ပြည်ထောင်ခြောက်တွင် တွေ့ဆုံခြင်း
Vol. 80 Ch. 1116
"တောက်ဖန်" သူက တွေးသည်။ "ငါ လေဟုန်ခွင်းလောကက ထွက်ပြီး ပြန်ရောက်တာနဲ့ သေချာပေါက် ရှေးဟောင်းတာအိုရေကန်တွေဆီ ပြန်သွားရမယ်" မန်ဟို့မျက်လုံးများက အတွေးများဖြင့် လင်းလက်သွားပြီးနောက် သူ့မျက်လုံးထဲရှိ အန္တရာယ်များသော အလင်းရောင်မှာ ပျောက်ကွယ်သွားသည်။ သူက ယွီ၀မ်ကျန်းကို ပြန်ငုံ့ကြည့်ပြီးနောက် တောက်ပစွာ ပြုံးပြုလိုက်၏။
ယွီ၀မ်ကျန်းသည် အစောကတည်းက ဉာဏ်အလင်းရရှိခဲ့ပြီး တမင်တကာ အချိန်ဆွဲနေခဲ့ခြင်းကြောင်း သူ မည်ကဲ့သို့ နားမလည်ဘဲ ရှိမည်နည်း။ သိသိသာသာပင် သူက တစ်ခုခုကို ကြံနေခဲ့လေသည်။ မန်ဟို ပုဆိန်ကို သုံးလိုက်ခြင်းက အမှတ်တမဲ့ဟု ထင်ခဲ့ရသော်လည်း တကယ်တော့ ယွီ၀မ်ကျန်းအတွက် သတိပေးချက် ဖြစ်သည်။
မန်ဟို့အပြုံးကိုကြည့်ပြီး ယွီ၀မ်ကျန်းမှာ ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူက ချောင်းဟန့်ပြီး လူစွမ်းကောင်းကြီးသဖွယ် သူ့ရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်၍ ပြောလိုက်သည်။ "အစ်ကိုမန်ဟို မင်းက တကယ်ပဲ ရဲစွမ်းသတ္တိရှိပြီး သာလွန်ထူးကဲလွန်းပါတယ်။ ဟားဟားဟား တာအိုကောင်းကင်ရဲ့ နောက်လိုက်ခွေးသုံးကောင်လုံးက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်။ ဒါပေမယ့် မင်းရဲ့အရှေ့မှာ သူတို့က လူပြက်တွေအတိုင်းပဲ။ မင်းက သူတို့ကို မြက်ခြောက်တွေလို နင်းချေပစ်ခဲ့တာ။ တကယ်ပဲ တောင်ပင်လယ်လောကရဲ့ နံပါတ်တစ်အက်ရှလွန်စာရင်း၀င် ဖြစ်ထိုက်ပါပေတယ်" ယွီဝမ်ကျန်း၏စကားလုံးများက ဖားနေသယောင်ထင်ရသော်လည်း ပြောလိုက်သောစကားလုံးတိုင်းက သူ၏နှလုံးသားအနက်ရှိုင်းဆုံးထဲမှ အရင်းခံသည့်အလား သူ၏မျက်နှာထားမှာ အင်မတန် ရိုးသားနေသည်။
"အပြောကောင်းတယ်။ အပြောကောင်းတယ်" မန်ဟိုက တဟားဟားရယ်ရင်း ပြန်ဖြေသည်။ ထို့နောက် သူသည် ယွီ၀မ်ကျန်းကို စိုက်ကြည့်လိုက်၏။ "ဒါပေမယ့် တာအိုရောင်ရင်းယွီ၀မ်ကျန်း မင်းကို ငါပေးထားတဲ့ လောကစည်းတံဆိပ်ကို ပြန်ပေးရဦးမယ်နော်"
ယွီ၀မ်ကျန်း၏အပြုံးမှာ တောင့်သွားပြီး သူ့စိတ်တွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသည်။ သို့သော် သူသည် မန်ဟို့အကြည့်ကို မြင်သောအခါ ရင်တဒိန်းဒိန်း ခုန်လာပြီး အက်ရှလွန်ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်၍ မန်ဟို ဆုလာဘ်ချီးမြှင့်ခံခဲ့ရပုံနှင့် ပက်သက်ပြီး ပြန်တွေးမိလိုက်သည်။
