတ်ခံလိုက်ရသည်။ “ဪ စိတ်ခရီးနှင်နေတာလား မန်ဟို ငါ့မိတ်ဆွေလေး။ ရှုချင်ကို စိတ်မပူနဲ့။ ငါ သူ့ကို တပည့်အဖြစ် လက်ခံတယ် မိတ်ဆွေလေး ... အဆင်ပြေချောမွေ့တဲ့ စိတ်ခရီးစဉ် ဖြစ်ပါစေ”
တခဏကြာသော် မန်ဟိုက ခါးကိုင်း၍ အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် ရှုချင်ကို နောက်ဆုံးတစ်ခေါက် ကြည့်ပြီးနောက် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းကို ပြန်အာရုံစိုက်လိုက်၏။ ထိုအခိုက်တွင် ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမှ သောက်ဂရုမစိုက်သည့်အလား သီချင်လေးတညည်းညည်းနှင့် အဋ္ဌမတောင်၏ကြယ်တာရာကောင်းကင်ကို ဖြတ်သွားနေသော မှီခိုရာဂိုဏ်းချုပ်ကို မြင်လိုက်ရလေသည်။
ရုတ်တရက် မှီခိုရာဂိုဏ်းတစ်ကိုယ်လုံး တုန်တက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အမွှေးမရှိသော်လည်း ရှိလျှင်တော့ ထောင်မတ်သွားလိမ့်မည်။
“ဘယ်ကောင်လဲ ဘယ်ကောင် ငါ့ကို ကြည့်နေတာလဲ” သူက ဟိန်းဟောက်လိုက်သည်။
“လခွမ်း... ဟိုခွေးသူတောင်းစားလေး မန်ဟိုလို့ ခံစားနေရတယ် အားးးးးးးးးးးးးးးး
“ငါ ဂိုဏ်းချုပ် ဒီနေရာအထိ ထွက်ပြေးလာခဲ့ရတောင် မ..မင် မင်းက လက်မလျှော့သေးဘူးပေါ့လေ ဟမ်” သူက ဟိုကြည့်သည်ကြည့် ကြည့်ပြီးနောက် အာကာသထဲ ငေးကြည့်လိုက်သည်။ ပြီးလျှင် ရုတ်တရက် တဟားဟား အော်ရယ်တော့သည်။
“အိုး” သူက ဝမ်းသာအာရအော်သည်။ “ဆိုတော့ မင်းက အဲဒီမှာကိုး။ လာလေ ခွေးသူတောင်းစားလေ။ လာနိုင်ရင် လာလိုက်စမ်းပါ”
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သော်လည်း ရုတ်တရက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ လက်ရှိရောက်နေသော အခြေအနေကြောင့် သူသည် မှီခိုရာဂိုဏ်းချုပ်၏ကျောပေါ်က ကျိုးပြည်၏ ချောင်လေးတစ်ချောင်တွင် တစ်စုံတစ်ခုကို မြင်လိုက်ရ၏။
ထိုနေရာ .. မှီခိုရာဂိုဏ်းချုပ်၏ ကျောပေါ်၊ ကျိုးပြည်၏အလယ်တည့်တည့်တွင်ကား ... တံခါးတစ်ချပ်။
တံခါးသည် မှိန်ပျပျ အလင်းရောင်ကို ထုတ်လွှတ်နေပြီး မန်ဟိုမှာ ၎င်းကို မြင်လိုက်သည်နှင့် ရင်ထိတ်ခနဲ ဖြစ်သွားသည်။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏အငွေ့အသက်ကဲ့သို့ တံခါးနှင့်ပတ်သက်၍ အလွန်ရင်းနှီးနေသောအရာတစ်ခု ရှိနေသည်။
“သခင်လီရဲ့ အမွေအနှစ်” မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သခင်လီ၏အမွေမှာ မှီခိုရာဂိုဏ်းချုပ်၏ကျော်ပေါ်တွင် ဖြစ်နေကြောင်း သဘောပေါက်လိုက်သဖြင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။
