← Chapters

အစစ်အမှန်တာအိုအတွက်

Vol. 81 Ch. 1124

အစစ်အမှန်တာအိုအတွက်

Vol. 81 Ch. 1124

မန်ဟို ပြည်ထောင်သုံးသို့ ၀င်ရောက်လိုက်သည့် အချိန်တစ်ဝိုက်တွင် ပြည်ထောင်သုံး၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော အင်ပါယာအ၀တ်အစားများနှင့် သက်လတ်ပိုင်းလူသည် သူ့‌အရှေ့တွင် ပျံဝဲနေသော ဖန်လုံးတစ်လုံးကို ကြည့်နေ၏။

ဖန်လုံး၏အထဲ၌ အလင်းများ လှည့်လည်သွားလာနေပြီး ထိုအထဲတွင် ကမ္ဘာတစ်ခုသည် သီးသန့်တည်ရှိနေသယောင် ထင်ရ၏။ အနီးကပ်ကြည့်ပါလျှင် ထိုသီးသန့်ကမ္ဘာထဲ၌ လူသုံးယောက်ရှိကြောင်း မြင်နိုင်လိမ့်မည်။ သူတို့မှာ စူးစူးဝါးဝါး အော်နေပြီး ထိုကမ္ဘာကို ချိုးဖျက်၍ ထွက်လာချင်သော်လည်း ထွက်မလာနိုင်ဖြစ်နေသည်။

မန်ဟိုသာ သူတို့ကို မြင်လျှင် အင်မတန် အံ့ဩသွားပြီး ခေါင်းနပန်းပင် ကြီးသွားလောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအထဲမှ နှစ်ယောက်ကို သူသိ၍ပင်။

တစ်‌ယောက်က သေသွားသော ကောင်လေးဟုန်ပင်း ဖြစ်ပြီး အခြားတစ်ယောက်ကတော့ ဆယ်ယောက်မြောက်အက်ရှလွန်ကျင့်ကြံသူ ဟိုက်တုန်းချင်းဖြစ်သည်။

တတိယမြောက်လူကတော့ မည်သူဖြစ်သလဲ အလွယ်တကူ ခန့်မှန်းကြည့်နိုင်၏။ သူကား တာအိုကောင်းကင်၏လက်ချက်ဖြင့် သေသွားခဲ့သော ပြည်ထောင်နှစ်မှ အက်ရှလွန်ကျင့်ကြံသူပင်။

ထိုသုံးယောက်မှာ သေသွားခဲ့ပြီဖြစ်သော်လည်း သူတို့၏ဝိညာဉ်များကား ထိုဖန်လုံးအတွင်း၌ ချုပ်နှောင်ခံထားရပုံပေါ်သည်။ မည်မျှ ထူးခြားဆန်းပြားလှပါသနည်း။

ရုတ်တရက် အင်မော်တယ်အ၀တ်အစားများနှင့်လူက မျက်လုံးများဖွင့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ရောင်အား ၎င်းတို့ထဲတွင် တောက်ပနေသည်ကို မြင်ရနိုင်သည်။ သူသည် ပြည်ထောင်သုံးနှင့် ပြည်ထောင်လေးအကြား နယ်စပ်ရှိရာဘက်သို့ ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် မန်ဟိုက ပြည်ထောင်သုံးထဲသို့ ဝင်ရောက်လာခဲ့၏။

ဤလူ၏ ကျင့်ကြံခြင်းအခြေခံမှာ လက်ချားခါလောက်‌အောင် မမြင့်မားပေ။ သူက အင်မော်တယ်နယ်ပယ်တွင်မဟုတ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုက သူ့ကို ရစ်သိုင်းနေရာ သူ့အား လျှို့ဝှက်ဆန်းကြယ်နေစေသည်။

