← Chapters

တာအိုကောင်းကင် ဆုတ်ခွာရခြင်း

Vol. 81 Ch. 1123

တာအိုကောင်းကင် ဆုတ်ခွာရခြင်း

Vol. 81 Ch. 1123

တာအိုကောင်းကင်သည် သတ်ဖြတ်လိုသောအတွေးများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ‌ရှေ့တက်လာ၏။ မန်ဟိုကမူ ‌အေးစက်စက် နှာမှုတ်လိုက်ပြီး နောက်ဆုတ်ရင်း တစ်ချိန်တည်းမှာပင် နိဗ္ဗာနသစ်သီးအား သူ့နဖူးထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဖိချလိုက်သည်။ တစ်ဆက်တည်းဆိုသလို ပြင်းထန်သော အသတ်အဖြတ်စိဆ်ဆန္ဒက သူ၏မျက်လုံးများတွင် တောက်ပလာသည်။

သူ၏အေးစက်စက်အကြည့်က လူသေအလောင်းကို ကြည့်နေသကဲ့သို့ တာအိုကောင်းကင်အပေါ် ကျရောက်လာသည်။

နိ‌ဗ္ဗာနသစ်သီး သူ့နဖူးထဲ ၀င်ရောက်သွားသည့်အခါ ထစ်ချုန်းသံများအား ကြားရနိုင်သည်။ သူ၏ စွမ်းအားအရှိန်အဟုန်သည် ချက်ချင်းပင် မြင့်တက်လာ၏။ ဤတစ်ကြိမ်တွင် သက်ရောက်မှုက ယခင်နှင့်မတူ။ ခန္ဓာကိုယ်ကြီးမား‌လာနေစဉ် သူ့အနေဖြင့် လှုပ်ရှားနိုင်နေပြီး မိုးပြာရောင်အလင်းက သူ့ပတ်ပတ်လည်တွင် တောက်ပလာသည်။ ထို့နောက် သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း တာအိုကောင်းကင်ထံသို့ ဝှေ့ယမ်းလိုက်ရာ နတ်မီးတောက်အဆီအနှစ်အား ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားစေသည်။

တာအိုကောင်းကင်မှာ ဒိန်းခနဲ ရင်ခုန်သွားပြီး တုံ့ခနဲ ရပ်ကာ နောက်ဆုတ်လိုက်သည်။ တကယ်တော့ သူ့တွင် မန်ဟိုနှင့် သူသေကိုယ်သေ တိုက်ခိုက်လိုစိတ်မရှိပေ။ တိုက်ပင် မတိုက်ခိုက်ချင်တော့ခြင်းဖြစ်သည်။ သူ၏ပါရာဂွန်ပန်းချီမှ တန်ပြန်ရိုက်ခတ်မှုက သူ့ကို အလွန်တရာ အားနည်းစေခဲ့သည်။ အရေးကြီးဆုံးက သူ့အနေဖြင့် မန်ဟို့ကို သုတ်သင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။

မန်ဟို ချောက်ချားဖွယ်အဆင့်သို့ ထပ်မံဝင်ရောက်သွားသည်ကို မြင်သော် သူသည် မန်ဟို သူ့ကို သတ်နိုင်ကြောင်း သေချာသွား၏။

"သူ့ရဲ့‌ မှော်သိုင်းကွက်မှာ အချိန်အကန့်အသတ်ရှိသလို သုံးနိုင်တဲ့အရေအတွက်လည်း အကန့်အသတ်ရှိလောက်တယ်။ ဒါပေမဲ့ အကန့်အသတ်တွေက ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့ အဲ့ဒါကို သုံးဖို့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမှာပဲ။ ညာနေတာတော့ မဟုတ်လောက်ဘူး

"သူ ငါ့ကို သတ်နိုင်ရင်တောင်မှ ငါ့ဝိညာဉ်ကို သတ်နိုင်မှာ မဟုတ်လောက်ဘူး။ ငါ့မှာ အသက်တွေလည်း ကျန်သေးတယ်။ ပြီးတော့ တကယ်တမ်း လေဟုန်ခွင်းလောကရဲ့ နတ်မီးလျှံစမ်းသပ်ပွဲက အခုအထိ မပြီးသေးဘူး။ ငါတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရင် တခြားအက်ရှလွန်တွေက ဒီအခြေအနေကို အခွင့်ကောင်းယူမှာတင် မဟုတ်ဘူး။ ငါတို့ လေဟုန်ခွင်းလောကမှာ ကံကြမ္မာကောင်းတွေရရှိနိုင်မယ့် အခွင့်‌အရေးတွေလည်း ဆုံးရှုံးရလိမ့်မယ်