"သေစမ်း" သူက တွေးလိုက်သည်။ "ဒီတစ်ခေါက် လေဟုန်ခွင်းလောကရဲ့ ဆုလာဘ်တွေက ငါတို့တွေကို အချင်းချင်း သတ်အောင် လှုံ့ဆော်ပေးနေတာပဲ။ ဒီဂြိုဟ်ကောင်ကို ရန်စလို့မဖြစ်ဘူး။ မဟုတ်ရင် သေရလိမ့်မယ်" အတွေးရထား ဘူတာဆိုက်သော် ယွီ၀မ်ကျန်းက လောကစည်းတံဆိပ်ကို ကပျာကယာထုတ်၍ မန်ဟို့ဆီ ပြန်ပစ်ပေးလိုက်သည်။
မန်ဟိုက ၎င်းကို ဖမ်း၍ သိမ်းလိုက်၏။ သူက တောက်ပစွာ ပြုံးမြဲပြုံးနေရင်း ပြည်ထောင်ခုနစ်၏ လောကစည်းတံဆိပ်နှင့်ပက်သက်ပြီး စကားတစ်ခွန်းမှ မဟပေ။ ယွီ၀မ်ကျန်းကား တမင်တကာ တိုက်ပွဲအတွင်းမှ အပြင်ထွက်နေခဲ့ပြီး တစ်ချိန်လုံး အကောက်ကြံနေခဲ့လေသည်။ သူသာ ဟိုက်တုန်းချင်းနှင့် အခြားသူများကို ကူတိုက်ပေးခဲ့လျှင်တော့ မန်ဟိုလည်း လောကစည်းတံဆိပ်ကို လောဘတကြီး သိမ်းထားမည်မဟုတ်ပေ။
သို့သော် ယွီ၀မ်ကျမ်းက တစ်စုံတစ်ခုကို ကြံစည်နေခဲ့မှတော့ မန်ဟိုသည် သူ့ကိုလည်း ပြန်ကလိမ်ကျရန် အပြစ်ရှိသလိုပင် ခံစားမနေရတော့ပေ။
ယွီ၀မ်ကျန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ကိုယ်ကာယကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အက်ရှလွန်စာရင်း၀င်ဖြစ်သည်သာမက သူ၏နေရာကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည့်အပြင် တစ်ချိန်တည်းမှာပင် ကိုယ်ကာယကျင့်စဉ်တွင် မြင့်မားသောအဆင့်ကို ရောက်ရှိခဲ့သည့်အချက်က သူသည် အရူးမဟုတ်ကြောင်း သက်သေပြနေ၏။ သူ့အား ဉာဏ်ကြီးရှင်အဖြစ် သတ်မှတ်မရနိုင်သော်လည်း အတော်လေးတော့ ဉာဏ်နီဉာဏ်နက်များလေသည်။
မန်ဟိုက သူ့အစီအစဉ်ကို ထိုးဖောက်မြင်သွားခဲ့ပြီး ပုဆိန်ကို သုံးကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း သူ့အတွက်ပင် သိသာသည်။ ပြည်ထောင်ခုနစ်၏ လောကစည်တံဆိပ်ကို ပြန်မပေးခြင်းက ထပ်တိုးအပြစ်ဒဏ်ပင်။
"ကဲပါ။ ဒါဆိုလည်း ထားလိုက်တော့" သူက တွေးသည်။ "လေဟုန်ခွင်းလောကက ငါတို့အက်ရှလွန်တွေကို အချင်းချင်းသတ်အောင် တွန်းအားပေးနေမှတော့ အဲ့ဒီ့လောကစည်းတံဆိပ်တွေက အချက်ပြမီးတွေလို ဖြစ်နေမှာ။ များများပိုင်ထားလေလေ မြန်မြန်အသတ်ခံရလေလေဖြစ်ပြီး အလုခံရလိမ့်မယ်။ ငါ့မှာ လောကစည်းတံဆိပ်မရှိရင် ဂရုစိုက်နေသရွေ့ အန္တရာယ်ကင်းလိမ့်မယ်"