သူ မျက်လုံးများ ဖွင့်လိုက်သည်နှင့် မရေမတွက်နိုင်သော အရိပ်များက သူ့ပတ်ပတ်လည်တွင် ပေါ်လာ၏။ တောင်ထိပ်ပေါ်တွင် ရပ်နေသည့်အရိပ်များက ရပ်နေကြသည်။ အပေါ်တွင် ပျံဝဲနေသည့်အရိပ်များက ပျံဝဲနေကြသည်။ ၎င်းတို့အားလုံးသည် မျက်နှာကို ဖုံး‌ထားသော ခေါင်းစွပ်များကို စွပ်ထားပြီး ၀တ်ရုံနက်များကိုလည်း ၀တ်ဆင်ထားလေသည်။ သို့သော် ထိုအရိပ်များကား ရှေးဟောင်းနယ်ပယ်လှိုင်းဂယက်များကို ထုတ်လွှတ်နေ၏။

မှန်ပါသည်။ လေဟုန်ခွင်းလောကကျင့်ကြံသူများအ‌နေဖြင့် ရှေးဟောင်းနယ်ပယ်အသာထား၊ အင်မော်တယ်နယ်ပယ်သို့ပင် တက်ရောက်ခြင်းမပြုနိုင်ပေ။ သို့သော် ဤနေရာတွင် ရှေးဟောင်းနယ်ပယ်၏ အစွမ်းထက်ပညာရှင်များစွာ ရှိနေသည်။ ထိုမျှသာမက ၀တ်ရုံနက်ပညာရှင်များအနက် အခြားသူများထက် အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံလှိုင်းများ ပိုင်ဆိုင်ထားသည့် လူနှစ်ယောက်သုံးယောက်ပင် ရှိနေသည်။ သူတို့ကား မီးငြိမ်းဝိညာဉ်ဆယ်လုံး သို့မဟုတ် ဆယ်လုံးကျော် ငြိမ်းထားသော တောင်ပင်လယ်လောကမှ ဂိုဏ်းနှင့်မျိုးနွယ်စုများရှိ အကြီးအကဲများနှင့်ပင် နှိုင်းယှဉ်နိုင်၏။ သူတို့အားလုံးက အင်ပါယာအ၀တ်အစားများနှင့်လူ၏ အမိန့်ကို စောင့်စားရင်း တိတ်ဆိတ်စွာ ပျံဝဲနေကြသည်။

အင်ပါယာအ၀တ်အစားများနှင့်လူကမူ မပြောင်းလဲသော မျက်နှာထားဖြင့် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ပုံရိပ်များအား သူ့အရှေ့တွင် ပေါ်လာစေသည်။ ထိုအထဲမှ ပုံရိပ်တစ်ခုက ပြည်ထောင်သုံးသို့ ၀င်ရောက်လာနေသော မန်ဟို့ကို ဖော်ပြနေ၏။

သူ စောင့်ကြည့်နေစဉ် မန်ဟိုမှာ ခန္ဓာကိုယ်ခြောက်ကပ်ပိန်ချုံးသွားပြီး သွေးအန်လိုက်ရသည်။ ထိုလူ၏မျက်လုံးများ လင်းလက်သွား၏။

"ကောင်မလေးကို ရှင်းပြီးသွားပြီလား" သူက ရုတ်တရက် မေးလိုက်သည်။

"သူ့ကို သတ်ဖို့ လူတွေ လွှတ်ပြီးသွားပါပြီ" ၀တ်ရုံနက်ကျင့်ကြံသူတစ်ယောက်က အဘိုးအိုတစ်ယောက်၏အသံကဲ့သို့ အက်ကွဲကွဲအသံဖြင့် ပြောလိုက်သည်။ "ကံဆိုးစွာနဲ့ သူက ဉာဏ်များလို့ ဖမ်းရခက်နေတယ်။ အဲ့ဒါကြောင့် အခုထိ အသက်ရှင်နေတုန်းပဲ"

"သူက အန္တရာယ်များတယ်" အင်ပါယာအ၀တ်အစားများနှင့်လူက ပြောသည်။ "မင်းကိုယ်တိုင် သူ့ကို သွားရှင်းလိုက်။ သတိတော့ထား။ အချိန်ကကုန်‌နေပြီဆိုတော့ မြန်မြန်သာ လုပ်လိုက်တော့"

"အစစ်အမှန်တာအိုအတွက်" ၀တ်ရုံနက်လူက လက်နှစ်ဖက်ယှက်၍ ခေါင်းငုံ့အရိုအသေပေးရင်း စိတ်အားထက်သန်စွာ ပြောသည်။