"ဒါ့အပြင် သူ နောက်ဆုံးတိုက်ပွဲမှာ ငါ့ကို တကယ် မသတ်နိုင်ဘူးလို့ ပြောမရဘူး။ တစ်ဖက်မှာလည်း ငါ သူ့ကို သတ်နိုင်ရင်တောင်မှ ငါလည်း အားအင်ချည့်နဲ့သွားပြီး‌ တော်တော်နဲ့ သက်သာလာမှာမဟုတ်တော့ဘူး" တာအိုကောင်းကင်၏မျက်နှာမှာ အတော်လေး မသာမယာဖြစ်နေသည်။ မန်ဟိုသာ သူ့နှလုံးသားထဲသို့ အကြောက်တရားတို့ ရိုက်မထည့်ခဲ့လျှင် သူ့အနေဖြင့် ထိုကဲ့သို့ တွေဝေနေမည်မဟုတ်ပေ။ သို့သော် ယခုတော့ သူ့မှာ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ချ၍ ဒဏ်ရာအပြင်းအထန်ရလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ထည့်မတွက်ဘဲ မနေနိုင်တော့ပေ။

သူ ထွက်ပြေးသွားစဉ် မန်ဟိုက ရပ်လိုက်သည်။ သူက လိုက်မည့်အစား အေးစက်စက် လှမ်းကြည့်လိုက်၏။

"မင်း မသေမချင်း မတိုက်ချင်‌သရွေ့ ငါ့ကို လာမရှာနဲ့။ ငါ့ရဲ့ စိတ်ရှည်မှုဆိုတာလည်း …. အတိုင်းအတာရှိတယ်" ထို့နောက် သူက ညာခြေဖြင့် မြေကြီးကို ဆောင့်နင်းရင်း ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ထံမှ မယုံကြည်နိုင်ဖွယ် စွမ်းအားတစ်ရပ် ပေါ်ထွက်လာသဖြင့် မြေကြီးသည် တသိမ့်သိမ့် လှုပ်ခတ်သွားပြီး လေထုလည်း တုန်ရီသွားသည်။ တုန်ခါလှိုင်းလုံးတစ်လုံးက အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွား၏။

တာအိုကောင်းကင်က ဆက်ပြေးနေသည်။ သူ့မှာ သံသယဝင်နေသေးသော်လည်း မန်ဟို ဟန်လုပ်နေခြင်းဟုတ်မဟုတ် ပြောနိုင်ရန် ခက်ခဲသည့်အတွက် ခန့်မှန်းရုံသာ ခန့်မှန်းနိုင်သည်။

ခေါင်းထဲတွင် ဖြစ်နိုင်ခြေပေါင်းများစွာ ဖြတ်ပြေးနေသဖြင့် သူ၏အမူအရာမှာ အဆက်မပြတ် ပြောင်းလဲလျက်ပြီး မျက်လုံးများ တောက်ပနေသည်။ နောက်ဆုံးတော့ သူက အကျယ်ကြီး အော်ရယ်လိုက်၏။

"မင်းက ငါတို့ရဲ့ တိုက်ပွဲလေးကို အဆုံးသတ်ဖို့ သိပ်စိုးရိမ်နေပါလား မန်ဟို။ ‌သွားစရာလမ်းတွေ အများကြီးရှိတယ်။ မင်း ဒီလမ်းကို‌ ရွေးချင်နေမှာတော့ ငါက ဘာလို့ မင်းကို တားရမှာတုန်း"

မန်ဟိုက ခေါင်းခါရမ်းလိုက်သည်။ သူက စွမ်းအားတို့ကို ထုတ်ဖော်လျက် ရှေ့တက်လိုက်ကာ ပုံရိပ်များကိုသာ ချန်ရစ်ခဲ့သည်။ သူသည် လက်ကို ဝှေ့ယမ်းရင်း နတ်မီးတောက်အဆီအနှစ်အား တာအိုကောင်းကင်၏ခေါင်းပေါ်တွင် ပြန့်ကားဖြာထွက်သွားစေ၏။

