ငါ သူ့ကို သတ်ဖြတ်သူ လို့ ခေါ်တယ်
Vol. 81 Ch. 1122
ပြင်းထန်သော လူသတ်ငွေ့များသည် ပေါ်လာလျှင်ချင်း အရပ်လေးမျက်နှာသို့ ရိုက်ခတ်လိုက်ရာ ဖုန်များအား အလိပ်လိပ် ထသွားစေသည်။ မိုးကြိုးများက အဆက်မပြတ် ထစ်ချုန်းနေပြီး တစ်လောကလုံးမှာ မှောင်မိုက်သွားသည့်အလား အသတ်အဖြတ်အရှိန်အဝါ၏ အရောင်ဆိုးခြင်း ခံလိုက်ရသည်။
ထိုပန်းချီကားလိပ်ထဲရှိ ရုပ်တုမှာ ပန်းချီကားတစ်ချပ်သာ မဟုတ်တော့ပေ။ ထိုမျှသာမက လေဟုန်ခွင်းလောကမှာလည်း လေဟုန်ခွင်းလောက မဟုတ်တော့ဘဲ ပန်းချီကားထဲရှိ ကမ္ဘာဖြစ်သွားသယောင်ပင်။
မိုးကောင်းကင်နှင့်မြေကြီးအပြင် အရာအားလုံး ပိတ်ပိတ်ပိန်း မှောင်မိုက်နေသည်။ သို့ထိတိုင် တစ်နည်းနည်းဖြင့် မန်ဟိုသည် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်ရနိုင်၏။
ရုပ်တုက အနက်ရောင်အ၀တ်အစားများကို ၀တ်ဆင်လျက် တင်ပျဉ်ခွေထိုင်နေသည်။ ရုတ်တရက် ၎င်းသည် လှုပ်သွားပြီး တဖြည်းဖြည်း ခေါင်းမော့လာ၏။
ယင်းသည် ရိုးရှင်းသော လှုပ်ရှားမှုလေး ဖြစ်သော်လည်း တစ်လောကလုံးတွင် မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံများအား ပြည့်နှက်သွားစေသည်။ အချိန်၏စီးဆင်းမှုက ရပ်တန့်သွားသည့်အလား ထင်ရပြီး သဘာ၀နိယာများပင်လျှင် ဖရိုဖရဲဖြစ်နေသယောင်ပင်။ ဤပုဂ္ဂိုလ်၏ရှေ့မှောက်တွင် အနှစ်သာရများမှာ ဒူးထောက်၀ပ်တွား၍ အရိုအသေပေးနေသည့်အလား ထင်ရ၏။
ပြင်းထန်သော အသတ်အဖြတ်အရှိန်အဝါက ချွန်မြမြမြားတစ်စင်းသဖွယ် မန်ဟို့မျက်လုံးများကို စိုက်၀င်၍ သူ့နှလုံးသားကို ထိုးဖောက်ကာ သူ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။ ရုတ်တရက် သူ့မှာ သေစေနိုင်သော အန္တရာယ်ကို ခံစားလိုက်ရသဖြင့် မျက်စိမျက်နှာ ပျက်သွားတော့သည်။
ဤအန္တရာယ်က တာအိုကောင်းကင်ထံမှ မလာဘဲ ပန်းချီကားထဲရှိ အနက်၀တ်လူထံမှ လာသည်။
"သူက ဘယ်သူလဲ" မန်ဟိုက ရင်တဒိန်းဒိန်း ခုန်လျက် တွေးလိုက်သည်။ "ဒါက ဘယ်လိုပါရာဂွန် မှော်သိုင်းကွက်မျိုးလဲ" အက်ရှလွန်တိုင်းတွင် မတူကွဲပြားသော ပါရာဂွန်မှော်သိုင်းကွက်များရှိပြီး သူရင်ဆိုင်ခဲ့ဖူးသမျှ တာအိုကောင်းကင်၏သိုင်းကွက်သာ သူ့ကို ရင်သပ်ရှုမောစေခဲ့သည်။
မန်ဟို့အမူအရာက လွန်စွာ လေးနက်နေ၏။ သူသည် လောကပါလအင်မော်တယ်အဆင့်တွင်ဖြစ်၍ စွမ်းအားတို့ တဟုန်းဟုန်း တောက်လောင်နေကြောင်းသိသည်။ အမှန်တွင် ဤပါရာဂွန်မှော်သိုင်းကွက်သာမရှိပါက တာအိုကောင်းကင်မှာ သူ့အတွက် ပြိုင်ဘက်ဖြစ်မည်မဟုတ်ပေ။