"အစစ်အမှန်တာအိုအတွက်" အင်ပါယာအ၀တ်အစားများနှင့်လူက ပြန်တုံ့ပြန်သည်။

"အစစ်အမှန်တာအိုအတွက်" ၀တ်ရုံနက်လူများက ခေါင်းငုံ့ရင်း ရိုသေလေးစားစွာ ရေရွတ်လိုက်သည်။

"မန်ဟိုကတော့ တာအိုကောင်းကင်လိုပဲ ဘာကောင်မှ မဟုတ်ဘူး။ သူတို့က ၀င်္ကပါထဲက ပုရွက်ဆိတ်တွေထက် မပိုဘူး။ ဒီတိုင်းထားလိုက်။ သူ နိုင်ငံ့အရှိန်အဝါတောင်ပေါ်ကို လာရဲရင်တော့ တာအိုကောင်းကင်လိုပဲ ဖနောင့်နဲ့ဖင် တစ်သားတည်းကျအောင် ထွက်ပြေးသွားပြီး ပြည်ထောင်သုံးထဲ ဘယ်တော့မှ  ခြေမချရဲအောင် လုပ်ရမယ်။ ငါတို့အနေနဲ့ လိုအပ်မှပဲ အက်ရှလွန်တွေနဲ့ ပက်သက်သင့်တာမလို့ အခုတော့ ဒီတိုင်းပဲထားလိုက်ဦး။ သူတို့က နောက်ပိုင်းမှာ အသုံးတည့်လာလိမ့်မယ်။ ငါတို့ ဒီတောင်ကနေ ထွက်ခွာသွားတဲ့အချိန်ကျရင်တော့ ငါတို့ရဲ့ မဟာအပြင်အဆင်ကို အောင်မြင်နိုင်လိမ့်မယ်" အင်ပါယာအ၀တ်အစားများနှင့်လူက ပြုံးရင်း ဖန်လုံးကို အတန်ကြာ ကြည့်ပြီးနောက် မျက်လုံးများ ပိတ်လိုက်သည်။

၀တ်ရုံနက်လူများက တိတ်ဆိတ်နေကြ၏။ သူတို့က လက်ယှက်‌အရိုအသေပေး‌ပြီးနောက် မတူညီသော အရပ်မျက်နှာတစ်ခုစီသို့ တစ်ယောက်စီ ဦးတည်သွားရင်း လူစုခွဲသွားကြလေသည်။

ပြည်ထောင်သုံးရှိ ကျင့်ကြံသူခြင်းဂူထဲတွင် မန်ဟိုမှာ သွေးမျက်နှာဖုံးကို ကြည့်ပြီး ရင်တဒိန်းဒိန်း ခုန်နေ၏။ ထို့နောက် သူသည် မြေပြင်ကို ကြည့်လိုက်၏။ သူက မြေကြီးသို့ နတ်ဘုရားအာရုံတစ်ချို့ကို ပို့လွှတ်လိုက်၏။ တခဏကြာသော် သူက မျက်မှောင်ကြုတ်သွား၏။ သူ၏ နတ်ဘုရားအာရုံမှာ ထူးထူးဆန်းဆန်း မည်သည့်အရာကိုမှ မတွေ့ပေ။

သို့သော် သွေးခွေးကြီး နိုးထဖို့ကြိုးစားနေပုံအရ ၎င်း၏‌ဆာလောင်မွတ်သိပ်မှုမှာ  ပြင်းထန်လာနေကြောင်း သူပြောနိုင်သည်။ မန်ဟိုမှာ ယခင်က ဤကဲ့သို့ အရာမျိုးကို သွေးခွေးကြီးထံမှ မခံစားခဲ့ရဖူးပေ။

ထို‌ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ဖို့အတွက် သွေးခွေးကြီးသည် နိုးထလာမည့်အပြင် ဘ၀ကူးပြောင်းထား‌သောအခြေအနေဖြင့် ဖြစ်လိမ့်မည်။ ၎င်းသည် ယခင်နှင့်မတူတော့ဘဲ ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရလိမ့်မည်။

