← Chapters

တာအိုကောင်းကင်ကို တိုက်ခိုက်ခြင်း

Vol. 80 Ch. 1118

တာအိုကောင်းကင်ကို တိုက်ခိုက်ခြင်း

Vol. 80 Ch. 1118

တာအိုကောင်းကင် ရောက်လာခဲ့လေပြီ။

မိုးကောင်းကင်သည် တဂျိန်းဂျိန်းမြည်နေပြီး မြေငလျင်များ လှုပ်ခတ်နေသည်။ ကောင်းကင်ဘုံ၏ဘုရင်မင်းမြတ် ရောက်ရှိလာခဲ့သည့်အလား သူ မြေပေါ်ခြေချလိုက်သည်နှင့် အနိုင်ယူမရအောင် ကြီးစိုးနေသော စွမ်းအားသည် အလိပ်လိပ် ဖြာထွက်လာ၏။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပထဝီမြေကြီးသည် သိမ့်ခနဲ သိမ့်ခနဲ တုန်ခါရပြီး ဧရာမခြေရာကြီးများက မြေကြီးထဲတွင် ပေါ်လာနေသည်။ ကိုယ်ပျောက်ဘီလူးကြီးတစ်ကောင် ရှေ့သို့ လျှောက်လာနေသည့်အလားပင်။

တာအိုကောင်းကင်သည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရေအလျဉ်ပမာ အိစက်ညက်ညောသော ပိတုန်းရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထား၏။ သူကား နတ်သားတစ်ပါးသဖွယ် ချောမောခံညားပေသည်။ သူ့မျက်လုံးများက ကြယ်စင်များသဖွယ် လင်းလက်တောက်ပနေပြီး ၎င်းကို ကြည့်လိုက်မိသူတိုင်း မျက်ဝန်းများ၏အတွင်းထဲသို့ စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားရလိမ့်မည်။

လွန်ခဲ့သောအနှစ်သုံးဆယ်က ... သူသည် အက်ရှလွန်တွင် အစွမ်းထက်ဆုံးစာရင်းဝင် နံပါတ်တစ်ကျင့်ကြံသူအဖြစ် အမည်တွင်လာခဲ့၏။

သူက သရဖူကို မဆောင်းသော်လည်း သူ့ကို ကြည့်လိုက်သူတိုင်း ဘုရင်တစ်ပါး၏ အငွေ့အသက်များကို မခံစားရဘဲ မနေပေ။ သူကား အင်ပါယာအဝတ်အစားများမဟုတ်ဘဲ အဖြူရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည့်တိုင် ကောင်းကင်ဘုံကို ကိုယ်စားပြုနေသည့်အလား ဖြစ်နေသည်။

သူက အလောကြီးခြင်းကင်းမဲ့လျက် က္ကန္ဒြေရရ လျှောက်လှမ်းလာသော်ငြား သွေးအေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ မန်ဟိုနှင့် အခြားသူများကို ငုံ့ကြည့်နေသောပုံစံအရ သူတို့မှာ သူ့အတွက် ပုရွက်ဆိတ်များသဖွယ်သာ ဖြစ်ပုံရသည်။ မန်ဟိုတစ်ယောက်သာလျှင် သူ့အတွက် မြူမှုန်မျှ စိတ်ဝင်စားစရာကောင်းသယောင်ပင်။ ပာာာာာာာာာာာ ာာာာာ

“ဆိုတော့ မင်းတို့သုံးယောက်က ငါ့ကို စိန်ခေါ်တိုက်ခိုက်ချင်တယ်ပေါ့” သူက လေလယ်တွင် ပျံဝဲနေရင်း အေးစက်စက် ပြောသည်။ သူ၏ရိုးရှင်းသောစကားတစ်ခွန်းက အဟန့်အတားအကုန်လုံးကို စုတ်ဖြဲထိုးခွင်း၍ မန်ဟို၊ ယွီဝမ်ကျန်းနှင့် ဟုန်ပင်းတို့၏နားထဲတွင် မိုးထစ်ချုန်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။

