ဟုန်ပင်း တိုက်ပွဲတွင် သေဆုံးရခြင်း
Vol. 81 Ch. 1119
တာအိုကောင်းကင်က မန်ဟိုနှင့်အခြားသူများ၏ ပါရာဂွန်မှော်သိုင်းများကို အရေးမပါသည့်အရာများသဖွယ် ရင်ဆိုင်လိုက်သည်။ သူက ရုတ်တရက် အသက်ရှူသွင်းလိုက်ရာ သူ့စွမ်းအားတို့ တဟုန်းဟုန်းတောက်လာသည်။ ထို့နောက် ညာလက်ကို ဆန့်ထုတ်၍ ဝှေ့ယမ်းလိုက်သည်။
“ငါ့ ပါရာဂွန်မှော်သိုင်းကတော့ ... ပါရာဂွန်ပန်းချီလို့ ခေါ်တယ်” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ပန်းချီကားလိပ်တစ်ခု ပျံထွက်လာသဖြင့် တာအိုကောင်းကင်၏အရှေ့ရှိ လေထုသည် ပုံပျက်ရှုံ့တွသွားပြီး စုတ်ပြတ်သွား၏။
ပန်းချီကားလိပ်မှာ မည်းနက်နေပြီး အကန့်အသတ်မရှိအောင် ရှေးကျသောခံစားချက်ကို ပေးစွမ်းနေသည်။ ၎င်းကား နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့်အရာဖြစ်ဟန်တူသည်သာမက ပွင့်မလာခင်၌ပင် မယုံနိုင်စရာ လူသတ်ငွေ့များကို ထုတ်လွှတ်နေလေ၏။
ထိုအငွေ့အသက်စွမ်းအားက အရပ်မျက်နှာတစ်ခွင်တွင် ထူးဆန်းသောအရောင်အဝါများအား ချက်ချင်း ဝင်းလက်သွားစေသည့်အပြင် လေမုန်တိုင်းတိုက်လာစေသည်။ စွမ်းအား၏အဆင့်အား ဖော်ပြဖို့ရန်ပင် မဖြစ်နိုင်။ ဤလူသတ်ငွေ့မျိုးမှာ မန်ဟို့ တစ်ဘဝလုံးတွင် မကြုံတွေ့ခဲ့ဖူးသောအရာ ဖြစ်ချေသည်။
၎င်းက အသက်ပေါင်း မရေတွက်နိုင်အောင် သတ်ဖြတ်ခဲ့သော ၊ လောကတစ်ခုပြီးတစ်ခု အမြစ်ဖြုတ်သုတ်သင်ခဲ့သော ၊ အဆုံးမဲ့သတ်ဖြတ်ခြင်းဖြင့် သူ၏ပါရာဂွန်ဘွဲ့ကို ရရှိခဲ့ကြောင်း သက်သေပြနေသော လူတစ်ယောက်၏အရှိန်အဝါအလားပင်။
အသတ်အဖြတ်အငွေ့အသက်များအောက်တွင် လေထုသည် တဝုန်းဝုန်းမြည်၍ ရှံ့တွလာသည်။ မိုးကောင်းကင်မှာ ဖုံးကွယ်ခြင်းခံလိုက်ရသည့်အလား၊ တစ်လောကလုံး မှောက်မိုက်သွားသည့်အလား မည်းမှောင်လာ၏။
မြေပြင်မှာ တသိမ့်သိမ့်တုန်လာပြီး လူသတ်ငွေ့များက အရပ်လေးမျက်နှာတွင် အခိုးဝေလာပြီး တထောင်းထောင်း ထလာသည်။ တခဏအတွင်း တစ်လောကလုံး ပြောင်းလဲသွားခဲ့ချေပြီ။
မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်နေပြီး ယွီဝမ်ကျန်းနှင့် ဟုန်ပင်းလည်း မျက်စိမျက်နှာပျက်နေကြသည်။
ဤပန်းချီကားလိပ်ထဲတွင် အရှိန်အဝါအငွေ့လေးနှင့်တင် တစ်လောကလုံး၏အလင်းရောင်ကို စုပ်ယူပစ်နိုင်သော ဆိုးသွမ်းသားရဲကြီးတစ်ကောင် တည်ရှိနေသည့်အလားပင်။
