← Chapters

လိုဏ်ခေါင်းထဲ၌ ထိန်းထားခြင်း

Vol. 81 Ch. 1126

လိုဏ်ခေါင်းထဲ၌ ထိန်းထားခြင်း

Vol. 81 Ch. 1126

တစ်ချိန်တည်းမှာပင် ‌ကျန်သွေးကျင်းများမှာလည်း ချိတ်ပိတ်ခံနေရသည့်အလား ဆူပွက်လာသည်။‌ သွေးအခိုးအငွေ့များက လေတွင် တထောင်းထောင်း ထလာပြီးနောက် အသတ်အဖြတ်အရှိန်အဝါများကို ထုတ်လွှတ်လျက် ပျံဝဲနေသော သွေးဓားများအသွင် ပြောင်းသွားသည်။

သွေးဓားမရှိသည့် တစ်ခုတည်းသော ကျင်းက‌တော့ မန်ဟို ယခုလေးတင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီး ၀တ်ရုံနက်ကျင့်ကြံသူများ လိုက်သွားကြသော ကျင်းပင်ဖြစ်သည်။

မန်ဟိုက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ သူ သွေးကျင်းမှ ထွက်လိုက်သောအခါ အောက်ရှိ လျှို့ဝှက်အခန်းသို့ လျှောဆင်းနေသော ရှည်လျားကျဉ်းမြောင်းသည့် လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်သွားကြောင်း တွေ့လိုက်ရသည်။ သူ ထိုလျှို့ဝှက်အခန်းထဲသို့ ၀င်လိုက်ရာတွင် သွေးအလင်းရောင်က သူ့မျက်လုံးများကို ကျိန်းသွားစေ၏။

စိတ်ထဲတွင်တော့ သူ့မှာ သူ့မျက်နှာကို ‌တိုးဝှေ့တိုက်ခတ်လိုက်သည့် မကောင်းဆိုးဝါးအရှိန်အဝါကြောင့် အံ့အားသင့်သွားရလေသည်။ မရေမတွက်နိုင်သော အော်ဟစ်င်ိုကြွေးသံများက သူ၏နားထဲတွင် ပဲ့ထင်ထပ်နေ၏။ တစ်နည်းနည်းဖြင့် အသံများမှာ သူသိသည့် လူတစ်ဦးတစ်ယောက်ချင်းစီနှင့် သက်ဆိုင်နေသည့်အလား ရင်းနှီးနေသယောင် ရှိသည်။

သက်ရောက်မှုက အသံများသာ မဟုတ်။ ကယောင်ချောက်ချား မြင်ကွင်းပေါင်းများစွာလည်း ပေါ်ပေါက်လာပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှာ မြစ်ဝါမြစ်၏ အနက်ရှိုင်းဆုံးထဲသို့ ရောက်ရှိသွားသည့်အလား ပြိုကွဲတော့မတတ်ဖြစ်လာသည်။

သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်လာပြီး သူ့သွေးတို့က ပြောင်းပြန်စီးဆင်းလာ၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ထိန်းချုပ်၍မရနိုင်တော့သည့်အတိုင်းအတာအထိ ပရမ်းပတာဖြစ်သွားလေသည်။ သူက လျှာထိပ်ကို ကပျာကယာ ကိုက်၍ နာကျင်မှုကို အသုံးချရင်း စိတ်နှင့်ကိုယ် ပြန်ကပ်စေလိုက်သည်။ သူ့မှာ မျက်နှာဖြူဖတ်ဖြူရော်နှင့် လိုဏ်ခေါင်းဆီ ချက်ချင်း ပြန်ဆုတ်လိုက်သည့်အခါမှ အဆိုပါခံစားချက်များကို ဖယ်ရှားနိုင်လိုက်လေသည်။

ထိုမျှသာမက လိုဏ်ခေါင်း၏ ဝင်ပေါက်၌ ကြာကြာရပ်နေလျှင်ပင် မကောင်းဆိုးဝါး အရှိန်အဝါက သူ့ကို လွှမ်းမိုးသွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကိုပင် ဆုံးရှုံးရတော့မည့်အလား ခံစားနေရသည်။