“အဲဒီအောက်မှာ ဘာကိုများ ဝှက်ထားတာပါလိမ့် ...” သူက တွေးရင်း စိတ်လိုက်မာန်ပါ လုပ်မည့်အစား သွေးမျက်နှာဖုံးကို သိမ်း၍ မျက်လုံးများ မှိတ်ပြီး ဒဏ်ရာများကို ကုစားလိုက်သည်။

ဆေးလုံးများနှင့် ထာဝရအလွှာဖြင့် သူသည် လျင်မြန်စွာ သက်သာလာ၏။ သုံးရက်ကြာသော် သူ့မျက်လုံးများ ပွင့်လာပြီး ၎င်းတို့ကား တောက်ပလင်းလက်နေလေသည်။

“ခြောက်ဆယ်ရာခိုင်နှုန်း သက်သာသွားပြီ...” သူက ရေရွတ်လိုက်သည်။ “ဒီကနေစပြီး ကုစားနှုန်းက နှေးလာလိမ့်မယ်" သူ ကုစားနေသောသုံးရက်အတောအတွင်း သွေးခွေးကြီး၏ ဆာလောင်တပ်မက်မှုမှာ ပို၍သာ အားကောင်းလာခဲ့သည်။

သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကြက်တူရွေးနှင့်အသားဂျယ်လီ ထွက်လာသည်။ ၎င်းတို့က အထိတ်တလန့်ဖြင့် ဟိုကြည့်သည်ကြည့် ကြည့်လိုက်ပြီး အန္တရာယ်မရှိကြောင်းမြင်မှ သက်ပြင်းချလိုက်ကြလေသည်။

“မပူနဲ့ တာအိုကောင်းကင် လိုက်မလာဘူး” မန်ဟိုက မကျေမချမ်း ပြောလိုက်သည်။ တစ်ခါတရံ ကြက်တူရွေးနှင့် အသားဂျယ်လီသည် သေမင်းကို မကြောက်သလို ပြုမူတတ်ကြ၏။ တစ်ခါတရံ ကြောက်သည့်နေရာမှာ နှစ်ယောက်မရှိပေ။ မန်ဟို့အတွက်တော့ အင်မတန် ခေါင်းကိုက်စရာကောင်းသည်။ တာအိုကောင်းကင်နှင့် တိုက်ပွဲကို ၎င်းတို့နှစ်ကောင် မသိဟု သူ ယုံကိုမယုံပေ။ သူ့မှာ သူတို့ကို အော်ခေါ်ရန်ပင် တွေးခဲ့ဖူးသည်။

သို့သော် သေရေးရှင်ရေးအခြေအနေကျမှ နှစ်ကောင်သား သေချင်ယောင်ဆောင်ခဲ့ကြသည်။

“ဟေ့ကောင် အဲဒီအတွက် သခင်ငါးကို အပြစ်တင်လို့မရဘူး” ကြက်တူရွေးက အပြစ်ရှိသလို ညစ်ကျယ်ကျယ်ရယ်ရင်း ပြောသည်။ “သခင်ငါးအစွမ်းအစကို ထည့်တွက်ရင် တစ်ချက်လေးကြည့်လိုက်တာနဲ့၊ အသက်လေးတစ်ချက် ရှူလိုက်တာနဲ့ တာအိုကောင်းကင်ကို အကြိမ်ပေါင်းထောင်နဲ့ချီ သတ်ပစ်နိုင်တယ်။ ပြဿနာက ငါ တကယ်ပဲ အိပ်ပျော်နေလို့ပါ ဟဲဟဲဟဲ”

“သခင်သုံး သဘောမတူဘူး” အသားဂျယ်လီက တည်ကြည်လေးနက်စွာ ပြောသည်။ “သခင်သုံးတော့ မင်း လေ့ကျင့်ဖို့ လိုသေးတယ်ထင်တယ်။ အမှန်တကယ် အစွမ်းထက်လာဖို့ဆိုရင် မင်းအနေနဲ့ အတွေ့အကြုံတွေ လိုတယ်ကွ။ သခင်သုံး မင်းကို မလိုအပ်သရွေ့ ကူညီမှာမဟုတ်ဘူး”

