← Chapters

သူ့နေရာကို ယူမယ်တဲ့လား

Vol. 81 Ch. 1125

သူ့နေရာကို ယူမယ်တဲ့လား

Vol. 81 Ch. 1125

“ဖောက်ပြန်စိတ်ဝိညာဉ်....” ၎င်းသည် မန်ဟို့အတွက် မရင်းနှီးသောအသုံးဖြစ်၏။ ကြက်တူရွေး၏စကားအရ ရှည်လျားရှုပ်ထွေးသောသမိုင်းကြောင်းတစ်ခု ရှိနေသံပေါက်သည်။

အသားဂျယ်လီမှာ စစချင်း ဇဝေဇဝါဖြစ်နေဟန်တူသော်လည်း တခဏကြာသော် တစ်စုံတစ်ခုကို သတိရသွားသည့်အလား တုန်ရီစပြုလာသည်။

တစ်ချိန်တည်းမှာပင် မန်ဟို့သိုလှောင်အိတ်ထဲက သွေးမျက်နှာဖုံးအတွင်းရှိ သွေးခွေးကြီးသည် သွေးရောင်လင်းနို့ကို စားချင်နေသည့်အလား ဆာလောင်ပွတ်သိပ်စွာဖြင့် ရုန်းကန်လာ၏။

မန်ဟိုက သင်္ချိုင်းထံမှ နတ်ဘုရားအာရုံကို ပြန်ဆင့်ခေါ်ရင်း မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူသည် ကျင့်ကြံခြင်းဂူထဲတွင် အတွေးထဲ နစ်မြောလျက် ထိုင်နေပြီး တွန့်ဆုတ်နေ၏။ သို့သော် သွေးမျက်နှာဖုံး၏အထဲရှိ သွေးခွေးကြီး၏ ဆာလောင်မွတ်သိပ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိတော့မည့်ပုံရသည်။

“မင်း အဲဒီကောင်ကို စားချင်တယ်ပေါ့လေ...” မန်ဟိုက ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် အံတင်းတင်းကြိတ်လိုက်၏။ သူ့အနေဖြင့် ကျင့်ကြံခြင်းအခြေခံကို အထွတ်အထိပ်ရောက်အောင် ပြန်ကုစားလိုလျှင် ဆေးလုံးများနှင့် ထာဝရအလွှာ၏အကူအညီဖြင့်ပင် တစ်လကျော်ကြာမည်။

သို့သော် တစ်လအတွင်း မည်သည့်အရာမဆို ဖြစ်သွားနိုင်သည်။ ပြည်ထောင်သုံးထဲ၌ ထူးဆန်းသောအရာများ ဖြစ်ပွားနေသည့်အတွက် သူသည် လိုအပ်သည်ထက်ပို၍ မနေလိုပေ။

“ကောင်းပြီ ငါ မင်းကို ကူညီပေးမယ်” သွေးခွေးကြီးသည် မန်ဟို့နှလုံးသားထဲတွင် အရေးပါသောနေရာတစ်နေရာကို သိမ်းပိုက်ထား၏။ ၎င်းကို သူ ပထမဆုံး တွေ့ခဲ့စဉ်တုန်းက ပေါက်စနလေးသာ ရှိခဲ့ပုံ၊ သူ့ကို မည်မျှသံယောဇဉ်ကြီးခဲ့ပုံတို့ကို သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ သူသည် ၎င်းကို သေးသေးလေးကတည်းက မွေးခဲ့ပြီး သွေးအင်မော်တယ်အမွေအနှစ်ပြိုင်ပွဲတွင် ၎င်းက သူ့ကို ကာကွယ်ပေးခဲ့သည့်အပြင် သူ့အတွက် သေပေးရန်ပင် တွန့်ဆုတ်မှုမရှိခဲ့ပေ။ သေခါနီးအချိန်တိုင်း သွေးခွေးကြီးသည် သူ့လက်ကို လျက်ဖို့လေးအတွက် အမြဲပြန်လာခဲ့၏။

အတိတ်မှ အဖြစ်အပျက်များက သူ့စိတ်ထဲတွင် ပြေးလွှားသွားသည်။ မန်ဟိုမှာ သူ၏သစ္စာရှိသောသွေးခွေးကြီးကို မည်ကဲ့သို့ မေ့နိုင်မည်နည်း။