တာအိုကောင်းကင် မျက်နှာပျက်သွားပြီး ချက်ချင်း ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် မြေကြီးကို လက်ညှိုးထိုးလိုက်၏။ အနက်ရောင်မြူများက တဝေါဝေါ မြည်နေသော ဝဲကြီးအသွင်ပြောင်းရင်း အလိပ်လိပ် ထလာကြ၏။ ထို့နောက် လက်ကြီးတစ်ဖက်က ဝဲထဲမှ ထွက်ကာ နတ်မီးတောက်ကို တွန်းထုတ်လိုက်လေသည်။

လောလောဆယ်တွင် အရှိန်အဟုန်ပြင်းသော နတ်မီးတောက်များက မန်ဟို့မျက်နှာကို ဖုံးကွယ်ထားသည့်အတွက် တာအိုကောင်းကင်မှာ သူ၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေ။ သူမြင်ရသမျှမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပေါ်လွင်နေသော သူ၏ အေးစက်စက် မျက်လုံးများကိုသာ။

မန်ဟိုက တစ်စက္ကန့်လေးပင် မရပ်။ နတ်မီးတောက်အဆီအနှစ်နှင့် တာအိုကောင်းကင်မှော်သိုင်းကွက်များ တစ်ခုကိုတစ်ခု ၀င်တိုက်သွားစဉ် သူက ရှေ့တက်၍ ပြောလိုက်သည်။ "နတ်ဘုရားသုတ်သင်ခြင်း"

သူ၏ ညာလက်သည် မိုးကောင်ကင်၏ စိတ်ဆန္ဒနှင့် အင်အားကို ဆောင်ကြဉ်းသယ်ဆောင်လိုက်သည့်အလား လက်သီးဆုပ်လိုက်၏။ လေဟုန်ခွင်းလောက၏ချီကြောက စုဆုံလာသည်။ သူ၏ လောကပါလအင်မော်တယ်ကျင့်ကြံခြင်းအခြေခံက အရောင်အဝါများ တလက်လက် တောက်ပလာစေပြီး လေပြင်းမုန်တိုင်းများ တဝေါဝေါ တိုက်ခတ်လာစေသည်။

တာအိုကောင်းကင်မှာ မျက်စိမျက်နှာပျက်လျက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ နောက်ဆုတ်လိုက်သည်။ မုခ်၀တစ်ခုက ရုတ်တရက် ပေါ်လာပြီး ဝုန်းခနဲ ပွင့်ကာ အရိုးနဂါးကိုးကောင်ကို ဖော်ပြလိုက်သည်။ ၎င်းတို့က ဟိန်းဟောက်ရင်း မုခ်၀မှထွက်၍ မန်ဟို့ထံသို့ တဟုန်ထိုး ပြေး၀င်သွားကြ၏။

ဂရားးးးးးးးးးးးး

အုန်းးးးးး

မန်ဟို့လက်သီးက ကမ္ဘာလောကကို ကြေမွ‌သွားစေသည်။ အရိုးနဂါးကိုးကောင်မှာ စိစိညက်ညက်ကြေမွသွားသဖြင့် နာနာကျင်ကျင် အော်‌သံများသာ  ကျန်ရစ်ခဲ့သည်။ တာအိုကောင်းကင်က အသက်ပြင်းပြင်း ရှုသွင်းပြီးနောက် ချက်ချင်း မီတာ ၃၀၀၀ ဆုတ်လိုက်သည်။ ထို့နောက် သူက ရယ်လိုက်၏။

"မန်ဟို ဒီလိုတိုက်ခိုက်နေတာက အလကားပဲ။ မင်း တကယ် ဆက်မတိုက်ချင်ဘူးဆိုရင် ငါ ချန် ထွက်သွားပေးမယ်"

သိသိသာသာပင် တာအိုကောင်းကင်ဆိုသည်မှာ သူ၏ တာအိုနာမည်ဖြစ်ပြီး သူ၏ မျိုးရိုးအစစ်အမှန်ကတော့ ချန် ဖြစ်သည်။ ထို့နောက် တာအိုကောင်းကင်သည် ပုံမှန်မျက်နှာထားဖြင့် ထွက်သွားသော်လည်း သူ၏ နှလုံးသားထဲတွင်တော့ သတိတရားတို့ ပြည့်နှက်နေ၏။