အလိုလိုသိစိတ်က သူ၏မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။ သူသည် ဘေးဘီဝဲယာကို အလျင်အမြန်ကြည့်လိုက်ရာ သူ့ကို ၀န်းရံထားသော ရုပ်တုများကို မြင်ရ၏။ ရွှမ်းဝူလိပ်တစ်ကောင်၊ ကြိုးကြာလိပ်တစ်ကောင်နှင့် သမင်တစ်ကောင်ပင် ပါ၀င်သည်။

“သူတို့အားလုံးက ဖောက်ပြန်စိတ်ဝိညာဉ်တွေလား" သူက မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေလျက် တွေးလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများသည် သွေးရောင်ရေခဲပေါ်သို့ ကျရောက်သွားပြီး ၎င်း၏အထဲ၌ ချိတ်ပိတ်ခံထားရသော သွေးရောင်လင်းနို့ကို မြင်လိုက်ရ၏။

မကောင်းဆိုးဝါးအငွေ့အသက်များကား အဆိုပါသွေးရောင်ရေခဲတုံးနှင့် ထို့အထဲရှိ သွေးရောင်လင်းနို့ထံမှ ထွက်လာနေခြင်းဖြစ်သည်။ ၎င်းက ဤနေရာရှိ မကောင်းဆိုးဝါး၏အရင်းအမြစ် ဖြစ်သယောင်ပင်။

ကြက်တူရွေးနှင့် အသားဂျယ်လီကလည်း မျက်နှာအမူအရာများ ရိပ်ခနဲဖြစ်လျက် ဘေးဘီဝဲယာကို ကြည့်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် မန်ဟို၏သိုလှောင်အိတ်ထဲမှ ဟောင်သံတစ်သံ ထွက်လာ၏။ သွေးရောင်မျက်နှာဖုံးက ပျံထွက်လာပြီး သွေးအလင်းရောင်ကို ဖြန့်ကျက်လျက် လေလယ်တွင် ပျံဝဲနေသည်။ အဆိုပါသွေးအလင်းရောင်က နောက်ဆုံးတော့ သွေးခွေးကြီး နိုးထလာခဲ့ပြီဖြစ်ကြောင်း ညွှန်ပြနေ၏။

သွေးခွေးကြီးသည် ထွက်လာပြီး မန်ဟို့ကို အလွန်တွယ်တာနေသော အကြည့်ဖြင့် လှည့်ကြည့်သည်။ ထိုအကြည့်မှာ ၎င်းပေါက်စလေးတုန်းက သူ့ကို ကြည့်ခဲ့သော အကြည့်ပင် ဖြစ်သည်။ ၎င်း၏ကမ္ဘာတွင် မန်ဟိုက ၎င်း၏သခင်၊ ၎င်း၏မိသားစု၊ ၎င်းအသက်ရှင်နေရသည့် အကြောင်းအရင်းတစ်ခုလုံးဖြစ်သည်။

သူ့ကို လှည့်ကြည့်ပြီးနောက် ၎င်း၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားပြီး ၎င်းက ဟောင်လိုက်သည်။ ထို့နောက် ၎င်းသည် ရေခဲတုံးထဲသို့ ပြေး၀င်သွားသော သွေးအလင်းတန်းတစ်တန်းအသွင် ပြောင်းသွားပြီး ထိုအထဲရှိ ဖောက်ပြန်စိတ်ဝိညာဉ်ကို ပူးကပ်၍ ၎င်း၏နေရာကို ယူရန် ကြိုးစားလေ၏။

အကယ်၍ ရှုံးများရှုံးခဲ့လျှင် ၎င်း‌ သေရလိမ့်မည်။

သို့သော် နိုင်ခဲ့လျှင်တော့ ဖောက်ပြန်စိတ်ဝိညာဉ်တစ်ကောင်ဖြစ်လာလိမ့်မည်။

ဤဖောက်ပြန်စိတ်ဝိညာဉ်မှာ အတိုင်းထက်အလွန် အားနည်းနေပြီး သေဆုံးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့်အတွက်ကြောင့်သာမဟုတ်လျှင် သွေးခွေးကြီးအနေဖြင့် အောင်မြင်နိုင်ချေမရှိချေ။ ဤအခြေအနေပင်လျှင် အခွင့်အရေးရှိနိုင်ကြောင်း ဘယ်သူမှ မပြောနိုင်။