သူ ဆုံးဖြတ်ချက် ချလိုက်သည်နှင့် ကြက်တူရွေးက သူ့ကို တအံ့တဩ ကြည့်သည်။

“ရူးနေလားဟေ့ကောင်” ကြက်တူရွေးက စူးစူးဝါးဝါး အော်သည်။ “အဲ့ဒါ ဖောက်ပြန်စိတ်ဝိညာဉ်ကွ။ မိုးနဲ့မြေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်တည်မှု။ ဒီဖောက်ပြန်စိတ်ဝိညာဉ်က သေနေပေမယ့် မင်းနဲ့ သွေးခွေးကြီး လုံးဝမယှဉ်နိုင်တဲ့ဟာကွ”

“လေဟုန်ခွင်းလောကက ဒီလူတွေတောင် ဒီဖောက်ပြန်စိတ်ဝိညာဉ်ကို သုံးနိုင်တယ်" မန်ဟိုက ပြန်ဖြေသည်။ “ငါက ဘာလို့ မသုံးနိုင်ရမှာလဲ” သူသည် ထပ်မံတုံ့မဆိုင်းမနေဘဲ မြေကြီးကို ခြေဆောင့်နင်း၍ မြေထဲ နစ်ဝင်သွားတော့၏။

ကြက်တူရွေးက စူးစူးဝါးဝါး ထအော်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် မန်ဟို့နောက် လိုက်သွားသည်။ အသားဂျယ်လီကလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် လိုက်လာသည်။

“သောက်ကျိုးနည်း ဖောက်ပြန်စိတ်ဝိညာဉ်ကို ပူးကပ်မယ်တဲ့လား” ကြက်တူရွေးက ပွစိပွစိ ပြောနေသည်။ “စားမယ်တဲ့လား။ သူ့နေရာယူမယ်တဲ့လား။ ရူးနေပြီ မန်ဟို မင်းတော့ ရူးနေပြီ။ သွေးခွေးကြီးလည်း ရူးနေပြီ။ လခွမ်း သခင်ငါးလည်း ရူးနေပြီ”

အသားဂျယ်လီလည်း နောက်ကတကောက်ကောက် လိုက်လာရင်း အော်သည်။ “သခင်သုံးလည်း ရူးနေပြီ”

မန်ဟိုက စောစောက နတ်ဘုရားအာရုံဖြင့် ကြည့်ရှုခဲ့သောဘက်သို့ ဦးတည်ရင်း မြေကြီးထဲ ငုပ်လျှိုးနေသည်။

ထိုစဉ် ပြည်ထောင်သုံး၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အင်ပါယာအဝတ်အစားများနှင့် သက်လတ်ပိုင်းလူသည် ရုတ်တရက် မျက်လုံးများ ဖျတ်ခနဲ ဖွင့်လိုက်၏။ သူက အံ့ဩမယုံကြည်နိုင်ဖြစ်ပြီး အမျက်တချောင်းချောင်းထွက်နေသော မျက်နှာထားဖြင့် ထရပ်လိုက်သည်။

“သေစမ်း ဖောက်ပြန်စိတ်ဝိညာဉ်ရဲ့ သွေးသဂြိုဟ်မြေမှာ နတ်ဘုရားအာရုံကို တားမြစ်ထားတဲ့ မန္တန်ဝင်္ကပါတစ်ခု ရှိတယ်။ လျှို့ဝှက်ဝင်ပေါက်ကိုလည်း တာအိုနယ်ပယ်အဆင့်တောင် မြင်နိုင်မှာမဟုတ်ဘူး။ ဒီမန်ဟိုက ... ဘယ်လိုလုပ် တွေ့သွားတာလဲ”

သက်လတ်ပိုင်းလူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူသည် မစဉ်းစားမိလိုက်ဘဲ ရှေ့တစ်လှမ်းတက်လိုက်၏။ သို့သော် ထိုအခိုက်အတန့်မှာပင် သူက တုံ့ခနဲ ရပ်၍ ဖန်လုံးကို မမှိတ်မသုန်ကြည့်လိုက်သည်။ သူ့မျက်နှာကြီး မည်းမှောင်သွားလေသည်။

“သူ့ကို သတ်ပစ် ၊ ခေါင်းကို ငါ့ဆီ ယူလာခဲ့” သူက အေးစက်စက် အမိန့်ပေးသည်။ “သူ ဘယ်လိုလုပ် သွေးသဂြိုဟ်မြေကို မြင်နိုင်သွားတာလဲ စစ်မေးခဲ့”

သူ့အမိန့်များအတိုင်း အနားရှိ ဝတ်ရုံနက်လူဆယ့်ခုနစ်ယောက်ကျော်က လက်ယှက်၍ ပြောလိုက်ကြသည်။ “အစစ်အမှန်တာအိုအတွက်”

