ခင်ဗျားက ကျုံးဝူရပဲ
Vol. 81 Ch. 1127
သွေးဓားများ လေကို ခွင်းသွားသည်နှင့်တစ်ချိန်တည်းဆိုသလို ကျင်း ၉၉ ကျင်းထဲ၌ ပလုံစီထနေသော သွေးများသည် ရုတ်တရက် အောက်သို့ ကျဆင်းသွားပြီး ကျင့်ကြံသူ ၉၈ ယောက်အား ဖော်ပြလိုက်၏။
တစ်ဦးတစ်ယောက်ချင်းစီမှာ အဘိုးအိုများ ဖြစ်ကြပြီး မကောင်းဆိုးဝါးဆန်သော သွေးအလင်းရောင်များကို ထုတ်လွှတ်နေကြသည်။ ရုတ်တရက် သူတို့၏မျက်လုံးများ ပွင့်လာ၍ မြင်လိုက်ရသည့်အရာမှာတော့ သာမန်မျက်ဝန်းများ၏ ရှင်းလင်းပြတ်သားနေမှုကို မဟုတ်ဘဲ နောက်ကျိနေသောသွေးအလင်းရောင်ကိုပင်။ သူတို့မှာ အမိန့်ပေးသည့်အတိုင်း အလိုအလျောက် လိုက်နာသော ရုပ်သေးရုပ်များဖြစ်သွားခဲ့ကြသည့်အလား ၊ အသိစိတ်ပင် မရှိတော့သည်သာမက သူတို့ကိုယ်သူတို့ပင် မသိတော့သည့်ပုံပေါ်သည်။
ထိုအဘိုးအိုများထဲမှ တစ်ယောက်ကား ယခင်ကဲ့သို့ ဉာဏ်များပါးနပ်ပုံမရတော့သော ကျန်းတောက်ဇီဖြစ်သည်။ သို့သော် သူသည် ရှေးကျအိုမင်းနေခြင်းလည်း မရှိတော့ဘဲ ပျိုမြစ်မှုတို့ဖြင့် သန်စွမ်းနေဟန်တူ၏။
သူတို့အားလုံး အသက်စရှူလိုက်ကြပြီး ရှူထုတ်လိုက်သောအခါ သူတို့ပတ်ဝန်းကျင်ရှိ မကောင်းဆိုးဝါးအငွေ့အသက်များမှာ တိုးပွားသွားသယောင် ထင်ရသည်။
“ကျူးကျော်သူမန်ဟို့ကို သတ်ပစ်ကြ” ဝတ်ရုံနက်ခေါင်းဆောင်က အက်ကွဲကွဲ ဩရှရှအသံဖြင့် ပြောသည်။ ချက်ချင်းပင် သွေးရောင်ကျင့်ကြံသူ ၉၈ ယောက်သည် ဟိန်းဟောက်၍ လေပေါ် ပျံတက်လာကြ၏။ လက်ရှိအချိန်တွင် သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ ဒယ်ဇောက်အိုးရှာဖွေခြင်းအဆင့်တွင် မဟုတ်တော့၊ စိတ်ဝိညာဉ်နယ်ပယ်မှာတက်၍ အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်သွားခဲ့ကြလေပြီ။
သူတို့မှာ ယခုလေးတင်မှ အဆင့်တက်ခဲ့ကြသော်လည်း သူတို့ကို ဝန်းရံထားသည့် မကောင်းဆိုးဝါးအရှိန်အဝါများက သူတို့ကို အတိုင်းထက်အလွန် ချောက်ချားဖွယ်ကောင်းနေစေသည်။ အဘိုးအို ၉၈ ယောက်သည် မန်ဟို ရှိသည့် ကျင်းထံသို့ လေဟုန်ခွင်းသွားကြသော သွေးရောင်အလင်းတန်းများ ဖြစ်သွားကြ၏။
“မင်းတို့တွေလည်း အထဲဝင်ကြ” ဝတ်ရုံနက်ခေါင်းဆောင်က သူနှင့်အတူ လိုက်လာခဲ့သောလူများကို ပြောလိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် ဝါးခနဲ ဝါးခနဲ ပျောက်သွားကြသည်။