အသားဂျယ်လီ ဤကဲ့သို့ပြောသည်ကို ကြားရခြင်းက မန်ဟို့ကို တအံ့တဩ ကြည့်လိုက်မိစေသည်။ ပုံမှန်ဆို အသားဂျယ်လီသည် ကြက်တူရွေးပြောသလို အမြဲပြောတတ်၏။ မန်ဟိုသာ အံ့အားသင့်သွားခြင်းမဟုတ်။ ကြက်တူရွေးလည်း မှင်သက်သွားသည်။

“မင်းတို့နှစ်ကောင် ရန်ဖြစ်ထားတာလား” မန်ဟိုက သိချင်စိတ်များဖြင့် မေးသည်။

ကြက်တူရွေးက ချောင်းဟန့်ပြီး အသားဂျယ်လီကို ခြိမ်းခြောက်သလို ကြည့်သည်။

“ဘိုးဘိုးသုံးက အမြဲမှန်တာပဲ” ကြက်တူရွေးက အထက်စီးဆန်သောဟန်ပန်ဖြင့် ပြောသည်။ “ကြည့်ရတာ သခင်ငါးအနေနဲ့ မင်းကို ဖုံးကွယ်နေစရာမလိုတော့ဘူး တူပါရဲ့။ ဟုတ်တယ် သေကိုသေတော့မယ့် အခြေအနေမဟုတ်သရွေ့ ငါတို့ မင်းကို ကူညီမှာမဟုတ်ဘူး”

“အမှန်ပဲ” အသားဂျယ်လီက အော်သည်။ “သခင်သုံးနဲ့ အဲဒီအယုတ်တမာငှက် ရန်ဖြစ်ထားတယ်။ သောက်ကျိုးမပေးတဲ့ ခိုကောင်။ အခုကစပြီး ငါ့ကို ပြန်မခေါ်တော့နဲ့”

“မင်း အခု ဘာပြောလိုက်တာ။ ပြန်ပြောရဲပြောကြည့်စမ်း" ကြက်တူရွေးက အမွှေးများ အဆုံးအထိ ထောင်လာရင်း ပြောသည်။

“ပြန်ပြောပြမယ်” ကြက်တူရွေးက အသားဂျယ်လီကို မျက်စောင်းထိုးရင်း အော်သည်။ “သုံးကြိမ်တောင် ပြောဦးမှာ”

မန်ဟိုမှာ ချက်ချင်းပင် ခေါင်းကိုက်လာတော့မည်ကို ခံစားလိုက်ရသည်။ ၎င်းတို့နှစ်ကောင် ရန်ဖြစ်တော့မည်ကို မြင်လျှင် သူက ကြားဖြတ်ပြောသည်။ “တော်ကြတော့ မင်းတို့ ရန်ဖြစ်ချင်ရင် သိုလှောင်အိတ်ထဲ သွားဖြစ်ချည်။ ကြက်တူရွေး ဘေးဘီဝဲယာကို ကြည့်၊ ဒီနေရာနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခု မြင်နိုင်လား။ အသားဂျယ်လီ မင်းလည်းကြည့်။ ဒီနေရာက ထူးဆန်းနေတယ်... လူယုတ်မာတွေလည်း ရှိနေတယ်”

စစချင်း အသားဂျယ်လီမှာ မကျေမချမ်းဖြစ်နေပုံပေါ်သော်လည်း လူယုတ်မာဟု ကြားလိုက်သည်နှင့် မျက်လုံးများ တဖိတ်ဖိတ် လက်လာသည်။ ၎င်းသည် မြေကြီးကို သေသေချာချာကြည့်ပြီး ရုတ်တရက် ပင့်သက်ရှိုက်လိုက်၏။

“တကယ်ပဲ လူယုတ်မာတွေ ရှိနေတာပဲ။ လူယုတ်မာတွေ အများကြီး”

ကြက်တူရွေးကလည်း လှမ်းကြည့်ပြီး မယုံနိုင်သလို ဖြစ်သွားသည်။

“ဒုက္ခသွေးချောင်းစီးထွက်ခွာခြင်းမဟာအစီအရင်

“အဲဒါ ရှေးခေတ်က မကောင်းဆိုးဝါးမန္တန်အစီအရင်ဆိုပေမယ့် ဒီနေ့ခေတ်မှာ သုံးနိုင်သေးလား။ ယဇ်ပူဇော်ပေးရတာဆိုပေမယ့် ဒီနေရာမှာ ယဇ်ပူဇော်ဖို့က .... မဖြစ်နိုင်ဘူးလေ”

