အင်အားအကြီးမားဆုံး အခြေအနေ
Vol. 81 Ch. 1121
တာအိုကောင်းကင်မှာ မန်ဟို့အရှိန်အဝါ ထိုးတက်ပေါက်ကွဲလာနေခြင်းကို မဟန့်တားလျှင် သေစေနိုင်သော ကပ်ဘေးဆိုက်တော့မည်ဟု ပြင်းပြင်းထန်ထန် ခံစားလိုက်ရတော့သည်။
“သေစမ်း မန်ဟိုက ဘယ်လိုလုပ်ဒီလောက် အစွမ်းထက်ရတာလဲ” တာအိုကောင်းကင်အတွက် ထိုသို့အတွေးပေါ်စေသောသူတစ်ယောက်ယောက်ကို တွေ့ဖို့ရန် အတိုင်းထက်အလွန် ရှားလှသည်။
“ဖယ်စမ်း” တာအိုကောင်းကင်မှာ ယွီဝမ်ကျန်းကို ဖယ်ထုတ်နိုင်လိုက်ပြီးနောက် တဝုန်းဝုန်းမြည်သံများအကြား ရှေ့တက်လာသည်။ ယွီဝမ်ကျန်းမှာ သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။ စစ်ပုဆိန်ဖြင့်ပင်လျှင် သူ့မှာ ဆက်တိုက်ဆုတ်နေရသေးသည်။ သူကား တိုက်ခိုက်ရန် တွန့်ဆုတ်နေခြင်းမရှိ။ မန်ဟို့အတွက် အချိန်ဆွဲပေးဖို့ သူ၏ကာယအင်အားအလုံးစုံကို ထုတ်လွှတ်ရင်း တာအိုကောင်းကင်နှင့် အကြိတ်အနယ် ချနေသည်။
မန်ဟိုမှာ ၇၂ မီတာအမြင့်သို့ ရောက်ရှိခဲ့လေပြီ။ သူ၏အင်မော်တယ်အကြောအလုံးစုံသည် တစ်ကြောတည်းအဖြစ် ပေါင်းစည်းသွားခဲ့၍ ဆန်းပြားသော မိုးပြာရောင်အလင်းက သူ့ကို ရစ်သိုင်းကွန့်မြူးလျက်ရှိ၏။
ကံဆိုးစွာနှင့် သူ့မှာ စွမ်းအားမြှင့်တင်နေစဉ် တိုက်ခိုက်၍မရသောအချက်ကို အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့လေသည်။ တိုက်ခိုက်ချင်သော်လည်း တိုက်ခိုက်၍မရပေ။ ဤသည်မှာ တိုက်ပွဲတစ်ပွဲအတွင်း နိဗ္ဗာနသစ်သီးကို စုပ်ယူပြီး လောကပါလအင်မော်တယ်အဆင့်သို့ ဝင်ရောက်သော ပထမဆုံးအကြိမ်ဖြစ်သည်။ အရှေ့နှစ်ကြိမ်က တရားထိုင်နေစဉ် စမ်းသပ်ကြည့်ရုံသာ ဖြစ်ခဲ့၏။
“သေစမ်း” သူ့မှာ စိုးရိမ်စပြုလာသည်။ သို့သော် သူ့မျက်နှာပေါ်တွင်တော့ မည်သည့်အမူအရာကိုမှ မမြင်ရပေ။ သူ့စွမ်းအားသည် တရိပ်ရိပ် ဆက်တိုးလာပြီး စောင့်ကြည့်နေသောမည်သူမဆိုအတွက် ထို့ထက်ပိုသည့်အရာများ လာတော့မည်ဖြစ်ကြောင်း သိသာသည်။
သူ့အရှိန်အဝါသည် အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်၍ လောကပါလအင်မော်တယ်တစ်ပိုင်းအဆင့်သို့ ဝင်ရောက်သွားလေပြီ။ ကြောက်မက်ဖွယ်လှိုင်းဂယက်များက သူ့ထံမှ စီးဖြာထွက်နေသည်။
အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်၍ လေများ တဝေါဝေါ တိုက်ခတ်လာပြီး ကောင်းကင်ထက်တွင် မန်ဟို့ကို စိုက်ကြည့်နေသော မျက်လုံးကြီးတစ်လုံး ပေါ်လာခဲ့သည့်အလားပင်။