တာအိုကောင်းကင်သည် ရှေးဟောင်းနယ်ပယ်သို့ ကိုးကြိမ်၀င်ရောက်ခဲ့လျှင်လည်း အရေးမကြီး။ ထိုအကြိမ်တစ်ကြိမ်စီတိုင်းတွင် လမ်းမှားကို လျှောက်လှမ်းခဲ့သည်မဟုတ်လော။ မန်ဟို၏လမ်းက လောကပါလအင်မော်တယ်လမ်းစဉ်၊ အင်မော်တယ်နယ်ပယ်တွင် အစွမ်းအထက်ဆုံးသော ရှေးဟောင်းလမ်းစဉ် ဖြစ်သည်။
တာအိုကောင်းကင်က သတ်ဖြတ်လိုသော မျက်၀န်းများဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။ "ငါ့လမ်းက မှားယွင်းတယ်လို့ မင်း ပြောခဲ့ဖူးတယ်
"ငါ့လမ်းက မှားတယ်။ ဟုတ်တယ်။ ငါ အဲ့ဒါကို သိတယ်။ မင်းမသိတဲ့အရာက ငါ မမှန်ကန်တဲ့လမ်းကို ဆက်လျှောက်ပြီး အင်မော်တယ်နယ်ပယ်ကို ပြန်လျှော့ချခဲ့ရတဲ့ အကြောင်းအရင်းကိုပဲ။ ဘာကြောင့်လဲသိလား အဲဒီလမ်းစဉ်က ဒီမှော်ပါရာဂွန်ပန်းချီကားထဲက လူ ကျင့်ကြံခဲ့တဲ့ လမ်းစဉ်မလို့
"ငါ သူ့နာမည်ကို မသိသလို ဒီပန်းချီကားက ဘာကိုဖော်ကျူးနေသလဲလည်း မသိဘူး။ ဒါပေမဲ့ ငါသိတာကတော့ ဒီပန်းချီကားဟာ သာမန်။ စာရွက်ကလည်း သာမန်။ ဒီသစ်သားပေလိပ်တွေတောင်မှ သာမန်ပဲ။ သာမန်မဟုတ်တဲ့ တစ်ခုတည်းသောအရာကတော့ အထဲက အနက်၀တ်ပုဂ္ဂိုလ်
"သူ့ကြောင့် သာမန်စာရွက်တွေ၊ သာမန်သစ်သားပေလိပ်တွေဟာ လျှို့ဝှက်ဆန်းကြယ်ပြီး သာမန်ထက် ထူးခြားလာခဲ့တယ်
"သူက သတ်ဖြတ်ခြင်းကို ကိုယ်စားပြုပြီး ငါ့ဘဝမှာ ဘယ်နေရာမှ မတွေ့ကြုံခဲ့ဘူးတဲ့ အသတ်အဖြတ်အရှိန်အဝါမျိုးနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒါကြောင့်မလို့ ငါ သူ့ကို သတ်ဖြတ်သူလို့ ခေါ်တယ်။ ငါ့ရဲ့နှလုံးသားထဲမှာ ... သူ့ကို ငါ့ဆရာလို့ သတ်မှတ်ထားတယ်"
တာအိုကောင်းကင်က သူ၏စကားလုံးများ ဟိန်းထွက်နေစဉ် ပန်းချီကားလိပ်၏အရှေ့တွင် ရိုသေလေးစားမှုများ တောင်လောင်နေသော မျက်ဝန်းများဖြင့် လေးလေးနက်နက် ဒူးထောက်ရှိခိုးလိုက်သည်။ သူ ရှိခိုးလိုက်ပြီးနောက်တွင် ရုပ်တုက ခေါင်းမော့ပြီးသွား၍ ၎င်း၏ မျက်နှာအား မြင်လိုက်ရ၏။
၎င်းသည် ဖြူဖတ်ပြီး ခံစားချက်ကင်းမဲ့နေသော သာမန်မျက်နှာဖြစ်၏။ သို့သော် သူ မန်ဟို့ကို စိုက်ကြည့်နေစဉ် ထိုသာမန်မျက်နှာတွင် ဖော်ပြ၍မရနိုင်သော သွေးအေးမှုကို မြင်ရနိုင်သည်။
သူ၏အကြည့်လေးတစ်ချက်ကပင် မန်ဟို၏ခန္ဓာကိုယ်ကို တုန်ရီလာစေ၏။ သူ့မှာ န၀မပင်လယ်၏ဖိအားထက်ပင် ကြီးမားသော စကားလုံးများဖြင့် ဖော်ပြ၍မတတ်နိုင်သည့် ဖိအားကြီးတစ်ခု သူ့အပေါ်သို့ သက်ရောက်နေသည်ကို ခံစားလိုက်ရ်သည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး လောကပါလအင်မော်တယ်အဆင့်တွင်ဖြစ်သည့်တိုင် သူ့မှာ နောက်သို့ ယိမ်းယိုင်လာတော့သည်။