“သူရဲ့အကျင့်စရိုက်အရ” သူက တွေးသည်။ “ငါပြောခဲ့သလို တိုက်ခိုက်တာ တကယ် ရပ်လိုက်ရင်တော့ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာမှန်း ငါ သိလိမ့်မယ်” တာအိုကောင်းကင် ဆုတ်ခွာနေစဉ် သူ့အမူအရာနှင့်ဟန်ပန်အရ အမှန်တကယ်ပင် ထွက်သွားချင်နေပုံပေါ်သည်။

မန်ဟို့မျက်နှာကို နတ်မီးတောက်များက ကာထားသည့်အတွက် တာအိုကောင်းကင်မှ မန်ဟို့မျက်လုံးများထက်ပို၍ မမြင်ရပေ။ ထိုမျက်လုံးများက နည်းနည်းလေးမှ ပြောင်းလဲမသွားဘဲ ပို၍အေးစက်လာသည်။ တာအိုကောင်းကင် ထွက်ပြေးဖို့ ကြိုးစားသည့်အချိန်မှာပင် မန်ဟိုက သူ့မျက်လုံးထဲရှိ ကြယ်ကျောက်ခဲကို အရည်ပျော်ကျစေ၍ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားစေကာ ဂြိုဟ်တစ်လုံးအသွင်ပြောင်းသွားတော့သည်။

၎င်းသည် နတ်မီးတောက်မီးလျှံများ ဟုန်းဟုန်းတောက်နေသော ဂြိုဟ်တစ်လုံးဖြစ်ရာ တာအိုကောင်းကင်နောက် တဟုန်ထိုး လိုက်သွားစဉ် ကြယ်တံခွန်တစ်စင်းနှင့် တူနေတော့၏။

၎င်း၏အမြန်နှုန်းနှင့် ပုံပန်းသွင်ပြင်အရ အမှန်တကယ်ပင် အမှီလိုက်ဖမ်းချင်နေသည့်အလားပင်။

တာအိုကောင်းကင်သည် ဤအခြင်းအရာကို သဘောပေါက်သွားပြီး မျက်နှာကြီးမည်းမှောင်သွား၏။

“ဆိုတော့ သူက အဲဒီအဆင့်မှာ နေနိုင်ဖို့ လုံလောက်တဲ့ စွမ်းအား တကယ်ရှိသေးတာပေါ့” မန်ဟို မှီလာသည့်အချိန်မှာပင် တာအိုကောင်းကင်က အရှိန်ကောက်တင်လိုက်သည်။ သူကား ခပ်ဝေးဝေးသို့ လှစ်ခနဲ ရောက်သွားလေပြီ။

“မန်ဟို” သူက လှမ်းပြောသည်။ “မင်း ရွှယ့်အာဆိုတဲ့ မိန်းကလေးကို အခုထိ မတွေ့ရသေးဘူးမလား”

“မတွေ့ရသေးရင် မင်း သူနဲ့ တွေ့ခွင့်ရအောင် ငါ မင်းကို အသက်ချမ်းသာပေးထားသင့်တယ်

“ဒါပေမဲ့ ငါတို့ နောက်တစ်ခေါက် တွေ့ရင်တော့ အဲဒီနေ့က မင်း သေရမယ့်နေ့ ဖြစ်လာလိမ့်မယ်” သူက တဟားဟားရယ်ရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထွက်သွားတော့သည်။

“ရပ်လိုက်စမ်း” မန်ဟို့အသံက ဂြိုဟ်အတွင်းမှ မယုံကြည်နိုင်ဖွယ်ဖိအားကြီးကို သယ်ဆောင်လျက် ပဲ့တင်ထပ်လာသည်။ သူသည် နောက်ထပ်မီတာထောင်ဂဏန်းမျှအထိ ဆက်လိုက်လာ၏။ သို့သော် တာအိုကောင်းကင်၏ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းကို ထည့်တွက်လျှင် မကြာမီ သူ့အရိပ်အယောင်ကို မမြင်ရတော့ပေ။ ထိုအခါမှ မန်ဟိုသည် ဖြည်းဖြည်းချင်း ရပ်လိုက်၏။ ဂြိုဟ်အသွင်ပျောက်ကွယ်သွားပြီး လူပုံစံပြန်ပေါ်လာသည်။