ဝတ်ရုံနက်ခေါင်းဆောင်က နောက်ဆုံးကျန်ခဲ့သူဖြစ်သည်။ သူ့မျက်နှာကိုသော်လည်းကောင်း၊ သူ့မျက်နှာအမူအရာကိုသော်လည်းကောင်း မမြင်ရသည့်တိုင် သူသည် အတွေးထဲ ခေတ္တနစ်မြောနေဟန်တူပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင်အလင်းအား ဖြာထွက်သွားစေ၏။ ၎င်းက တစ်နေရာလုံးကို အဝင်အထွက်ပိတ်နေသကဲ့သို့ လွှမ်းခြုံသွားသည်။
ဤသို့လုပ်ပြီးသော် ဝတ်ရုံနက်ခေါင်းဆောင်သည် မန်ဟို ရှိသော ကျင်းဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွား၏။
“နဝမတောင်၊ နဝမပင်လယ် ၊ ပြည်ထောင်ကိုးရဲ့ မန်ဟို ....” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့ပုံစံကား အတိတ်ကို ပြန်ပြောင်းသတိရနေသယောင်ပင်။ ထို့နောက် သူက သက်ပြင်းချလိုက်သည်။
သင်္ချိုင်းအောက်က လိုဏ်ခေါင်းထဲတွင် မန်ဟိုသည် ခေါင်းနောက်လှန်၍ ကြိမ်းဝါးရင်း လက်နှစ်ဖက်လုံးဖြင့် လက်သီးတစ်ချက်ပစ်သွင်းကာ ဝတ်ရုံနက်ကျင့်ကြံသူပထမအသုတ်မှ နောက်ဆုံးကျန်ရှိသူများကို သတ်ပစ်လိုက်၏။
ဤတိုက်ပွဲမှာ သူ၏ကျင့်ကြံခြင်းအခြေခံခြောက်ဆယ်ရာခိုင်နှုန်းဖြင့်သာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ရန်သူဒါဇင်များစွာကို ထိုကဲ့သို့ အနိုင်ယူရန်မှာ အနည်းဆုံးတော့ ခက်ခဲ၏။ လောလောဆယ်တွင် သူ့မှာ သွေးအန်နေရပြီး မျက်နှာဖြူဆုပ်နေသည်။ သူက ခေါင်းကို ဆတ်ခနဲ ထောင်၍ လိုဏ်ခေါင်းဝကို မော့ကြည့်လိုက်ရာ ရဲတောက်နေသောအလင်းရောင်ကို မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သွေးနီရောင်ဓားပျံများက သူ့ထံသို့ တရွှီးရွှီး လာနေကြလေပြီ။ မကောင်းဆိုးဝါးအငွေ့အသက်များနှင့် ကျင့်ကြံသူ ၉၈ ယောက်လည်း နောက်မှလိုက်လာ၏။ သူတို့၏မျက်လုံးနီနီကြီးများ သူ့ကို မြင်လိုက်သည်နှင့် သူတို့သည် သားရဲတိရစ္ဆာန်များသဖွယ် ဟိန်းဟောက်ရင်း သူ့ဆီ ချီတက်လာကြလေသည်။
မန်ဟိုမှာ ဓားပျံများတွင် အသိစိတ်ရှိကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးပြူးသွားသည်။ ဓားများနှင့်ကျင့်ကြံသူများမှာ သွေးရောင်ရေခဲတုံးဖြစ်သည့် စွမ်းအားအရင်းအမြစ်ကြောင့် ယခုလို လှုပ်ရှားနေနိုင်ပုံရသည်။