သူ့အတွက် ထိုကိစ္စကို စဉ်းစားရန် အချိန်မရမီ အလင်းတန်းသည် မြင့်သထက် မြင့်တက်သွားပြီး တောင်ပင်လယ်လောကအပြင် အာကာသထဲ ရောက်ရှိသွားကြောင်း တွေ့လိုက်ရ၏။
သူ့မှာ တုန်ရီနေသောနှလုံးသားကို ထိန်းချုပ်ရင်း အာကာသကြီးကို မော့ကြည့်ရင်း မျက်ဝန်းများ၌ မျှော်လင့်ချက်တို့ တောက်ပလာသည်။ ဤအရာအားလုံးမှာ အက်ရှလွန်ကြောင့် ဖြစ်နိုင်ခြေများကြောင်း သူ နားလည်လေသည်။ သူ့မှာ ဖြစ်ပျက်နေသောအရာကို အတိအကျမသိသော်လည်း .... တောင်ပင်လယ်က ဘာလဲ ဆိုသည်ကိုတော့ အတပ်သိ၏။
“ကောင်းကင်ဘုံ ၃၃ ခုတဲ့လား ဟမ်။ ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူဆီက သိခဲ့ရတာအရ ကောင်းကင်ဘုံ ၃၃ ခုကို ဖောက်ထွက်ခြင်းက တောင်ပင်လယ်ပြစ်ဒဏ်ပဲ” အပေါ်တက်နှုန်းမှာ မြန်သထက် မြန်လာသည်။
အချိန်မည်မျှကြာပြီလဲ မသိသော်လည်း နောက်ဆုံးတွင် သူသည် အတားအဆီးတစ်ခုကို ဖောက်ထွက်လိုက်ပြီး လမ်းတစ်လမ်းကို ကြည့်နေရကြောင်း တွေ့လိုက်ရ၏။
ကြယ်တာရာများအကြားက လမ်းတစ်လမ်း
ထိုလမ်းအပေါ်တွင် တောင်ပင်လယ်လောကကို နေရာလပ်မကျန် လွှမ်းခြုံထားသော အချုပ်အနှောင်အလွှာ ၃၃ ပမာ ကောင်းကင်ဘုံ ၃၃ ခုအား မြင်ရနိုင်သည်။
အလင်းတန်းက သူ့ကို လမ်းတစ်လျှောက် ခေါ်ဆောင်ရင်း တစ်လောကပြီးတစ်လောက ထိုးဖောက်သွားသည်။ နောက်ဆုံးတော့ သူသည် ၃၃ ခုမြောက်လောကကို ဖောက်ထွက်၍ ထို့အလွန်က အမှန်တရားကို မြင်ရတော့မည့်အချိန် အလင်းတန်းတစ်တန်းက သူ့မျက်လုံးထဲတွင် လင်းလက်သွားသည်။
အရာအားလုံး ကြေမွသွား၏။
သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့ပတ်ပတ်လည်ရှိ အလင်းတန်းမှာ ပြိုကွဲစပြုလာသည်။ သူ့ဝိညာဉ်မှာ အောက်ပြန်ကျစပြုလာသော်လည်း မကျခင် မိုးကောင်းကင် သိမ့်သိမ့်ခါ၍ ကမ္ဘာမြေကြေမွသွားစေသာ အသံကြီးတစ်သံ ဟိန်းထွက်လာသည်။
“သင်တို့ .... ငါ့ကို တောက်ဖန်လို့ ခေါ်နိုင်တယ်” (၇၃၁ နဲ့ ၈၈၇ မှာ ပါဖူးပါတယ် ။ တောက်ဖန်းလို့ သုံးခဲ့ပေမယ့် အခု ဒီကနေစပြီး တောက်ဖန်လို့ပဲ သုံးပါ့မယ်)
လေဟုန်ခွင်းလောက ၊ ပြည်ထောင်ခုနစ်၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် မန်ဟိုမှာ တုန်ရီလာပြီးနောက် အော်ဟစ်၍ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သူ့မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ယိုင်သွားလေသည်။