“ပါရာဂွန်ပန်းချီ ပွင့်လာစမ်း” တာအိုကောင်းကင်က မုဒြာလက်ကွက်တစ်ကွက် ဖော်၍ တင်တင်စီးစီး ပြောပြီး ပန်းချီကားလိပ်ကို လက်ညှိုးထိုးလိုက်သည်။ ကားလိပ်သည် အသံမထွက်ဘဲ ပွင့်လာ၏။ အကုန်လုံးတော့မဟုတ်၊ သုံးဆယ်ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ သို့သော် အဆိုပါသုံးဆယ်ရာခိုင်နှုန်းက ရေးဆွဲထားသည့်ပန်းချီကို အတန်ငယ်မြင်တွေ့လိုက်ရစေသည်။ ၎င်းကား ပိတ်ပိတ်ပိန်း မှောင်မိုက်နေသာ ထူးထူးဆန်းဆန်းကမ္ဘာတစ်ခုဖြစ်ပြီး အနီးကပ်ကြည့်လျှင် သေမင်းစံမြန်းနေဟန်တူသော မြေပြင်တစ်ခုကို မြင်ရလိမ့်မည်။
ထိုမြေမှတစ်ပါး အခြားမည်သည့်အရာကိုမှ ... ပန်းချီကားလိပ် ထပ်ပွင့်မလာသရွေ့ မြင်ရမည်မဟုတ်ပေ။
သို့သော် ထိုသေးငယ်သောအပိုင်းလေးက ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်၍ လူသတ်ငွေ့များနှင့်အတူ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားစေသည်။
မိုးနှင့်မြေမှာ ပြိုကျပျက်စီးတော့မည့်ပုံပေါ်လာသည်။ တစ်လောကလုံး ပြိုကွဲလာနေသယောင်ပင်။ ကြီးမားသောအားတစ်ရပ်က ယွီဝမ်ကျန်းထံ ဝုန်းခနဲ ရိုက်ခတ်လိုက်ရာ သူ့ပါရာဂွန်မှော်သိုင်းအား စိစိညက်ညက် ကြေသွားစေသည်။ ယွီဝမ်ကျန်း၏ပါရာဂွန်မှော်သိုင်းမှ သွေးရောင်အရိပ်များ လွင့်ပျယ်သွားသောအခါ သူ့မှာ ပါးစပ်မှ သွေးများ တရဟောပန်းထွက်လျက် လွင့်ထွက်သွားတော့၏။
မန်ဟိုလည်း တောင်ကြီးတစ်လုံး သူ့ကို ဆောင့်လိုက်ခဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သွေးများ သူ့ပါးစပ်မှ စီးကျလာ၏။ သူ့မှာ မီတာသုံးဆယ်အထိ လွင့်ထွက်သွား၍ တာအိုကောင်းကင်၏ ကြောက်မက်ဖွယ်ပါရာဂွန်မှော်သိုင်းကို ကြည့်ရင်း ၎င်းက သူပင်လျှင် မတိုက်ခိုက်နိုင်သည့်အရာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
“အဲဒီကားလိပ်ထဲမှာ ဘာကိုများ ခြယ်မှုန်းထားတာလဲ” သူက ရင်တဒိန်းဒိန်းခုန်လျက် တွေးလိုက်သည်။
အခြေအနေအဆိုးဆုံးမှာတော့ ကောင်လေးဟုန်ပင်းပင်။ သူက စူးစူးဝါးဝါးအော်လိုက်ရပြီးနောက် သွေးတစ်လုပ်အန်၍ နောက်ဆုတ်လိုက်သည်။ သို့သော် သူ သိပ်ဝေးဝေးမသွားနိုင်ခင် ဝါးဝါးတားတားအရာတစ်ခုက လေကို လှစ်ခနဲ ခွင်းလာ၏။ ၎င်းကား တာအိုကောင်းကင်မှတစ်ပါးအခြားမဟုတ်။ သူ့မျက်နှာက ဖြူဖျော့နေသည်။ ကြည့်ရသရွေ့ မန်ဟိုတို့ ထုတ်လွှတ်ခဲ့သော ပါရာဂွန်မှော်သိုင်းများက သူ့အတွက် ယခင်တိုက်ကွက်များကဲ့သို့ လျစ်လျူမရှုနိုင်သည့် အရာများဖြစ်ဟန်တူသည်။
