လောကပါလအလင်းရောင်
Vol. 81 Ch. 1120
ယွီဝမ်ကျန်းက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ဟုန်ပင်း ယခုလေးတင် သေသွားသော နေရာကို ကြည့်ရင်း ယခုလေးတင် မြင်ခဲ့ရသည့်အရာကို မယုံကြည်ရဲ ဖြစ်နေသည်။
“ငါ့အမှားပါ... “ သူက ရေရွတ်လိုက်သည်။
“မဟုတ်ဘူး” မန်ဟိုက သူ့လက်မောင်းကို ဆုပ်ကိုင်ရင်း ပြောသည်။ “ငါတို့ မလာခဲ့ရင်လည်း သူ့အနေနဲ့ တာအိုကောင်းကင်လက်က လွတ်ဦးမှာမဟုတ်ဘူး” သူသည် ယွီဝမ်ကျန်းကို နောက်သို့ဆွဲလိုက်သည်။ "ငါတို့ ဒီမှာ ဆက်တိုက်လို့မရတော့ဘူး ပြည်ထောင်ငါးကို သွားရအောင်”
မန်ဟို နောက်ဆုတ်လိုက်သည့်အခါ ယွီဝမ်ကျန်း၏မျက်နှာသည် ပုံမှန်ပြန်ဖြစ်သွား၏။ ပူဆွေးမှုနှင့် မိမိကိုယ်ကို အပြစ်တင်လိုစိတ်များကို ရင်ထဲတွင် မြှုပ်နှံရင်း သူက တာအိုကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပို၍အားကောင်းလာတော့သည်။
သို့သော် သူက ဘာမှမပြောဘဲ မန်ဟိုနှင့်အတူ ဆုတ်သွား၏။
တာအိုကောင်းကင်က မန်ဟို့ကို ကြည့်ပြီး ပြောသည်။ “ကမ္ဘာမြေအဆုံးထိ ပြေးစမ်း ငါ မင်းကို ဒီနေ့ သတ်ပစ်ဦးမှာပဲ”
သူ့မှာ မန်ဟို့ကြောင့် အန္တရာယ်ထဲ နှစ်ကြိမ်ကျရောက်ခဲ့ရသည်။ ယခုတွင် သူ၏မန်ဟို့အပေါ် သတ်ဖြတ်လိုစိတ်မှာ တစ်ခါမှ မရောက်ခဲ့ဖူးသော အမြင့်သို့ ရောက်သွားခဲ့လေပြီ။ သူက တခဏပင် တွန့်ဆုတ်နေဘဲ နောက်က ထပ်ကြပ်မကွာလိုက်လာသည်။
မန်ဟိုနှင့် ယွီဝမ်ကျန်းက ပြေးသည်။ တာအိုကောင်းကင်က နောက်မှလိုက်သည်။
သူတို့သုံးယောက်သည် တဂျိန်းဂျိန်းမြည်သံများကို အရပ်လေးမျက်နှာသို့ ထုတ်လွှတ်ရင်း အလင်းတန်းများအသွင်ဖြင့် လေကို ခွင်းနေကြ၏။ တာအိုကောင်းကင်က အေးစက်စက် နှာမှုတ်လိုက်ပြီး သူ့ခြေထောက်အောက်ရှိ လေထုမှာ အလိပ်လိပ်ထလာသည်။ သူကား အရှိန်တင်ရန် စွမ်းအားကို ငှားယူလိုက်သယောင်ပင်။ မျက်စိတစ်မှိတ်အတွင်း သူ့အမြန်နှုန်းသည် အဆများစွာ တိုးသွား၍ သူကား မန်ဟိုနှင့် ယွီဝမ်ကျန်းနှင့် နီးသထက် နီးလာတော့သည်။
မန်ဟို့မျက်လုံးများက ရုတ်တရက် တောက်ပသွားပြီး သူက တိုးတိုးပြောလိုက်သည်။ “ယွီဝမ်ကျန်း မင်းအရင်သွားနှင့်”
ထို့နောက် သူသည် ချာခနဲလှည့်၍ တာအိုကောင်းကင်ထံ ဦးတည်သွား၏။ ယွီဝမ်ကျန်းမှာ ပါးနပ်သူဖြစ်သည့်အတွက် မျက်လုံးများတောက်ပနေလျက် ခေတ္တတွေးပြီးနောက် ဆက်ပြေးသွားသည်။