ထို့နောက် သူတို့အားလုံး လှည့်၍ ပျောက်ကွယ်သွားကြသည်။

ပြည်ထောင်သုံး၏ မြေကြီးအောက်ထဲတွင် မန်ဟိုသည် သတ်ဖြတ်လိုသောမျက်ဝန်းများ၊ ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် တရိပ်ရိပ် သွားလျက်ရှိ၏။ သူ့အနေဖြင့် ဒဏ်ရာများမှ အပြည့်အဝမသက်သာသေးသော်လည်း ကျင့်ကြံခြင်းအခြေခံ၏ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းကိုတော့ ထုတ်လွှတ်နိုင်သေးလေသည်။ သူသည် အရှိန်တင်ရင်း ပို၍နက်ရှိုင်းသော အနက်ထဲသို့ သွားနေ၏။

အရာအားလုံး ပိတ်ပိတ်ပိန်း မှောင်မည်းနေပြီး မည်သည့်လမ်းကိုမှ မမြင်ရပေ။ နတ်ဘုရားအာရုံဖြန့်ကျက်ကြည့်လျှင်ပင် မြင်ရခြင်းမရှိ။ မကြာမီ သူ့မှာ ကြက်တူရွေးနှင့် အသားဂျယ်လီ၏အကူအညီဖြင့် မြင်ခဲ့ရသော နေရာသို့ ရောက်လာခဲ့ပြီး ရပ်လိုက်၏။

“ဒီအနားတစ်ဝိုက်မှာ ဖြစ်သင့်တယ်... “ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။ သူသည် ကြက်တူရွေးကို လှမ်းကြည့်လိုက်ရာ ၎င်းက တစ်ကောင်တည်း ပွစိပွစိပြောနေရင်း တခဏကြာသော် ရောင်စုံတောက်ပနေသောအလင်းရောင်ကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်၏။ နောက်ဆုံးတော့ မန်ဟိုမှာ နတ်ဘုရားအာရုံဖြင့် သင်္ချိုင်းကို အရှေ့တွင် မြင်လိုက်ရသည်။

သူက ၎င်းကို ကြည့်ပြီး အံတင်းတင်းကြိတ်လိုက်သည်။ ပြည်ထောင်သုံးတွင် ထူးဆန်းသည့်အရာတစ်ခုခု ဖြစ်နေသည်ကို သူ သိရုံတင်မက၊ သူ့ကျင့်ကြံခြင်းအခြေခံမှာ အထွတ်အထိပ်သို့ မရောက်သေးသည်ကိုလည်း ကောင်းကောင်း သိသည်။ ထို့ကြောင့် တိုက်ခိုက်မည်ဆိုလျှင် ... ပြတ်ပြတ်သားသား လုပ်ဖို့ လိုသည်။

သူက မြေကြီးအောက်တွင် ထစ်ချုန်းသံများကို ခပ်အုပ်အုပ်မြည်နေစေရင်း ရှေ့ဆက်သွားနေသည်။ သူသည် မြှားတစ်စင်းသဖွယ် မြေထုကို ထိုးဖောက်၍ ထွက်လိုက်သောအခါ သင်္ချိုင်းထဲ ရောက်မသွားဘဲ မမြင်ရသောအကာအရံအကြီးကြီးတစ်ခုကို ဝင်တိုက်မိလိုက်ကြောင်း တွေ့လိုက်ရ၏။

သူ့ခန္ဓာကိုယ် ၎င်းအား ဝင်ဆောင့်လိုက်သောအခိုက်အတန့်တွင် တန်ပြန်ရိုက်ခတ်မှုက သူ့ကို ထိမှန်၍ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူ့မှာ နောက်ဆုတ်လိုက်ရပြီး အရာအားလုံး တသိမ့်သိမ့် တုန်ခါလာလေပြီ။ အက်ကွဲကြောင်းများက အကာအရံ၏မျက်နှာပြင်တစ်လျှောက် ဖြာထွက်သွားသည်။

တစ်ချိန်တည်းမှာပင် သင်္ချိုင်းထဲရှိ ကျင့်ကြံသူအားလုံး တဝုန်းဝုန်းမြည်သံများကို ကြားလိုက်ရပြီး တုန်ခါနေသည်ကို ခံစားလိုက်ကြရ၏။ သူတို့က သွေးကျင်းများ၏ပတ်ပတ်လည်တွင် စုဝေးလိုက်ကြပြီး သူ့လက်များကို လှီး၍ သွေးတို့ ညှစ်ထုတ်နေသူများက အထိတ်တလန့် မော့ကြည့်လိုက်ကြလေသည်။