ယွီ၀မ်ကျန်းမှာ ယခုတွင် များစွာ ယုံကြည်ချက်ရှိလာပြီဖြစ်၍ လက်ယှက်ရင်း မန်ဟို့ကို အရိုအသေပေးလိုက်သည်။ သူက တစ်ချိန်တည်းမှာပင် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ကာ ပြုံး၍ ပြောလိုက်၏။ "အစ်ကိုမန် နောက်လည်းကျနေပြီ။ ငါ့နေရာက အခု ရှုပ်ပွနေတော့ မင်းကို ဧည့်မခံပေးနိုင်တော့ဘူး။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ ညီအစ်ကို။ လမ်းကြုံရင်း လာလည်လှည့်ပါဦး"
မန်ဟိုက သူ့ကို ကြည့်လိုက်ပြီး ယွီ၀မ်ကျန်းမှာ ဖြစ်ပျက်လာတော့မည့်အရာအတွက် သူ့ကိုယ်သူ အားတင်းလိုက်သည်။ သို့သော် တခဏကြာလျှင် မန်ဟိုက ပြုံးရုံသာပြုံးပြီး အင်္ကျီလက်စကိုခါ၍ ထွက်ခွာသွားလေသည်။
သို့သော် ဤအခိုက်အတန့်တွင် အလင်းတန်းတစ်တန်းသည် ဗဟိုဝတ်ပြုကျောင်းမှ ရုတ်တရက် ထိုးတက်လာသည်။ ၎င်းက လေဟုန်ခွင်းလောကတစ်ခုလုံး ပြည့်သွားသည့်တိုင်အောင် လျင်မြန်စွာ ပြန့်ကားလာသည်။
အံ့ဩဖွယ်ကောင်းစွာနှင့် ထိုအလင်းတန်းသည် စောစောက အလင်းတန်းအတိုင်း ... မီတာ ၃၀၀၀၀ ကျယ်၏။
ဧရာမအလင်းတန်းကြီးသည် တဂျိန်းဂျိန်းမြည်သံများအား တရစပ် ပဲ့တင်ထပ်နေစေရင်း ကောင်းကင်ဘုံများသို့ ထိုးတက်သွားသည်။ မိုးကောင်းကင်မှာ တုန်ခါလာပြီး မရေမတွက်နိုင်သော လှိုင်းများသည် မိုးကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးရင်း ဖြာထွက်လာ၏။ မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ယွီဝမ်ကျန်းမျက်နှာပျက်သွားသည်။
အလင်းရောင်သည် တောင်များ၊ ရုပ်တုများကမ္ဘာအဖြစ် ပြောင်းလဲလာစဉ် မန်ဟို့ရုပ်တုဖြစ်နေပြီဖြစ်သော အမြင့်ဆုံးတောင်၏ဘေးတွင် ဝါးတားတားအရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် အရိပ်သည် ဒုတိယရုပ်တုအဖြစ် အကောင်အထည်ဖြစ်ပေါ်လာ၏။
ထိုရုပ်တုက အလိပ်လိပ်ထနေသော လူသတ်ငွေ့များဖြင့် လူငယ်တစ်ယောက်ကို ဖော်ပြနေသည်။ သူက မန်ဟို့ကို အသက်ရှူမြန်လာစေသော မယုံနိုင်ဖွယ်ဖိအားကို ထုတ်လွှတ်နေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုရုပ်တုက ခေါင်းပြတ်တစ်ခေါင်းကို လက်တွင် ကိုင်ထားသည်။