သူ့အနေဖြင့် ယိုင်လဲလိုစိတ်မရှိသော်လည်း ပန်းချီကားထဲရှိ အနက်၀တ်လူ၏အကြည့်က သူ့ကို ရွေးချယ်စရာမပေးပေ။
သူနောက်သို့ ယိုင်သွားစဉ် ပန်းချီကားထဲရှိလူမှ ဖိအားက သူ့ကို ထပ်တောင့်မခံနိုင်တော့သည့်အတိုင်းအတာအထိ ဖိနှိပ်နေပြီး ဒူးထောက်၍ ရှိခိုးခိုင်းနေသည့်အလားပင်။
မန်ဟိုက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရတိုင်း ဟိန်းဟောက်လိုက်သည်။ နောက်ဆုံးတော့ ခြေခုနစ်လှမ်းဆုတ်ပြီး မျက်လုံးများ ရဲတွတ်နေပြီးနောက်တွင်တော့ သူ့မှာ ရပ်လိုက်နိုင်၏။ သူ ပေးလိုက်ရသည့် အဖိုးအခကား ပါးစပ်မှ သွေးများစွာ ပန်းထွက်သွားခြင်းပင်။
သူ့ဒူးများမှာလည်း ကျိုးတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါနေသည်။
"ပန်းချီကားလေးတစ်ခုကြောင့် ငါက ဒီလိုနောက်ဆုတ်နေရတာ ယုံတောင်မယုံနိုင်ဘူး" သူက တွေးလိုက်သည်။ "အဲ့ဒီ့ပန်းချီကားထဲကလူက တစ်ခါတုန်းက အင်အားကြီးမားတဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင်တောင်မှ အခုတော့ ပန်းချီကားထက်မပိုတော့ဘူးလေ။ ဘာဖြစ်လို့ သူက ငါ့ကို နောက်ဆုတ်ရအောင် အတင်းဖိအားပေးနေနိုင်ရတာတုန်း" မန်ဟိုမှာ ခေါင်းကို အတင်းမော့ထားပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာအား သူ၏မျက်နှာတွင် မြင်ရနိုင်သည်။ သွေးများက သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ၏အရှိန်အဝါသည် အင်အားကြီးမားစွာ တဟုန်းဟုန်း တောက်နေ၏။
"ငါ့ရဲ့တာအိုက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ တာအို။ ငါ့အဖေနဲ့အမေကလွဲပြီး လောကထဲက ဘယ်သူကမှ မန်ဟိုဆိုတဲ့ ငါ့ကို ဒူးထောက်ရှိခိုးအောင် မလုပ်နိုင်ဘူး။ မင်း က မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေလဲ" သူ ဟိန်းဟောက်ပြီးနောက်တွင် သူ၏ လောကပါလအင်မော်တယ်ကျင့်ကြံခြင်းအခြေခံသည် လျင်မြန်စွာ လည်ပတ်လာ၏။ သူ၏ တစ်ခုတည်းသော အင်မော်တယ်အကြောက သူ့ကိုယ်ထဲတွင် တံတားတစ်စင်း၏ ကောက်ကြောင်းကို ဖော်ဆောင်လိုက်သည်။
သူက ညာလက်ကို ခပ်ကြမ်းကြမ်း ဝှေ့ယမ်းလိုက်ရာ ထိုတံတားကဲ့သို့ အင်မော်တယ်အကြောသည် ရုတ်တရက် စွမ်းအားတို့ဖြင့် ပြည့်နှက်လာ၏။ ၎င်း သူ့အရှေ့တည့်တည့်တွင် တံတားအစစ်အဖြစ် အကောင်အထည်ပေါ်လာစဥ် အဆုံးမရှိသော ထစ်ချုန်းသံများ ပဲ့ထင်ထပ်လာသည်။