ထိုစဉ် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းရင်း တောင်ဝါးမြိုမန္တန်ကို ထုတ်လွှတ်လိုက်သည်။ တောင်တစ်လုံးပြီးတစ်လုံး တဝုန်းဝုန်းဆင်းလာပြီး တာအိုကောင်းကင်အပေါ် ကျသွားသည့် တောင်တန်းတစ်တန်းအဖြစ် ပေါင်းစည်းသွားကြသည်။
တာအိုကောင်းကင်၏မျက်လုံးများ၌ သတ်ဖြတ်လိုမှုတို့ တောက်လောင်လာပြီး သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေကြမ်းကြမ်းတစ်ချက်အား တိုက်ခတ်လာစေသည်။ ၎င်းသည် အရိုးခိုက်မတတ် စိမ့်နေသော အအေးဓာတ်ပါရှိသည့် အနက်ရောင်လေဖြစ်ကာ တောင်များကို ဝင်လိုက်သည့်အခါ တောင်အကုန်လုံးကြေမွကုန်သည်။ ထပ်မံ၍ တာအိုကောင်းကင်သည် အရှိန်ဆယ်တင်ရင်း မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာ၏။ သူက ကောက်ကျစ်စွာ ပြုံးရင်း မန်ဟို့ထံ လက်ညှိုးထိုးလိုက်သည်။
“သေစမ်း” လက်ချောင်းက မန်ဟို့နဖူးကို ထုတ်ချင်းဖောက်ခါနီးအထိ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာသည်။ သို့သော် ထိုအခိုက်အတန့်တွင် တာအိုကောင်းကင်၏မျက်လုံးများ ဝိုင်းစက်သွား၏။ အကြောင်းမူ မန်ဟိုက ပုံရိပ်တစ်ခုထက် မပိုခဲ့၍ပင်။
အဝေးတွင် ရွှေရောင်သိမ်းငှက်အသွင်ဖြင့် လျှပ်စီးလို တရှိန်ထိုးပြေးနေသော မန်ဟိုဖြစ်သည့် ရွှေအလင်းတန်းအား မြင်ရနိုင်သည်။ သူကား စောစောကတည်းက ထွက်ပြေးခဲ့ခြင်းဖြစ်၏။
“ဘယ်လောက်ဉာဏ်များလိုက်သလဲ” တာအိုကောင်းကင်က အေးစက်စက် နှာမှုတ်ရင်း ပြောသည်။ သူသည် မူလက တိုက်ကွက်တစ်ကွက်လေးနှင့် အနိုင်ယူနိုင်မည်ဟု ထင်မှတ်ခဲ့၏။ မန်ဟိုက သူ့အာရုံထွေပြားအောင် တောင်ဝါးမြိုမန္တန်ကို သုံးရင်း ရွှေရောင်သိမ်းငှက်အသွင်ဖြင့် ထွက်ပြေးဖို့ ကြိုတင်တွေးထားခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။
တာအိုကောင်းကင်အတွက် သူ ချန်ခဲ့သောအရာမှာတော့ ထွက်ပြေးနေသောပုံရိပ်တစ်ခုသာ။
“မင်း ပြေးမလွတ်ပါဘူး” တာအိုကောင်းကင်က နှုတ်ခမ်းမှ သွေးများကို လျှာဖြင့်သပ်ရင်း ပြောပြီး မန်ဟို့နောက် ထပ်လိုက်သွားသည်။