သူ့ပုံစံကား ပုံမှန်နှင့် သိပ်မကွာပေ။ နိဗ္ဗာနသစ်သီးက သူ့နဖူးမှ ထွက်လာပြီး သူ့လက်ပေါ် ကျလာသည်။ သူသည် အေးစက်သောမျက်နှာထားဖြင့် တာအိုကောင်းကင် ထွက်ပြေးသွားခဲ့သောဘက်သို့ လှမ်းကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ နောက်ဆုံးတော့ သူက အေးစက်စက် နှာမှုတ်၍ မတူညီသောဘက်သို့ လှည့်ထွက်သွားတော့သည်။

သူ ရွေးချယ်လိုက်သော အရပ်မျက်နှာကား ပြည်ထောင်သုံးမှတစ်ပါး အခြားမဟုတ်ပေ။

သူ မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားပြီး များမကြာခင် အနက်ရောင်အငွေ့မျှင်တစ်မျှင်သည် စစ်မြေပြင်ပေါ်တွင် ပေါ်လာ၏။ ၎င်းက လေလယ်တွင် လည်ပတ်သွားရင်း မျက်မှောင်ကြုတ်နေသော တာအိုကောင်းကင်၏ ပုံရိပ်ယောင်အသွင်ကို ဖော်ပြလိုက်သည်။ မန်ဟို အဝေးတွင် ပျောက်ကွယ်သွားစဉ် သူက သက်ပြင်းချလိုက်လေသည်။

“ဒီတော့ သူက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်ဘူးပဲ။ ငါ့ကို တိုက်ခိုက်ပြီးတော့ ပြည်ထောင်သုံးကို သွားဖို့ ရွေးချယ်ခဲ့တယ်။ ဒီမန်ဟို ... တကယ်ဖြုံစရာ ပြိုင်ဘက်ပေပဲ” ပုံရိပ်ယောင်အသွင်က ခေါင်းတခါခါနှင့် ပျောက်ကွယ်သွား၏။

ထိုစဉ် မန်ဟိုသည် ပြည်ထောင်လေး၏နယ်စပ်ကို အေးအေးဆေးဆေး ဖြတ်ကျော်၍ ပြည်ထောင်သုံးသို့ ဝင်ရောက်နေ၏။

သူ့မှာ ပြည်ထောင်သုံးသို့ ဝင်ရောက်လိုက်လျှင်ချင်း ဒယိမ်းဒယိုင် ရပ်၍ သွေးရှစ်လုပ်ဆက်တိုက်အန်လိုက်ရသည်။ သွေးတစ်လုပ်အန်တိုင်း သူ့ခန္ဓာကိုယ်မှာ ဆယ်ရာခိုင်နှုန်းစီ ခြောက်ကပ်သွားသည်။ အသက်ရှူချိန်အနည်းငယ်မျှသာ ကျန်သေးသည်၊ သူ့မှာ အရိုးစုကြီးသဖွယ် ပိန်ချုံးသွားလေပြီ။ သူ့ဆံပင်များပင်လျှင် မီးခိုးရောင်ပြောင်းသွားတော့သည်။

သူ့အမူအရာမှာ ထိုင်းမှိုင်းသွားပြီး သူကိုယ်တိုင်မှာလည်း မြေကြီးပေါ် လဲကျတော့မတတ် ဖြစ်သွားသည်။ သူသည် ထိုနေရာတွင် ရပ်နေရင်း ခါးခါးသီးသီး ရယ်လိုက်၏။

တကယ်တော့ သူသည် တာအိုကောင်းကင်ကို လှည့်စားခဲ့ခြင်းဖြစ်၏။ လောကပါလအင်မော်တယ်အဆင့်ကို ဝင်ရောက်ခဲ့သော သူ၏နောက်ဆုံးဆုံးဖြတ်ချက်မှာ နောက်ဆုံးအတိုင်းအတာအထိ အသက်စွမ်းအားကို လောင်ကျွမ်းပစ်ရသည့်အဖိုးအခဖြင့် လာသည်။ အမှန်တော့ သူ့အနေဖြင့် ဆက်တိုက်ချင်လျှင်တောင်မှ ဆက်မတိုက်နိုင်ပေ။