ပါရာဂွန်တံတား။
မန်ဟို၏ ပါရာဂွန်မှော်သိုင်းသည် အစတည်းက အစွမ်းထက်ဆုံး တာအိုတစ်ခုဖြစ်၏။ ၎င်း၏ စွမ်းအားမှာ စစချင်း သာမန်ဟုထင်ခဲ့ရသော်လည်း ယင်းက မှော်သိုင်းကွက်ကြောင့်မဟုတ်ဘဲ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံမှာ ၎င်းကို လုံလုံလောက်လောက် ဖော်ဆောင်နိုင်သည်အထိ အစွမ်းမထက်သေးခဲ့၍ ဖြစ်သည်။
သို့သော် ယခု လောကပါလအင်မော်တယ်အဆင့်တွင် ပါရာဂွန်မှော်သိုင်းကို ထုတ်ဖော်ခြင်းက ယခင်နှင့်လားလားမျှ မတူပေ။ ခံ့ညားထည်ဝါသော တံတားကြီးသည် မိုးကောင်းကင်ကို တုန်ခါစေ၍ မြေပြင်များ တသိမ့်သိမ့် လှုပ်ခတ်နေစေရင်း မန်ဟို့ အရှေ့တည်တည့်သို့ ဝုန်းခနဲ ကျလာသည်။
၎င်းက ပုံရိပ်ယောင်မဟုတ်ဘဲ တကယ့် တံတားအစစ်နှင့် တူ၏။ တစ်လောကလုံးမှာ ၎င်း၏ ထောင့်စွန်းလေးတစ်စွန်းထက် မပိုသည့်အလား ၎င်းမှာ မဖော်ပြနိုင်လောက်အောင် ကြီးမားလှသည်။
တံတားကြီးက မိုးကောင်းကင်တွင် ပြည့်နှက်၍ အရာအားလုံးကို စိုးမိုးရင်း ပါရာဂွန်တစ်ပါး၏ မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ကမ္ဘာလောကမှာ တုန်ခါလာပြီး မြေပြင်များမှာ တုန်လှုပ်ချောက်ခြားလာကြသည်။ လောကပါလအင်မော်တယ်အဆင့်ကို သုံးခြင်းဖြင့် မန်ဟိုသည် နောက်ဆုံးတော့ ပါရာဂွန်တံတား၏ စစ်မှန်သော ခန့်ညားထည်ဝါမှုနှင့် စွမ်းအားတစ်ချို့ကို ထုတ်ဖော်နိုင်လိုက်လေပြီ။
သို့ထိတိုင် ထို့ထက်ပိုသေး၏။ ပုံရိပ်ယောင်အရိပ်များ တံတား၏အပေါ်တွင် ပေါ်လာသည်။ ၎င်းတို့ကို သဲသဲကွဲကွဲ မြင်ရန် မဖြစ်နိုင်သော်လည်း ၎င်းတို့က တံတား၏ နေရာမျိုးစုံတွင် တည်ရှိနေ၏။
ဤအရိပ်များသည် ချောက်ချားဖွယ်အင်အားကို ထုတ်လွှတ်နေပြီး ကြည့်ရပုံထောက်လျှင် တံတားအပေါ် နင်းလျှောက်ရန် အရည်အချင်းပြည့်မှီခဲ့သောလူ အတိတ်ကလူများ ဖြစ်ဟန်တူသည်။ သူတို့မှာ တံတားတစ်စင်းလုံးကို ဖြတ်မလျှောက်နိုင်ခဲ့သော်လည်း မိုးနှင့်မြေတွင် အစွမ်းထက်သောပုဂ္ဂိုလ်များအနေဖြင့် သူတို့သည် နတ်ဘုရားစိတ်ဆန္ဒတချို့ကို ချန်ခဲ့နိုင်၏။
ပါရာဂွန်တံတားပေါ်လာသောအခိုက်အတန့်တွင် ပန်းချီကားထဲရှိ အနက်ဝတ်ရုပ်တုက ၎င်းကို ကြည့်ပြီး လွမ်းဆွေးနေသည့်အရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက ရုတ်တရက် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “မိုးနင်းခြေတံတား....”
