လေဟုန်ခွင်းပုန်ကန်မှု
Vol. 80 Ch. 1115
အသံ ပဲ့တင်ထပ်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး တသိမ်သိမ့် တုန်ခါလာသည်။ စကားလုံးများကို ကြားလိုက်ရသော လူတိုင်း၏မျက်နှာများအပေါ်တွင် အံ့အားသင့်နေသော ဟန်ပန်များကို မြင်ရနိုင်၏။ လေဟုန်ခွင်းလောကတွင် အပ်နှင်းသော ဆုလာဘ်များမှာ အမြဲတမ်း ချီကြောနှင့် သက်ဆိုင်သည်မဟုတ်ပါလော။ ယခုကဲ့သို့ မှော်ပစ္စည်းတစ်ခုအား ဆုလာဘ်အဖြစ် မချီးမြှင့်ခဲ့ဖူးပေ။
အထူးသဖြင့် သာမန် မှော်ပစ္စည်းမဟုတ်ဘဲ ရှေးဟောင်းရတနာတစ်ပါး ဖြစ်နေ၍ပင်။
ရှေးဟောင်းရတနာများသည် ရှေးဟောင်းနယ်ပယ်တွင် အသုံးပြုကြသည့် မှော်ပစ္စည်းများဖြစ်ကြသည်။ ထိုကဲ့သို့အရာ၀တ္ထုများက တာအိနယ်ပယ်ရတနာများထက်ပို၍ အတွေ့များသော်လည်း အလွန်းရှားပါးသည်ဟု ဆိုနိုင်သေးသည်။ ဥပမာအားဖြင့် ဖန်မျိုးနွယ်စု၏ အိမ်ရှေ့မင်းသားဖြစ်သော မန်ဟိုသည် သူ၏ အဆင့်အတန်းကို သက်သေပြုဖို့ ကျောက်စိမ်းပြားပုံစံမျိုးဖြင့် ရှေးဟောင်းရတနာတစ်ခုအား ပိုင်ဆိုင်ထား၏။
သို့သော် ရှေးဟောင်းရတနာတစ်ပါးနှင့် ကြုံကြိုက်ဖို့ရန်မှာတော့ ဖြစ်တောင့်ဖြစ်ခဲ၏။
ထို့ကြောင့် ရှေးဟောင်းရတနာကို ဆုလာဘ်အဖြစ် ချီးမြှင့်သည် ဆိုသော စကားလုံးများ လေဟုန်ခွင်းလောကတစ်ခွင် ပဲ့တင်ထပ်သွားသောအခါ ကြားလိုက်ရသူတိုင်းမှာ အံ့အားသင့်ကုန်ကြသည်။ အထူးသဖြင့် အက်ရှလွန်ကျင့်ကြံသူများမှာ မျက်လုံးများပြူးကျယ်၍ မယုံနိုင်ဖြစ်ကုန်လေသည်။
ဤနတ်မီးလျှံစမ်းသပ်ပွဲမှာ အက်ရှလွန်များအတွက် အချင်းချင်း သတ်ဖြတ်ရန်မဟုတ်ဘဲ မိမိကိုယ်ကို တိုးတက်လာအောင် လုပ်ဖို့ လက်ရည်စမ်းကြရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
မှန်ပါသည်။ သူတို့ထဲက တစ်ယောက်ယောက် မတော်တဆ အသတ်ခံရနိုင်သည့် ဖြစ်နိုင်ချေက မရှိခြင်းမဟုတ်ပေ။ သို့သော် အက်ရှလွန်များတွင် အသက်များစွာ ရှိသည့်အချက်က အမှန်တရားတစ်ခုကို ညွှန်ပြနေသည်။
ပါရာဂွန်ပင်လယ်အိပ်မက်ကား အက်ရှလွန်စာရင်း၀င်များကို ထာဝရသေဆုံးသွားစေလိုစိတ်မရှိပေ။
မှန်၏။ ခိုက်ရန်ဖြစ်ပွားခြင်းအား ရှောင်ရှားရခက်ပြီး အသက်အန္တရာယ်များက ပုံမှန်အတိုင်း ရှိနေမည်သာ။ သို့သော် သူမ အက်ရှလွန်စာရင်း၀င်ကျင့်ကြံသူများကို အသက်အပိုများ ပေးထားခဲ့သည့် အကြောင်းအရင်းက သူတို့ ခန္ဓာကိုယ်ရောဝိညာဉ်ပါ အသတ်မခံရအောင် ရည်ရွယ်ကြောင်းဖော်ပြနေသည်။
ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူ တာအိုကောင်းကင်သည် ထိုအချက်ကို သိ၍ လူအများနှင့် တိုက်ခိုက်သည့်အခါ သေလိုစိတ်ဖြင့် အစွမ်းကုန်မထုတ်ပေ။ ထိုအစား သူသည် သူ၏ပြိုင်ဘက်မျာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲပျက်စီးသွားအောင် ကြိုးစား၏။
သူက ပါရာဂွန်အိပ်မက်သည် အက်ရှလွန်စာရင်း၀င်ကျင့်ကြံသူများကို အမှန်တကယ် သတ်ဖြတ်မှုအား အသိအမှတ်မပြုကြောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် သူ့ကို အကျိုးမဖြစ်ထွန်းစေလျှင် သို့မဟုတ် ထိုပုဂ္ဂိုလ်ကို အင်မတန်မှ မုန်းတီး၍မဟုတ်လျှင် သူ့အနေဖြင့် ထိုကဲ့သို့ လုပ်မည်မဟုတ်ပေ။
"ဂိုဏ်းရဲ့မှတ်တမ်းထဲမှာ ရေးသားထားတဲ့ အချက်အလက်တွေနဲ့ လေဟုန်ခွင်းလောကက မတူတော့တဲ့ပုံပဲ" တာအိုကောင်းကင်က ရေရွတ်လိုက်သည်။ လောလောဆယ်တွင် ပြည်ထောင်လေးအတွင်း၌ သူသည် ကောင်းကင်သို့ မော့ကြည့်နေ၏။
"ဆိုတော့ အသတ်ခံလိုက်ရတာ တုန်းချင်းပေါ့လေ။ မန်ဟိုက သတ်လိုက်တာ။ ဒီတစ်ခေါက်တော့ အက်ရှလွန်ကျင့်ကြံသူတွေကို သတ်တဲ့အတွက် ဆုလာဘ်တွေ ရှိနေပါလား
"တစ်ယောက်ကို သတ်ရင် ရှေးဟောင်းရတနာတစ်ခု ပေးအပ်ခံရတယ်။ ဆိုတော့ နှစ်ယောက်၊ သုံးယောက် သို့မဟုတ် အကုန်လုံး သတ်လိုက်ရင် ဘာဆုလာဘ်တွေ ဖြစ်လာနိုင်လဲ။ တာအိုရတနာလား" နောက်ဆုံးစကား သူ၏ ပါးစပ်ဖျားမှ ထွက်လာသောအခါ သူသည် အသက်ပြင်းပြင်းရှူလာပြီး မျက်လုံးများ၌ လောဘတို့ တောက်ပလာ၏။ လူသတ်ငွေ့တို့က သူ့ပတ်ပတ်လည်တွင် ရစ်သိုင်းလာပြီး သူက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်လိုက်လေသည်။
"ဒီတစ်ခေါက် အရင်ကနဲ့ မတူတော့ဘူးပဲ ... ငါသဘောကျတယ်" ဟိုအရင်ကတည်းက ချုပ်တည်းထားခဲ့ရပုံပေါ်သော အသတ်အဖြတ်အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ ယခုတွင် သူကား ၎င်းကို ထုတ်လွှတ်၍ အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် အဝေးသို့ လှည့်ထွက်သွားတော့သည်။
ကျန်အက်ရှလွန်များမှာတော့ မျက်နှာအမူအရာအမျိုးမျိုးဖြင့် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရှုနေကြသည်။ ရည်မှန်းချက်တို့ သူတို့၏နှလုံးသားထဲတွင် ဖြစ်ထွန်းလာသော်လည်း အသက်အန္တရာယ်အတွက် အချက်ပေးခေါင်းလောင်းသံများလည်း မြည်လာသည်။ သူတို့အားလုံး ရတက်မအေးကြတော့ပေ။