တစ်ဆက်တည်းဆိုသလို မျက်နှာများကို ဖုံးထားသော အစောင့်ဝတ်ရုံနက်ကျင့်ကြံသူဒါဇင်ခန့်က ထရပ်၍ အသံထွက်လာသောဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

သင်္ချိုင်း၏အပြင်တွင် မန်ဟိုက အော်လိုက်လေသည်။ “ကြက်တူရွေး”

ကြက်တူရွေးမှာ ဘာလုပ်၍ဘာကိုင်ရမလဲ မသိဖြစ်နေသော်လည်း ဂီးခနဲ အော်လိုက်ရာ ၎င်းထံမှ ဖြာထွက်နေသော ရောင်စုံအလင်းက အကာအရံကို တဟုန်ထိုး ဝင်ဆောင့်လိုက်သည်။

“သခင်ငါး ပြောတာ နားထောင် အခုပွင့်လိုက်စမ်း” ၎င်းက ဟိန်းဟောက်လိုက်သည်။ ရောင်စုံအလင်းက အကာအရံကို ဝင်တိုက်၍ အပေါက်တစ်ပေါက် ချက်ချင်း ပွင့်သွားစေသည်။ မန်ဟိုက တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ အပေါက်ထဲ ခုန်၍ သင်္ချိုင်းထဲသို့ ဝင်လိုက်လေပြီ။

အရာအားလုံးမှာ မယုံနိုင်လောက်အောင် လျင်မြန်လွန်းသည်။ မန်ဟိုလည်း ယင်းကဲ့သို့ ပြတ်ပြတ်သားသား တိုက်ခိုက်ရသည်ကို နှစ်သက်လေသည်။ သူ သင်္ချိုင်းထဲ ဝင်လာလျှင်ချင်း အေးစက်စက် နှာမှုတ်သံများ ပဲ့တင်ထပ်လာပြီး ဝတ်ရုံနက်လူဒါဇင်များစွာက လေပေါ် ပျံတက်လိုက်ကြသည်။ သူတို့၏စွမ်းအားများ တဟုန်းဟုန်းတောက်လာကြပြီး အကုန်လုံး တစ်ပြိုင်တည်း မန်ဟို့ထံ ပျံသန်းလာကြ၏။

မန်ဟိုမှာ ရှေ့တစ်လှမ်းလှမ်းပြီးပြီးချင်း မျက်နှာပျက်သွားသည်။ “သောက်ကျိုးနည်း” သူက တွေးသည်။ “လေဟုန်ခွင်းလောကက အင်မော်တယ်နယ်ပယ်ကိုတောင် ဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတာမလား။ ဒီ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတွေက ဘယ်ကနေ ရောက်လာတာလဲ”

သူက ညာလက်ကို ဝှေ့ယမ်းရင်း နတ်မီးတောက်အဆီအနှစ်အား ဝတ်ရုံနက်ကျင့်ကြံသူများဆီ ရိုက်ခတ်သွားစေသည်။

ဝုန်းခနဲ ကြားလိုက်ရပြီး မန်ဟိုမှာ ပါးစပ်မှ သွေးများစီးကျလျက် နောက်ဆုတ်လိုက်ရသည်။ ဝတ်ရုံနက်ကျင့်ကြံသူများလည်း အနည်းငယ် နောက်ဆုတ်လိုက်ရသော်လည်း သူတို့အားလုံး အနားရောက်လာရန် တခဏသာ ကြာလိုက်၏။

နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများ အသက်ဝင်လာပြီး အတူတကွ ပေါင်းစည်းကာ မန်ဟို့ထံ ပြေးဝင်လာသည်။