မန်ဟို့စွမ်းအားက မရပ်မနား ဆက်လက်မြင့်တက်နေသည်ကို မြင်လျှင် တာအိုကောင်းကင်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ မြင်နေရသောအရာက ချောက်ချားစရာကောင်းကြောင်း သူပင်လျှင် ဝန်ခံရသည်။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း မုဒြာလက်ကွက်နှစ်ကွက်ဖော်ကာ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပေါက်ကွဲထွက်သွားစေသည်။ သူ့အရှေ့တွင် အနက်ရောင်မြူခိုးများက တဖွေးဖွေးလှုပ်လျက် ပေါ်လာကာ ယွီဝမ်ကျန်းထံ ဟိန်းဟောက်ပြေးတက်သွားသော ချိုတစ်ချိုနှင့်သားရဲကြီးတစ်ကောင် အသွင်ပြောင်းသွား၏။
ယွီဝမ်ကျန်း၏မျက်နှာပျက်သွားပြီး ပျာယာခတ်လာသည်။ မန်ဟိုနှင့်ပတ်သက်၍ ဘာဖြစ်နေလဲ သူ မသိတော့ပေ။ နှစ်ယောက်သား အစီအစဉ် မည်မည်ရရ မချခဲ့သော်လည်း ဖြစ်ပျက်ခဲ့သောအခြေအနေအရ ဤအခိုက်အတန့်တွင် မန်ဟို လှုပ်ရှားသင့်လေပြီ။
“သေစမ်း ဒီကောင် ဘာလို့ ဒီလောက် ကြာနေရတာလဲ” ယွီဝမ်ကျန်းက စိတ်ထဲတွင် ဟိန်းဟောက်လိုက်သည်။ သူ့မှာ ထွက်ပြေးချင်လွန်း၍ တစ်ပိုင်းသေနေသော်လည်း အံတင်းတင်းကြိတ်ရင်း ပြေးဝင်လာသောသားရဲကြီးအား ရင်ဆိုင်လိုက်သည်။
ဝုန်းခနဲ ရိုက်ညောင်းသွားပြီး ယွီဝမ်ကျန်းပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ဂျွတ်ဂျွတ်ဂျွတ် အရိုးကျိုးသံများ ထွက်လာသည်။ သွေးများ ရေပန်းသဖွယ် လွင့်ထွက်သွားနေစဉ် သူ့မှာ ကလီစာများကို အန်လိုက်ရပြီး လွင့်ထွက်သွားတော့သည်။ သူ့အရှိန်အဝါမှာ အားနည်းနေသည့်တိုင် သူက အံကြိတ်၍ ဟိန်းဟောက်ကာ အားကုန်ထုတ်ဖို့ ဆုံးဖြတ်လိုက်၏။ သူသည် စစ်ပုဆိန်ကို ကိုင်မြှောက်၍ သူ့ကို ဖြတ်ကျော်ဖို့ လောနေသော တာအိုကောင်းကင်ထံသို့ ရက်ရက်စက်စက် ခုတ်ချလိုက်လေပြီ။
တာအိုကောင်းကင်က အေးစက်စက် နှာတစ်ချက်မှုတ်ရင်း ပုဆိန်သွားကို မရှောင်ဘဲ ထိုအစား ညာလက်ကိုမြှောက်၍ အင်မော်တယ်တုတ်ဖြင့် ကာဆီးလိုက်သည်။
ဘုန်းးးးးးး
ထို့နောက် တာအိုကောင်းကင်က မန်ဟို့ထံ သွားတော့မည့်အလား လှည့်လိုက်သည်။ ယွီဝမ်ကျန်းက မာန်သွင်းအော်ဟစ်ပြီး တာအိုကောင်းကင်အပေါ် ခုန်အုပ်၍ လုံးထွေးသတ်ပုတ်ရင်း ချုပ်ထားသည်။ တာအိုကောင်းကင်၏မျက်နှာက တင်းမာခက်ထန်သွားတော့၏။
“သေချင်နေလား” သူ့ညာလက်က လက်သီးဆုပ်ပြီး ယွီဝမ်ကျန်း၏ဗိုက်ကို ထိုးချလိုက်သည်။ ယွီဝမ်ကျန်းမှာ လွင့်စင်သွားသောအသားစများ၊ သွေးများ၏အလယ်တွင် လွင့်ထွက်သွားလေသည်။
“မန်ဟို” ယွီဝမ်ကျန်းက ခါးသီးစွာ ပြုံးရင်း အော်ပြောသည်။ “မင်း ငါ့ကို အသက်တစ်ချောင်းအကြွေးတင်သွားပြီ” စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည့်အချိန်မှာပင် သူ့မျက်လုံးများက ခိုင်မာပြတ်သားမှုဖြင့် တောက်ပသွားပြီး သူ့အသက်တစ်ချောင်းကို စွန့်လွှတ်၍ တာအိုကောင်းကင်ကို အချိန်ထပ်ဆွဲထားရန် ပြင်းရင်း ပြေးဝင်သွားပြန်သည်။