မန်ဟို့မျက်နှာမှာတော့ မသာမယာဖြစ်နေသည်။ တာအိုကောင်းကင်ကဲ့သို့ အစွမ်းထက်သော မျိုးဆက်တူတစ်ယောက်ကို သူ တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးပေ။ အင်မော်တယ်ဧကရာဇ်အဆင့်တွင်ပင် သူ့မှာ သူ့အတွက် ပြိုင်ဘက်မဟုတ်သေးကြောင်း သူ ဝန်ခံရလိမ့်မည်။
“ဒီလောက် အစွမ်းထက်အောင် သူ ဘယ်လိုကျင့်စဉ် ကျင့်ကြံခဲ့တာပါလိမ့်။ ရှေးဟောင်းနယ်ပယ်ကို ကိုးကြိမ်ဝင်ရောက်ပြီး ပြန်လျှောချခဲ့လို့လား.... “ မန်ဟို မျက်မှောက်ကြုတ်နေသည်။ တာအိုကောင်းကင် သူ့နောက်လိုက်လာနေသည်ကို မြင်လျှင် သူက သွေးမိစ္ဆာခေါင်းတစ်ခေါင်းဆင့်ခေါ်ရန် လက်ဝှေ့ယမ်းလိုက်သည်။ ၎င်းက တာအိုကောင်းကင်ထံ ပြေးဝင်သွားလေပြီ။
တာအိုကောင်းကင်က အေးစက်စက်နှာမှုတ်ပြီး မရှောင်။ သွေးမိစ္ဆာခေါင်း ပါးစပ်ကြီးဖြဲလျက် ချဉ်းကပ်လာစဉ် သူက လက်နှစ်ဖက်လုံးကို သူ့အရှေ့သို့ တွန်းထုတ်၍ ၎င်း၏အောက်မေးရိုးနှင့် အပေါ်မေးရိုးကို ဆုပ်ကိုင်၍ ဖြဲပစ်လိုက်သည်။ သွေးမိစ္ဆာခေါင်းကြီးမှာ မချိတင်ကဲ အော်လိုက်ရလေသည်။ ၎င်းသည် ပုံရိပ်ယောင်အဆင့်သာ မဟုတ်တော့သော်လည်း တာအိုကောင်းကင်ကို ဟန့်တားရန် အစွမ်းအစမဲ့နေ၏။ ဤသည်မှာ သွေးမိစ္ဆာခေါင်းကို ထိုကဲ့သို့ရင်ဆိုင်နိုင်သည့် လူအား မန်ဟို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
သို့သော် သွေးမိစ္ဆာခေါင်းစုတ်ပြဲသွားလျှင်ချင်း သွေးမြူများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ တာအိုကောင်းကင် ၎င်းတို့ကို ဖြတ်၍ ရှေ့တက်လာတော့မည့်အချိန် သူ့မျက်ခုံးများ ပင့်သက်သွားသည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့လက်ကို အရှေ့သို့ ရိုက်ချလိုက်သည်။
သူ လှုပ်ရှားလိုက်သည့်အခိုက်အတန့်တွင် လက်သီးတစ်လုံးက မြူကို ခွင်း၍ တာအိုကောင်းကင်၏လက်ဝါးနှင့် ရုတ်ခြည်း ထိသွား၏။
အုန်းခနဲ ပဲ့တင်ထပ်သွားပြီး တာအိုကောင်းကင်၏မျက်နှာ ပျက်သွားသည်။ သူ့မှာ လက်သီးမှ ထွက်လာသည့် မယုံကြည်နိုင်ဖွယ်အားကြီးကို ခံစားလိုက်ရလေသည်။ သူက မာန်သွင်းဟိန်းဟောက်လိုက်ပြီး လက်သီးကို ပြန်တွန်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ အနီရောင်အလင်းကို ထုတ်လွှတ်လာသည်။