မထူးခြားသည့် တစ်ယောက်တည်းသောသူမှာတော့ ပြည်ထောင်သုံး၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် ထိုင်နေသည့် သက်လတ်ပိုင်းလူဖြစ်သည်။ သူက အသာအယာပြုံးနေ၏။
"ကဲ အချိန်တော့ကျလာပြီ။ မန်ဟို အမြတ်ထွက်သွားတာတော့ မထင်မှတ်ထားဘူး။ ဒါပေမယ့် သူလည်း လာတော့မယ့် ကပ်ဘေးကြီးကနေ လွတ်နိုင်မှာမဟုတ်ပါဘူး"
ကျန်အက်ရှလွန်များနှင့် တောင်ပင်လယ်လောကမှ ကျင့်ကြံသူများ အံ့ဩတုန်လှုပ်စွာ ထိုင်နေကြစဉ် တောင်ပင်လယ်လောက၏အပြင်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်။ အင်မော်တယ်အပျက်အစီးများနယ်ထဲက ကျင့်ကြံခြင်းဂူတွင် အဖြူရောင်၀တ်ရုံနှင့်အမျိုးသမီးတစ်ဦး တင်ပျဉ်ခွေထိုင်နေ၏။ သူမဘေးတွင် ထိုနည်းတူ တင်ပျဉ်ခွေထိုင်နေသော လီလင်းအာရှိသည်။
ရုတ်တရက် အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီးက မျက်လုံးများဖွင့်လိုက်ပြီး ၎င်းတို့သည် သတ်ဖြတ်လိုသော အလင်းရောင်တို့ဖြင့် တဖျတ်ဖျတ် တောက်ပလာ၏။
"အင်မော်တယ်လောကရဲ့ အင်ပါယာသခင် ရာရာစစ"
စကားလုံးများ သူမပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏အမူအရာက ရိပ်ခနဲ ဖြစ်သွားသည်။
ပင်လယ်ကိုးစင်းအထဲရှိ ကိုးပင်လယ်နတ်လောကများတွင် ပေါက်ကွဲသံကဲ့သို့ တအုန်းအုန်းမြည်သံများ ကြားရနိုင်သည်။ အလွန်ကြီးမားသောအဆောက်အဦးတစ်ခု ပြိုကျနေသံပေါက်ပြီး အသံက ပင်လယ်များတစ်လျှောက် ဧရာမလှိုင်းတံပိုးကြီးများ ထကြွလာစေသည်။
အသံများသည် ကိုးပင်လယ်နတ်လောကများအတွင်း ပဲ့တင်ထပ်လာရာ လေဟုန်ခွင်းလောကပြန်ပွင့်လာမည်ကို စိတ်ရှည်ရှည်စောင့်နေကြသော တာအိုနယ်ပယ်ပညာရှင်များထံမှ တုံပြန်မှုများအား ချက်ချင်း လှုံ့ဆော်လိုက်တော့၏။
“ဘာတွေဖြစ်နေတာလဲ ဒါက .. ဒါက .... “
“ငါ ရုတ်တရက်ကြီး လေဟုန်ခွင်းလောကကို ခံစားလို့မရတော့ဘူး”
“မကောင်းတော့ဘူး”
ကိုးပင်လယ်နတ်လောကအသီးသီးမှ အထိတ်တလန့်ရေရွတ်သံများ ထွက်လာသည်။ နဝမပင်လယ်၏ နတ်လောကလည်း ခြွင်းချက်မဟုတ်ပေ။ ဘွားဘွားကိုးနှင့် နတ်ဆရာသခင်အပြင် မိစ္ဆာကျင့်ကြံသူအုပ်ခေါင်းဆောင်ကြီးအပါအဝင် ကျန်တာအိုနယ်ပယ်ခေါင်းဆောင်ကြီးအကုန်လုံး တုန်ရီလာကြ၏။ နောက်ဆုံးတော့ သူတို့မှာ ဆက်လက်တောင့်မခံနိုင်တော့ဘဲ ပါးစပ်မှ သွေးများ ပန်းထွက်သွားတော့သည်။