သူ့အသံမှာ အတိတ်ကိုလွမ်းဆွတ်နေသံပေါ်သည့်တိုင် ယခင်အတိုင်း အေးစက်နေဆဲပင်။
ဤအဖြစ်အပျက်က တာအိုကောင်းကင်ကို အကြီးအကျယ် အံ့ဩသွားစေသည်။ ရှိခိုးနေရာမှ သူ့ခေါင်းက ဆတ်ခနဲ ထောင်လာပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေ၏။ ပန်းချီကားက သူ့အပိုင်၊ ပါရာဂွန်သိုင်းက သူ့အပိုင်ဖြစ်သည်။
သို့စေကာမူ ... သူပင်လျှင် အနက်ဝတ်လူ စကားလေးတစ်လုံး ပြောခဲ့သည်ကို မကြားခဲ့ရဖူးပေ။
ပါရာဂွန်တံတား ပေါ်ပေါက်လာမှုက ခန့်မှန်းမရနိုင်သောပြောင်းလဲမှုတချို့ကို လှုံ့ဆော်ခဲ့ပုံရသည်။ တာအိုကောင်းကင် စိတ်နှလုံးတုန်လှုပ်နေသည့်အချိန်မှာပင် မန်ဟို့စိတ်သည် ချာချာလည်လာ၏။
“မိုးနင်းခြေတံတားတဲ့လား” သူက သူ၏ပါရာဂွန်မှော်သိုင်းကို ကြည့်ရင်း တွေးလိုက်သည်။
အံ့ဩဖွယ်ကောင်းစွာနှင့် ပန်းချီကားထဲရှိ အနက်ဝတ်လူက ရုတ်တရက် ထရပ်ပြီး ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ သူ၏ဆံပင်ရှည်များက သူ့နောက်တွင် ပျံဝဲနေလေသည်။
သူ ထိုခြေလှမ်းလှမ်းလိုက်သောအခါ တာအိုကောင်းကင်မှာ စိတ်နှလုံးတုန်ရီသွားသည်။ မန်ဟိုကမူ အနက်ဝတ်လူနှင့်တည့်တည့်တွင် ရပ်နေသည့်အတွက် ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်ရသည်။ ထိုလူ လှမ်းလိုက်သည့် ခြေလှမ်းတွင် တာအိုပါရှိနေသည့်အလား ၊ အာကာသကို ကွေးညွတ်၍ ကြီးမားသောအကွာအဝေးကို တစ်လက်မအထိ ချုံ့ပစ်နိုင်သည့်အလား၊ နတ္ထိမှ အတ္ထိဖန်တီးလိုက်သည့်အလားပင်။ ထိုခြေလှမ်းဖြင့် သူသည် ပန်းချီကားထဲမှ ထွက်ပြီး အရှိတရားထဲ ဝင်ရောက်ပြီး မန်ဟို့ပါရာဂွန်တံတားအပေါ်တွင် ... ပေါ်လာသည်။
မန်ဟိုမှာ ပါရာဂွန်တံတားပေါ်တွင် ရပ်နေသော အနက်ဝတ်လူကို ကြည့်ရင်း ချာချာလည်မူးဝေလာသည်။ ထိုလူငယ်၏အမူအရာမှာ အေးစက်ခက်ထန်နေသော်လည်း လွမ်းဆွေးမှုတို့လည်း ထင်ဟပ်နေသည်။ သူက တစ်လှမ်းပြီးတစ်လှမ်း လှမ်း၍ မိုးနင်းခြေတံတား၏အဆုံးအထိ လျှောက်ချင်သည့်အလား မရေမတွက်နိုင်သောအရိပ်များကို ဖြတ်ကျော်ရင်း လျှောက်နေသည်။
သို့သော် သူသည် လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။ ထို့နောက် သူ့ခြေထောက်အောက်ရှိ တံတားကို ငုံ့ကြည့်ရင်း ညှိုးမှိုင်သွားသည်။
“ဒီမိုးနင်းခြေတံတားက မပြည့်စုံဘူး...” သူက ရေရွတ်လိုက်သည်။
“ငါလည်း ... မပြည့်စုံဘူး.....