သွေးမြူများ ပြိုကွဲသွားရင်း မန်ဟို့ကို ဖော်ပြုလိုက်သည်။ စောစောက လက်သီးက သူ့လက်သီးဖြစ်ခဲ့ပြီး ယခုတွင် တာအိုကောင်းကင်က ပါးစပ်မှ သွေးများစီးကျနေလျက် ၎င်းကို ခုခံနေသည်။ သူက အတန်ငယ်နောက်ဆုတ်၍ လိုက်ဖမ်းရန် ပြင်လိုက်စဉ် မျက်လုံးများ ပြူးကျယ်သွားသည်။ မန်ဟိုကား ထွက်မပြေးဘဲ လက်သီးနောက်တစ်လုံး ပစ်သွင်းလိုက်လေပြီ။
တစ်ချက် နှစ်ချက် သုံးချက်
မန်ဟိုမှာ ရူးသွားခဲ့သည့်အလားပင်။ သူက အသက်နုတ်လက်သီးဆယ်ချက်အား တာအိုကောင်းကင်ထံ ဆက်တိုက်ပစ်သွင်းလိုက်သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် တိုက်ခတ်လိုက် ပျံသန်းလိုက်နှင့် ပြည်ထောင်ခြောက်နှင့်ပြည်ထောင်ငါး၏ နယ်စပ်အနား ရောက်လာကြ၏။
မန်ဟို့ပါးစပ်မှ သွေးများ အဆက်မပြတ် အန်နေရသည်။ ဆယ့်ခုနစ်ချက်မြောက်သို့ ရောက်ရှိသော် သူ့မျက်လုံးများ လင်းလက်သွားပြီး သူက နတ်ဆိုးလက်သီးသို့ ပြောင်းလိုက်သည်။
လက်သီးများအား မှင်သက်စရာအမြန်နှုန်းဖြင့် ပစ်သွင်းနေ၍ တာအိုကောင်းကင်မှာ လက်ဝါးဖြင့် ကာဆီးနေသည့်အချိန်မှာပင် တတိယအကြိမ် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူ့မျက်နှာမှာ ယခင်ထက်ပင် ပို၍ ဖျော့တော့လာပြီး မန်ဟို လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းနေသဖြင့် သူသည် နောက်တစ်လှမ်းဆုတ်လိုက်ရ၏။
သူ ဆုတ်လိုက်ရစဉ် မန်ဟိုက လက်ဦးမှုရယူရင်း ရှေ့တက်လာသည်။ နတ်ဆိုးလက်သီးက ထပ်မံ၍ ကြောက်မက်ဖွယ်အားကြီးဖြင့် တစ်ချက်၊နှစ်ချက်, သုံးချက် ပစ်သွင်းလိုက်သည်။
တာအိုကောင်းကင်၏မျက်နှာမှာ အတိုင်းထက်အလွန် အရုပ်ဆိုးနေတော့သည်။ သူ့မှာ ယခုတွင် ခြေလှမ်းဆုတ်လိုက်ရပြီး မန်ဟို့အရှိန်အဟုန်က အားကောင်းလာရာ တတိယအကြိမ် ဆုတ်လိုက်ရပြန်သည်။
“သေချင်နေသလား” တာအိုကောင်းကင်က အေးစက်စက် ပြောသည်။ တတိယအကြိမ် ဆုတ်ပြီးနောက် သူက ရှေ့ရန် အားထည့်လိုက်သည်။ သူသည် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်၍ မန်ဟို့ထံ ဆန့်တန်းပြီးနောက် ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်သည်။
“ကောင်းကင်ဘုံလာ ပိုင်းခြမ်းခြင်း” သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်နှင့် မန်ဟိုမှာ စုတ်ဖြဲခံလိုက်ရသလို နာကျင်သွားသည်။ ပြင်းထန်သောအားတစ်ရပ်က သူ့ကိုယ်ထဲ ဝင်ရောက်ခဲ့ပြီးနောက် သူ့ရင်ဘတ်မှစ၍ သူ့ကို နှစ်ပိုင်းစုတ်ဖြဲပစ်ဖို့ ကြိုးစားနေသော လက်ကြီးနှစ်ဖက်အသွင်ပြောင်းသွား၏။
ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူ့မျက်လုံးများ နီစွေးသွားသည်။ သူသည် ဒုတိယနိဗ္ဗာနသစ်သီးကို သုံးရန် စိတ်ကူးလိုက်သော်လည်း အချိန်မကျသေး၍ နာကျင်မှုကို တောင့်ခံလိုက်သည်။ ထို့နောက် သူ့နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ကာ ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ညာလက်ကို ဆုပ်၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို …. နတ်ဘုရားသုတ်သင်ခြင်းလက်သီးနှင့် တစ်သားဖြစ်သွားစေသည်။
နတ်ဘုရားသုတ်သင်ခြင်း
သူက ဟိန်းဟောက်၍ အုန်းခနဲ ထိုးချလိုက်သည်။ လက်သီးချက်က မိုးနှင့်မြေကို ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တုန်ခါလာစေသည်။ နက္ခတ်တာရာအားလုံး ဖုံးလွှမ်းခံလိုက်ရဟန်တူပြီး တာအိုကောင်းကင်ပင်လျှင် မျက်လုံးအပြူးသားနှင့် တအံ့တဩမကြည့်မိဘဲ မနေပေ။
အုန်းးးးးးးးးးး
လက်သီးက သူ၏ကောင်းကင်ဘုံလာပိုင်းခြမ်းခြင်းအားကို အုန်းခနဲ ထိုးခွင်း၍ တာအိုကောင်းကင်ထံ ပြေးဝင်လာသည်။
သွေးများ တာအိုကောင်းကင်၏ပါးစပ်မှ ပန်းထွက်သွားသည်။ သွေး မြေကြီးအပေါ် ကျရောက်သွားသည့်အခါ သွေးအိုင်နောက်အိုင် ဖြစ်သွား၏။ ထို့နောက် တာအိုကောင်းကင်က လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုသွေးအိုင်အား အမြှုပ်ပလုံစီထ၍ ဆူပွက်လာပြီးနောက် မန်ဟို့ထံ ပြေးဝင်သွားစေသည်။ တာအိုကောင်းကင်ကိုယ်တိုင်မှာမူ မျက်နှာကြီးရှံ့မဲ့နေ၏။ သူ့လက်နှစ်ဖက်လုံး ထုံကျင်သွားခဲ့လေပြီ။
“မင်း အဲဒီလက်သီးနဲ့ လင်းချုံကို တိုက်ခိုက်ခဲ့တာ မြင်ခဲ့လို့ ငါ ပြင်ဆင်ထားနိုင်ခဲ့တာ ကံကောင်းတယ်” သူက ရေရွတ်လိုက်သည်။ “မဟုတ်ရင် ကိုင်တွယ်ရခက်လိမ့်မှာ” သူ မန်ဟို့နောက် လိုက်ရန် ရှေ့တက်လိုက်စဉ် သူ့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍ပင် အားကောင်းနေ၏။
မန်ဟိုက ဆေးလုံးများထုတ်စားရင်း အလျင်အမြန် ဆုတ်သွားသည်။ သူ့ထာဝရအလွှာလည်း သူ့ကို ကြိုးကြိုးစားစား ကုစားပေးနေသည်။ မကြာမီ သူသည် ပြည်ထောင်ခြောက်၏နယ်စပ်သို့ ရောက်သွားလေပြီ။ လေဟုန်ခွင်းလောက၏ ကိုးပြည်ထောင်လုံး၏ အကြားတွင် မမြင်ရသော နယ်စပ်ဒေသတစ်ခုစီ ရှိကြသည်။