မိုးကြိုးဒယ်အိုးအလင်းရောင်က မန်ဟို့မျက်ဝန်းများတွင် ရောင်ပြန်ဟပ်သွားသည်။ ဂျိန်းခနဲ မိုးခြိမ်းပြီး လျှပ်စီးများ ကခုန်သွားသော်လည်း ကံဆိုးစွာနှင့် နေရာပြောင်းအစွမ်းကား အလုပ်မလုပ်ပေ။ မန်ဟို ရင်လေးသွားသည်။ သူက မိုးကြိုးဒယ်အိုးကို သိမ်းရင်း ရှေ့တက်ရန် တွန့်ဆုတ်မနေတော့ဘဲ လာနေသောကျင့်ကြံသူများကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဖယ်ကြစမ်း” သူက နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များကို ပြန်တွန်းလှန်ရင် သူ့အပြင်အားကိုယ်ခွန်အားကို မှီခိုရင်း ဟိန်းဟောက်လိုက်သည်။ သူသည် ညာလက်ဖြင့် အသက်နုတ်လက်သီး၊ ဘယ်လက်ဖြင့် နတ်ဆိုးလက်သီးကို ပစ်သွင်းရင်း သောင်းကျန်းနေသောနဂါးကြီးအလား ထိပ်တိုက်ရင်ဆိုင်လိုက်၏။ လက်သီးနှစ်လုံးစလုံးကား ပြင်းထန်ကြီးမားသော စွမ်းအားများဖြင့် တဝုန်းဝုန်းမြည်လျက်ရှိ၏။ ဝတ်ရုံနက်ကျင့်ကြံသူခုနစ်ယောက်မှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်။ မန်ဟိုက သွေးကျင်းများရှိရာသို့ လျှပ်စီးလို ဦးတည်သွားလေပြီ။

“ရပ်လိုက်” အေးစက်စက်အသံတစ်သံက အော်သည်။ ဝတ်ရုံနက်ကျင့်ကြံသူများက မန်ဟို့လမ်းကို ပိတ်ရန် ရွေ့လျားလာကြပြန်သည်။ သုံးယောက်သည် လက်များကို ဝှေ့ယမ်းလိုက်ကြပြီး အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟို့ထံ ပြေးဝင်သွားသော ပင်လယ်နဂါးများ ပေါ်လာသည်။

“ကိုးပင်လယ်နတ်လောကရဲ့ တာအိုမှော်သိုင်းကွက်” မန်ဟိုမှာ မျက်လုံးအပြူးသားနှင့် ဝတ်ရုံနက်လူများကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူသည် အေးစက်စက် နှာမှုတ်ရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်၏။ မရေမတွက်နိုင်သောတောင်များက တစ်တောင်နှင့်တစ်တောင် တောင်တန်းအဖြစ် ချိတ်ဆက်ရင်း ဝတ်ရုံနက်လူများအပေါ် တဝုန်းဝုန်း ကျသွားသည်။ တစ်ချိန်တည်းမှာပင် သူကား သွေးကျင်းများနှင့် နီးလာနေပြီ။ ဤအခိုက်အတန့်တွင် မီတာသုံးရာခန့်သာ ဝေးတော့သည်။

သင်္ချိုင်းတစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး ဝတ်ရုံနက်လူအတော်များများ သွေးအန်လိုက်ကြရသည်။ သို့သော် သူတို့သည် စိတ်မနှံ့ကြသည့်အလား မန်ဟို့လမ်းကို ပိတ်ရန် ကြိုးစားနေကြဆဲပင်။

ဤတစ်ခေါက်တွင် သူတို့အားလုံး တူညီသောမုဒြာလက်ကွက်ကို ဖော်ရင်း ဆန်းကြယ်သောမှော်အတတ်တစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။

“အစစ်အမှန်တာအိုပေါ်ထွန်းမှု” စကားလုံးများ သူတို့ပါးစပ်မှ ထွက်သွားလျှင်ချင်း ထူးထူးဆန်းဆန်း သဘာဝနိယာမစွမ်းအားတစ်ရပ် ဖြစ်ပေါ်လာသည်။ ၎င်းသည် တစ်နေရာလုံးကို လွှမ်းခြုံလိုက်သော လှောင်ချိုင့်သဖွယ် ပိုက်ကွန်ကြီးအသွင် ပြောင်းသွား၏။ ၎င်း မန်ဟို့ကို အုပ်မိုးတော့မည့်အချိန်မှာပင် သူ့မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး သူက ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်ဖြစ်သွားသည်။ သဘာဝနိယာမပိုက်ကွန် နီးကပ်လာစဉ် သူသည် ရုတ်တရက် ဝတ်ရုံနက်လူတစ်ယောက်၏ရင်ဘတ်ကို ပြေးဆောင့်တိုက်လိုက်၏။ ထိုလူမှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ မီတာ ၁၅၀ ခန့်အထိ ထိုးခွင်းပြီးနောက် မန်ဟိုက လူအသွင်ပြန်ပြောင်း၍ ညာလက်ကို မြှောက်ကာ သူတို့ထံ လက်ညှိုးထိုးလိုက်သည်။

