အစစ်အမှန်တာအိုတဲ့လား
Vol. 81 Ch. 1128
မန်ဟိုနှင့် ဝတ်ရုံနက်အဘိုးအိုတို့နှစ်ယောက်လုံး နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ထုတ်လွှတ်လိုက်ကြလေပြီ။
၎င်းက အသက်နုတ်လိုသော စိတ်ဆန္ဒ၊ နတ်ဆိုးဖြစ်ရေးအတွက် စတေးလိုစိတ်ကို ပေါင်းစည်း၍ နတ်ဘုရားသုတ်သင်ခြင်းစိတ်ဆန္ဒကို ဖော်ဆောင်လိုက်သော ကိုယ်ကာယကျင့်စဉ်လက်သီးသုံးချက်အနက် နောက်ဆုံးလက်သီး..... နတ်ဘုရားသုတ်သင်ခြင်းလက်သီးပင်။
ထိုမျှသာမက မန်ဟိုသည် လေဟုန်ခွင်းလောက၏ချီကြောကို ပိုင်ဆိုင်ထား၍ ၎င်းတွင် မိုးကောင်းကင်စိတ်ဆန္ဒလည်း ပါဝင်နေရာ အင်မော်တယ်ဧကရာဇ်၏ အင်အားအကြီးမားဆုံးလက်သီးချက် ဖြစ်သွားစေသည်။
ဝတ်ရုံနက်လူမှာမူ သူ၏နတ်ဘုရားသုတ်သင်ခြင်းလက်သီးသည် မရေမတွက်နိုင်သော သွေးချောင်းစီးတိုက်ပွဲများမှ အရင်းခံ၏။ သူက နတ်ဘုရားများကို အမှန်တကယ် သတ်ပစ်ခဲ့သည်အထိ အသတ်အဖြတ်စိတ်ဆန္ဒကို တသသသွေးထားခဲ့ပြီး ... ထိုဆန္ဒကို သူ့လက်သီးချက်ထဲ ဝင်ရောက်ပေါင်းစည်းသွားစေသည်။ သူ ထိုးချလိုက်သည့်အခါ မိုးနှင့်မြေမှာ ကြေမွသွားပြီး ခပ်ကြမ်းကြမ်းလေပြင်းတစ်ချက် ဆောင့်တိုက်သွားသည်။
သူတို့နှစ်ယောက်အား လိုဏ်ခေါင်းထဲတွင် လျှပ်စီးတန်းများသဖွယ် ပြေးဝင်သွားကြ၏။ သူတို့လက်သီးများကား ထိပ်တိုက်ထိပေတော့မည်။
အုန်းးးးးးးးးးးး
ကြီးမားပြင်းထန်သော မြည်ဟည်းသံကြီးက အရာအားလုံးကို တုန်ခါသွားစေပြီး လက်သီးများကား ထိပင်မထိရသေးပေ။ လိုဏ်ခေါင်းမှာ ဧရာမလက်ကြီးနှစ်ဖက်၏ စုတ်ဖြဲခြင်းခံနေရသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်တော့မည့်ပုံပေါ်လာသည်။
သွေးများ မန်ဟို့ပါးစပ်မှ ပန်းထွက်သွားသော်လည်း သူ၏အသတ်အဖြတ်စိတ်ဆန္ဒက အရှိန်အဟုန်ပြင်းထန်နေပြီဖြစ်သည်။ သူသည် မာန်သွင်းဟိန်းဟောက်ရင်း ဝတ်ရုံနက်အဘိုးအိုနှင့် အမှန်တကယ် မထိမချင်း ပျံသန်းသွား၏။
ဤသည်မှာ နတ်ဘုရားသုတ်သင်လက်သီးမှ နတ်ဘုရားသုတ်သင်လက်သီးနောက်တစ်လုံးကို ထိပ်တိုက်တွေ့ခြင်းဖြစ်သည်။
အုန်းးးးးးးးးးးးးးးးးးးးးးးးးးး
သူတို့ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲသွားသည်။ တုန်ခါလှိုင်းလုံးကြီးများက မန်ဟို့ကို ရိုက်ခတ်၍ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေပြန်သည်။ ဖော်ပြ၍မရသည့်တိုင် ရင်းနှီးသောအားတစ်ရပ်က ဝတ်ရုံနက်အဘိုးအိုဆီမှ သူ့ထံ လိမ့်ထွက်လာသည်။ ၎င်းသည် သူ့ညာလက်ထဲ စီးဆင်းလာပြီးနောက် သူ့တစ်ကိုယ်လုံးနေရာယူကာ ပေါက်ကွဲတော့မည့်ပုံရသည်။