ယွီဝမ်ကျန်း၏မျက်နှာ ဖြူဖျော့သွားပြီး သူ့မှာ ကတုန်ကယင် နောက်ဆုတ်လိုက်ရသည်။ ထို့နောက် သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ “တာအိုကောင်းကင်”

သူသည် ဟိန်းဟောက်ရင်း ရုတ်တရက် လေပေါ် ပျံတက်သွား၏။

ဟုန်ပင်းက အံ့အားသင့်မှုနှင့် ကြောက်လန့်မှုအား မျက်နှာပေါ်တွင် ရေးသားထားလျက် ပါးစပ်မှ သွေးများ စီးကျနေရင်း အကာအကွယ်၏နောက်တွင် ထိုင်နေသည်။ တာအိုကောင်းကင်၏စကားလေးတစ်ခွန်းက သူ့ကို ဤမျှ ဒဏ်ရာအပြင်းအထန်ရသွားစေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အကာအကွယ်မှာ အသုံးမဝင်သည့်အလားပင်။

ယွီဝမ်ကျန်း တိုက်စစ်ဆင်နေသည်ကို ကြည့်ရင်း ဟုန်ပင်းက အံတင်းတင်းကြိတ်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ထို့နောက် သူသည် တာအိုကောင်းကင်ထံသို့ လက်ချောင်းကို ဝှေ့ယမ်းကာ မရေမတွက်နိုင်သော ကြယ်များအား ကောင်းကင်ထက်တွင် ဖြစ်တည်လာစေ၏။

ကြယ်များက မှိတ်တုတ်မှိတ်တုန် လက်ပြီးနောက် တာအိုကောင်းကင်ထံ ထိုးဆင်းသွားကြသည်။

ထို့အပြင် တာအိုကောင်းကင်၏ပတ်ပတ်လည်တွင် သူ့ကို ချုပ်နှောင်၍ သတ်ဖြတ်ရန် စီရင်နေသည့်အလား ရှုပ်ထွေးဆန်းပြားပြားမျဉ်းကြောင်းများက လည်နေသော မန္တန်ဝင်္ကပါတစ်ခုကို ဖော်ဆောင်ရင်း ဖြာထွက်လာ၏။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ တာအိုကောင်းကင်၏စကားလုံးများက သူ့အပေါ် သက်ရောက်မှု သိပ်မရှိခဲ့သော်လည်း ယခုတွင် ထိုလူနှင့် မျက်နှာချင်းဆိုင်နေရသည့်အခါ သူ့ထံမှ ထုတ်လွှတ်နေသည့် မယုံကြည်နိုင်ဖွယ်အင်အားကြီးကို ခံစားလိုက်ရလေပြီ။ ထိုအင်အားက တာအိုကောင်းကင်၏ အံ့မခန်းလိလိ ကျင့်ကြံခြင်းအခြေခံမှ အတိုက်အခိုက်စွမ်းရည်ဖြစ်သည်။

“ငါ ဆုံခဲ့ဖူးတဲ့ မျိုးဆက်တူတွေအားလုံးထဲမှာ သူက သေချာပေါက် အစွမ်းထက်ဆုံးပဲ” သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။ ထို့နောက် သူသည် သူ့စွမ်းအားကို ထိုးတက်လာစေသည့် နတ်ဘုရားခြေခုနစ်လှမ်းကို ထုတ်ဖော်ရင်း ရှေ့သို့လျှောက်လာ၏။

ဤအရာများကို အချိန်ယူဖော်ပြနေရသော်လည်း တမုဟုတ်ချင်း ဖြစ်ပျက်နေခြင်းပင်။ တာအိုကောင်းကင်က သူ၏ပြိုင်ဘက်သုံးယောက်ကို စာရင်းထဲပင် မထည့်သည့်အလား မထူးခြားနားစွာ ပြုံးလိုက်သည်။

“မင်းတို့ တစ်ယောက်မှ အက်ရှလွန်ထဲ ဝင်ဖို့ မထိုက်တန်ဘူး” သူက ညာလက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ ချက်ချင်းပင် လေထုသည် စုတ်ဖြဲခံလိုက်ဟန်တူပြီးနောက် လာနေသော ကြယ်များထံ ရိုက်ခတ်လိုက်သည်။ ကြယ်များမှာ တာအိုကောင်းကင်အနားပင် မကပ်နိုင်ခင် စိစိညက်ညက် ကြေမွသွား‌တော့၏။