ကံကောင်းထောက်မစွာဖြင့် သွေးခွေးကြီးသည် ‌သွေးမှ မွေးဖွားလာသော သွေးဝိညာဉ်ဖြစ်သည့်အတွက် သွေးလင်းနို့နှင့် ဇစ်မြစ်တူနေရာ အခွင့်အရေးအနည်းငယ် ရှိလေသည်။ ‌

ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး သွေးရောင်ရေခဲတုံးမှာ တဆတ်ဆတ် တုန်ခါနေသည်။ ထူးဆန်းသော ဟိန်းဟောက်သံများနှင့် အကြိတ်အနယ် တိုက်ခိုက်နေသံများက ပဲ့တင်ထပ်နေ၏။ သွေးများ မန်ဟို့ပါးစပ်မှ စီးကျလာပြီး သူက အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူ့အနေဖြင့် သွေးခွေးကြီး ဖောက်ပြန်စိတ်ဝိညာဉ်ကို ပူးကပ်နိုင်ရန် ကူညီပေးနိုင်သော အခြေအနေတွင်မရှိသည့်အပြင် သူ တတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းကို ကာကွယ်ပေးရုံသာ ဖြစ်သည်။

အောင်မြင်မည့်ကံတရားက သွေးခွေးကြီးအပေါ် မူတည်၏။ မန်ဟို့အပေါ်မဟုတ်။

ထိုမျှသာမက မန်ဟိုမှာ ဤ‌နေရာတွင် နေ၍မရ။ ထွက်သွားမှ ဖြစ်လိမ့်မည်။ ကြာကြာနေလျှင် မကောင်းဆိုးဝါးအငွေ့အသက်များ၏ လွှမ်းမိုးခြင်းခံရပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားလိမ့်မည်။

ထို့အပြင် သူ့အနောက်ရှိ လိုဏ်ဂူကို ဖြတ်၍လာနေသော ၀တ်ရုံနက်ကျင့်ကြံသူများ၏အသံကိုလည်း ကြားနေရသည်။

သူက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး ကြက်တူရွေးနှင့် အသားဂျယ်လီကို လှမ်းကြည့်လိုက်သည်။ ကြက်တူရွေးသည် သူ့အကြည့်ကို ချက်ချင်းနားလည်လိုက်၏။

၎င်းက တွ့န်ဆုတ်နေပြီးနောက် ဂီးခနဲ အော်လိုက်သည်။

"အစွမ်းကုန်ထုတ်ဖို့ အချိန်ကျပြီ။ လခွမ်းထဲမှ သခင်ငါးလုပ်ပေးမယ်။ မန်ဟို မင်း ငါ့အပေါ် ဒီတစ်ခေါက်တော့ အကြွေးအကြီးကြီး တင်သွားပြီနော်။ အဘိုးအိုသုံး ဒီကိုလာပြီး ငါ့ကို ကူညီပေးစမ်း" ကြက်တူရွေးက တောင်ပံနှစ်ဖက်ကို တဖျတ်ဖျတ် ခတ်လိုက်ရာ မရေမတွက်နိုင်သော ရောင်စုံအလင်းများ ပျံထွက်သွားပြီး သွေးရောင်ရေခဲတုံးအား ဖုံးလွှမ်းသွားသည်။

အသားဂျယ်လီမှာ အခြေအနေနှင့်ပက်သက်၍ သိပ်နှစ်မြို့ပုံမပေါ်သော်လည်း ပျံသန်းလာပြီး ကြက်တူးရွေးကို ၎င်းအား ဆုပ်ကိုင်စေလိုက်သည်။ ၎င်းတို့တစ်သားတည်းဖြစ်သွားပြီးနောက် ထူးဆန်းသော တာအိုမှော်သိုင်းကွက်တစ်ခုက ၎င်းတို့အား သွေးခွေးကြီးကို ကူညီ၍ အောင်မြင်နှုန်းကို မြင့်တက်သွားစေသည်။

"သခင်ငါးရဲ့ အကူအညီနဲ့တောင်မှပဲ အောင်မြင်နိုင်ခြေက သူ့ကံတရားအပေါ် မူတည်တယ်" ကြက်‌တူရွေးက ဟိန်းဟောက်လိုက်သည်။