ထိုခေါင်းမှာ သေဆုံးသွားသည့်တိုင် ရေခဲစေသောအအေးဓာတ်ကို ထုတ်လွှတ်နေသေးသည်။
“တာအိုကောင်းကင်” ယွီဝမ်ကျန်းက ရေရွတ်လိုက်သည်။ “အဲဒါ ပထမတောင်က အက်ရှလွန်ကျင့်ကြံသူ။ သူ့လက်ထဲက ခေါင်းကတော့ သတ္တမတောင်က အက်ရှလွန်ရဲ့ခေါင်းပဲ” သူ့မျက်နှာမှာ သွေးဆုပ်ဖြူလျော်သွားသည်။ တာအိုကောင်းကင်သည် ထိုကျင့်ကြံသူထံမှ ပြည်ထောင်နှစ်၏ လောကစည်းတံဆိပ်ကို ယူခဲ့ပြီးသားမဟုတ်ပါလော။
ယွီဝမ်ကျန်းမှာ လောကစည်းတံဆိပ်မရှိလျှင် အန္တရာယ်နည်းမည်ဟု ထင်ထဲ့၏။ အသက်ရှူချိန်အနည်းငယ်မျှသာ ကြာသေးသည်၊ သူ့အတွေးတို့ မှားယွင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒုတိယတောင်မှ အက်ရှလွန် သေဆုံးသွားပြီဖြစ်ရာ သွေးချောင်းစီးတိုက်ပွဲဖြစ်လာတော့မည်။
လောကစည်းတံဆိပ်ရှိရှိ မရှိရှိ သူ့မှာ အသက်အန္တရာယ်စိုးရိမ်ရသေးသည်။
ထို့နောက် အေးစက်ပြီး ရက်စက်ခက်ထန်သောအသံက လေဟုန်ခွင်းလောကတစ်ခွင် ပဲ့တင်ထပ်လာပြန်သည်။
“ဆုလာဘ်ကား ....ရှေးဟောင်းရတနာ၊ မြင့်မြတ်သော တောင်အင်မော်တယ်တုတ်ကောက်”
အက်ရှလွန်ကျင့်ကြံသူအားလုံး ချက်ချင်း တုန်လှုပ်ကုန်ကြသည်။ အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်နေလေသည်။ ပထမ ဟိုက်တုန်းချင်း အသတ်ခံရသည်။ ထို့နောက် ရှေးမနှောင်းမှာပင် တာအိုကောင်းကင်က နောက်တစ်ယောက်ကို လိုက်ဖမ်း၍ သတ်ခဲ့လေပြီ။
ထိုမျှသာမက ဆုလာဘ်က ရှေးဟောင်းရတနာနောက်တစ်ခုဖြစ်နေသည်။
မန်ဟိုက ခေါင်းအထက်ရှိ ကမ္ဘာနှင့် တာအိုကောင်းကင်၏ရုပ်တုကို မော့ကြည့်နေသည်။ ထို့နောက် သူ့မျက်လုံးများသည် အန္တရာယ်များသော အလင်းရောင်ဖြင့် တောက်ပလာ၏။ သူ့အနေဖြင့် ဟိုက်တုန်းချင်းနှင့်ယှဉ်လျှင် တာအိုကောင်းကင်မည်မျှအစွမ်းထက်သလဲ မသေချာသော်လည်း အလွန်အင်အားကြီးမားသည်ကိုတော့ ပြောနိုင်၏။
“တာအိုကောင်းကင် ... “ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။
သူ ထွက်သွားတော့မည့်အချိန်မှာပင် ယွီဝမ်ကျန်းက ရုတ်တရက် လေပေါ်ပျံတက်လာပြီးနောက် အော်ပြောသည်။ “အစ်ကိုမန် အစ်ကိုမန် ။ ဟဲဟဲဟဲ နေပါဦး။ အချိန်ကို ကြည့်ဦး နောက်ကျနေပြီ။ မြန်မြန်ပြန်စရာမလိုပါဘူး။ ဒီမှာ ရက်ပိုင်းလောက် နေပါလား”