ထို့နောက် တာအိုကောင်းကင်က ညာခြေကို မြှောက်၍ ဆောင့်နင်းလိုက်သည်။ ဒုန်းခနဲ ပဲ့တင်ထပ်သွားပြီး နောက်ဆက်တွဲတုန်ခါလှိုင်းများက တုန်လှုပ်ဖွယ်တိုက်အားကြီးဖြင့် ဖြာထွက်လာသည်။ ၎င်း မန္တန်ဝင်္ကပါများကို ထိလိုက်သည်နှင့် တခွမ်းခွမ်းမြည်သံများ ကြားလိုက်ရကာ မန္တန်ဝင်္ကပါများ ပျက်စီးသွားကြလေပြီ။

ထိုခြေလှမ်းတစ်လှမ်းကို နင်းပြီးနောက် တာအိုကောင်းကင်က ညာလက်ချောင်းကို ယွီဝမ်ကျန်းဆီ တွန်းလိုက်သည်။

ယွီဝမ်ကျန်းက ခေါင်းနောက်လှန်၍ မာန်သွင်းအော်ဟစ်သည်။ “ခြောက်ဆကိုးနတ်ဘုရားကိုယ်၊ အသွင်ပြောင်းခြင်း (၉)”

ဝုန်း ဝုန်း ဝုန်း ... သူ့ခန္ဓာကိုယ်သည် လူ့ဘီလူးကြီးတစ်ကောင်ဖြစ်လာသည့်တိုင်အောင် လျင်မြန်စွာ ကြီးမားလာသဖြင့် တဝုန်းဝုန်းမြည်နေတော့၏။ သူ လက်သီးနှစ်လုံးကို တာအိုကောင်းကင်ထံ ပစ်သွင်းလိုက်စဉ် ကြောက်စရာစွမ်းအားလှိုင်းများ စီးဖြာလာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့လက်သီးများက တာအိုကောင်းကင်၏လက်ချောင်းဖြင့် ထိတွေ့သွားသည်။

ထိုအခိုက်အတန့်တွင် ယွီဝမ်ကျန်း၏လက်နှစ်ဖက်မှ အသားများ စုတ်ပြဲပြတ်ထွက်ကာ အောက်ရှိအရိုးများ ပေါ်လာတော့သည်။ ယွီဝမ်ကျန်းမှာ နာနာကျင်ကျင် ငြီးတွားရင်း နောက်ဆုတ်လိုက်ရသည်။ သွေးများ အရပ်မျက်နှာတစ်ခွင် လွင့်စင်ထွက်သွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ့လက်သီးနှစ်လုံးက တာအိုကောင်းကင်၏လက်ချောင်းလေးတစ်ချောင်းကိုပင် မခံနိုင်ပေ။

မန်ဟိုမှာ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူသည် ယွီဝမ်ကျန်းနှင့် တိုက်ခိုက်ခဲ့ဖူး၍ လက်ရှိအခြေအနေတွင် သူပင်လျှင် ယွီဝမ်ကျန်းကို လက်ချောင်းလေးတစ်ချောင်းတည်းဖြင့် ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်နိုင်မည်မဟုတ်ကြောင်း သိသည်။

“မဖြစ်နိုင်ဘူး” ယွီဝမ်ကျန်းက အော်ဟစ်သည်။ “မ..မင်...မင်း .... မင်း ရှေးဟောင်းနယ်ပယ်ကနေ မင်းရဲ့ကျင့်ကြံခြင်းအခြေခံကို ဘယ်နှစ်ကြိမ်ကောင် ပြန်လျှောချထားခဲ့တာလဲ" လက်ချောင်းလေးတစ်ချောင်းကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခြင်း သူ့အတွက် ကြီးမားသောထိုးနှက်ချက်ကြီးဖြစ်၏။