တာအိုကောင်းကင် သူ့ကို စောင့်ကြည့်နိုင်မည်မဟုတ်သည့် ဤနေရာ၊ ပြည်ထောင်များအကြားက နယ်စပ်ကို ကျော်သွားသည့်အခါမှသာ သူ့မှာ တင်းထားသောစိတ်မှန်သမျှ လျှော့ချနိုင်လိုက်သည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည်နှင့် သူ့မှာ အားနည်းသထက် အားနည်းလာသည်။

“တာအိုကောင်းကင်က လက်ဖျားခါလောက်အောင် အစွမ်းထက်လွန်းတယ်” သူက ရေရွတ်လိုက်သည်။ စောစောက နတ်မီးတောက်အဆီအနှစ်ဖြင့် မျက်နှာကို ဖုံးထားခဲ့သော အကြောင်းရင်းမှာ သူ သူ၏အသက်စွမ်းအားများကို လောင်ကျွမ်းနေခြင်းဖြစ်ကြောင်း တာအိုကောင်းကင် သိသွားမှာစိုး၍ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် နောက်ဆုံးအကြိမ် လိုက်ဖမ်းတုန်းက ဂြိုဟ်အသွင်ပြောင်းရန် အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းကို သုံးခဲ့ခြင်းဖြစ်သည်။

ထိုမျှသာမက သူ ပြည်ထောင်သုံးသို့ လာဖို့ ရွေးချယ်ခဲ့သည့်အကြောင်းရင်းမှာမူ အခြေအနေကို သုံးသပ်ကြည့်ထားခဲ့ရသလောက် တာအိုကောင်းကင်က ပြည်ထောင်သုံးကို ရှောင်ခဲ့၍ ထိုနေရာတွင် မသင်္ကာစရာတစ်ခုခုရှိကြောင်း သိသာ၍ပင်။ ပြည်ထောင်သုံးကို ရွေးချယ်ခြင်းက သူ့ကို တကယ်ရှိသည်ထက်ပို၍ အစွမ်းထက်ပုံပေါ်သွားစေလိမ့်မည်။

တာအိုကောင်းကင်ကို လှည့်စားခြင်းမှာ လွယ်ကူတော့ အရာတော့မဟုတ်ပေ။ သူသည် အတိုင်းထက်အလွန် စဉ်းလဲပြီး သံသယများသည့်အပြင် မန်ဟို သူ့ကို လှည့်စားနေခြင်းဟုတ်မဟုတ် စမ်းသပ်ရန်လည်း ကြိုးစားခဲ့၏။ မန်ဟို့အတွက် ၎င်းမှာ ချောက်ကမ်းပါးစွန်းတွင် လမ်းလျှောက်နေသကဲ့ဖြစ်သည်။ ခြေတစ်လှမ်းချော်လိုက်သည်နှင့် အသက်အန္တရာယ်ကျရောက်နိုင်သည်။

“နှမြောစရာပဲ... ငါသာ ဒုတိယနိဗ္ဗာနသစ်သီးကို အပြည့်အဝစုပ်ယူပြီး လောကပါလအင်မော်တယ်နယ်ပယ်ကို အမှန်တကယ် ဝင်ရောက်နိုင်ရင် တာအိုကောင်းကင်ကို သတ်နိုင်လောက်တယ်။ ဒါပေမဲ့ အခုတော့ .... ငါက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး” မန်ဟိုမှာ မျက်မှောင်ကြုတ်နေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့သည့်အတောအတွင်း ဆုံတွေ့ခဲ့ရသော ရွေးချယ်ခံများအကြားတွင် သူ့ကို ယှဉ်ပြိုင်သည့်လူတစ်ယောက်မှာ မရှိခဲ့ပေ။ သူသည် အက်ရှလွန်များကိုပင် တိုက်ခိုက်နိုင်ခဲ့၏။

သို့သော် ပထမတောင်မှ အက်ရှလွန်ကတော့ ဖြုံစရာပြိုင်ဘက်စစ်စစ် တစ်ဦးပင်။

မန်ဟိုသည် စိတ်ရှိတိုင်း ရနိုင်သည့် နက်ရှိုင်းများပြားသောအရင်းအမြစ်များဖြင့် တာအိုကောင်းကင်ထက် ကျင့်ကြံအားထုတ်ခြင်းကာလ တိုတောင်းသေးသည်မဟုတ်ပါလော။ မန်ဟို့တွင်လည်း ထူးခြားသော ကံကြမ္မာကောင်းများစွာရှိသည်။ အက်ရှလွန်စာရင်းဝင်မည်သူမဆို ပင်ကိုယ်အားဖြင့် တမူထူးကဲသူများသာ ဖြစ်ချေ၏။