မန်ဟိုက မျက်မှောင်ကြုတ်ပြီးနောက် ဟမ့်ခနဲ အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့ဘယ်မျက်လုံးထဲရှိ ကြယ်ကျောက်ခဲက အရည်ပျော်ရင်း သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းကာ သူ့အား ဂြိုဟ်တစ်လုံးအသွင်ပြောင်းသွားစေသည်။ ထို့နောက် သူသည် တဂျိန်းဂျိန်း ထစ်ချုန်းပဲ့တင်ထပ်နေစေရင်း လာနေသောဓားပျံများထံ ပျံသန်းသွား၏။
သူက လိုဏ်ခေါင်းအပြည့်နီးပါး နေရာယူရင်း ကြယ်ပျံကြီးသဖွယ် တဟုန်ထိုးဝင်သွားလေသည်။ သူ ဓားပျံများကို ဝင်တိုက်လိုက်သည့်အခါ ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထပ်သွားပြီး ၎င်းတို့မှာ သွေးရောင်ကျင့်ကြံသူများထံသို့ လည်ထွက်သွားကြသည်။ လိုဏ်ခေါင်းတစ်ခေါင်းလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေသည်။ သွေးရောင်ကျင့်ကြံသူများမှာ အရေအတွက်များသော်လည်း လိုဏ်ခေါင်းက ကျဉ်းမြောင်းလှသည့်အတွက် လူစုခွဲ၍ ရှောင်မရလေရာ မန်ဟို့အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်း၏စွမ်းအားအပြည့်အဝဖြင့် ချက်ချင်း ဆောင့်တိုက်ခံလိုက်ရတော့သည်။
၎င်း ကျင့်ကြံသူများကို ဆောင့်တိုက်လိုက်သည့်အခါ သွေးများ လွင့်စင်သွားပြီး အကုန်လုံး တစစီဖြစ်ကုန်သည်။ သို့သော် ဤအခိုက်အတန့်တွင် ဝတ်ရုံနက်လူ ဆယ့်ခုနစ်ယောက်က မုဒြာလက်ကွက်များဖော်ရင်း ရောက်လာခဲ့လေပြီ။
သူတို့က လက်ချောင်းများကို မန်ဟို့ထံ ဝှေ့ယမ်းရင်း ဟိန်းဟောက်လိုက်ကြသည်။ “ကြယ်တာရာ-သုတ်သင်ခြင်း မိုးကြိုးတာအို"
စကားလုံးများ သူတို့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဂျိန်းခနဲ မိုးခြိမ်းသံအား ကြားလိုက်ရသည်။ ထို့နောက် ဝတ်ရုံနက်လူများမှ မိုးကြိုးတန်းဆယ့်ခုနစ်တန်း ထွက်လာပြီး လေလယ်တွင် စုပေါင်းကာ တစ်တန်းတည်းသော ခရမ်းရောင်မိုးကြိုးတန်းကို ဖော်ဆောင်လိုက်ကြ၏။
၎င်းက ပေါ်လာလျှင်ချင်း ကြီးမားသောနှင်ထုတ်အားကို ထုတ်လွှတ်လိုက်သည်။ နှင်ထုတ်အားကား မိုးနှင့်မြေကို ငြင်းပယ်နှင်ထုတ်နိုင်သည်အထိ၊ သဘာဝနိယာမများကို ပစ်ပယ်နိုင်သည်အထိ ၊ အနှစ်သာရကို ဆန့်ကျင်နိုင်သည်အထိ အင်အားကြီးမားပုံရသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာလောကကလည်း အဆိုပါနုင်ထုတ်အားကို ငြင်းဆန်၍ နှင်ထုတ်နေသယောင်ပင်။
မန်ဟို့စိတ်နှလုံး တုန်ရီသွားသည်။ သူသည် ခရမ်းရောင်မိုးကြိုးကို ကြည့်ရင်း ၎င်းကား တည်ပင်မတည်ရှိသင့်သောအရာကဲ့သို့ ခံစားလိုက်ရ၏။