"ကျေးဇူးတင်ပါတယ်" မန်ဟိုက ပြောသည်။ "မင်းတတ်နိုင်တာ အကုန်လုပ်ခဲ့ပြီးပြီပဲ။ ကျန်တာတွေအကုန်လုံးက သူ့အပေါ် မူတည်လိမ့်မယ်။ ငါကတော့ များများစားစား မကူညီပေးနိုင်ဘူး။ ဒါပေမဲ့ ၀င်လာတဲ့လူတွေကို တားပြီး မနှောင့်ယှက်အောင် ကူညီပေးနိုင်တယ်" သူက သွေးခွေးကြီး ၀င်ရောက်ပျောက်ကွယ်သွားခဲ့သော ရေခဲတုံးအား နောက်ဆုံးတစ်ချက် ကြည့်ပြီး‌နောက် လှည့်၍ လျှို့ဝှက်အခန်းမှထွက်ပြီး လိုဏ်ခေါင်းထဲသို့ ၀င်ရောက်လိုက်သည်။

မကောင်းဆိုးဝါးအရှိန်အဝါက သူ့အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိသေးသော်လည်း သူ့အနေဖြင့် ၎င်းကို အချိန်တစ်ခုအထိ ဖိနှိပ်ထားနိုင်လေသည်။ မှန်ပါသည်။ မန်ဟို ထိုသို့လုပ်နိုင်လျှင် ၀တ်ရုံနက်ကျင့်ကြံသူများလည်း ထိုသို့လုပ်နိုင်သည်။

သူ့အနေဖြင့် သူတို့ကို လျှို့ဝှက်အခန်းထဲသို့ ၀င်ခွင့်ပြု၍ မစွန့်စားလိုပေ။ သူတို့၏ အပြုအမူများက သွေးခွေးကြီး၏ကျရှုံးမှုကိုပင် ဦးတည်စေနိုင်မည်လား မသိနိုင်။

သူသည် သွေးခွေးကြီးကို အလွန်တရာဂရုစိုက်သည့်အတွက် မည်သည့်ဆုံးဖြတ်ချက်ကိုမှ ပေါ့ပေါ့လေး မချပေ။ အသေချာဆုံးရွေးချယ်မှုကတော့ ရန်သူကို လိုဏ်ခေါင်းထဲတွင် ထိန်းထားပေးရန် ဖြစ်သည်။

သွေးသင်္ဂြိုလ်မြေ၏ ဖွဲ့စည်းပုံတစ်ခုလုံးတွင် ‌အပေါ်ရှိ သင်္ချိုင်းကြီးနှင့် အောက်ရှိ လျှို့ဝှက်အခန်းငယ်ဟူ၍ နှစ်ပိုင်းပါရှိ၏။ ၎င်းတို့ကို မန်ဟိုလက်ရှိရောက်နေသော ဤလိုဏ်ခေါင်းက ဆက်သွယ်ပေးထားလေသည်။ သူသည် ၀တ်ရုံနက်ကျင့်ကြံသူများ သူ့အနား ရောက်လာနေပြီကို မြင်လိုက်ရ၏။

သူက သတ်ဖြတ်လိုစိတ်များ မျက်လုံးများတွင် တောက်ပနေလျက် တခဏပင် တုံ့ဆိုင်းမနေဘဲ တိုက်စစ်ဆင်တော့သည်။

“သွေးခွေးကြီး မင်းက ငါ့ကို ထပ်ခါတလဲလဲ ကာကွယ်ပေးခဲ့တယ်။ အခု ... ငါ မင်းကို ကာကွယ်ပေးရမယ့် အချိန်ရောက်လာပြီ” သူက ခပ်တိုးတိုး ပြောလိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး လူသတ်ငွေ့များက သူ့ထံမှ ပျံ့လွင့်လာ၏။ သွေးခွေးကြီး ဖောက်ပြန်စိတ်ဝိညာဉ်ကို ပူးကပ်နိုင်မည်လား၊ မည်မျှကြာကြာ ထိုသို့လုပ်နိုင်မည်လဲ သူ မသိပေ။ သို့သော် တစ်ခုတော့ သိသည်။ လောလောဆယ်တွင် ပြေးစရာနေရာမရှိသလို၊ သူ့တွင်လည်း ပြေးလိုစိတ်မရှိပေ။