အင်မော်တယ်ရှေးဟောင်း၏ ဆက်ခံသူ ရွှယ့်အာ၏ သတိပြုခံရသောသူသည် ဘယ်နည်းနှင့်မှ အားမနည်းနိုင်ပေ။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက ဆေးလုံးတချို့ ထုတ်စားလိုက်သည်။ တခဏကြာသော် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

“ပြည်ထောင်သုံးကို ဝင်ပြီးတဲ့နောက် ဘယ်လိုလုပ်ဖိအားတစ်ခုကိုမှ ငါ မခံစားရတာပါလိမ့်” ယခင်က ပြည်ထောင်တစ်ခုပြီးတစ်ခု၏ နယ်စပ်များကို ဖြတ်ကျော်ရတိုင်း အမြဲဖိစီးသက်ရောက်တတ်သော ဖိအားရှိသည်။ ၎င်းက ဤနေရာ ပြည်ထောင်သုံးတွင်သာ မဖြစ်ပွားခဲ့ပေ။

“တာအိုကောင်းကင်က ပြည်ထောင်သုံးကို အမြဲရှောင်ခဲ့သလိုပဲ...

“ဒီနေရာနဲ့ပတ်သက်ပြီး ပဟေဠိဆန်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိရမယ်

“ဒါပေမဲ့လည်း ငါ့ကိုယ်ငါ ကုစားတာမှာ အာရုံအပြည့်အဝစိုက်နိုင်ပြီဆိုကတည်းက ကောင်းတဲ့အရာပဲ။ သိပ်ကြာကြာနေလို့တော့မဖြစ်ဘူး။ နည်းနည်း သက်သာတာနဲ့ ပြည်ထောင်ကိုးကို ပြန်သွားရမယ်” သူသည် ရှေ့သို့ ပျံသန်းသွားပြီး မကြာခင် ချောင်ကျကျဂူတစ်လုံးကို တွေ့လိုက်ရသည့် တောင်တန်းတစ်တန်းသို့ ရောက်သွား၏။ တရားထိုင်ရန် ထိုင်ချပြီးနောက် သူက ဂူဝကို ပိတ်လိုက်သည်။

တစ်ဆက်တည်းမှာပင် မန်ဟိုသည် သွေးခွေးကြီး၏အငွေ့အသက်ကို ခံစားလိုက်ရ၏။ သွေးခွေးကြီး သူ့ကို ကာကွယ်ရင်း လွင့်စင်ပျောက်ကွယ်သွားခဲ့ရသည်မှာ နှစ်နှင့်ချီခဲ့လေပြီ။ ၎င်း နိုးထလာတော့မည့် လက္ခဏာများကို သူ အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသော်လည်း ဤတစ်ကြိမ်ကတော့ အားအကောင်းဆုံးဖြစ်သည်။

မန်ဟိုမှာ ဝမ်းသာသွားပြီး သိုလှောင်အိတ်ထဲမှ သွေးမျက်နှာဖုံးကို ချက်ချင်း ထုတ်လိုက်ကာ နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။ သွေးခွေးကြီးကို ခံစားလိုက်ရသည်နှင့် သူတို့နှစ်ယောက်အကြားတွင် ဆက်သွယ်မှုနှင့် ပဲ့တင်လှိုင်းတစ်လှိုင်း ဖြစ်ပေါ်လာကြောင်း သဘောပေါက်လိုက်လေသည်။

သွေးခွေးကြီးကို ဆွဲဆောင်နေသော သွေးအရှိန်အဝါတစ်ခု ပတ်ဝန်းကျင်တွင် ရှိနေသည်။ အဆိုပါအရှိန်အဝါက ၎င်းကို တပ်မက်နေစေပြီး ထိုအကြောင်းကြောင်း နိုးလာနေခြင်းဖြစ်၏။

ထိုသွေးက မြေကြီးထဲ၊ မြေကြီး၏အနက်ပိုင်းထဲမှ လာနေသည်။

***

All Chapters