သူတို့က သူ့ကို ပါရာဂွန်မှော်သိုင်းကို ထုတ်တိုက်ရသည်အထိ ဖိအားပေးခဲ့လေသည်။ သူ့နောက်လိုက်များသာ ရှိလျှင် ဤအခြင်းအရာကြောင့် သေချာပေါက် အံ့အားသင့်သွားကြလိမ့်မည်။ တာအိုကောင်းကင်မှာ မျိုးဆက်တူများနှင့် တိုက်ခိုက်ရာတွင် သူ၏ပါရာဂွန်မှော်သိုင်းကို တစ်ခါမှ မထုတ်ဖော်ခဲ့သည်အထိ မာနကြီးသူမဟုတ်ပါလော။ သူက ၎င်းကို စီနီယာမျိုးဆက်၏ အစွမ်းထက်ပညာရှင်များကို ဖိနှိပ်ရန်သာ အသုံးပြုတတ်သည်။
သို့သော် မန်ဟိုတို့က သူ့ကို မဖြစ်မနေ ထုတ်သုံးစေခဲ့လေပြီ။ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုက တာအိုကောင်းကင်၏ရင်ထဲတွင် အန္တရာယ်ကို ခံစားရစေခဲ့၏။
သို့သော် သူ့ပါရာဂွန်မှော်သိုင်းကို ထုတ်လွှတ်စေခဲ့သော အန္တရာယ်က တိုက်ပွဲအခြေအနေကို သူ့စိတ်တိုင်းကျ ဖြစ်သွားစေသည်။ သူသည် ရုတ်တရက် ဟုန်ပင်း၏အရှေ့တည့်တည့်တွင် ပေါ်လာပြီး သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုလက်လေးတစ်ဖက် ပုံမှန်အတိုင်း ဝှေ့ယမ်းလိုက်ခြင်းက ဟုန်ပင်းကို ဝင်တိုက်လိုက်သည့် အသတ်အဖြတ်စိတ်ဆန္ဒအသွင် ပြောင်းသွားသည်။
ဟုန်ပင်းမှာ အရေးနိမ့်တော့မည်ကို မြင်လျှင် ရူးမိုက်သွားသည်။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း တာအိုကောင်းကင် သူ့အသက်ကို နုတ်ယူတော့မည့်အခိုက်အတန့်တွင် ခန္ဓာဖောက်ခွဲပစ်ရန် ရွေးချယ်လိုက်သေလည်။
သူ့ကျင့်ကြံခြင်းအခြေခံ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်သွားစဉ် သူ့မျက်လုံးများမှာ နီရဲလျက်ရှိ၏။ ဟုန်ပင်း၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည့်အခါ တာအိုကောင်းကင်၏သူငယ်အိမ်များ ကျုံ့သွားသည်။ သူက သူ့ကိုယ်သူ ကာကွယ်ရန် အင်္ကျီလက်စကို ခါလိုက်သည်။ ဟုန်ပင်း၏ခန္ဓာပေါက်ကွဲအားက အရပ်လေးမျက်နှာကို သိမ်းကျုံးရိုက်ခတ်လိုက်သည့် လေမုန်တိုင်းတစ်လုံးအသွင်ပြောင်းသွား၏။
ကြီးမားပြင်းထန်သောရိုက်ခတ်မှုက မိုးကောင်းကင်နှင့် မြေကြီးကို ကြေမွသွားစေသည်။ တာအိုကောင်းကင်၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ပေါက်ကွဲအား၏ တွန်းထုတ်ခြင်းခံလိုက်ရ၍ တာအိုကောင်းကင်၏မျက်နှာ ဖြူဖျော့သွားသည်။ သူသည် ရိုက်ခတ်မှုကြောင့် မဆိုစလောက် ထိခိုက်သွားသည့်တိုင် သွေးတစ်ပွက်မှ မအန်ရပေ။