သူတို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေကြစဉ် ကောင်းကင်သို့ ဆန့်တန်းနေသော အလင်းတန်းများ ကြေမွသွားပြီး သူတို့အားလုံး လေဟုန်ခွင်းလောကနှင့် အဆက်အသွယ်ပြတ်တောက်သွားလေပြီ။
“မဖြစ်နိုင်ဘူး” နတ်ဆရာသခင်၏မျက်နှာပျက်သွားသည်။ သူက ငေါက်ခနဲ ထရပ်၍ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ “လေဟုန်ခွင်းလောကတော့ ... ပုန်ကန်အုံကြွတော့မယ်။ သေစမ်း အဆက်အသွယ်လည်း ပြတ်သွားပြီ”
ထိုစဉ် တောင်ပင်လယ်လောကကို ဝန်းရံထားသော အာကာသအမှောင်ထု၏အပြင်ရှိ လေဟုန်ခွင်းလောကမြေထုမှာ အတန်ငယ် လှုပ်ခါလာသည်။ လောကတစ်ခုလုံး၏ မူလပတ်လမ်းကြောင်း ရုတ်တရက် ပြောင်းသွားသဖြင့် အက်ကွဲသံများ၊ ကြေမွသံများ ပဲ့တင်ထပ်လာ၏။ ၎င်းကား အပေါ်ရှိ ကောင်းကင်ဘုံ ၃၃ ခုဆီ မြောက်တက်စပြုလာသည်။ မှန်သည်၊ လောကထဲရှိ မည်သူမှ ထိုအခြင်းအရာကို မခံစားရ။
ပါရာဂွန်ပင်လယ်အိပ်မက်က အသတ်အဖြတ်အငွေ့တထောင်းထောင်းနှင့် ထရပ်လိုက်သည်။ “လေဟုန်ခွင်းလောကရဲ့ အင်ပါယာသခင် နင် သေချင်နေပြီလား”
သူမက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ကျင့်ကြံခြင်းဂူသည် ရုတ်ခြည်းဆိုသလို မှိန်ကျသွား၏။ ၎င်း ပြန်ပေါ်လာသောအခါ အံ့ဩဖွယ်ကောင်းစွာနှင့် တောင်ပင်လယ်လောကအပြင်က အာကာသထဲသို့ ရောက်နေလေပြီ။ ထို့နောက် ၎င်းက အရိပ်ကဲ့သို့ပုံရိပ်များကိုသာ ချန်ရစ်ခဲ့ရင်း တောင်ပင်လယ်လောကမှ ထွက်ကာ လေဟုန်ခွင်းလောကသို့ ဦးတည်သွားသည်။
လေဟုန်ခွင်းလောကရှိ အက်ရှလွန်ကျင့်ကြံသူများအကုန်လုံး အံ့အားသင့်နေကြသည်။ ကောင်းကင်ထက်တွင် ရုတ်တရက် အကွဲကြောင်းတစ်ကြောင်း ပေါ်လာသဖြင့် မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ထိုအထဲမှ အနက်ရောင်အလင်းတန်းတစ်တန်း ထွက်လာသည်။ အဆိုပါအလင်းတန်းအတွင်းတွင်တော့ အံ့မခန်းလိလိ စစ်ပုဆိန်တစ်လက်။
စစ်ပုဆိန်သည် အနန္တအသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေပြီး အသံမထွက်သော ခပ်စူးစူးအသံများ အော်ဟစ်နေသည့် အစိမ်းဝိညာဉ်အရိပ်များဖြင့် ရစ်သိုင်းခံထားရသည်။
ကြည့်ရသရွေ့ ၎င်းတို့မှာ စစ်ပုဆိန်ကို ပူးကပ်နေရပြီး ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်ရန် ထွက်မသွားနိုင်ဖြစ်နေကြပုံရသည်။
အံ့ဩတုန်လှုပ်ဖွယ် ဖိအားသည် စစ်ပုဆိန်မှ ဖြာထွက်လာကာ ၎င်း သက်ရောက်လာသည်နှင့် မြေပြင်များမှာ တသိမ့်သိမ့်လှုပ်ခတ်လာပြီး အရောင်အဝါများ လင်းလက်ပြိုးပြက်လာသည်။