“မင်းလို ပိုးကောင်လေးတွေအနေနဲ့ နားမလည်တဲ့အရာတွေကို မပြောသင့်ဘူး " တာအိုကောင်းကင်က အေးစက်စက်ပြောရင်း နောက်တစ်လှမ်းလှမ်းကာ မန်ဟို့ကို ချက်ချင်း ဖြတ်ကျော်သွားသည်။ ထိုခြေလှမ်းက သူ့ကို နေရာရွှေ့ပြောင်းပေးလိုက်သကဲ့သို့ ပြည်ထောင်ခြောက်၏ နိုင်ငံ့အရှိန်အဝါတောင်နှင့် အလွန်နီးကပ်သွားစေသည်။

“ယွီဝမ်ကျန်း” တာအိုကောင်းကင်က အထက်စီးဆန်ဆန် ပြောသည်။ “မင်းက အက်ရှလွန်စာရင်းဝင်ဖြစ်ဖို့ မထိုက်တန်ဘူး။ ပြီးတော့ မင်း ... ဟုန်ပင်း မင်းက ပိုလို့တောင် မထိုက်တန်သေးတယ်” သူက အကာအကွယ်ထံ လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ နေနှင့်လ ပေါ်လာသည်။ ၎င်းတို့က တစ်စင်းကို တစ်စင်း လှည့်ပတ်ရင်း လေကိုခွင်းပြီးနောက် အကာအကွယ်အား ဆောင့်တိုက်လိုက်၏။

ရက်စက်ခက်ထန်သောအမူအရာက ဟုန်ပင်း၏မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက မုဒြာလက်ကွက်နှစ်ကွက် ဖော်လိုက်ကာ အလင်းတန်းများ မြောက်တက်လာစေသည်။ အလင်းတန်းသိန်းတစ်ရာက တာအိုကောင်းကင့်ထံ တဝေါဝေါ စီးဆင်းသွားသော မြစ်တစ်စင်းကို ဖန်တီးရင်း ဖြာထွက်လာသည်။

တာအိုကောင်းကင်မျက်နှာထားက မောက်မာတင်စီးမြဲ တင်စီးနေဆဲပင်။ သူ့လက်ချောင်းက အကာအကွယ်ကို ထိလိုက်လေပြီ။ ဝုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အကာအကွယ်မှာ ပို၍ပင်ပုံပျက်ရှုံ့တွရင်း တုန်ခါနေသည်။ ချက်ချင်းပင် သူ့လက်ချောင်း ထိလိုက်သောနေရာမှ အက်ကြောင်းများ ပျံ့နှံ့လာလေပြီ။

“ကျိုးပျက်စမ်း” သူက ပြောသည်။ အက်ကြောင်းများက လျင်မြန်စွာ ပြန့်ကားလာပြီး မျက်စိတစ်မှိတ်အတွင်း အကာအကွယ်တစ်ခုလုံး ခွမ်းခနဲ ကြေမွသွားတော့၏။ တစ်ချိန်တည်းမှာပင် ဟုန်ပင်း၏ အလင်းတန်းသိန်းတစ်ရာမြစ်သည် ကြောက်မခန်းလိလိစွမ်းအားကြီးဖြင့် တာအိုကောင်းကင်ထံ ပြေးဝင်လာ၏။

တစ်ဆက်တည်းမှာပင် ဟုန်ပင်းမျက်နှာမှာ ဖြူဖျော့သွားပြီး အကြောက်တရားတို့အား မြင်ရနိုင်သည်။ သူက ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ မြေကြီးကို လက်ဖြင့်ရိုက်ကာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝအား အသက်ဝင်လာစေသည်။ သူ့နောက်လိုက်ကိုးယောက်လည်း မုခ်ဝထဲ အသက်စွမ်းအားများ ထည့်ပေးလိုက်သဖြင့် သွေးအန်လိုက်ကြရသည်။

“ဒါ မင်းရှိတာ အကုန်ပဲလား” တာအိုကောင်းကင်က လာနေသော အလင်းမြစ်ကို လှည့်ပင်မကြည့်ဘဲ တည်ငြိမ်စွာ မေးသည်။ ၎င်းအနားရောက်လာသည့်အခါ သူသည် အလင်းမြစ်ကို တိုက်ရိုက်ဖြတ်၍ ပြည်ထောင်ခြောက်၏ နိုင်ငံ့အရှိန်အဝါတောင်အပေါ်တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။ ဟုန်ပင်း နေရာရွှေ့ပြောင်းတော့မည့်ဆဲဆဲမှာတင် တာအိုကောင်းကင်က ညာခြေကို မြှောက်၍ တောင်ပေါ် နင်းချလိုက်သည်။