မန်ဟို့မျက်လုံးထဲရှိ ရှေးဟောင်းနယ်ပယ် အပြင်အားကိုယ်ဝိညာဉ်မီးအိမ်နှစ်လုံး လင်းလက်သွားပြီးနောက် တောက်ပသောအလင်းရောင်ကို ဖြန့်ကျက်လိုက်သည်။ သူ့ထာဝရအလွှာသည် တဝုန်းဝုန်း အသက်ဝင်လာပြီး သူ့ကျင့်ကြံခြင်းအခြေခံက စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာသည်။ အကုန်လုံးက နတ်ဘုရားသုတ်သင်ခြင်းအားကို တန်ပြန်တွန်းလှန်လိုက်ကြ၏။
ထစ်ချုန်းသံများအလယ်တွင် သွေးများက သူ့မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာသည်။ အလွန်ပြင်းထန်သောအားလှိုင်းက သူ့ကို အဆက်မပြတ် တွန်းထုတ်နေရာ လျှို့ဝှက်အခန်း၏ဝင်ပေါက်အရှေ့ရောက်မှ နောက်ဆုံး ရပ်လိုက်နိုင်သည်။
သို့သော် ဝတ်ရုံနက်အဘိုးအိုလည်း တုန်လှုပ်သွားသည်။ သူ့မှာ ပါးစပ်မှ သွေးများစီးကျလျက် ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သူ ခေါင်းမော့လာသောအခါ သူ့မျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေပြီး သူက မြှားပစ်လွှတ်ရန် အဆင့်သင့်ဖြစ်နေသော လေးသဖွယ် ကုန်းလိုက်သည်။ ထို့နောက် သူသည် တဟုန်ထိုးပြေးတက်လာပြီး မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် လိုဏ်ခေါင်းကို ဖြတ်၍ ပျံသန်းလာလေပြီ။ မျက်စိတစ်မှိတ်အတွင်း သူကား မန်ဟိုရပ်နေသော လျှို့ဝှက်အခန်းအပေါက်ဝနှင် နီးကပ်လာ၏။
သူ အနားရောက်သွားသည့်အခါ လျှို့ဝှက်အခန်းထဲရှိ ကြက်တူရွေး၊ အသားဂျယ်လီအပြင် သွေးရောင်ရေခဲတုံးကို မြင်လိုက်ရလေသည်။
“မင်းက အဲဒီအတွက် ဒီရောက်လာတာကိုး” သူက အင်္ကျီလက်စကို ခါရင်း ဖြည်းဖြည်းချင်း ပြောသည်။ ချက်ချင်းဆိုသလို အလင်းတန်းတစ်တန်းက မှော်သင်္ကေတအသွင်ပြောင်းရင်း သူ့လက်စထဲမှ ထွက်လာကာ မန်ဟို့ကို ဖြတ်၍ သွေးရောင်ရေခဲတုံးထံ ဦးတည်သွားလေသည်။
မန်ဟိုမှာ အသက်ပြင်းပြင်းရှူလိုက်ရပြီး မျက်လုံးများ အေးစက်သွားသည် သူက လက်ညှိုးထိုး၍ လာနေသောအဘိုးအိုထံသို့ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်၏။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်က အဘိုးအိုကို တုပ်နှောင်လိုက်သော ကိုယ်ပျောက်အမျှင်များကို ဖန်ဆင်းလိုက်သည်။ သူ့မှာ တုံ့ခနဲ ရပ်သွားသော်လည်း တခဏကြာသော် သူ့ခန္ဓာကိုယ်သည် ကြီးမားလာပြီး သူက ချုပ်နှောင်မန္တန်မှ ရုန်းထွက်လိုက်လေပြီ။
သူ ထိုသို့လုပ်လိုက်သောအခိုက်တွင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက်ဖော်၍ တာအိုမှော်သိုင်းတစ်ခုကို ပျံသန်းလာနေသော သွေးရောင်မှော်သင်္ကေတထံ စေစားလိုက်သည်။ သွေးရောင်ရေခဲတုံးအနား မရောက်ခင် ၎င်းမှာ ပြိုကွဲလွင့်ပျယ်သွားလေသည်။