ဤသည်မှာ ရှေးဟောင်းရတနာများအကြား အင်မတန် အရည်အသွေးမြင့်မားသော ရှေးဟောင်းရတနာဖြစ်သည်။
ကောင်းကင်ဘုံလာ လက်ရွေးစင်အင်မော်တယ်ပုဆိန်။
၎င်းက တဝီဝီ မြည်သံသဲ့သဲ့ကို ထုတ်လွှတ်ရင်း မန်ဟို့အရှေ့သို့ ဖြေးဖြေးဆင်း ပျံဝဲကျလာသည်။ မန်ဟို့မျက်လုံးများ ဝိုင်းစက်သွားပြီး သူသည် မဟူရာစစ်ပုဆိန်ကို ကြည့်ရင်း လျှာစေးအာစေးလာတော့၏။ နောက်ဆုံးတော့ သူက အသက်ပြင်းပြင်းရှူ၍ ၎င်းကို လှမ်း၍ဆုပ်ကိုင်လိုက်သည်။
သူ့လက် ပုဆိန်ရိုးအနားရောက်လာသော အခိုက်အတန့်တွင် ပြင်းထန်သောစွမ်းအားတစ်ရပ်က သူ့ကို ဖြတ်စီးသွားသည်။ သူ့မှာ တုန်ရီလာပြီး သူ့ဆံပင်များ လွင့်ပျံသွား၏။ ထို့နောက် သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားများ တဟုန်းဟုန်းတောက်လျက် ပျံတက်လိုက်သည်။
သူသည် ပုဆိန်ကို လွှဲကြည့်လိုက်သည့်အခါ အနက်ရောင်အလင်းတန်းတစ်တန်းက ၎င်းထံမှ ထွက်၍ မြေကြီးကို ပြေးဆောင့်ကာ မီတာ ၉၀၀၀ အကျယ်ချောက်နက်ကြီးဖြစ်သည်အထိ ပိုင်းချလိုက်သည်။ ပြည်ထောင်ခုနစ်၏ နိုင်ငံ့အရှိန်အဝါတောင်က ထိုချောက်၏အလယ်တည့်တည့်တွင် ဖြစ်ပြီး ယခုတော့ နှစ်ပိုင်းတိတိ ပိုင်းခံလိုက်ရလေပြီ။
၎င်း၏အားနည်းနေနှင့်ပြီးသော အကာအကွယ်မှာ ထိုအင်အားကို လုံးလုံးလျားလျား ခုခံနိုင်ခြင်းမရှိရာ .... ပုဆိန် မည်မျှအင်အားကြီးမားကြောင်း သက်သေပြနေသည်။
မန်ဟိုမှာ စစ်ပုဆိန်အတွင်းရှိ မယုံကြည်နိုင်ဖွယ်စွမ်းအားကို ခံစားလိုက်ရသဖြင့် စိတ်နှလုံးတုန်လှုပ်သွားသည်။
ယွီဝမ်ကျန်းမှာတော့ ယခုလေးတင် နှစ်ပိုင်းပိုင်းခံလိုက်ရသော နိုင်ငံ့အရှိန်အဝါတောင်အပေါ်တွင် ထိုင်နေသည်။ သူ့မှာ ပုဆိန်ကြောင့် ဖြစ်ပေါ်လာသည့် ချောက်နက်ကြီးကို ကြည့်ရင်း ခေါင်းကြိမ်းလာ၏။ သူ့တစ်ခေါင်းလုံး ပေါက်ကွဲတော့မည့်အလား ခံစားနေရပြီး အန္တရာယ်အချက်ပေးခေါင်းလောင်းသံများလည်း ဆူညံနေသည်။
တခဏကြာသော် မန်ဟိုက လက်ကို ဝှေ့ယမ်း၍ စစ်ပုဆိန်အား ပျောက်ကွယ်သွားစေသည်။ သူသည် ပုဆိန်ကို ချီးမြှင့်ခံခဲ့စဉ်က အခြေအနေများကို စဉ်းစားကြည့်ရင်း မျက်လုံးများ ထူးဆန်းစွာ တောက်ပလာ၏။
“စောစောက အသံက တစ်သံတည်းမဟုတ်ဘူး။ နှစ်သံ” သူက တွေးလိုက်သည်။ "ပထမအသံက အရင်က အသံတွေနဲ့တူတူပဲ။ အမိန့်အတိုင်း လိုက်နာနေတဲ့အတိုင်း အေးစက်ပြီး ခံစားချက်မဲ့နေသည်။ အဲဒါက တောင်ပင်လယ်လောကနေ လေဟုန်ခွင်းလောကအပေါ် ထားရှိထားတဲ့ သဘာဝနိယာမတွေရဲ့ ရလဒ်ပဲ ဖြစ်ရမယ်