ဟုန်ပင်းက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သွေးအမှုန်အမွှားများမှ ပြန်လည်ဖြစ်ပေါ်လာသည်။ သူ့မှာ ပြန်ပေါ်လာသည်နှင့် တစ်ချိုးတည်း ပြေး၏။
“ကယ်ပါဦး” သူက အော်ဟစ်အကူအညီတောင်းသည်။ သူ့မှာ ဆဋ္ဌမတောင်တွင် တစ်ခါ သေခဲ့ဖူး၍ စောစောက ခန္ဓာဖောက်ခွဲမှုကို ထည့်ပေါင်းလိုက်လျှင် နောက်တစ်ခေါက် ပြန်ရှင်လာနိုင်မည်မဟုတ်၊ မုချသေရလိမ့်မည်။
ဟုန်ပင်း အကူအညီအော်တောင်းသည့်အခိုက်အတန့်တွင် မန်ဟိုနှင့် ယွီဝမ်ကျန်းက တိုက်စစ်ဆင်သည်။ မန်ဟိုက နတ်မီးတောက်အဆီအနှစ်ကို ထုတ်လိုက်ပြီး ယွီဝမ်ကျန်းက မာန်သွင်းဟိန်းဟောက်ကာ သွေးအလင်းရောင်အား သူ့ကို ရစ်သိုင်းလာစေသည်။ သူ့လက်သီးက တဟုန်ထိုးထွက်သွားပြီး တာအိုကောင်းကင်ထံ ခုန်အုပ်လိုက်သည့် ထောင်ထောင်မောင်းမောင်း လူ့ဘီလူးကြီးတစ်ကောင်ကို ဖန်ဆင်းလိုက်၏။
ယွီဝမ်ကျန်း၏ သွေးဘီလူးကြီး အနားရောက်လာစဉ် တာအိုကောင်းကင်က အေးစက်စက် နှာမှုတ်လိုက်သည်။ သူက ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်၏။ ရုတ်တရက် သူ့လက်မောင်းပေါ်က အင်မော်တယ်တုတ်သည် ပျောက်ကွယ်သွားပြီး သွေးဘီလူးကို ရိုက်ချလိုက်သည်။ ဘီလူးကြီးမှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ သို့သော် အင်မော်တယ်တုတ်သည် မရပ်ဘဲ ယွီဝမ်ကျန်းထံ တန်းတန်းမတ်မတ် ဆက်လက်ဦးတည်သွား၏။
တာအိုကောင်းကင် တကယ်တမ်း စိတ်အပူရဆုံးမှာတော့ နတ်မီးတောက်ဖြင့် သူ့အပေါ် ထိုးဆင်းလာသော မန်ဟိုပင်။
“အနှစ်သာရတဲ့လား ....ငါ့မှာလည်း ရှိတယ်” သူသည် ပါးစပ်မှ တစ်စုံတစ်ခုကို ထွေးလိုက်ရာ လျှပ်စီးကို မြင်လိုက်ရ၏။ ၎င်းက မိုးနှင့်မြေမှ မိုးကြိုးလျှပ်စီးကို ဆင့်ခေါ်နိုင်ဟန်တူသော အနီရောင်မိုးကြိုးတန်းတစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော မိုးကြိုးတန်းများက မန်ဟို၏နတ်မီးတောက်အဆီအနှစ်ထံ ပြေးဝင်သွားသော မိုးကြိုးပင်လယ်ဖြစ်လာ၏။
အားနှစ်ခု တစ်ခုကိုတစ်ခု တိုက်ချလိုက်သောအခါ မီးတောက်နှင့်မိုးကြိုးနှစ်ခုလုံး အုန်းခန ပေါက်ကွဲပြိုကွဲသွားတော့သည်။
တာအိုကောင်းကင် မန်ဟိုနှင့် ယွီဝမ်ကျန်း၏ တိုက်ကွက်များကို ဟန့်တားပြီးသည့်အခိုက်အတန့်မှာပင် လုံးဝမရပ်ဘဲ ဟုန်ပင်းနောက် လိုက်သွားသည်။