ဒုန်းးးးးးးးးးးးးးး

ကြီးမားသောစွမ်းအားလှိုင်းလုံးကြီးက သူ့ထံ လိမ့်ထွက်လာကာ နိုင်ငံအရှိန်အဝါတောင်တစ်တောင်လုံးကို ပြိုကျသွားစေသည်။ ကျောက်တုံးကျောက်ခဲများ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားပြီး ဟုန်ပင်း၏နောက်လိုက်ကိုးယောက်မှာ တစစီ ပေါက်ကွဲသွားရ၏။ နေရာရွှေ့ပြောင်းခြင်မုခ်ဝလည်း ပျက်စီးသွားပြီး ဟုန်ပင်းမှာ ထိတ်လန့်နေသောမျက်နှာထားဖြင့် ပါးစပ်မှ သွေးများစီးကျလျက် လွင့်ထွက်သွားလေသည်။

“ကယ်ပါဦး” သူက အော်သည်။ သူသည် အက်ရှလွန်စာရင်းဝင်တစ်ဦးဖြစ်ပြီး မာနကြီးသူဖြစ်၏။ သို့သော် ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူ့မှာ မာနအကုန်လုံးခဝါချ၍ ထွက်ပြေးရတော့သည်။

ယွီဝမ်ကျန်းက ဒေါသတကြီး ဟိန်းဟောက်၍ တိုက်ခိုက်လိုက်ပြန်သည်။

မန်ဟိုလည်း နောက်ဆုတ်လိုက်ရသည်။ တာအိုကောင်းကင် ပြသနေသော စွမ်းအားအခင်းအကျင်းက သူ့ကို လေးလေးနက်နက် မှင်သက်စေခဲ့လေပြီ။ သူသည် သူနှင့်ကျင့်ကြံအဆင့်တူသော မျိုးဆက်တူပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း တစ်ယောက်မှ တာအိုကောင်းကင်၏ခြေဖျားကိုပင် မမှီပေ။

“အက်ရှလွန်စစ်စစ်ဆိုတာ ဒါပါလား ....” သူက တုန်လှုပ်စွာဖြင့် တွေးလိုက်သည်။ ဟန်ချင်းလဲ့၊ လင်းချုံနှင့် ဟိုက်တုန်းချင်းကို အနိုင်ယူပြီးနောက် သူသည် အက်ရှလွန်အပေါ် အထင်သေးစပြုလာခဲ့၏။ ဤအခိုက်တွင်တော့ ထိုခံစားချက်အားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“အခု မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး” တာအိုကောင်းကင်က ပုံမှန်အတိုင်း ပြောပြီးနောက် တဟားဟားရယ်ပြီး ဟုန်ပင်းထံသို့ ထွက်သွားသည်။ သူသည် ညာလက်ကို မြှောက်၍ ဟုန်ပင်း၏နဖူးထံ လက်ညှိုးထိုးလိုက်၏။

အမြန်နှုန်းမှာ အလွန်မယုံကြည်နိုင်စရာ ကောင်းလှသဖြင့် ဟုန်ပင်း ဘာမှပင်မလုပ်နိုင်ခင် လက်ချောင်းက သူ့ခေါင်းကို ထိတော့ပေမည်။

ဤအခိုက်အတန့်တွင် ရုတ်တရက်ဆိုသလို မိုးကြိုးဒယ်အိုးက မန်ဟို့လက်ထဲတွင် ပေါ်လာသည်။ လျှပ်စီးများ ကခုန်သွားပြီးနောက် သူ ပျောက်သွားသည်။ ပြန်ပေါ်လာသောအခါ သူကား ဟုန်ပင်း၏အရှေ့တည့်တည့်သို့ ရောက်ခဲ့လေပြီ။ တာအိုကောင်းကင်မှာတော့ စောစောက မန်ဟိုရှိခဲ့သောနေရာတွင် ဖြစ်သည်။