ယွီဝမ်ကျန်းမှာ ကြောက်လန့်နေရာ မန်ဟို့ကို အလွယ်တကူ ထွက်သွားခွင့်ပြမည်လော။ သူသာ နေလျှင် တာအိုကောင်းကင် လာရှာပါက နှစ်ယောက်အတူတူ ပြန်တိုက်နိုင်မည်။
မန်ဟိုက သူ့ကို လျစ်လျူရှု၍ အဝေးသို့ ထွက်သွားတော့မည့်အချိန် ယွီဝမ်ကျန်းမှာ ဖြစ်ညစ်တွေးနေရင်း အံ့တင်းတင်းကြိတ်ပြီးနောက် ပြောလိုက်သည်။ "မန်ဟို မင်း လက်သန်းလေးတောင် လှုပ်စရာမလိုဘဲ ပြည်ထောင်ခြောက်ရဲ့ လောကစည်းတံဆိပ်ကို ငါ ယူပေးနိုင်မယ့်နည်းလမ်း သိတယ်”
မန်ဟိုက တုံ့ခနဲ ရပ်ပြီးနောက် ယွီဝမ်ကျန်းကို ကြည့်သည်။
မန်ဟို ရပ်သွားသည်ကို မြင်လျှင် ယွီဝမ်ကျန်းက ကမန်းကတန်း ရှင်းပြသည်။ “နားထောင်မန်ဟို။ လောကစည်းတံဆိပ်ကိုးခုထဲမှာ တာအိုကောင်းကင်က သုံးခုပဲ ရထားသေးတာ မင်းမှာ လေးခုရှိတယ်။ ကျန်တဲ့နှစ်ခုကတော့ ပြည်ထောင်သုံးနဲ့ ပြည်ထောင်ခြောက်မှာ။ ပြည်ထောင်ခြောက်ရဲ့ အက်ရှလွန်က ကလေးပေါက်စဟုန်ပင်းတဲ့။ ငါတို့ အန္တရာယ်များတဲ့အခြေအနေတွေကို အတူတူဖြတ်ကျော်ရင်း မိတ်ဆွေဖြစ်ခဲ့ကြတယ်။ ငါ မင်းကို ပြည်ထောင်ခြောက်ဆီ ခေါ်သွားပြီး သူ မင်းကို လောကစည်းတံဆိပ်ပေးအောင် ငါ နားချပေးမယ်လေ” သူက ရင်ဘတ်ကို ပုတ်ရင်း အခိုင်အမာပြောသည်။
“အဲဒီလိုသာဆို မင်းမှာ လောကစည်းတံဆိပ်ငါးခုရှိသွားပြီး အသာစီးရလိမ့်မယ်
“မင်း တာအိုကောင်းကင်ကို မကြောက်သရွေ့ ပြည်ထောင်ခြောက်ရဲ့ လောကစည်းတံဆိပ်က မင်းအပိုင်ပဲ”
မန်ဟိုက သူ့ကို အေးစက်စက် ကြည့်သည်။ သူသည် ယွီဝမ်ကျန်းကို သိပ်မယုံပေ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိသည်မှာ မကြာသေးသော်လည်း ယွီဝမ်ကျန်းသည် မှီခိုရာဂိုဏ်းချုပ်နည်းတူ မှီခိုအားကိုးမရသလို သူ ခံစားနေရ၏။
“ငါ မင်းကို မယုံဘူး” သူက ဖြေးဖြေးချင်း ပြောလိုက်သည်။
ယွီဝမ်ကျန်းက အတန်ငယ်စိတ်ဆိုးသွားသော ဟန်ပန်ဖြင့် ပြောသည်။ “အစ်ကိုမန်ဟို မင်း အဲဒီလိုပြောတော့ ရင်နာရတယ်ကွ။ ငါက ဘယ်လိုလူစားမျိုးလဲ မင်းသိလား။ ငါ ငါ့နာမည်က ကျန်း 坚 ဆိုတဲ့ စကားလုံးအတိုင်း ပြောတဲ့အတိုင်းလုပ်တယ်၊ လုပ်တဲ့အတိုင်း ပြောတယ်ကွ”
မန်ဟိုက မလှုပ်မယှက် အေးစက်စက် ပြန်ပြောသည်။ “မင်းပြောတော့ ဟိုက်တုန်းချင်းကို တစ်ကြိမ် သတ်ခဲ့ဖူးတယ်ဆို”