“အဲဒီနှစ်က .... ငါ သူနဲ့ သူမအရှေ့မှာ ရပ်ပြီး ငါ့တာဝန်ပြီးမြောက်သွားခဲ့တယ်။ ပြီးတော့ ငါဟာ ထူးဆန်းတဲ့နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နှလုံးသား၊ ဝမ်းနည်းမှုတွေနဲ့အတူ လှည့်ပြီး ပျောက်ကွယ်သွားခဲ့ရတယ်....
“ဘာကြောင့် .... ဘာကြောင့် ငါက ဒီမှာ ရှိနေသေးတာလဲ ....” ထို့နောက် သူက စရယ်သည်။ ရယ်သံကြီးသည် သွေးအေးမှုနှင့် အသတ်အဖြတ်အငွေ့အသက်များ ပြည့်နှက်နေ၏။
“ငါက သူမကို မင်းထက် ပိုချစ်ခဲ့တာကွ” အနက်ဝတ်ပုံရိပ်သည် အရူးကြီးသဖွယ်ရယ်ရင်း အင်္ကျီလက်စကို ခါလိုက်၏။ ထစ်ချုန်းသံကြားလိုက်ရပြီး ပါရာဂွန်တံတား ပျက်စီးသွားသည်။ ထိုအချိန်တွင် အနက်ဝတ်ပုံရိပ်သည် လွမ်းဆွေးနာကျင်နေသောမျက်နှာထားဖြင့် မိုးနင်းခြေတံတားနှင့်အတူ တုန်ရီပျောက်ကွယ်သွားလေပြီ။
သူ ပြန်ပေါ်လာသောအခါ ပန်းချီကားအတွင်း၌ ခေါင်းငုံ့နေသော ရုပ်တုပြန်ဖြစ်သွား၏။
ထိုသို့ဖြစ်ပျက်သွားသည်တွင် တာအိုကောင်းကင်မှာ ဝေါ့ခနဲ သွေးတစ်လုပ်အန်လိုက်ရသည်။ သွေးအခိုးအငွေ့များက သူ့ပတ်ပတ်လည်တွင် တထောင်းထောင်း ထလာသည်။ ကြည့်ရသရွေ့ ပန်းချီကားသည် သူ၏အသက်စွမ်းအားတစ်ဝက်နီးပါးကို စုပ်ယူလိုက်သောဆွဲအားတစ်ခုအား ပိုင်ဆိုင်ထားသယောင်ပင်။ တာအိုကောင်းကင်မှာ တဆတ်ဆတ် တုန်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
သူသည် ပါရာဂွန်မှော်သိုင်းကို အကြိမ်များစွာ သုံးခဲ့ဖူးသော်လည်း ယခုလို တန်ပြန်ရိုက်ခတ်ခြင်း မခံခဲ့ရဖူးပေ။
မန်ဟိုလည်း သွေးအန်၍ နောက်ဆုတ်လိုက်ရသည်။ သူသည် လောကပါလအင်မော်တယ်အဖြစ် နေနိုင်သည့်အချိန်ကုန်တော့မည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူ့နဖူးကို လှမ်းပုတ်၍ လောကပါလအင်မော်တယ်အဆင့်မှ ထွက်လိုက်တော့သည်။ နိဗ္ဗာနသစ်သီးသည် သူ့နဖူးမှ ထွက်၍ သူ့လက်ဖဝါးပေါ်ကျလာသည်။ သူ့အရှိန်အဝါမှာ ကျဆင်းသွားပြီး သူ့မျက်နှာလည်း သွေးမရှိတော့ပေ။ သို့သော် သူကား တာအိုကောင်းကင်ကို အေးစက်စက် စိုက်ကြည့်ရင်း မလှုပ်မယှက်ရပ်နေဆဲပင်။
“ဆက်တိုက်ချင်းသေးလား” သူက တည်ငြိမ်စွာ မေးသည်။
တာအိုကောင်းကင်မှာ ပန်းချီကားမှေးမှိန်ပျောက်ကွယ်သွားခဲ့၍ ပင့်သက်ရှိုက်လိုက်ရသည်။ ထို့နောက် သူသည် မန်ဟို့ကို လှမ်းကြည့်၍ အေးစက်စက်ပြုံးရင်း ပြောလေသည်။ “ဘာလဲ ကြောက်လို့လား။ မင်းက အခု အားနည်းတာထက်ပိုနေပြီ။ လက်ကလေးလှန်သလို မင်းကို ငါ အလွယ်တကူ သတ်လို့ရတယ်”