သူက အသက်ပြင်းပြင်းရှူကာ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အင်မော်တယ်အကြောများအား သက်ဝင်လှုပ်ရှားလာစေသည်။ ထို့နောက် တိုက်ခိုက်နေသည့် ဝတ်ရုံနက်ကျင့်ကြံသူများအား ချွန်မြနေသောမြှားတစ်စင်းသဖွယ် ထိုးခွင်းသွားလေသည်။

လိုဏ်ခေါင်းသည် သိပ်မကြီးမား၍ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များ ထုတ်လွှတ်ဖို့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ၏။ မန်ဟိုသာ အထွတ်အထိပ်အခြေအနေတွင် ဆိုလျှင် ဒါဇင်အနည်းငယ်လောက် သတ်ဖို့ ပြဿနာရှိမည်မဟုတ်ပေ။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပုံမှန်၏ ခြောက်ဆယ်ရာခိုင်နှုန်းသာ ရှိသည့်အတွက် တိုက်ခိုက်ရခက်နေစေသည်။

၎င်းသည် ခက်ခဲသောအလုပ်ဖြစ်သော်လည်း သူကား အက်ရှလွန်စာရင်းဝင်တစ်ဦး ဖြစ်ရုံသာမက အင်မော်တယ်ဧကရာဇ်ဆင့်ဖြစ်ပေ၏။ သူသည် သာမန်ရှေးဟောင်းနယ်ပယ်ပညာရှင်များ အလွယ်တကူရှုပ်မရသည့် လူမျိုးပင်။ သူ တိုက်ခိုက်လိုက်သဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။ သွေးမိစ္ဆာခေါင်းတစ်ခေါင်း အကောင်အထည်ဖြစ်ပေါ်လာပြီး နတ်မီးတောက်အဆီအနှစ်သည် အရပ်လေးမျက်နှာတွင် တဟုန်းဟုန်း တောက်လောင်နေ၏။

“မင်းတို့က လေဟုန်ခွင်းလောက ကျင့်ကြံသူတွေ မဟုတ်ဘူး” သူက ဝတ်ရုံနက်ကျင့်ကြံသူများအကြား လျှပ်စီးလိုဖြတ်သွားရင်း အော်ပြောသည်။ သူ့ညာလက်က သူတို့ထဲမှ တစ်ယောက်၏ခေါင်းကို ဆုပ်ကိုင်၍ သွေးမိစ္ဆာမဟာမှော်သိုင်းကို ထုတ်လွှတ်လိုက်သည်။ သို့သော် စုပ်ယူခြင်းစွမ်းအားက ထိုလူ့အပေါ် မသက်ရောက်နိုင်ပေ။

ဝတ်ရုံနက်မှာ စုတ်ပြတ်သွားရင်း ခေါင်းထိပ်တစ်ခုလုံး အသားနီလန်၍ သွေးသံရဲနေသော လူငယ်တစ်ယောက်ကို ဖော်ပြလိုက်သည်။ သူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် အော်လေသည်။ “ငါတို့ တာအိုတွေက မတူဘူး။ မင်းရဲ့တာအိုက မှားတယ်၊ ငါတို့တာအိုကမှ အစစ်အမှန်၊ မင်း ငါတို့ကို ဘာမှမလုပ်နိုင်ဘူး…. ငါတို့ဟာ အစစ်အမှန်တာအိုအတွက် ရှင်သန်တယ်၊ အစစ်အမှန်တာအိုအတွက် သေတယ်”

သူက တဟားဟားရယ်ရင်း သေဆုံးပျောက်ကွယ်သွားလေသည်။

မန်ဟို့နှလုံးသား တုန်ရီသွားသည်။ ထို့နောက် ဝတ်ရုံနက်ကျင့်ကြံသူနောက်တစ်ယောက် သူ့အရှေ့တွင် ပေါ်လာ၍ သူက အသက်နုတ်လက်သီး ပစ်သွင်းလိုက်သည်။ အုန်းးးးးးးး... သူ့ရန်သူမှာ တုန်ရီသွားပြီး သွေးအန်လိုက်ရ၏။

သူ့မျက်နှာဖုံးပျက်စီးသွားဖြင့် သူ့မျက်နှာပေါ်လာသည်။ သူသည် အံ့ဩဖွယ်ကောင်းစွာနှင့် နဖူးပေါ်တွင် အကြေးခွံတစ်ခုရှိသော သက်လတ်ပိုင်းလူဖြစ်၏။ မိစ္ဆာကျင့်ကြံသူ။