၎င်းသည် မိုးကောင်းကင်နှင့်မြေကြီးဖြင့် သဟဇာတမဖြစ်သလို၊ သဘာဝနိယာမများနှင့် လိုက်လျောညီထွေမရှိသည့်အပြင် အနှစ်သာရနှင့်လည်း မသင့်မြတ်ပေ။ ပေါ်ပေါ်လာချင်း ၎င်းမှာ တခြားလောကမှ တာအိုဖြစ်နေပုံပေါ်သည်။ ဤသည်မှာ လေဟုန်ခွင်းလောကကလည်း မဟုတ်၊ တောင်ပင်လယ်လောကကလည်း မဟုတ်သောအရာပင်။ ၎င်းကား ပျက်စီးခြင်းစစ်စစ်သာဖြစ်၍ မန်ဟို့ထံ ပြေးဝင်လာပြီး သူ၏အတွေးတစ်ချက်ကြယ်တာရာအသွင်ကို ဝင်တိုက်လိုက်သည့်အခါ ဂြိုဟ်မှာ ကြေမွပေါက်ကွဲသွားလေသည်။ မန်ဟိုက ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်လွင့်ထွက်သွားရင်း ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် စောစောက တစစီဖြစ်သွားခဲ့သော သွေးရောင်ကျင့်ကြံသူများအတွက် အချိန်နောက်ပြန်စီးဆင်းသွားဟန်တူသည်။ သူတို့သည် ဘယ်တော့မှ သတ်၍မရသကဲ့သို့ လျင်မြန်စွာ ပြန်ပေါ်လာကြပြီး တိုက်ခိုက်ရန် ချက်ချင်း ချီတက်လာကြ၏။ ထိုမျှသာမက တစ်ယောက်စီက သွေးဓားတစ်လက်စီကို ဆုပ်ကိုင်ထားရာ ဓားသမားများနှင့် တစ်ထပ်တည်းတူနေတော့သည်။
မန်ဟို့မျက်နှာပေါ်တွင် အလွန်အရုပ်ဆိုးနေသောအမူအရာတစ်ခု ရှိသည်။ သွေးရောင်ကျင့်ကြံသူ ၉၈ ၏ အနောက်တွင် ဝတ်ရုံနက်လူ ၁၇ ယောက် ရှိနေသည်။ မန်ဟိုမှာ အဆုံးစွန်အထိ ခြိမ်းခြောက်ခံနေရသလို ခံစားလာရသည်။ အကြောင်းရင်းက ဤလူများ၏ကျင့်ကြံခြင်းအခြေခံကြောင့် မဟုတ်ဘဲ၊ သူတို့သုံးနေသော နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များကြောင့်ပင်။
သွေးရောင်ကျင့်ကြံသူများ အနားရောက်လာသည့်အခိုက်အတန့်မှာပင် မန်ဟိုက နတ်ဘုရားခြေခုနစ်လှိုင်းသိုင်းကို ထုတ်ဖော်ရင်း ရှေ့စလျှောက်လိုက်သည်။ သူ့စွမ်းအားသည် တဟုန်ထိုးမြင့်တက်လာပြီး လိုဏ်ခေါင်း၏ကျဉ်းကြပ်မှုကြောင့် ပို၍ပင် ဆထက်တိုးနေ၏။ ခြောက်လှမ်းမြောက်ကို လှမ်းလိုက်သည့်အခါ သူက ညာလက်ကို လက်သီးဆုပ်၍ အသက်နုတ်လက်သီးအား ပစ်သွင်းလိုက်သည်။
အုန်းးးးးးး။ လက်သီးချက်က မည်သည့်အသက်ကိုမဆို သုတ်သတ်ပစ်မည့်အားကြီးဖြင့် ပြည့်နှက်နေပြီး သူ့ရှေးဟောင်းနယ်ပယ် အပြင်အားကိုယ်ခွန်အားအပြည့်အဝ ပါရှိနေသည်။ လေမုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာပြီး လိုဏ်ခေါင်းတစ်လျှောက် သောင်းကျန်းတိုက်ခတ်၍ ဘယ်တော့မှ သတ်မရနိုင်သော သွေးရောင်ကျင့်ကြံသူများကို ဝင်တိုက်လိုက်သည်။ သူတို့မှာ သွေးအမှုန်အမွှားများအဖြစ် စုတ်ပြတ်သွားသော်လည်း ပြန်ဖြစ်ပေါ်လာသည့်အချိန်မှာပင် မန်ဟိုက သူတို့ကို ဖြတ်ကျော်၍ ဝတ်ရုံနက်ကျင့်ကြံသူ ၁၇ ယောက်ထံ ချဉ်းကပ်သွားခဲ့လေပြီ။