“သေပေတော့” သူ့အသံက သွေးအေးနေသည်။ သူ့ညာလက်သည် လက်သီးဆုပ်၍ ထိုးချလိုက်၏။ ထိုထိုးချက်က မဖော်ပြနိုင်လောက်သော ပြင်းထန်သောလေတစ်ချက်ကို ဟုန်ပင်းအား ရိုက်ခတ်လိုက်စေသည်။
ဟုန်ပင်းမျက်ဝန်းများမှာ မျှော်လင့်ချက်မဲ့နေလေပြီ။ သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ရင်း သူ့အရှေ့တွင် မန္တန်ဝင်္ကပါအမြောက်အမြား ပေါ်လာစေသည်။ သူသည် လက်ကိုလည်း ဝှေ့ယမ်း၍ သူ့သိုလှောင်အိတ်ထဲမှာ မှော်ပစ္စည်းများစွာ ပျံထွက်သွား၏။ သူ့မှာ အသက်ကယ်မှော်ပစ္စည်းများကိုပင် အသုံးပြုလိုက်သည်။
သူသည် ခုခံရန် မည်သည့်အရာကိုမှ ချန်မထားပေ။ သို့သော် သူ၏မန္တန်ဝင်္ကပါအကုန်လုံးနှင့် မှော်ပစ္စည်းများမှာ မြက်ခြောက်များသဖွယ် တာအိုကောင်းကင်၏ အလွယ်တကူ ဖျက်စီးခြင်းခံလိုက်ရသည်။ အရာအားလုံး ပြိကွဲသွား၍ လေပြင်းက ဟုန်ပင်းကို ဆောင့်တိုက်တော့မည့်ဆဲဆဲတွင် တာအိုကောင်းကင်က ရုတ်တရက် လက်သီးဆုပ်ကို ဖြေကာ ဟုန်ပင်း၏နဖူးကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် တာအိုကောင်းကင်က စကားသုံးလုံး ပြောလိုက်၏။ “ကောင်းကင်ဘုံလာ မိစ္ဆာ စားသုံးခြင်း”
ဟုန်ပင်းမှာ ချက်ချင်း သွေးပျက်နေသောအော်သံကြီးကို ထုတ်လွှတ်လိုက်ရသည်။ တာအိုကောင်းကင်က သူ့အသက်စွမ်းအားကို စုပ်ယူနေသဖြင် သူ့အပြင်အားကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာတော့သည်။ တစ်ဖက်တွင် တာအိုကောင်းကင်၏ ဒဏ်ရာများမှာ ရုတ်ခြည်းဆိုသလို သက်သာလာ၏။
သွေးများ ဟုန်ပင်း၏ပါးစပ်မှ ပန်းထွက်သွားပြီး သေမင်းခံတွင်းဝသို့ ကျရောက်လုဆဲဆဲ၌ မန္တန်ဝင်္ကပါတစ်ခုက သူ့နဖူးပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ ထို့နောက် မန္တန်ဝင်္ကပါက တာအိုကောင်းကင်ကို တွန်းထုတ်ရင်း ပေါက်ကွဲသွား၏။ ဟုန်ပင်းလည်း ပြာကျသွား၍ သူ့အင်မော်တယ်ဝိညာဉ်သာ ကျန်ရစ်ခဲ့သည်။ သူက စူးစူးဝါးဝါးအော်နေပြီး သူ့မျက်နှာပေါ်တွင် ရူးမိုက်နေသောအမူအရာအား မြင်ရနိုင်သည်။
“ယွီဝမ်ကျန်း မန်ဟို မင်းတို့ ငါ့ကို တာအိုကောင်းကင်လက်ထဲ ရောက်ခွင့်ပေးလိုက်တာထက်စာရင် မင်းတို့ကိုယ်တိုင် ငါ့သတ်ပြီး ဆုလာဘ်ယူတာ ကောင်းလိမ့်မယ်။ သူ့ကို သတ်ပေးမယ်လို့တော့ ကတိပေးကြ” ဟုန်ပင်းသည် သေရမည်ကိုကြောက်သော်လည်း အက်ရှလွန်စာရင်းဝင်ဖြစ်နေသေးသည်မဟုတ်လော။ အက်ရှလွန်များကား မာနကြီးပြီး သေခြင်းတရားကို ရင်ဆိုင်ရသည့်အခါ မပြတ်မသား မဖြစ်ကြပေ။ သူက တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ယွီဝမ်ကျန်းထံ ပြေးဝင်သွား၏။