“အစစ်အမှန်တာအိုအတွက်” သူက ဟစ်ကြွေးပြီးနောက် တစစီ ပေါက်ကွဲမသွားခင် အရူးကြီးသဖွယ် ရယ်နေခဲ့လေသည်။

ကျန်ဝတ်ရုံနက်ကျင့်ကြံသူများကား မျက်နှာအမူအရာပြောင်းလဲခြင်းမရှိသလို၊ စကားလည်း မပြောကြပေ။ သို့သော် သူတို့၏တိုက်ကွက်များက ရက်စက်လာရာ လေပြင်းများက မန်ဟို့ကို ရိုက်ခတ်နေတော့သည်။ ရုတ်တရက် ပင်လယ်နဂါးကိုးကောင်းသည် ပါးစပ်ကြီးဖြဲလျက် သူ့ထံ ဟိန်းဟောက်ဝင်ရောက်လာကြ၏။

မန်ဟိုမှာ တိုက်ခိုက်လေလေ ၊ အံ့အားသင့်လေလေ ဖြစ်နေသည်။ ဤဝတ်ရုံနက်ရန်သူများထံမှ အလွန်ထူးဆန်းသောခံစားချက်ကို ရနေလေသည်။

သူက မျက်မှောင်ကြုတ်ရင်း ဝတ်ရုံနက်ကျင့်ကြံသူများအား တွန်းထုတ်ပစ်လိုက်သည့် ဖိအားကို ချက်ချင်း ထုတ်လွှတ်ပေးသော ပါရာဂွန်တံတားအား ဆင့်ခေါ်လိုက်သည်။ မန်ဟိုသည် ဖမ်းဆုပ်သည့်လက်ဟန်လုပ်လိုက်ရာ သူ့လက်ထဲတွင် အရိုးထိပ်လှံတံ ပေါ်လာ၏။ သူက ဝတ်ရုံနက်ကျင့်ကြံသူတစ်ယောက်၏နဖူးထံ စိုက်ချလိုက်သည်။ မျက်နှာဖုံးစွပ်မှာ စုပ်ပြတ်သွားရင်း အမျိုးသမီးတစ်ယောက်ကို ဖော်ပြလိုက်သည်။ သူမသည် သေရတော့မည့်တိုင် ကြောက်ရွံ့မှုအနည်းငယ်မျှ မရှိပေ။

“အစစ်အမှန်တာအိုအတွက်” သူမက မပေါက်ကွဲခင် အေးစက်စက် ပြောသွား၏။

မန်ဟို့ဆံပင်မွှေးများ ထောင်သွားသည်။ ဤအခိုက်အတန့်တွင်မှ ဤလူများ မည်သူလဲ မသိလျှင်တော့ သူ့အား ဖန်မျိုးနွယ်စု၏ ဉာဏ်များသောအိမ်ရှေ့မင်းသားဟု ခေါ်ဖို့ မထိုက်တန်တော့ပေ။ သူသည် သူတို့၏ကျင့်ကြံခြင်းအခြေခံများကို မြင်သည်နှင့် ပြည်ထောင်ကိုးသို့ ရောက်ရောက်ချင်း ကျန်းတောက်ဇီ ပေးခဲ့သော “သတိပေးချက်” ကို ရုတ်ခြည်း ပြန်တွေးမိလိုက်၏။

ရေတံခွန်၏အနောက်မှ မိစ္ဆာမန်တျာ-ညှို့ငင်ဖမ်းစားသိုင်းကို မြင်တွေ့ပြီးနောက် သူသည် နတ်မျက်လုံးဖြင့် ရေတံခွန်နောက်က ပုဂ္ဂိုလ်ကို ကြည့်ခဲ့ရ၏။

ထိုအချိန်ကတည်းကပင် သူ့မှာ သို့လောသို့လော တွေးစပြုခဲ့သည်။ နောက်ပိုင်း ကျင့်ကြံသူအားလုံး သူတို့၏အလိုရမ္မက်များအတွင်း နစ်မွန်းနေခဲ့ကြသည်ကို မြင်သော် လေဟုန်ခွင်းလောကအတွင်း နစ်မျောသွားနိုင်ခြေရှိကြောင်း သူ သတိထားမိလာသည်။ ထို့နောက် .... ထွက်မသွားတော့ဘဲ လေဟုန်ခွင်းလောကထဲတွင်သာ နေခဲ့၍လည်းရကြောင်း သဘောပေါက်လိုက်၏။