ယွီဝမ်ကျန်းကား နည်းနည်းလေးမှ ရှက်ပုံမရ။ သူက အားပါးတရ ရယ်ရင်း ပြောသည်။ “အစ်ကိုမန်ဟို။ ငါ အခု အကျင့်တွေပြင်နေပါပြီ။ အစ်ကိုမန့်အရှေ့မှ တကယ်ပဲ အရူးကြီးလိုဖြစ်နေတယ် ထင်ပါရဲ့။ တကယ်ပါ အမှန်အကန် ပြင်တော့မှာ”
“စောစောက မင်း ဉာဏ်အလင်းရတာ နှေးလွန်းတယ်” မန်ဟိုက ပြောသည်။
“ဟားဟားဟား အစ်ကိုမန်ကတော့ လုပ်ပြီ။ ငါ့ကို ဒီလောက်မျက်နှာသောပေးနေစရာ မလိုပါဘူး။ နှေးနေတာမဟုတ်ဘူး စိတ်နဲ့ကိုယ်မကပ်လို့ပါ။ အဲဒီအတွက် တောင်းပန်ပါတယ်။ အခုကစပြီး ငါ လုံးဝ နေခင်းကြောင်တောင် အိပ်မက်မက်မနေတော့ပါဘူး”
မန်ဟိုမှာ ရယ်မလား ငိုရမလား မသိတော့ပေ။ သူသည် ယွီဝမ်ကျန်းကို တခဏကြည့်ပြီးနောက် သူ့စကားများကိုသာ ယုံစား၍မရခြင်းမဟုတ်၊ သူကိုယ်တိုင်မှာလည်း အလွန်အရှက်မရှိကြောင်း သဘောပေါက်လိုက်တော့သည်။ ထိုကဲ့သို့ဟန်ဆောင်ပန်ဆောင်လုပ်ခြင်းနှင့်ပတ်သက်လျှင် သူ့ကို ဘယ်သူမှ မယှဉ်နိုင်လောက်ပေ။
ယွီဝမ်ကျန်း၏မျက်နှာထားမှာ အတိုင်းထက်အလွန် ရိုးသားနေသည်. သူက သူ့ရင်ဘတ်ကို တဘုန်းဘုန်း ရိုက်ရင်း မာန်အပြည့်ပြောသည်။ “အစ်ကိုမန် ဒီတစ်ခေါက်တော့ ယုံလိုက်။ ငါက ဟုန်ပင်းနဲ့ တကယ်တော့ မိတ်ဆွေတွေသိလား။ သူ့အသက်ကိုတောင် တစ်ခါ ကယ်ပေးဖူးတယ်”
တခဏ တိတ်ဆိတ်နေပြီးနောက် မန်ဟိုက ယွီဝမ်ကျန်းကို လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။ “မင်း ငါ့ကို အဲဒီလောကစည်းတံဆိပ် ယူမပေးရင်တော့ ငါ ဒေါသထွက်ရင် ဘာနဲ့တူလဲ မြင်ရလိမ့်မယ်”
၎င်းက ခြိမ်းခြောက်ခြင်းမဟုတ်။ သူ၏ အေးဆေးတည်ငြိမ်သော စကားလုံးများက ယွီဝမ်ကျန်းကို ပျာယာခတ်သွားစေပြီး သူက ခေါင်းညိတ်လိုက်သည်။
နောက်ထပ်ဘာစကားမှ ထပ်မပြောကြတော့။ ယွီဝမ်ကျန်းသည် ရှေ့မှ ဦးဆောင်သွားပြီး နှစ်ယောက်သား ပြည်ထောင်ခုနစ်မှ ပြည်ထောင်ခြောက်သို့ တဟုန်ထိုးထွက်သွားသော အလင်းတန်းနှစ်တန်းအသွင် ပြောင်းသွားတော့၏။ သူတို့က မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာရာ သိပ်မကြာခင် ရောက်သွားတော့သည်။
သူတို့ ပြည်ထောင်ခြောက်သို့ ဝင်ရောက်လာသည်နှင့် ပြင်းထန်သောဖိအားကြီးက သတိပေးနေသည့်အလား သက်ရောက်လာသည်။ ကောင်လေးဟုန်ပင်းသည် လောလောဆယ်တွင် ပြည်ထောင်ခြောက်၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဖိအားကို ခံစားလိုက်ရသည်နှင့် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ နိုင်ငံအရှိန်အဝါတောင်၏ အကာအကွယ်မှာ အသက်ဝင်လာပြီး ဟုန်ပင်းသည် နောက်လိုက်ပေါင်းများစွာဖြင့် ချက်ချင်း ဝန်းရံအကာအကွယ်ပေးခံလိုက်ရ၏။