ယွီဝမ်ကျန်းမှာ တုန်လှုပ်သွားသလို မန်ဟိုလည်း ထိုနည်းတူပင်။ သူတို့အားလုံး အတွက်မှားခဲ့မိ၏။ တာအိုကောင်းကင်က သူတို့သုံးယောက်ပေါင်းတိုက်၍ မရသည်အထိ အစွမ်းထက်လွန်းလေသည်။
“မင်းကို သတ်ပစ်မယ့် တစ်ယောက်တည်းသောသူက ... ငါပဲ” တာအိုကောင်းကင်က အေးစက်စက် တစ်ချက်ရယ်ကာ ပြောသည်။ သူ့ညာလက်သည် မန်ဟိုနှင့် ယွီဝမ်ကျန်းထံသို့ ကုစ်ခြစ်လိုက်ဟန်လုပ်လိုက်၏။ ချက်ချင်းပင် သူတို့အကြားရှိ လေထုသည် ကြေမွသွားရင်း သူတို့ကို သပ်သပ်စီ ခွဲပစ်လိုက်သည့် အတားအဆီးသဖွယ်ပုံပျက်လှိုင်းများ ဖြစ်ပေါ်လာစေသည်။
ထို့နောက် တာအိုကောင်းကင်က မျှော်လင့်မှုတို့တောက်ပနေသော မျက်လုံးများဖြင့် ဟုန်ပင်းထံ လျှပ်စီးလို ထွက်သွားသည်။
“မင်းကို သတ်ပြီးရင် ငါ ဘာဆုလာဘ်ရမလဲ သိချင်တယ်။ ကဲ သေဖို့ ပြင်ထားတော့” တာအိုကောင်းကင်က လက်ကိုမြှောက်၍ ဆောက်တည်ရာမဲ့နေသောဟုန်ပင်းကို ဖမ်းဆွဲလိုက်သည်။ ဟုန်ပင်းမှာ ထွက်မပြေးနိုင်သလို ၊ ခန္ဓာဖောက်ခွဲခြင်းပင် မပြုနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်မှာ ချိတ်ပိတ်ခံလိုက်ရသည့်အလားပင်။
သူ အသတ်ခံရတော့မည့်ဆဲဆဲတွင် မန်ဟိုက ရုတ်တရက် မိုးကြိုးဒယ်အိုးကို ထုတ်လိုက်သည်။ လျှပ်စီးများ ကခုန်သွားသော်လည်း တစ်ချိန်တည်းမှာပင် တာအိုကောင်းကင်က မာန်သွင်းဟိန်းဟောက်လိုက်၏။ ရုတ်တရက် အနီရောင်အလင်းက သူနှင့်ဟုန်ပင်းနှစ်ယောက်လုံးကို လွှမ်းခြုံရင်း ဖြာထွက်လာသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် မန်ဟို့မိုးကြိုးဒယ်အိုးမှာ အလုပ်မလုပ်တော့ပေ။
ထိုအခြင်းအရာက မန်ဟို့ကို တဒင်္ဂလေးပင် ရပ်သွားစေခြင်းမရှိ။ သူက ဘယ်လက်ကို မြှောက်၍ တာအိုကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်
တာအိုကောင်းကင်မှာ မန်ဟို့မိုးကြိုးဒယ်အိုးကို သတိထားနိုင်သော်လည်း အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကိုတော့ မရပ်တန့်နိုင်ပေ။
ပြုစားခြင်းမန္တန် ထုတ်လွှတ်ခံလိုက်ရသည်နှင့် တာအိုကောင်းကင်မှာ တုံ့ခနဲ ရပ်သွားသည်။ ဒုတိယအကြိမ် သူ့မျက်နှာပျက်သွားပြီး သူ့ရင်ထဲတွင် အန္တရာယ်ကို ခံစားလိုက်ရသည်။