ထိုစဉ်တုန်းက သူ့မှာ ၎င်းကို ဖြစ်နိုင်ခြေအဖြစ်သာ တွေးခဲ့သည်။ ယခုတွင် ဤဝတ်ရုံနက်လူများအား ရင်ဆိုင်ရသောအခါ မန်ဟိုမှာ သူ၏သံသယများကို အတည်ပြုနိုင်လိုက်တော့သည်။

“မင်းတို့တွေက ... တောင်ပင်လယ်လောကက ကျင့်ကြံသူတွေပဲ” သူက ဟိန်းဟောက်လိုက်သည်။ “မင်းတို့က လေဟုန်ခွင်းလောကကို လာခဲ့ကြပြီး မင်းတို့ရဲ့အလိုရမ္မက်တွေထဲမှာ မင်းတို့ကိုယ်မင်းတို့ ဆုံးရှုံးလိုက်ရတဲ့ အရင်မျိုးဆက်လူတွေ။ အဆုံးသတ်မှာ မင်းတို့က ထွက်မသွားဖို့ ရွေးချယ်ခဲ့ကြတာပဲ”

ဝတ်ရုံနက်ကျင့်ကြံသူများက ဘာမှမတုံ့ပြန်၊ သူ့ကို ကြည့်ရုံသာ ကြည့်၍ ပြောလိုက်ကြသည်။ "အစစ်အမှန်တာအိုအတွက်”

သူတို့အသံများက တည်ငြိမ်နေပြီး မန်ဟို့ကို တုန်လှုပ်သွားစေသော ထူးထူးဆန်းဆန်းစွမ်းအားပင် ပါရှိနေသယောင်ပင်။ ထို့နောက် ဝတ်ရုံနက်လူများက တိုက်ခိုက်လိုက်ကြသည်။

တဝုန်းဝုန်းပေါက်ကွဲသံများ ဆူညံသွားသည်။ မန်ဟို့မျက်လုံးများ နီရဲသွားပြီး သူ့အဝတ်အစားများ ရန်သူ့သွေးတို့ဖြင့် ညစ်ထေးနေသည်။ ထိုစဉ် အပေါ်ရှိ သင်္ချိုင်းထဲတွင် အရိပ်ဆယ့်ခုနစ်ခု ပေါ်လာသည်။ ဤလူများသည် အင်ပါယာအဝတ်အစားများနှင့်အတူ လွှတ်လိုက်သောလူများ ဖြစ်၏။ အနက်ရောင်မျက်နှာဖုံးစွပ်များက သူတို့မျက်နှာများကို ဖုံးကွယ်ထားပြီး ခေါင်းဆောင်နေရာရှိ လူ၏ကျင့်ကြံခြင်းအခြေခံထံမှ ဖြာထွက်နေသော လှိုင်းဂယက်များအရ သူ့တွင် မီးငြိမ်းဝိညာဉ်မီးအိမ်ဆယ်လုံး ရှိကြောင်း ထင်ရှားသည်။

ထိုလူ စကားပြောလိုက်စဉ် သူ့အသံသည် မယုံနိုင်လောက်အောင် ရှေးဆန်နေ၏။ “ဧကရာဇ်ရဲ့အမိန့်တွေကို နာခံစေ၊ မန်ဟို့ကို သတ်၊ ကိုယ့်နေရာကိုယ်ပြန်ယူ၊ သွေးသန့်စင်ခြင်း ပြန်စကြ”

ရုတ်တရက် သွေးကျင်းအားလုံး ကြောက်စရာကောင်းလောက်အောင် ဆူပွက်လာသည်။ ၎င်းတို့အပေါ်တွင် ပျံဝဲနေသော သွေးဓားများက ဝတ်ရုံနက်ခေါင်းဆောင်ထံ ပျံသန်းလာပြီး သူ့ကို လှည့်ပတ်ပြီးနောက် စီတန်းကာ မန်ဟို့ထံ ဦးတည်ရင်း လိုဏ်ခေါင်းထဲ ထိုးဆင်းသွားကြတော့သည်။

***

All Chapters