“သေစမ်း” သူက အော်ဟစ်လိုက်သည်။ “တာအိုကောင်းကင်လား။ ဖြတ်သွားဖြတ်လာတစ်ယောက်ပဲလား။ ဘယ်လိုနေနေ သေချာနေရာယူထားကြ။ တာအိုကောင်းကင်ဆိုရင်တော့ ဒီကနေ နေရာရွှေ့ပြောင်းရင်း ထွက်ကြမယ်" ဟုန်ပင်းမှာ အတိုင်းထက်အလွန် ရတက်မအေးဖြစ်နေသည်။ လောလောဆယ်တွင် သူ အကြောက်ဆုံးနှစ်ယောက်ကား တာအိုကောင်းကင်နှင့် မန်ဟိုပင်။
သူတို့နှစ်ယောက်လုံးက အက်ရှလွန်ကျင့်ကြံသူများကို သတ်ခဲ့ပြီး ရှေးဟောင်းရတနာများဖြင့် ချီးမြှင့်ခဲ့ရသည်။ သူ့အနေဖြင့် မည်ကဲ့သို့ မကြောက်ဘဲ နေမည်နည်း။ သူ့မှာ ရှေးဟောင်းရတနာလေးအတွက် သူ့အသက်ကို အဖိုးအခအဖြစ် မပေးလိုပေ။
သူ ထိုနေရာတွင် သတိကြီးကြီးထိုင်နေစဉ် အလင်းတန်းနှစ်တန်းက နိုင်ငံအရှိန်အဝါတောင်၏အပြင်ရှိ လေကို ခွင်းလာနေကြသည်။ ယွီဝမ်ကျန်းက ရှေ့မှ ဦးဆောင်နေပြီး သူက အနားရောက်လာသည်နှင့် အလောတကြီး အော်လိုက်သည်။ “ဟုန်ပင်း မိတ်ဆွေဟောင်းလေး ငါ ယွီဝမ်ကျန်း လာလည်တာပါ”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ဟုန်ပင်းသည် ယွီဝမ်ကျန်းကို မြင်သွား၏။ သူ့မျက်လုံးများမှာ ချက်ချင်း မီးဝင်းဝင်းတောက်သွားပြီး သူက ထရပ်လိုက်သည်။
“သောက်ကျိုးနည်း ယွီဝမ်ကျန်း နှစ်ဖက်ချွန်ခွေးမသား။ မင်း ငါ့ကို တစ်ပတ်ရိုက်ခဲ့တာတောင် ငါ ဘယ်တော့မှ မင်းကို လိုက်မရှာခဲ့ပေမယ့် အခုတော့ မင်းက ငါ့လာရှာရဲတဲ့အထိ သတ္တိရှိနေပြီပေါ့လေ
“ဟေ့ကောင် မင်းနောက်က ဘယ်သူတုန်း။ အဲဒါ ... သောက်ကျိုးနည်း။ မင်း သူ့ကို ဒီခေါ်လာတာ ယုံတောင်မယုံနိုင်ဘူး။ မင်း မသေမချင်း ငါ အနားမယူဘူး ခွေးမသား ယွီဝမ်ကျန်း”
ဟုန်ပင်း၏ ဆဲသံများ ပဲ့တင်ထပ်လာသည်နှင့် ယွီဝမ်ကျန်းက မန်ဟို့ကို ရှက်ကိုးရှက်ကန်း လှည့်ကြည့်သည်။ သူ မြင်လိုက်ရသည်မှာတော့ အေးစက်သောအပြုံးဖြင့် မန်ဟို သူ့ကို ကြည့်နေခြင်းကိုသာ။
“အစ်ကိုမန်” သူက ပြောသည်။ “အမွှေးတိုင်တစ်ဝက်ထွန်းစာသာ အချိန်ပေး။ မပူနဲ့ ငါ သေချာပေါက် အောင်မြင်မှာပါ” သူက လှစ်ခနဲ နိုင်ငံ့အရှိန်အဝါတောင်ထံ ထိုးဆင်းသွားတော့သည်။
***