“သေလိုက်စမ်း” တာအိုကောင်းကင်က လက်တစ်ချက် ဝှေ့ယမ်းရင်း ဟိန်းဟောက်လိုက်သည်။ ဧရာမမြူသားရဲကြီးက ဟိန်းဟောက်၍ ယွီဝမ်ကျန်းကို လှမ်းဟပ်လိုက်၏။ ၎င်း သူ့ကို ထိတော့မည့်ဆဲဆဲမှာပင် ရုတ်တရက် ယွီဝမ်ကျန်း၏အရှေ့ရှိ လေထုတွင် လှိုင်းထသွားပြီး မိုးထိုးနေသောပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။
၎င်းကား မီတာ ၇၀ အမြင့်နှင့် ရပ်နေသော မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။
သူက ချက်ချင်း လက်ကို ဆန့်ထုတ်၍ ခုန်အုပ်လိုက်သောသားရဲအား တွန်းလိုက်သည်။
ထိုလှုပ်ရှားမှုက ကြောက်စရာသားရဲကြီးအား ဖျားနာသောကြောင်တစ်ကောင်သဖွယ် စူးစူးဝါးဝါး အော်လိုက်ရစေသည်။ ၎င်းမှာ ကြွက်သားလေးပင် မလှုပ်ရဲဘဲ လေလယ်တွင် ချက်ချင်း ရပ်သွား၏။ မန်ဟို ၎င်းခေါင်းကို လှမ်း၍ ဖြစ်ညစ်ခြေမွလိုက်စဉ် ၎င်း၏အမူအရာမှာ ကြောက်လန့်ပြီး မယုံနိုင်ဖြစ်နေခဲ့သည်။
ဖောင်းခနဲ သားရဲကြီးမှာ ပေါက်ကွဲသွားကာ အနက်ရောင်မြူခိုးများအား အရပ်လေးမျက်နှာတွင် တထောင်းထောင်း ထသွားစေ၏။
“မ..မန်ဟို” ယွီဝမ်ကျန်းမှာ သူ့အရှေ့ရှိ ပုံရိပ်ကြီးကို ကြည့်ရင်း အသက်ရှူမှားနေသည်။ မန်ဟိုက မိုးပြာရောင်အလင်းဖြင့် တောက်ပနေပြီး သူ့ထံမှ ရှေးဆန်သောအရှိန်အဝါတစ်ခု ဖြာထွက်နေသည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် တောင်ပင်လယ်လောကမှ ကျင့်ကြံသူမဟုတ်ဘဲ ရှေးခေတ်ဟောင်းပါရာဂွန်အင်မော်တယ်လောကမှ အချိန်ခရီးနှင်လာခဲ့သည့်လူအလားပင်။
သူက မိုးပြာရောင်အလင်းတောက်ပလျက် မားမားမတ်မတ် ရပ်နေသည်။ သူ တောင်ကြီးသဖွယ် ရပ်နေစဉ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော မှော်သင်္ကေတများအား သူ့ကိုယ်ပေါ်တွင် မြင်ရနိုင်သည်။ ခေါင်းအထက်ရှိ တိမ်တိုက်များမှာ ဦးညွှတ်ခစားနေသည့်အလား နိမ့်ဆင်းလာသည့်အလားထင်ရသည်။
တစ်လောကလုံးနှင့် မြေအားလုံးတွင် မန်ဟိုတစ်ယောက်တည်း တည်ရှိတော့သကဲ့သို့ ဖြစ်နေသည်။
ယင်းက ... ငါ့ကို ရိုသေစမ်းဟု ပြောနေသည့် လွှမ်းမိုးကြီးစိုးသောအရှိန်အဝါတစ်ခုဖြစ်သည်။
မန်ဟိုက တာအိုကောင်းကင်ကို မော့ကြည့်လိုက်သည်။
တာအိုကောင်းကင်လည်း ပြန်ကြည့်လိုက်စဉ် လေးနက်သောအမူအရာက သူ့မျက်နှာကို စိုးမိုးနေသည်။ စိတ်ထဲတွင် သူ့မှာ စိုးရိမ်ပူပန်စပြုလာလေပြီ။