သူ့အနေဖြင့် အသက်တစ်ရှိုက်ခန့်သာ ချုပ်နှောင်ခံရသော်လည်း ဟုန်ပင်းအတွက် ထိုအသက်တစ်ရှိုက်က အချုပ်အနှောင်များမှ ရုန်းထွက်ရန် လုံလောက်သည်။
သို့သော် သူက ထွက်ပြေးရန် ထိုအခိုက်အတန့်ကို အခွင့်ကောင်းမယူ။ ထွက်ပြေးခြင်းက မဖြစ်နိုင်ကြောင်း သူ သိသည်။ သူကား ခါးသီးသီးရယ်လျက် စိတ်ပိုင်းဖြတ်ထားသောမျက်ဝန်းများဖြင် တာအိုကောင်းကင်ထံ တန်းတန်းမတ်မတ် ပျံသန်းသွားလေပြီ။
“ငါ့အတွက် လက်တုံ့ပြန်ပေး” သူက ခေါင်းနောက်လှန်၍ အော်ပြောသည်။
ယွီဝမ်ကျန်းက အလောတကြီး လှမ်းအော်သည်။ “ဟုန်ပင်းးးးး”
မန်ဟို့နှလုံးသား တုန်ရီသွားသည်။
ဤအခိုက်အတန့်တွင် ဟုန်ပင်း၏အင်မောတယ်ဝိညာဉ်က တာအိုကောင်းကင်အနားရောက်သွား၏။ တစ်ချိန်တည်းမှာပင် တာအိုကောင်းကင်သည် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်မှ လွတ်လာသည်။ ဟုန်ပင်း၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးပေါ်လာသည်။ ထို့နောက် သူက .... ခန္ဓာဖောက်ခွဲပစ်လိုက်၏။
ဝုန်းးးးးးးးးးးးးးး
အင်မော်တယ်ဝိညာဉ်ပေါက်ကွဲမှု တစ်ခုတည်းက အပြင်အားကိုယ်နှင့်ပေါက်ကွဲသွားကဲ့သို့ ပြင်းထန်မည်မဟုတ်ပေ။ သို့သော် .... ဟုန်ပင်းက အက်ရှလွန်ဖြစ်ရာ သူ၏အင်မော်တယ်ဝိညာဉ်ပေါက်ကွဲမှုက သာမန်ထက် အဆများစွာပိုသည်။ ပို၍အရေးကြီးသည်မှာတော့ အနီးကပ်သောအကွာအဝေးကြောင့် မန်ဟို့ချုပ်နှောင်ကွက်မှ အပြည့်အဝမလွတ်မြောက်သေးသည့် တာအိုကောင်းကင်အတွက် အကာအကွယ်ခိုင်ခိုင်မာမာ မဖန်တီးနိုင်လိုက်ခြင်းပင်။
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားစဉ် ဟုန်ပင်း၏အင်မော်တယ်ဝိညာဉ်မှာ ပြာထက်မပိုတော့ပေ။ တာအိုကောင်းကင်မှာ တုန်ရီသွားပြီး သွေးအန်ရင်း နောက်လွင့်သွားသည်။ ဤသည်မှာ တိုက်ပွဲအတွင်း သူ ပထမဆုံအကြိမ် သွေးအန်ရခြင်းပင်။ သွေးများက မြေကြီးပေါ် ကျ၍ သွေးအိုင်ဖြစ်လာသည်။
“မန်ဟို” တာအိုကောင်းကင်က လေလယ်တွင် ရပ်ရင်း အော်ဟစ်လိုက်သည်။ မန်ဟို့ကို လှည့်ကြည့်လိုက်စဉ် သူ့မျက်နှာက ဖျော့တော့နေပြီး မျက်လုံးများကား မီးဝင်းဝင်းတောက်လျက်ရှိ၏။
သူ အန္တရာယ်ကို ကြုံတွေ့ခဲ့ရသည့် နှစ်ကြိမ်လုံးမှာ ... မန်ဟို့ကြောင့် ဖြစ်ခဲ့လေသည်။
ဤတစ်ကြိမ်တွင် ဟုန်ပင်းမှာ ခန္ဓာဖောက်ခွဲခြင်းဖြင့် သေဆုံးသွားသည့်အတွက် တာအိုကောင်းကင်မှာ ဆုလာဘ်လည်း မရလိုက်ပေ။
***