အဘိုးအို၏မျက်လုံးများ လင်းလက်သွားပြီး သူက ရုတ်တရက် ရှေးဆန်သောအသံကြီးဖြင့် စကားပြောလိုက်သည်။ “တာအိုတွေကို အစစ်အမှန်နဲ့ အတုအယောင်ဆိုပြီး ခွဲခြားနိုင်တယ်။ မှားယွင်းတဲ့တာအိုတွေ၊ စစ်မှန်တဲ့တာအိုတွေရှိတယ် ... ငါ့တာအိုကတော့ တောင်ပင်လယ်တွေရဲ့အပြင်က၊ တာအိုတွေရဲ့အထက်က တာအိုပဲ”
သူက စကားပြောနေစဉ် သူ့အရှေ့ရှိ လေထဲတွင် စက်ဝန်းတစ်ခုဆွဲလိုက်ရာ လေများ အလိပ်လိပ်ထသွားသည်။
ထပ်မံ၍ အားကောင်းသောနှင်ထုတ်အားတစ်ရပ် ပေါ်လာပြန်သည်။ တစ်ဆက်တည်းမှာပင် အလင်းတန်းတစ်တန်းသည် စက်ဝန်းအတွင်းမှ ထွက်လာ၏။ ၎င်းက မှော်အစွမ်းအားလုံးကို ချေမှုန်းနိုင်ပုံရသော ခရမ်းရောင်အလင်းဖြစ်ပြီး မန်ဟို့ထံ တန်းတန်းမတ်မတ် လာနေသည်။
မန်ဟို့တာအိုမှော်သိုင်းမှာ ချက်ချင်း ကြေမွသွားပြီး အသံမထွက်ဘဲ ပျောက်ကွယ်သွားရတော့သည်။ ထို့နောက် ခရမ်းရောင်အလင်းသည် မှေးမှိန်စပြုလာ၏။ သို့သော် ၎င်းက အပြီးတိုင်ပျောက်ကွယ်မသွားခင် မန်ဟို့ကို ဖမ်းဆုပ်လိုက်သော ခရမ်းရောင်လက်တစ်ဖက်အသွင် ပြောင်းသွားလေသည်။
မန်ဟိုက အစွမ်းကုန် ပြန်တိုက်ခိုက်လိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ နောက်ဆုတ်လိုက်ရ၏။ သူ့အနောက်တွင် သွေးရောင်ရေခဲတုံးအပေါ်၌ အက်ကွဲကြောင်းများ ပျံ့နှံ့လာကာ အထဲမှ အလောကြီးနေသော ဒေါသတကြီးဟောင်သံများအား ခပ်သဲ့သဲ့ ကြားလာရသည်။
မန်ဟို နောက်ဆုတ်လိုက်စဉ် သူ့အမူအရာမှာ တင်းမာခက်ထန်နေသည်။ ကျင့်ကြံအားထုတ်ခဲ့သည့်ကာလများတစ်လျှောက် သူသည် သေစေနိုင်သောအခြေအနေများစွာကို ရင်ဆိုင်ခဲ့ရ၏။ အချိန်အများစုတွင် သူ့အနေဖြင့် ၎င်းတို့ကို ဖြတ်ကျော်၍ ထိပ်သို့ တက်နိုင်ခဲ့လေသည်။ သူ့ကို အနိုင်ယူ၍မရသူဟု ခေါ်ရန် မသင့်တော်သော်လည်း သူ့အတွက် ပြိုင်ဘက်ဖြစ်နိုင်သူရှားသည်ဟု ပြောနိုင်သည်။
လေဟုန်ခွင်းလောကသို့ ရောက်လာပြီးနောက် သူသည် ဘယ်သူ့မှ သူ့ကို ဟန့်တားမရသည့်အလား ရှေ့ဆက်သွားခဲ့၏။ ဟန်ချင်းလဲ့၊ လင်းချုံကို တိုက်ခိုက်ခဲ့သည့်အပြင် အက်ရှလွန်ကျင့်ကြံသူနောက်တစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့သည်။ သို့သော် သူ့မှာ အလွန်တရာ အစွမ်းထက်သော တာအိုကောင်းကင်ကို ဆုံတွေ့ခဲ့ရသည့်အခါ ဟန့်တားမရနိုင်ခဲ့သော သူ့အရှိန်အဟုန်သည် ယိုင်နဲ့သွားတော့၏။
ထို့နောက် သူသည် ပြည်ထောင်သုံးသို့ ရောက်လာခဲ့ပြီး တိုက်ပွဲအတောအတွင်း လက်ရှိအခြေအနေအထိ ရောက်အောင် ဖိအားပေးခံခဲ့ရလေသည်။ သူ့မှာ မာနနှင့် မိမိကိုယ်ကို ယုံကြည်မှုကြောင့် ခံပြင်းရုံသာ မွန်းပင်မွန်းကြပ်နေသည်။ မတရားသည့်အလား ခံစားရသည်။