“ယွီဝမ်ကျန်း ဒီက ထွက်သွားတော့” မန်ဟိုက ဖြေးဖြေးချင်း ပြောသည်။ ယွီဝမ်ကျန်းမှာ လာတော့မည့်တိုက်ပွဲတွင် အသုံးဝင်တော့မည်မဟုတ်၍ ဆက်နေလျှင် တာအိုကောင်းကင်အနေဖြင့် သွေးမိစ္ဆာမဟာမှော်သိုင်းနှင့်ဆင်သော အရာ သို့မဟုတ် ကောင်းကင်ဘုံလာမိစ္ဆာစားသုံးခြင်းကဲ့သို့ အန္တရာယ်များသောအရာကို မထုတ်ဘဲနေမည်ဟု မပြောနိုင်ပေ။ ယင်းက မန်ဟို့ကို အရေးနိမ့်စေလိမ့်မည်။
ထို့ကြောင့် မန်ဟို့အတွက် အကောင်းဆုံးက သူ့ကို ထွက်သွားခိုင်းရန်ပင်။
ယွီဝမ်ကျန်းက မန်ဟို့ကို မမေ့အောင် မှတ်သားနေသည့်အလား စိုက်ကြည့်နေ၏။ ယွီဝမ်ကျန်းတွင် မိတ်ဆွေများများစားစား မရှိပေ၊ ဟုန်ပင်းကိုပင် မိတ်ဆွေတစ်ပိုင်းအဖြစ်သာ သတ်မှတ်နိုင်သည်။ သို့သော် သူသည် မန်ဟိုနှင့်အတူ ကုန်ဆုံးခဲ့သောအချိန်တိုလေးအတွင်း သူ့ကို မိတ်ဆွေအဖြစ် တွေးခဲ့ပြီးလေပြီ။
“မင်း သေရင် ဒီစစ်ပုဆိန်ကို ငါ ပြန်ပေးမှာမဟုတ်ဘူးနော်” သူက ပြောသည်။ “အဲဒါကြောင့် .... မသေစေနဲ့” ထို့နောက် သူက အသက်ပြင်းပြင်း ရှူသွင်းပြီး အရှိန်တင်နိုင်သမျှ တင်ရင်း အဝေးသို့ ထွက်သွားတော့သည်။ တာအိုကောင်းကင်က သူ့ကို အချိန်ကုန်ခံ၍ပင် မကြည့်။ သူ့အတွက် မန်ဟို၏ခြိမ်းခြောက်မှုက ကြီးမားလွန်းလေသည်။
“မန်ဟို” သူက ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ တဂျွတ်ဂျွတ် မြည်သံများ ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူလည်း ကြီးထွားစပြုလာလေပြီ။ သူ့မျက်နှာထားက ရှံ့မဲ့ပြီး မီတာ ၆၀ အမြင့်သို့ ရောက်တော့မည့်အချိန် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ့နှလုံးခုန်သံက ပဲ့တင်ထပ်လာကာ ခုနစ်ချက်မြောက်တွင် သူ့စွမ်းအားက ထိပ်ဆုံးရောက်ရှိသွားသည်။ ထို့နောက် သူက မန်ဟို့ထံ လျှောက်လာသည်။
မန်ဟို့အမူအရာက တည်ငြိမ်နေသည်။ သူသည် သူ၏တစ်ခုတည်းသော အင်မော်တယ်အကြောမှ စွမ်းအားနှင့် သူ့အပြင်အားကိုယ်၏ ကြောက်ခမန်းလိလိခွန်အားကို ခံစားနေရ၏။ သူက ရှေ့သို့ လျှောက်လာပြီးနောက် လက်သီးဆုပ်ကာ တာအိုကောင်းကင်ကို ထိုးချလိုက်သည်။
ထိုလက်သီးချက်က မိုးကေင်းကင်ကို ပြိုးပြက်ပြက်လက်သွားစေပြီး လေမုန်တိုင်းထနလာစေသည်။ တာအိုကောင်းကင်က မျက်နှာရိပ်ခနဲ ဖြစ်သွားသည့်တိုင် ကောက်ကျစ်စွာ ရယ်လိုက်၏။ တစ်ချိန်တည်းမှာပင် အနက်ရောင်အတောင်နှစ်ဖက်က သူ့ကျောမှ ကားထွက်လာသည်။
ထို့နောက် သူ့လက်သည် လက်သည်းလက်ပုံစံလုပ်၍ မန်ဟို့ကျောကို ပိုင်းချလိုက်သည်။
မန်ဟို့အမူအရာမှာ ယခင်အတိုင်းသာ။ သူက လှည့်ပင်မလှည့်ဘဲ ခြေကို ဆောင့်နင်း၍ တာအိုကောင်းကင်ထံ ကျောပေး၍ ပျံသန်းလိုက်သည်။