ကျင့်ကြံသူများက မုဒြာလက်ကွက်များ ကပျာကယာ ဖော်လိုက်ကြသည်။ အထူးတာအိုမှော်သိုင်းကွက်တချို့ မရှိဘဲ မန်ဟိုကို စစ်မြေပြင်ပေါ်တွင် တစ်ယောက်တည်း ရင်ဆိုင်လျှင် ဤလူတစ်ယောက်မှ သူ့ပြိုင်ဘက်ဖြစ်မည်မဟုတ်ပေ။ သို့သော်ငြား သူတို့ပေါင်းတိုက်လျှင် အခြေအနေကား မတူနိုင်။
မုဒြာလက်ကွက်များ ဖော်လိုက်သဖြင့် ခရမ်းရောင်အလင်းက သူတို့ကို ရစ်သိုင်းသွားပြီးနောက်တွင် မန်ဟို့ထံ စိုက်ဝင်လာသော ခရမ်းရောင်လှံရှည်တစ်လက်ဖြစ်လာသည်။
၎င်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာရာ လောကကို ဆန့်ကျင်နေသလို၊ လောကကလည်း ၎င်းကို နှင်ထုတ်နေသည့် အားကောင်းသောလှိုင်းဂယက်များအား ဖြာထွက်လာစေသည်။
သို့သော် ဤတစ်ခေါက်တွင် မန်ဟိုက ရုတ်တရက် ညာလက်ကို ခါလိုက်ရင်း သစ်စေ့နက်များအား ပျံထွက်သွားစေသည်။ ဖောက် ဖောက် ဖောက် ... ၎င်းတို့က ပူးကပ်ဖို့ ဝတ်ရုံနက်ကျင့်ကြံသူများဆီ စူးစူးဝါးဝါးအော်ရင်း ပြေးဝင်သွားသော သစ်စေ့နက်မှင်များအသွင် ပြောင်းသွားကြသည်။
ဝတ်ရုံနက်လူများတွင် ထူးခြားဆန်းပြားသော တာအိုမှော်သိုင်းကွက်များကို ရှိသော်လည်း သူတို့မှာ ဝိညာဉ်ရှိသည့် သက်ရှိများသာ ဖြစ်နေသေးသဖြင့် ပူးကပ်ခံရနိုင်သောအန္တရာယ် ရှိသေးလေသည်။ ထိုမျှသာမက သူတို့အားလုံး မှော်အစွမ်းကို ထုတ်လွှတ်နေသည့်ခုလတ်တွင် ဖြစ်သည့်အတွက် သစ်စေ့နက်မှင်စာများက သူတို့ကိုယ်ထဲသို့ လွယ်လင့်တကူ ဝင်သွားနိုင်ကြသည်။
သစ်စေ့နက်မှင်စာများ သူတို့ကို အောင်အောင်မြင်မြင် ပူးကပ်နိုင်ခြေက နည်းပါးသော်လည်း မန်ဟို့အတွက် ၎င်းတို့အောင်မြင်ဖို့ မလိုပေ။ မအောင်မြင်၍ နုင်ထုတ်ခံရလျှင် ၎င်းတို့က နတ်ဘုရားအာရုံတိုက်ကွက်များ ပစ်လွှတ်ကြသည်။
ဝတ်ရုံနက်ကျင့်ကြံသူများမှာ ချက်ချင်း တုန်ရီစပြုလာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ ထုတ်လွှတ်ခဲ့သော တာအိုမှော်သိုင်း၊ ကြောက်ခမန်းလိလိ ခရမ်းလှံမှာ လေခွင်းလာနေစဉ် တွန့်လိမ့်လာပြီးနောက် ပြိုကွဲပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်တွင် မန်ဟိုက လေဟုန်စီးလာရင်း ညာလက်ကို ဆုပ်ပြီးနောက် အသက်နုတ်လက်သီးဖြင့် သူတို့ကို ထိုးနှက်လိုက်သည်။