မန်ဟိုသည် နယ်စပ်ဒေသအနားတွင် ယွီဝမ်ကျန်း၏အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများ လင်းလက်သွား၏။
သူက တွန့်ဆုတ်ခြင်းမရှိဘဲ နောက်မှ ထပ်ကြပ်မကွာ လိုက်ဖမ်းနေသော တာအိုကောင်းကင်ဖြင့် ယွီဝမ်ကျန်း၏အငွေ့အသက်ရှိရာသို့ ဦးတည်လိုက်သည်။ သူတို့အကြားရှိ အကွာအဝေးမီတာ ရာဂဏန်းမျှသည် လျင်မြန်စွာ ကျုံ့လာနေ၏။
မကြာမီ မန်ဟိုကား နယ်စပ်ကို ဖြတ်ရင်း ပြည်ထောင်ခြောက်မှ ထွက်ခွာ၍ ပြည်ထောင်ငါးသို့ ဝင်ရောက်လိုက်လေပြီ။
ပြည်ထောင်ငါးမှ ဖိအားက ချက်ချင်းလက်ငင်း ကြောက်ခမန်းလိလိ တိုးသွားသည်။ ယွီဝမ်ကျန်းမှာ ပြည်ထောင်ငါး၏ နယ်စပ်နားတွင် စောင့်နေခဲ့၍ မန်ဟိုကို မြင်လျှင်ချင်း မန်ဟို့ခေါင်းထဲရှိ အကြံအစည်ကို ခန့်မှန်းရန် မလိုလိုက်ပေ။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်အရွယ်အစားက တမုဟုတ်ချင်း ကြီးမားလာ၏။ တခဏပြင်ဆင်ပြီးသော သူသည် မန်ဟို့ကို ဖြတ်ကျော်ရင်း နယ်စပ်သို့ ဦးတည်သွားလေပြီ။
ထိုအခိုက်အတန့်မှာပင် တာအိုကောင်းကင်က ထိုဧရိယာသို့ ဝင်ရောက်လာသည်။
“ဆိုတော့ မင်း ဖိအား မတူတဲ့ ပြည်ထောင်တွေအကြားက နယ်စပ်မှာ ငါ့ကို ချုံခိုတိုက်ခိုက်နေတာပေါ့လေ။ ညံ့လိုက်တဲ့အကွက်တွေ” တာအိုကောင်းကင်က အေးစက်စက် ရယ်ပြီးနောက် တုံ့ဆိုင်းမနေဘဲ မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး လက်ညိုးထိုးလိုက်သည်။ ချက်ချင်းပင် အနက်ရောင်ကြာပန်းတစ်ပွင့် ပေါ်လာကာ ချက်ချင်း ပေါက်ကွဲသွားသည်။
အနက်ရောင်မြူခိုးများက ယွီဝမ်ကျန်းကို ဝင်တိုက်လိုက်သော အံ့မခန်းလိလိအားတစ်ရပ်နှင့်အတူ အလိပ်လိပ် ထလာသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည့်တိုင် သူက နောက်လွင့်မသွားဘဲ လက်သီးထိုးချလိုက်သည်။ တာအိုကောင်းကင်က ညာလက်ကို ဝှေ့ယမ်းရင်း သူ့လက်မောင်းပေါ်တွင် အင်မော်တယ်တုတ်ကို ပေါ်လာစေသည်။ သူက ၎င်းကို ယွီဝမ်ကျန်းထံ လွှဲရိုက်ချလိုက်၏။
အင်မော်တယ်တုတ် အနားရောက်လာစဉ် ယွီဝမ်ကျန်း၏မျက်လုံးများ တောက်ပလာသည်။ ရုတ်တရက် သူက လက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။ တဂျိန်းဂျိန်း မြည်သံများ ကြားလိုက်ရပြီး စစ်ပုဆိန်တစ်လက်ကား သူ့လက်ထဲတွင် ပေါ်လာခဲ့လေပြီ။ ၎င်းသည် မန်ဟို ရရှိခဲ့သော ရှေးဟောင်းရတနာမှတစ်ပါး အခြားမဟုတ်။