မန်ဟို့မျက်နှာ လင်းလက်သွားပြီး သူက သူ၏နတ်ဘုရားအာရုံကို ကြက်တူရွေးနှင့်အသားဂျယ်လီဖြင့် ပေါင်းစည်းသွားစေသည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်မှာ တုန်လှုပ်သွားပြီး ပုံရိပ်ပေါင်းများစွာကို မြင်လိုက်ရ၏။ မြေကြီး၏ ဟိုး ဟိုးအောက်ထဲတွင်ကား ... သင်္ချိုင်းတစ်ခု ရှိနေသည်။

ထို ကြီးမားသော သင်္ချိုင်းထဲတွင် ပွက်ပွက်ဆူနေသောသွေးများဖြင့် ဧရာမကျင်းကြီး ၉၉ ကျင်း ရှိနေသည်။ သွေးများပွက်ပွက်ဆူနေခြင်းက လေထဲတွင် သွေးအခိုးအငွေ့များ တထောင်းထောင်း ထနေစေသည်။

သွေးကျင်း ၉၉ အနက် တစ်ကျင်းစီ၏ဘေးတွင် မရေမတွက်နိုင်သောကျင့်ကြံသူများ တင်ပျဉ်ခွေထိုင်နေကြလေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ သိပ်အဆင့်မမြင့်သည့်အပြင် သူတို့မှာ အရိုးစုများသဖွယ် ပိန်ကပ်လျက်ရှိ၏။ သူတို့သည် အရူးအမူးဖြစ်နေသောမျက်နှာထားများဖြင့် ကျင်းများဘေးတွင် ထိုင်နေစဉ် သူတို့၏လက်များကို ဓားဖြင့် ခုတ်လှီးရင်း သွေးများအား ကျင်းထဲ ကျနေစေသည်။

ရွတ်ဖတ်သံများ သင်္ချိုင်းတစ်ခွင် တသဲ့သဲ့ပျံ့လွင့်နေသည်။

သင်္ချိုင်း၏အတွင်းပိုင်းထဲတွင်တော့ တင်ပျဉ်ခွေလျက် တရားထိုင်နေကြသော ဝတ်ရုံနက်လူဒါဇင်မျှ ရှိသည်။ သူတို့ကား စောင့်ကြပ်နေကြသယောင်ပင်။ မန္တန်အစီအရင်တစ်ခုက သူတို့ကို ကာကွယ်ပေးထားပုံရသဖြင့် မန်ဟိုမှာ သူတို့၏ကျင့်ကြံအဆင့်ကို ကြည့်မရဖြစ်နေသည်။

အားလုံးအထဲ အံ့အားသင့်စရာအကောင်းဆုံးမှာတော့ သွေးကျင်း ၉၉ ကျင်းအနက် တစ်ကျင်းစီ၏အောက်ခြေတွင် တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူတစ်ယောက်စီ ရှိနေခြင်းပင်။ တစ်ကျင်းလျှင်တစ်ယောက် ၊ ၉၉ ယောက်သော သူတို့ကား သွေးထဲတွင် မြုပ်နေကြသည်။ မန်ဟိုသာ အထူးစက္ခုအမြင်ကို သုံးမနေလျှင် သူတို့ကို မြင်ရမည်မဟုတ်ပေ။

မန်ဟိုက ထိုအထဲမှ တစ်ယောက်ကို သိလိုက်သည်။ ၎င်းကား ... ပြည်ထောင်ကိုးမှ အဘိုးအို ကျန်းတောက်ဇီမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟိုမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ကြက်တူရွေးနှင့် အသားဂျယ်လီ၏အကူအညီဖြင့် သူ့အမြင်က သွေးကျင်းများကို ထိုးဖောက်သွားသည်။ သူ မြင်လိုက်ရသည်ကား အဆိုပါကျင်းများမှာ ကတော့ပုံသဏ္ဌာန်ရှိပြီး သေသေချာချာ ကြည့်ပါက အောက်ခြေတွင် အပေါက်များ ရှိနေသည်။