တာအိုကောင်းကင်မှာ မည်မျှပင်အစွမ်းထက်ပါစေ ပင့်သက်ရှိုက်လိုက်မိ၏။

သူ အံ့အားသင့်နေသောအခိုက်တွင် မန်ဟို့အသံက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ပဲ့တင်ထပ်လာသည်။

“ပါရာဂွန်မှော်သိုင်း ပါရာဂွန်တံတား” သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားများ တဟုန်းဟုန်းတောက်လာသည်။ အင်မော်တယ်ကြော ၁၂၃ ကြောနှင့် ကောင်းကင်ဘုံ ၃၃ ခုသည် အံ့ဩနေသော တာအိုကောင်းကင်ထံ ကျသွားသည့် ပါရာဂွန်တံတားကို ဖော်ဆောင်လိုက်ကြ၏။

ဟုန်ပင်းအတွက်မူ တကယ်တမ်း ပြေးစရာနေရာမရှိပေ။ သူ့မှာ သေမင်းခံတွင်းဝမှ ပွတ်ကာသီ၍ လွတ်လာခဲ့၍ ယခုတွင် တွန့်ဆုတ်နေခြင်းမရှိတော့။ သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း သူ့နဖူးကို ကွဲသွားစေကာ ငါးနှစ်ကောင် ပျံထွက်လာစေသည်။

ငါးတစ်ကောင်က မည်းနက်နေပြီး တစ်ကောင်ကတော့ ဖြူဆွတ်နေသည်။ ၎င်းတို့က အမြီးနှင့်ခေါင်းဆက်လျက် စက်ဝန်းကဲ့သို့ လည်လာရာ လေလယ်တွင် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာစေ၏။ ၎င်းတို့ လည်နေစဉ် အဖြူအမည်းအလင်းရောင်သည် ဖြာထွက်လာရင်း မန္တန်ရောင်စဉ်တန်းတစ်တန်းကို တဖြေးဖြေး ဖန်တီးနေကြ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ဤမန္တန်ရောင်စဉ်မှာ ဟုန်ပင်း၏ ပါရာဂွန်မှော်သိုင်းဖြစ်သည်။

“ပါရာဂွန်မှော်သိုင်း ယင်နဲ့ယန်တာအို”

ယွီဝမ်ကျန်းလည်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည့်အတွက် နီစွေးစွေးအလင်းရောင်သည် သူ့ထံမှ ဖြာထွက်လာ၏။ ယခုတွင် သူကား စောစောက သောက်သုံးခဲ့သော နတ်ဘုရားသွေးစက်ကို အပြည့်အဝ စုပ်ယူပြီးခဲ့၍ သူ၏ကိုယ်ပိုင်ပါရာဂွန်မှော်သိုင်းကို ထုတ်ဖော်နိုင်သွားလေပြီ။

“ပါရာဂွန်မှော်သိုင်း နတ်ဘုရားအမြစ်ဖြုတ်ဆေးမင်ကြောင်” ယွီဝမ်ကျန်းက လက်ကို ဝှေ့ယမ်းရင်း သူ့အဝတ်အစားအပေါ်တစ်ပိုင်းအား ပြာကျသွားစေသည်။ သူ့ရင်ဘတ်နှင့်ကျောနှစ်ဖက်လုံးတွင် သွေးများ စီးဆင်းလည်ပတ်လာရင်း သွေးဆေးမင်ကြောင်တစ်ခု ဖြစ်ပေါ်လာ၏။

ဆေးပင်ကြောင်သည် ဧရာမကြီးမားသောနတ်ဘုရားများ အသတ်အဖြတ်ခံနေရသော မြင်ကွင်းတစ်ခုပြီးတစ်ခုကို ဖော်ပြနေ၏။ လူသတ်ငွေ့များက ယွီဝမ်ကျန်းထံမှ တထောင်းထောင်း ထလာပြီး အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူ့ပတ်ပတ်လည် ဧရိယာမှာ ဆေးမင်ကြောင်ဆီက မြင်ကွင်းများအသွင်ပြောင်းလဲလာသည့်အလား ထင်ရသည်။ မိုးကောင်းကင်သည် သွေးရောင်စွေးသွားပြီး ချောက်ချားစဖွယ် ပုံရိပ်ယောင်အရိပ်များအား နေရာအနှံ့မြင်ရနိုင်သည်။