“ငါ အက်ရှလွန်တစ်ယောက်ကို သတ်လိုက်တုန်းက ပထမအသံတိုင်းဆို အဲ့ဒါက လူသတ်မှုလိုဖြစ်သွားမှာ။ ဒါပေမဲ့ ခဏကြာတော့ ဒုတိယအသံက စကားပြောလာပြီး ငါ့ကို ဆုချီးမြှင့်တယ်
“တစ်ယောက်ယောက်က အက်ရှလွန်ကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် သတ်အောင် လှုံ့ဆော်ပေးနေတာများလား” မန်ဟို ရင်ခုန်လာသည်။ သူ့အထင်များသာ မှန်ကန်လျှင် သူတို့ လေဟုန်ခွင်းလောကသို့ ရောက်ရောက်ချင်း ကျန်းတောက်ဇီနှင့်အခြားသူများ သူတို့ကို ကြည့်ခဲ့သောပုံစံနှင့် ကျန်းတောက်ဇီ၏အကောက်ကြံမှုတချို့နှင့် သေချာပေါက် ဆက်စပ်နေသည်။ ထိုမျှသာမက မန်ဟိုသည် လေဟုန်ခွင်းလောကမှ ယခင်နှင့်မတူတော့ကြောင်း တခြားသူများ ပြောခဲ့သည်ကို ကြားခဲ့ရ၏။ ရုတ်တရက် သူ ပင့်သက်ရှိုက်လိုက်မိသည်။
“ကပ်ဘေးကြီးတစ်ခုက လေဟုန်ခွင်းလောကမှာ ဖြစ်ပေါ်လာတော့မှာလား” သူက တွေးလိုက်သည်။
သူ့မျက်နှာ မည်းမှောင်သွားသည်။ တစ်ချိန်တည်းမှာပင် ယွီဝမ်ကျန်းသည် လောကစည်းတံဆိပ်များမှ အခု ၃၀၀ မြောက်အနှစ်သာရကို ဉာဏ်အလင်းရသွား၏။ ထို့နောက် သူက ထရပ်ပြီး မန်ဟို့ကို လှမ်းအော်လိုက်သည်။
“မန်ဟို ... မင်း မင်း ငါ့ကို အဲဒီပုဆိန်နဲ့ နှစ်ပိုင်းပိုင်းပစ်မိတော့မလို့ကွ”
သူ့အသံက မန်ဟို့အတွေးများကို ဖြတ်တောက်ရင်း မိုးခြိမ်းသံကြီးကဲ့ ပဲ့တင်ထပ်သွားသည်။
မန်ဟိုက ယွီဝမ်ကျန်းကို ငုံကြည့်၍ အေးစက်စက် ပြောလိုက်လေသည်။ “လက်ချော်သွားတာ။ စကားမစပ် ဉာဏ်အလင်းရသွားတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အာ ပြီးတော့ နောက်တစ်ခု။ မင်း ဟိုက်တုန်းချင်းကို တစ်ကြိမ်သတ်ခဲ့ဖူးတယ်လို့ ပြောခဲ့လားလို့”
“ငါ ပြောခဲ့တယ်လား" ယွီဝမ်ကျန်းက အတန်ငယ် အပြစ်ရှိသလို ခံစားနေရသော လေသံဖြင့် ပြန်မေးသည်။ သို့သော် သူက ချက်ချင်း ဒေါသထွက်သွားပြန်သည်။ “ဒီမှာ အဲဒါက သောက်အရေးမကြီးဘူး။ မင်းက အခုလေးတင် ငါ့ကို နှစ်ပိုင်းပိုင်းတော့မလို လုပ်ခဲ့တာနော်။ ကြားလား ဒီလောက်နီးတယ်ကွ။ ငါ မင်းကို ရန်စခဲ့လို့လား ဟမ် လက်ချော်သွားလို့တဲ့။ ငါ့မှာ အသက်ထွက်ရတော့မလို့။ ငါက သတ္တမတောင်တစ်တောင်လုံးကို ချိုးနှိမ်ပြီး ဓားတောင်တွေ မီးပင်လယ်တွေကို ဖြတ်ခဲ့ရတာကွ။ အခုတော့ မင်းလက်ချော်သွားလို့ ကိစ္စတုံးရတော့မလို့။ မင်း ဒါအတွက် ငါ့အပေါ် အကြွေးတင်သွားပြီ....”