သူ့လက်သီး ကျရောက်တော့မည့်အချိန်မှာတင် ရှေးဆန်သောအငွေ့အသက်တို့ ပြည့်နှက်နေသည့် အေးစက်စက် နှာမှုတ်သံတစ်သံက ဝတ်ရုံနက်လူများ၏အနောက်မှ ပဲ့တင်ထပ်လာသည်။ အရိပ်တစ်ခုက လမ်းလျှောက်ထွက်လာ၏။ သူကား ဝတ်ရုံနက်ဝတ်ထားသော်လည်း အခြားသူများထက် အရပ်ရှည်လေသည်။ ဤသည်မှာ သူတို့၏ခေါင်းဆောင်၊ တိုက်ပွဲထဲ နောက်ဆုံးမှ ဝင်ရောက်လာသူဖြစ်သည်။
သူက လက်ချားခါလောက်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာကာ မကြာမီ မန်ဟို့အရှေ့တည့်တည့် ရောက်လာ၏။
“နိုင်ငံ့အရှိန်အဝါတောင်ပေါ်က ဧကရာဇ်က တစ်ယောက်ယောက် ဒီနေရာကို ဖောက်ဝင်လာခဲ့တာ ခံစားခဲ့ရတယ်။ မန်ဟို မင်း ဒီလိုမလုပ်သင့်ဘူး။ ပြီးတော့ စကားမစပ် အသက်နုတ်လက်သီးကို ဒီလိုသုံးတာမဟုတ်ဘူး” ထိုလူက စကားပြောနေစဉ် ညာလက်သီးကို ဆုပ်လိုက်ပြီး ရုတ်တရက် အသက်နုတ်ခြင်းစိတ်ဆန္ဒသည် လက်သီးတစ်လုံးအသွင်ဖြင့် ပေါက်ကွဲထွက်လာသည်။
မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ထိုလူ့စကားလုံးများက အင်မတန် ထူးဆန်းသော်လည်း ဘာကြောင့်လဲတွေးနေရင် အချိန်မရှိပေ။ သူတို့နှစ်ယောက်က လက်သီးချင်းမထိမချင်း တစ်ယောက်ထံတစ်ယောက် ပျံသန်းသွားကြသည်။
နားကွဲလုမတတ် ပေါက်ကွဲသံကြီးက အရာအားလုံးကို တုန်ခါနေစေရင်း ပဲ့တင်ထပ်သွားသည်။ သင်္ချိုင်းပင် ပြိုကျတော့မည့်အလားပင်။ လိုဏ်ဂူမှာလည်း မငြိမ်မသက်ဖြစ်လာသဖြင့် အက်ကွဲကြောင်းများ ဖြာထွက်သွားသည်။ မန်ဟိုမှာ လက်သီး၏ရိုက်ခတ်မှုကြောင့် ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားလေသည်။
ဝတ်ရုံနက်လူလည်း တုန်လှုပ်သွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ ခေါင်းမော့လာသောအခါ မျက်နှာဖုံးစွပ်က သူ့မျက်နှာကို ဖုံးထားသေးသဖြင့် ပုံပန်းသွင်ပြင်ကို မမြင်ရပေ။ သို့သော် သူ့မျက်လံးများသည် ထူးဆန်းစွာ တောက်ပနေ၏။ သူက ရှေ့သို့ ထပ်လျှောက်လာရင်း လက်သီးဆုပ်၍ နောက်တစ်ချက် ပစ်သွင်းလိုက်သည်။