မန်ဟို၊ ယွီဝမ်ကျန်းနှင့် ဟုန်ပင်းတို့အားလုံး သူတို့၏ပါရာဂွန်မှော်သိုင်းများအား တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ကြလေပြီ။

တာအိုကောင်းကင်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက ညာလက်ကို ဆတ်ခနဲ မြှောက်ကာ သူ့ရင်ဘတ်သူ ရိုက်ချလိုက်သည်။ ချက်ချင်း နှလုံးခုန်သံကဲ့သို့ အသံတစ်သံ ထွက်လာသည်။

ဒုတ်…ဒုတ် ။ ဒုတ်...ဒုတ်။ ဒုတ်...ဒုတ် .... နှလုံးခုန်သံကိုးချက်က မိုးခြိမ်းသံကြီးသဖွယ် မြည်ရင်း ကမ္ဘာကြီးကို လှုပ်ခါနေစေသည်။ ထိုမျှသာမက နှလုံးတစ်ချက်ခုန်လိုက်တိုင်း တာအိုကောင်းကင်၏စွမ်းအားမှာ ရှေ့ဟောင်းနယ်ပယ်၏အရှိန်အဝါကို ထုတ်လွှတ်နေသည့်တိုင်အောင် မြင့်တက်သထက် မြင့်တက်သွား၏။

နှလုံးခုန်သံကိုးချက်ပြီးနောက် သူ့စွမ်းအားကား ဖော်ပြ၍ပင် မရနိုင်တော့ပေ။ ဤသည်မှာ အရိုင်းဆန်သောနတ်တစ်ပါးအသွင် ပြောင်းပေးလိုက်သည့် ရှေးဟောင်းနယ်ပယ်သို့ ကိုးကြိမ်အဆင့်တက်ခဲ့ခြင်းအရှိန်အဝါဖြစ်သည်။ သူ ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သောအခါ ထူးထူးဆန်းဆန်းအရောင်အဝါများ ကောင်းကင်တွင် ဝင်းလက်ပြိုးပြက်သွား၏။

“ငါ ရှေးဟောင်းနယ်ပယ်ကို ကိုးကြိမ်ဝင်ရောက်ခဲ့ဖူးတယ်။ ကိုးကြိမ်တိတိ ငါဟာ အဆင့်ပြန်လျှောချ၊ ပြန်ကျင့်ကြံပြီး အဆင့်ပြန်တက်ခဲ့တယ်။ မင်းတို့လို ဘာမှမဟုတ်တဲ့ကောင်တွေက ငါ့ကို ယှဉ်နိုင်မယ်ထင်သလား။ မင်းတို့အကုန်လုံး သေပြီပဲ” တာအိုကောင်းကင်၏အသံက မန်ဟိုတို့အပေါ် လေးလံစွာ ဖိစီးနေသော ကြောက်မက်ဖွယ်ဖိအားကြီးဖြင့် ပဲ့တင်ထပ်လာသည်။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက ချက်ချင်း ပြောလိုက်၏။ “မင်းက ရှေးဟောင်းနယ်ပယ်ကို ကိုးကြိမ် ဝင်ရောက်ခဲ့ပေမယ့် မင်းကိုယ်မင်း အဆင့်ပြန်လျှောချပြီး အစကပြန်စရတယ် ဟုတ်လား။ အဲဒါရဲ့အဓိပ္ပါယ်က မင်း အမှားကိုးကြိမ်လုပ်ခဲ့ပြီး လမ်းမှားကိုးခု ရွေးခဲ့တာလို့ ဆိုလိုတယ်။ မင်းလမ်းသာ မှန်ကန်ရင် ... တစ်ကြိမ်နဲ့ လုံလောက်လိမ့်မယ်”

ထို့နောက် သူက သူ၏ပါရာဂွန်မှော်သိုင်းကို တဝုန်းဝုန်းမြည်လျက် ကျရောက်သွားစေသည်။

***

All Chapters