တာအိုကောင်းကင်၏လက်က မန်ဟို့ကျောကို ထသွားရာ အုန်းခနဲ ပဲ့တင်ထပ်သွားလေသည်။ မန်ဟိုက မတုံ့ပြန်သော်လည်း တာအိုကောင်းကင်၏လက်မှာ တွန့်လိမ်ကောက်ကွေးသွားရင်း မန်ဟို့ကို ဘာမှမလုပ်နိုင်ပေ။ ထို့နောက် မန်ဟို့ကျောက တာအိုကောင်းကင်ကို ဆောင့်တိုက်လိုက်သည်။
နားကွဲလုမတတ် အသံကျယ်ကြီး မြည်ဟည်းသွားပြီး တာအိုကောင်းကင်ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့မှာ တစ်ကိုယ်လုံးရှိ အရိုးတစ်ဝက်ကျော် ကျိုးသွားသည့်အတွက် အံ့အားသင့်နေသောအမူအရာဖြင့် ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွားတော့၏။
“မဖြစ်နိုင်ဘူး။ သူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နိုင်တာလဲ” သူ့မှာ မန်ဟို၏ ပြင်းထန်သောတိုက်ကွက်မှ ရလဒ်အနေဖြင့် လွင့်ထွက်နေစဉ် ထိတ်လန့်အံ့ဩနေသည်။
မျက်စိတစ်မှိတ်အတွင်း သူသည် ပြည်ထောင်ငါးကို ဖြတ်၍ ပြည်ထောင်လေး၏အစပ်သို့ပင် ရောက်ရှိသွားခဲ့လေပြီ။ တစ်ဆက်တည်းမှာပင် မန်ဟိုက ပျောက်ကွယ်သွားပြီးနောက် တာအိုကောင်းကင်၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။ သူက ညာလက်ကို ဆန့်တန်းရင်း လောကပါလအင်မော်တယ်စွမ်းအားကို သုံး၍ လက်ဝှေ့ယမ်းလိုက်ရာ သူ့ထံမှ အကန့်အသတ်မရှိသော မိုးပြာရောင်အလင်း ဖြာထွက်လာသည်။
“ငါက နံပါတ်တစ် အက်ရှလွန်” တာအိုကောင်းကင်က ဟိန်းဟောက်လိုက်သည်။ “မင်း ငါ့ကို မနိုင်ပါဘူး။ မင်းရဲ့ ဒီအခြေအနေနဲ့ဆို သိပ်ခံနိုင်မှာမဟုတ်ဘူး” သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး တောင်ပံများဖြင့် သူ့ခန္ဓာကိုယ်ကို ကာလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ရာ အကာအကွယ်တစ်ခုနှင့် မှော်ပစ္စည်းအမြောက်အမြား ပေါ်လာသည်။
မန်ဟို့ လောကပါလလက်ချောင်းက အကာအကွယ်အပေါ် ဖိလိုက်သဖြင့် ဝုန်းခနဲမြည်ဟည်းသွားသည်။ အက်ကွဲသံများ ဆူညံလာပြီး အကာအကွယ်မှာ တစ်လွှာပြီးတစ်လွှာ ပြိုကွဲကုန်၏။ မှော်ပစ္စည်းအမြောက်အမြား ကြေမွသွားပြီးနောက် မန်ဟို့လက်ချောင်းက တာအိုကောင်းကင်၏တောင်ပံများအပေါ် ကျရောက်သွားသည်။
တောင်ပံနှစ်ဖက်လုံး စုတ်ပြတ်သပ်၍ ပြာကျသွားသည်။ မန်ဟို့လက်ချောင်းက ဆက်လက်လာနေသဖြင့် တာအိုကောင်းကင်က မချိတင်ကဲ အော်လိုက်ရသည်။ ထို့နောက် သူသည် ညာလက်ကို မြှောက်၍ အင်မော်တယ်တုတ်ကို သုံးရင်း ဟန့်တားရန် ကြိုးစား၏။
အင်မော်တယ်တုတ်မှာလည်း ကြေမွသွားသည်။ မန်ဟို၏လောကပါလလက်ချောင်းနှင့် ထိရသောအခါ ရှေးဟောင်းရတနာလည်း ဘာဆိုဘာမှ မလုပ်နိုင်ပေ။ တာအိုကောင်းကင်၏မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားတော့၏။