မန်ဟိုသည် အစောပိုင်းက ယွီဝမ်ကျန်း၏လက်မောင်းကို လှမ်းဆွဲခဲ့စဉ် မသိမသာပေးခဲ့ခြင်းဖြစ်၏။ တာအိုကောင်းကင်မှာ လုံးဝသတိမထားမိခဲ့ပေ။ ယွီဝမ်ကျန်းက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် ပုဆိန်ဖြင့် တာအိုကောင်းကင်ကို ခုတ်ချလိုက်သည်။ မိုးနှင့်မြေကို ပြားဝပ်သွားစေသော အားကြီးထွက်ပေါ်လာသည်။
တာအိုကောင်းကင်၏မျက်လုံးများ ဝိုင်းစက်သွားသည်။ ဤသည်မှာ သူ၏ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေလေသည်။ သူက လက်ဖြင့် ကာလိုက်သော်လည်း တစ်ချိန်တည်းမှာပင် မျက်နှာပျက်သွား၏။ ယွီဝမ်ကျန်းကြောင့်မဟုတ်၊ မန်ဟို့ကြောင့်ပင်။
ပြည်ထောင်ငါးသို့ ဝင်ရောက်ပြီးနောက် မန်ဟိုက သူ၏သိုလှောင်အိတ်ကို ပုတ်၍ ဒုတိယနိဗ္ဗာနသစ်သီးအား ထုတ်လိုက်သည်။ တာအိုကောင်းကင်နှင့် ယွီဝမ်ကျန်း စတိုက်ကြသည့်အချိန်မှာပင် သူက နိဗ္ဗာနသစ်သီးကို ဖြေးဖြေးချင်း မြှောက်ပြီး သူ့နဖူးပေါ် ဖိချလိုက်သည်။
၎င်းက သူ့နဖူးထဲ နစ်ဝင်သွားပြီး သူထံမှ ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
ဤအခြင်းအရာက တာအိုကောင်းကင်၏အမူအရာကို ထပ်မံပျက်ယွင်းသွားစေပြန်သည်။
မန်ဟို ခေါင်းနောက်လှန်၍ ဟိန်းဟောက်နေစဉ် သူ့ခန္ဓာကိုယ်သည် ကြီးထွားလာ၏။ ၉ မီတာ၊ ၁၈ မီတာ၊ ၂၇ မီတာ .... ၄၅ မီတာ ၊ မီတာ ၆၀ ၊ မီတာ ၇၀ အထိ တစ်လျှောက်လုံး။
သူကား နဖူးတွင် သွေးကြောပြာပြာကြီးများ ဖောင်းကြွနေလျက် လူ့ဘီလူကြီးအလားပင်။ ယခု သူ့တွင် အင်မော်တယ်အကြောတစ်ကြောတည်းသာ ရှိတော့၍ သူ့ချီသွေးစွမ်းအားနှင့် သူ့ကျင့်ကြံခြင်းအခြေခံက သူ့ထံမှ မိုးပြာရောင်အလင်းကို ကွန့်မြူးလာစေတော့သည်။
ထိုမိုးပြာရောင်အလင်းကား .... လေးစားမှုကို ဖော်ပြသည်။ ယင်းသည် ... လောကပါလတစ်ခွင်၏ အလင်းရောင်ပင် ဖြစ်ချေ၏။
တာအိုကောင်းကင်မျက်နှာပျက်သွားပြီး သူ့မျက်ဝန်းများတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။ သူ့မှာ အသက်ပြင်းပြင်းရှူနေရပြီး သူ့တစ်ဘဝတစ်လျှောက်လုံးတွင် ခံစားခဲ့ရဖူးသမျှထဲ အပြင်းထန်ဆုံးအန္တရာယ်အာရုံကို ရလိုက်တော့သည်။
***