သို့သော် စိတ်ထဲတွင် သူ့မှာ တွန့်ဆုတ်နေသည်။ မန်ဟို ထိုကြောက်မက်ဖွယ်အခြေအနေဖြင့် တိုက်ခိုက်နိုင်သေးလား သူ မသေချာသေးပေ။
အတွေးပေါင်းရာပေါင်းများစွာက မန်ဟို့ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ မူလက သူ့အစီအစဉ်မှာ တည်ငြိမ်အေးဆေးသောပုံစံဖြင့် တာအိုကောင်းကင်ကို တွေဝေအောင် လုပ်ရန်ဖြစ်သည်။ သို့သော် သူသည် တစ်စုံတစ်ခုကို သဘောပေါက်လိုက်၍ အကြံအသစ်ရလိုက်၏။ သူက မျက်မှောင်ကြုတ်ရင်း တာအိုကောင်းကင်ကို လှမ်းကြည့်ပြီးနောက် သူလက်ဖဝါးထက်ရှိ လင်းလက်တောက်ပသော နိဗ္ဗာနသစ်သီးကို မြှောက်လိုက်သည်။
“မင်းကို သတ်ဖို့က ငါ့အတွက် အတော်လေးအကုန်အကျများလိမ့်မယ်” သူက ပြောသည်။ “ငါ့ကိုယ်ငါ ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်တဲ့အတွက် လေဟုန်ခွင်းလောကကနေ အကျိုးအမြတ်ရဖို့လည်း ပိုခက်သွားလိမ့်မယ်
“ဒါပေမဲ့ မင်းက သေချင်နေမှာတော့ မင်းရည်ရွယ်ချက်ကို ငါ ဖြည့်ဆည်းပေးရတာပေါ့”
မန်ဟို့ကို ကြည့်နေသော တာအိုကောင်းကင်၏မျက်လုံးများ ပြူးကျယ်သွားသည်။ မန်ဟိုသာ တည်ငြိမ်နေခဲ့လျှင် သူ့ကို လှည့်စားဖို့ ကြိုးစားနေသည်ဟု သူ ချက်ချင်း ထင်ခဲ့လိမ့်မည်။ သို့သော် မန်ဟို၏မျက်မှောင်ကြုတ်လိုက်သောပုံစံက ရွေးချယ်စရာမရှိ၍ ဤသို့ဆုံးဖြတ်လိုက်ပုံပေါ်နေသည်။ ရုတ်တရက် တာအိုကောင်းကင်မှာ အမှန်ကို ဝေခွဲမရတော့ပေ။
“ငါ သူ့ကို တိုက်ခိုက်လိုက်ရင် သိရလိမ့်မယ်” သူက တွေးရင်း မျက်လုံးများ တလက်လက် တောက်ပနေလျက် မန်ဟို့ထံ ပြေးဝင်သွားတော့၏။၊
(note from deathblade- အားကန်းစာစဉ်တွေကို ဖတ်ထားတဲ့သူတွေအတွက်တော့ အနက်ဝတ်လူက ဘယ်သူလဲ သိကောင်းသိကြလိမ့်မယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ သူက ဘယ်သူနဲ့ပတ်သက်နေလဲ ခန့်မှန်းမိကြလိမ့်မယ်။ အတိုချုံးပြောရရင် နှောင်ဖွဲ့ကင်းတန်ခိုးရှင်က ဝမ်လင်းမှာ ကိုယ်ပွား (အသတ်အဖြတ်ကိုယ်ပွား) ရှိပါတယ်၊ သူ့နာမည်မှာ ‘သတ်ဖြတ်ခြင်း’ ဆိုတဲ့စာလုံးပါတယ်။ သူက RI ထဲမှာ အတော်လေးမြင့်တဲ့ ကောင်းကင်ဘုံနင်းခြေခြင်း/မိုးနင်းခြေခြင်းအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ အဲ့အဆင့်မှာ တံတားကိုးစင်းပါတယ်)
***