မန်ဟိုက အဖက်မလုပ်ပေ။ “မီးပင်လယ်” သူက တွေးလိုက်သည်။ “မီးပင်လယ် ... ငါမှတ်မိပြီ။ တောက်ဖန်။ တောင်ကောင်းကင်ဂြိုဟ်က ရှေးဟောင်းတာအိုရေကန်အောက်က နတ်မီးလျှံစမ်းသပ်ပွဲ၏ နောက်ဆုံးအဆင့်က နတ်မီးတောက်အဆီအနှစ်ကမ္ဘာ
“အဲဒီမှာ တောက်ဖန်ဆိုတဲ့ နာမည်ကို အော်နေတဲ့ မီးမျက်လုံးတစ်လုံးရှိတယ်” မန်ဟိုသည် နောက်ဆုံးတော့ သူ ရှာဖွေနေသောအချက်အလက်ကို မှတ်မိလိုက်သဖြင့် စိတ်နှလုံးတုန်ရီသွားတော့သည်။
ချက်ချင်းပင် သူ့မျက်လုံးများ ဝိုင်းစက်သွားပြီး အန္တရာယ်များသောအလင်းရောင်က သူ၏မျက်ဝန်းများတွင် တောက်ပလာသည်။
မှန်ပါသည်၊ ယွီဝမ်ကျန်း၏အမြင်တွင်တော့ သူ့မှာ စကားနည်းနည်းပါးပါးသာ ပြောရသေးသည်၊ မန်ဟိုက ရုတ်တရက်ကြီး တိတ်ဆိတ်သွားပြီး သူ့ကို အစိမ်းလိုက်စားတော့မတတ် စိုက်ကြည့်နေလေသည်။ သူ့မှာ တုန်ရီလာပြီး စောစောက ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့စဉ်တုန်းက မန်ဟို မည်မျှအစွမ်းထက်ခဲ့သည်ကို သတိရလိုက်၏။ ထို့နောက် သူက ဟိုက်တုန်းချင်းကိုလည်း ရက်ရက်စက်စက် အပြတ်ရှင်းခဲ့သည်။
ပုဆိန်မည်မျှ ကြောက်စရာကောင်းသည်ကိုလည်း တွေးလိုက်မိသောအခါ ယွီဝမ်ကျန်းမှာ မန်ဟို့ကို သူပြောနေကျအတိုင်း ဒေါသတကြီးဆဲဆိုခြင်းက စိတ်လိုက်မာန်ပါရာရောက်ကြောင်း နားလည်လိုက်၏။ မန်ဟိုက ဘယ်တော့မှ ရန်မစသင့်သော ဂြိုဟ်ကောင်တစ်ကောင်ဖြစ်သည်။ ယွီဝမ်ကျန်း၏နားထင်မှ ချွေးစက်များ ကျလာပြီး တောက်ပနေသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည်။ သူက ကပျာကယာ လက်ယှက်၍ အရိုအသေပေးလိုက်သည်။
“ဟားဟားဟား အစ်ကိုမန်ဟို ပြီးခဲ့တာ ပြီးခဲ့ပါပြီ” သူက မျက်နှာချိုသွေးကာ ပြောသည်။ “ငါ ဒီတိုင်းစနေတာပါ ညီကိုရာ။ မင်း ပိုင်းချချင်ရင်လည်း နှစ်ပိုင်းသာ ပိုင်းလိုက် ရတယ်... ကိစ္စမရှိဘူး။ ငါ့မှာ အသက်နှစ်သက်ရှိတယ်မဟုတ်လား။ ဆိုတော့ အသက်ပြန်ရှင်လာမှာပဲလေ” ထို့နောက် သူက တဟားဟား ရယ်လိုက်တော့သည်။
***