ထိုအပေါက်များ၏အောက်၊ ကျင်း ၉၉ ကျင်း၏အောက်တွင် သင်္ချိုင်း၏နောက်အပိုင်းသို့ ဦးတည်နေသော လိုဏ်ခေါင်းတစ်ခု။

၎င်းသည် ပင်မသင်္ချိုင်းထက် များစွာသေးငယ်ပြီး အဆောက်အအုံကြီးနှင့် ဆက်သွယ်နေသော လျှို့ဝှက်အခန်းငယ်လေးတစ်ခန်းနှင့် တူသည်။ ထိုနှစ်ခုလုံးကို ဆက်ကြည့်လိုက်လျှင် ဘူးသီးခြောက်ကို ဇောက်ထိုးထားထားသည့်အလားပင်။

ထိုလျှို့ဝှက်အခန်းအထဲတွင် လိပ်၊ ကြိုးကြာနှင့် လင်းနို့တစ်ကောင်ပင် ပါဝင်သော ဝိညာဉ်သတ္တဝါများပုံစံရှိသည့် ရုပ်တုများစွာကို မြင်ရနိုင်သည်။

ထိုရုပ်တုများကို ရောင်စဉ်တစ်တန်းက ဆက်သွယ်ရင်း စက်ဝန်းပုံသဏ္ဌာန်ဖော်ဆောင်ထားသည်။ ထိုစက်ဝိုင်းကြီး၏အလယ်၊ လျှို့ဝှက်အခန်း၏အလယ်တည့်တည့်တွင် ... သွေးရောင်ရေခဲတစ်ခဲ။

ထိုသွေးရောင်ရေခဲထဲတွင်တော့ တစ်စုံတစ်ခုကို ပိတ်လှောင်ထားသည်... သွေးရောင်လင်းနို့တစ်ကောင်။

ထိုလင်းနို့သည် ပတ်ပတ်လည်ရှိ ရုပ်တုများအကြားက လင်းနို့ရုပ်တုနှင့် မည်သည့်နေရာကကြည့်ကြည့် တူနေ၏။

လောလောဆယ်တွင် ရေခဲမှာ အရည်ပျော်နေပြီး ထိုသို့ပျော်နေစဉ် သွေးချီတစ်မျှင်က လိုဏ်ခေါင်း၏အထက်သို့ ပျံလွင့်ကာ အပေါက် ၉၉ ပေါက်မှ စုပ်ယူခြင်းခံနေရသည်။

“ဒါတွေအားလုံးက ဘာတွေလဲ” မန်ဟိုက မျက်နှာရိပ်ခနဲ ဖြစ်သွားရင်း တွေးလိုက်သည်။ သူသည် သွေးရောင်ရေခဲကို ကြည့်နေစဉ် အဆုံးမဲ့သော မကောင်းဆိုးဝါးအငွေ့အသက်များ သူ့ကို ရိုက်ခတ်လိုက်သည်ကို ခံစားလိုက်ရ၏။ သူ့မှာ ၎င်းကို နတ်ဘုရားအာရုံဖြင့်သာ ကြည့်နေပြီး အသားဂျယ်လီနှင့်ကြက်တူရွေးမှ တစ်ဆင့်ခံ၍ဖြစ်သော်လည်း ၎င်းကို ခံစားလိုက်ရသေးလေသည်။ ၎င်းကား ရူးသွပ်မိုက်မဲပြီး ချောက်ချားစရာကောင်းသောအားများ ပြည့်နှက်နေသည့် မကောင်းဆိုးဝါးတစ်ကောင်ပင်။

၎င်းသည် .... ကျင့်ကြံသူများ သေချာပေါက် ထိန်းချုပ်မရသည့်အရာပင်။ ၎င်းက မိုးနှင့်မြေ၏ သဘာဝနိယာမများထက်သာမက အနှစ်သာရထက်ပင် ကျော်လွန်နေသည့်အလား ထင်ရသည်။

“အဲ့ဒါ... ဖောက်ပြန်စိတ်ဝိညာဉ်ပဲ” ကြက်တူရွေးက ရေရွတ်လိုက်သည်။

***

All Chapters