သူ့နဖူးထက်ရှိ အမှတ်သည် တဖျတ်ဖျတ် လက်ပြီးနောက် ဖြေးဖြေးချင်း မှေးမှိန်သွားသည်။ သူ၏မိစ္ဆာချုပ်နှောင်ပြုစားခြင်းမှော်အစွမ်းလည်း ပျောက်ကွယ်သွားသည်။
“အဲဒီရွှေအလင်းရောင်က ဘာလဲ
“ပြီးတော့ အဲဒီအသံ၊ တောက်ဖန်။ တောက်ဖန်... ဘာလို့ အဲဒီနာမည်က အင်မတန် ရင်းနှီးနေရတာလဲ။ ဘယ်မှာ ကြားခဲ့ရတာပါလိမ့်” သူ့မှာ အသက်ပြင်းပြင်းရှူနေရပြီး ထိုနာမည်ကို မမှတ်မိနိုင်ခင် တောက်ပသောအလင်းတန်းတစ်တန်းသည် လေဟုန်ခွင်းလောက၏ ဗဟိုဝတ်ပြုကျောင်းမှ ထိုးတက်လာ၏။
၎င်းက မီတာ သုံးသောင်းတိတိ ကျယ်ပြီး မိုးကောင်းကင်ကို ဖွင့်တော့မည့်အလား ထိုးတက်သွားသည်။ လှိုင်းဂယက်များ ဖြာထွက်လာပြီး ထပ်မံ၍ တောင်များ၊ ရုပ်တုများရှိသည့် ကမ္ဘာကို မြင်လိုက်ရသည်။
အက်ရှလွန်ကျင့်ကြံသူများအပါအဝင် မျက်လုံးအားလုံးက အပေါ်ကို မမှိတ်မသုန် ကြည့်နေကြသည်။ လောလောဆယ်တွင် မည်သည့်အရာကို လုပ်နေပါစေ၊ လူတိုင်းလူတိုင်းမှာ မော့ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်လာကြ၏။
ဝတ်ပြုကျောင်း၏ပတ်ချာလည်ရှိ စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းသည် ထူးကဲသောအလင်းတန်းကို တအံ့တဩ ငေးမောကြည့်နေကြတော့သည်။
ခေါင်းအထက်ရှိ ကမ္ဘာပုံရိပ်ထဲတွင် ကျန်တောင်များ၊ ရုပ်တုများ၏နောက်ရှိ မြူခိုးများအကြား ကွယ်နေသော တောင်တစ်လုံးရှိသည်။ ၎င်းသည် တစ်ကမ္ဘာလုံးတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး ရုတ်တရက် .... ဝုန်းခနဲ ပြိုကျကာ ရုပ်တုတစ်ရုပ်ကို တည်ဆောက်လိုက်၏။
ထိုရုပ်တုသည် အဆုံးအစွန်အထိ ရင်သပ်ရှုမောဖွယ်ကောင်းသော နတ်စစ်သည်တော်ကြီးနှင့် တူသည်။ လူတိုင်းလူတိုင်း ရုပ်တု၏မျက်နှာကို မြင်လိုက်ရလျှင်ချင်း အံ့အားသင့်ကုန်ကြသည် .... မန်ဟို။
တစ်ချိန်တည်းမှာ ခံစားချက်မရှိသကဲ့သို့ အေးစက်စက် ရှေးဆန်ဆန်အသံတစ်သံ ပဲ့တင်ထပ်လာသည်။ ၎င်းသည် လေဟုန်ခွင်းလောကတစ်ခွင် ပျံ့နှံ့သွား၏။
“မန်ဟို ပြည်ထောင်ကိုးမှ အက်ရှလွန်ကျင့်ကြံသူ အက်ရှလွန်ကျင့်ကြံသူနောက်တစ်ယောက်ကို သတ်၍ လူသတ်မှု.....”
အသံ စကားပြော၍မဆုံးခင် နောက်ထပ်စကားလုံးများ ပဲ့တင်ထပ်လာသည်။ သို့သော် ဤတစ်ခေါက်တွင် ၎င်းကား စောစောကကဲ့သို့ ခံစားချက်မဲ့နေသံမပေါက်တော့ပေ။ ပြင်းထန်သောလှိုင်းများ ဖြာထွက်လာပြီး သေသေချာချာ နားထောင်လျှင် အသံသည် ပထမအသံနှင့် မတူသလိုရှိကြောင်း ပြောနိုင်လိမ့်မည်။
“ဆုလာဘ်ကား .... ရှေးဟောင်းရတနာ ကောင်းကင်ဘုံလာ လက်ရွေးစင်အင်မော်တယ်ပုဆိန်”
***