ရုတ်တရက် သူ့ညာလက်မှာ မန်ဟို့လက်ချောင်း၏ လျှပ်စီးလို တိုက်ကွက်ကြောင့် သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားလေပြီ။
“မသေခြင်းနတ်ဘုရားမှော်သိုင်းကွက်" တာအိုကောင်းကင်က အထိတ်တလန့် အော်လိုက်သည်။ သွေးနီရောင်အလင်းက သူ့ခန္ဓာကိုယ်မှ တောက်ပလာရင်း မန်ဟို့လက်ချောင်းကို ဝင်ဆောင့်လိုက်သည့် မှော်သင်္ကေတအသွင်ပြောင်းသွား၏။ မှော်သင်္ကေတမှာ တုန်ခါသွားသော်လည်း မကျိုးသွားပေ။ မန်ဟို့လက်ချောင်းတိုက်ကွက်၏ ကြီးမားသောအင်အားက တာအိုကောင်းကင်ကို လွင့်ထွက်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်း သူ့မှာ ပြည်ထောင်ငါးနှင့် ပြည်ထောင်လေးအကြား နယ်စပ်ကို ကျော်၍ ပျံထွက်သွားခဲ့လေပြီ။ ပြည်ထောင်လေးသို့ ရောက်သည်အခါနောက်ဆုံးတော့ တာအိုကောင်းကင်၏မှော်သင်္ကေတမှာ ကြေမွသွားတော့၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့အမူအရာမှာ အားနည်းချည့်နဲ့သွားသည်။ သို့သော် သူ၏တိုက်ခိုက်လိုစိတ်မှာ နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။ သူ ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်စဉ် မန်ဟိုက နယ်စပ်ကို ဖြတ်၍ သူ့ထံ ပျံသန်းလာခဲ့ပြီဖြစ်သည်။
“မန်ဟို မင်း ငါ့ကို သတ်လို့မရဘူး။ မင်း ဘယ်လောက်ထိန်းထားနိုင်မလဲ ကြည့်ရသေးတာပေါ့။ မင်း အဲဒီအဆင့်ကနေ ထွက်လိုက်တာနဲ့ သေပြီသာမှတ်” တာအိုကောင်းကင်မှာ သွေးခဲများကို အန်လိုက်ရပြီး သူ့ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် အရှေ့သို့ ခါယမ်းလိုက်သည်။ ချက်ချင်းပင် သူ့အရှေ့ရှိ လေထုသည် ထစ်ချုန်းကြေမွကာ အနက်ရောင်အလင်းတန်းတစ်တန်း ပျံထွက်လာသည်။
၎င်းကား တာအိုကောင်းကင်၏ ပါရာဂွန်မှော်သိုင်း ပန်းချီကားလိပ်မှတစ်ပါး အခြားမဟုတ်ပေ။
“ပါရာဂွန်ပန်းချီ ပွင့်စမ်း”
ဂျလိန်း ဂျလိန်း ဂျလိန်း
ပန်းချီကားလိပ်သည် မန်ဟို့အရှေ့တွင် စပွင့်လာ၏။ ဤတစ်ခေါက်တွင် သုံးဆယ်ရာခိုင်နှုန်းမဟုတ်ဘဲ ခုနစ်ဆယ်ရာခိုင်နှုန်းဖြစ်သည်။
မန်ဟို့မျက်လုံးများ ပြေကျလာသော ပန်းချီကားလိပ်အပေါ် ရောက်သွားသည်နှင့် ၎င်းက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် မြေပြင်တစ်ခုကို ဖော်ပြနေကြောင်း မြင်လိုက်ရသည်။ ထိုမြေပြင်၏အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော အနက်ဝတ်လူငယ်တစ်ယောက်၏ ရုပ်တုရှိနေသည်။ သူ့တွင် သူထိုင်နေသော မြေပြင်ပေါ် ပျံဝဲကျနေသည့် ဆံပင်ရှည်များ ရှိ၏။
သူ့ထံမှ ထွက်ပေါ်နေသည်ကား မဖော်ပြနိုင်လောက်အောင် အေးစိမ့်နေသော လူသတ်ငွေ့များပင်။
***