“နတ်ဆိုး” သူက အသံဩဩကြီးဖြင့် အေးစက်စက် ပြောလိုက်သည်။ သူ့လက်သီး ထိုးချလိုက်သည့်အခါ လွှမ်းမိုးကြီးစိုးနေသောအငွေ့အသက်များ တထောင်းထောင်း ထလာသည်။ ဤလူသည်သာ တစ်လောကလုံးတွင် အရေးပါတော့သည့်အလားပင်။ သူသည် အရာအားလုံးကို စတေးပစ်နိုင်သည့် လက်သီးကို ထုတ်လွှတ်နိုင်မည့် နတ်ဆိုးအခြေအနေသို့ ဝင်ရောက်သွားခဲ့ဟန်တူ၏။
မန်ဟို့မျက်နှာ ပျက်ယွင်းသွားသည်။ ရထားသောဒဏ်ရာများမှာ မသက်သာသေး၍ သူ့အား အရေးနိမ့်နေစေသည်။ သို့သော် သူသည် ဝတ်ရုံနက်လူ နတ်ဆိုးလက်သီးကို ထုတ်လွှတ်နေသည်ကို မြင်သော် နောက်ဆုတ်နေခြင်းကို ရပ်၍ သူ၏ကိုယ်ပိုင်နတ်ဆိုးလက်သီးကို ပစ်သွင်းလိုက်သည်။
သူတို့လက်သီးများ ဆုံတွေ့သွားသဖြင့် အသံကျယ်ကြီး မြည်ဟည်းသွားပြီး အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ သင်္ချိုင်းမှာ ပြိုကျတော့မည့်အရိပ်အယောင်များ ပိုပြလာလေပြီ။
မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ကြိုးပြတ်သွားသော စွန်ပမာ လွင့်ထွက်သွားသည်။ သူ့မှာ အဝေးသို့ တွန်းထုတ်ခံလိုက်ရသဖြင့် လျှို့ဝှက်အခန်း၏အပေါက်ဝနားပင် ရောက်သွားတော့သည်။ သူသည် ဝတ်ရုံနက်အဘိုးအိုကို မော့ကြည့်ရင်း အသက်မနည်းရှူနေရ၏။ ထိုလူ၏ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့များအရ မီးငြိမ်းဝိညာဉ်မီးအိမ်ဆယ်လုံးအဆင့်ဖြစ်သဖြင့် ဤလူသည် တာအိုကောင်းကင်ထက်ပင် အစွမ်းထက်သည်ဟု မန်ဟို ခံစားလိုက်ရသည်။
အဘိုးအိုက နောက်လက်သီးတစ်ချက် ပစ်သွင်းရင်း ရှေ့တက်လာသည်။ “နတ်ဘုရားသုတ်သင်ခြင်း”
ထိုအခိုက်အတန့်မှာပင် မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက အော်လိုက်သည်။ “ခင်ဗျားက ကျုံးဝူရပဲ”
စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် အဘိုးအိုမှာ တုန်ရီသွားသည်။ မန်ဟိုက အသက်ပြင်းပြင်းရှူ၍ သူ့လက်သီးကို ထုတ်လွှတ်ရန် ထိုလူ သတိလက်လွတ်ဖြစ်သွားသည်ကို အခွင့်ကောင်းယူလိုက်လေသည်။
“နတ်ဘုရားသုတ်သင်ခြင်း”
ထိုအခိုက်အတန့်တွင် လျှို့ဝှက်အခန်းထဲ၌ သွေးခွေးကြီးသည် ဟောင်သံပြုလိုက်၏။ သွေးခွေးကြီးကား ပူးကပ်ခြင်းဖြစ်စဉ်တွင် အလွဲမခံနိုင်သောအခြေအနေသို့ ရောက်သွားခဲ့ပြီဖြစ်၍ အစွမ်းကုန်ထုတ်တော့မည့်အလား စိတ်ပိုင်းဖြတ်ထားသော ဟောင်သံဖြစ်သည်။ ၎င်းသည် ပြန်လည်မွေးဖွားလာပြီး ဖောက်ပြန်စိတ်ဝိညာဉ်နေရာတွင် အစားထိုးလိမ့််မည်၊ သို့မဟုတ် သေရလိမ့်မည်။
***