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်

ဤတစ်ကြိမ်တွင် သူ ပြုစားနေသည်မှာ လူတစ်ယောက်တည်းမဟုတ်၊ တစ်ဖွဲ့လုံးအပြင် သူ့အပေါ် ကျဆင်းလာနေသော သဘာဝနိယာမပိုက်ကွန်ကို ဖြစ်သည်။

လက်ညှိုးထိုးခံလိုက်ရရုံလေးနှင့် ဝတ်ရုံနက်လူအားလုံး မလှုပ်နိုင်တော့သည်ကို ခံစားလိုက်ရသည်။ ပိုက်ကွန်ကြီးလည်း ရပ်တန့်သွားသည်။ သို့သော် မန်ဟိုလည်း ကြီးမားသောတန်ရာတန်ကြေးကို ပေးခဲ့ရ၏။ သူ့မှာ သွေးတစ်ပွက်အန်လိုက်ရသော်လည်း တခဏပင် ရပ်တန့်မနေဘဲ မီတာ ၁၅၀ကို လှစ်ခနဲ ဖြတ်ကျော်ကာ သွေးကျင်းတစ်ကျင်းဘေးတွင် ပေါ်လာသည်။

သူက သွေးကျင်းအထက်ရှိ လေထုထံ လက်ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ကျင်းထဲရှိ သွေးအားလုံး မြောက်တက်လာပြီး အရပ်လေးမျက်နှာတွင် တဖွဲဖွဲ ရွာကျသွားသည်။  ကျင်း၏အောက်ခြေတွင် အဘိုးအိုတစ်ယောက်အား မြင်လိုက်ရလေပြီ။

စောစောက အဘိုးအိုသည် သွေးထဲ ငုပ်လျှိုး၍ သွေးများကို စုပ်ယူနေခဲ့သော်လည်း ယခုတွင် နှောင့်ယှက်ခံလိုက်ရရာ မျက်လုံးများ ဖွင့်လိုက်ရ၏။ မူလက သူ့ကျင့်ကြံခြင်းအခြေခံမှာ ဒယ်ဇောက်အိုးရှာဖွေခြင်းအဆင့်ဖြစ်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် အဆင့်တက်နေကြောင်း သိသာပေသည်။ အင်မော်တယ်တံခါး ပေါ်မလာသည့်တိုင် ..... သူကား အင်မော်တယ်နယ်ပယ်တွင် ဖြစ်နေ၏။

အဘိုးအိုက မာန်သွင်းဟိန်းဟောက်၍ မန်ဟို့ကို တိုက်ခိုက်တော့မည့်အချိန် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့ညာလက်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် အဘိုးအို၏လက်ကို ဆုပ်ကိုင်၍ ရက်ရက်စက်စက် ဖြစ်ညစ်လိုက်သည်။ ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံး ကြေမွကုန်သဖြင့် တဂျွတ်ဂျွတ် အရိုးကျိုးသံများနှင့်အတူ သွေးပျက်နေသော အော်သံကြီးအား ကြားလိုက်ရ၏။ ထို့နောက် မန်ဟိုက ကျင်းအောက်ခြေရှိ အပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

သူ ပျောက်သွားသည်နှင့် ယခုလေးတင် သူရှိခဲ့သည့်နေရာကို နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများက တဝုန်းဝုန်း လာရောက်ထိမှန်သည်။ ဝတ်ရုံနက်ကျင့်ကြံသူများကား စွမ်းအားများတဟုန်းဟုန်းတောက်နေလျက် အရပ်လေးမျက်နှာ ပျံသန်းလာနေကြလေပြီ။

မန်ဟိုက သူတို့ ပေါ်လာမည်ကို စောင့်မနေ။ သူသည် ချက်ချင်းပင် အလင်းတန်းအသွင်ဖြင့် အပေါက်ထဲ ဝင်၍ အောက်ရှိ လျှို့ဝှက်အခန်းငယ်နှင့် ဆက်သွယ်နေသော လိုဏ်ခေါင်းထဲ ရောက်သွား၏။

ထိုအခိုက်အတန့်တွင် တောက်ပသောအလင်းရောင်က သင်္ချိုင်းတစ်ခွင် ဖြာထွက်လာသည်။ ဝတ်ရုံနက်ကျင့်ကြံသူများက အကြည့်ချင်းဖလှယ်ကာ သွေးကျင်းအောက်ထဲ ဆင်းသွားသော မန်ဟို့နောက် လိုက်သွားကြတော့သည်။

***

All Chapters