“ငါက အက်ရှလွန်၊ ငါက ဖန်မျိုးနွယ်စုရဲ့ မင်းသား မန်ဟို
“ငါ့ရဲ့ ကျင့်ကြံသူဘဝမှာ ဉာဏ်အလင်းအများကြီး ရခဲ့ပြီး ကံကြမ္မာကောင်းတွေကနေ အကျိုးအမြတ်ရခဲ့တယ်။ တာအိုကောင်းကင်တောင်မှ ငါ့ကို ခဏပဲ လွှမ်းမိုးနိုင်တယ်၊ ငါက ... အကုန်လုံးကို အနိုင်ယူမှာ၊ မင်းကိုတောင်မှပဲ ကျုံးဝူရ” မန်ဟို့မျက်လုံးများမှ သွေးချင်းနီနေပြီး သူက နောက်ဆုတ်မည့်အတွေးများကို ခေါင်းထဲမှ ထုတ်ကာ ဝတ်ရုံနက်လူထံ လျှောက်သွားသည်။
ထိုသို့လျှောက်သွားစဉ် သူ့ခန္ဓာကိုယ်သည် ရိပ်ခနဲ ရွှေရောင်သိမ်းငှက်အသွင်ပြောင်းသွားပြီးနောက် ရွှေအလင်းတန်းသဖွယ် အဘိုးအိုထံသို့ ပြေးဝင်သွားကာ ချွန်ထက်နေသောခြေသည်းများဖြင့် ပိုင်းချလိုက်သည်။
ဝတ်ရုံနက်အဘိုးအိုက သက်ပြင်းချရင်း လေထဲတွင် စက်ဝန်းတစ်ခု ထပ်ဆွဲ၍ အရှေ့သို့ တွန်းပို့လိုက်သည်။ ခရမ်းရောင်မီးတောင်များက မီးကွင်းအသွင်ပြောင်းသွားပြီး မန်ဟို့ထံ ရိုက်ခတ်လိုက်သည်။
“မင်းရဲ့တာအိုက မှားယွင်းတာအိုတစ်ခုပဲ” အဘိုးအိုက အေးစက်စက် ပြောသည်။ “သူများတဲ့ သာတဲ့ပုံစံဖမ်းနေစရာ မလိုဘူး” သူ့အနောက်ရှိ ရုပ်ပျက်ဆင်းပျက်ပျက်စီးနေသော လိုဏ်ခေါင်းထဲတွင် သွေးရောင်ကျင့်ကြံသူများနှင့် ကျန်ဝတ်ရုံနက်လူများ ချဉ်းကပ်လာနေကြလေပြီ။
“တာအိုတွေဆိုတာ နှလုံးသားထဲက လာတဲ့ လမ်းစဉ်တွေပဲ ကျုံးဝူရ” မန်ဟိုက ပြောသည်။ “ဘယ်လိုလုပ်ပြီး မှားယွင်းတာ၊ စစ်မှန်တာဆိုပြီး ခွဲခြမ်းလို့ရမှာလဲ။ အမြင်ကျဉ်းလိုက်တာ” ရွှေရောင်သိမ်းငှက်က ခရမ်းရောင်မီးစက်ကွင်းထံ ပြေးဝင်သွားသည်။ အချင်းချင်း တိုက်လိုက်သည့်အခါ ခရမ်းမီးတောက်များက ဟုန်းခနဲ တောက်သွားပြီး မန်ဟို့ရွှေသိမ်းငှက်ခန္ဓာတာအိုမှာ အားနည်းသွားပုံရသည်။ ရွှေသိမ်းငှက်သည် လျင်မြန်စွာ ပျောက်ကွယ်လာပြီး မန်ဟိုမှာ လူအသွင်ပြန်ပြောင်းရင်း မျက်နှာဖြူဖပ်ဖြူလျော်နှင့် သွေးတစ်ပွက် အန်လိုက်ရသည်။
သူ့မှာ ဤခရမ်းရောင်တာအိုမှော်သိုင်းကို မလွှမ်းမိုးနိုင်သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်နေလေသည်။
“မှားယွင်းနေတဲ့ တာအိုက အစစ်အမှန်တာအိုနဲ့တွေ့ရင်” အဘိုးအိုက ပြောသည်။ “မှားယွင်းတာအိုဟာ ပုံရိပ်ယောင်ပိုဖြစ်သွားပြီး အစစ်အမှန်တာအိုဟာ ပိုပြီးအကောင်အထည်ရှိလာတယ်” သူက နောက်စက်ဝန်းတစ်ခုဆွဲလိုက်ပြီး ခရမ်းရောင်ဖြစ်နေပြန်သည်။ သို့သော် ဤတစ်ခေါက်တွင် ခရမ်းရောင်မီးတောက်များမဟုတ်၊ ခရမ်းရောင်လျှပ်စီးကွင်းတစ်ကွင်း ဖြစ်သည်။
ခရမ်းရောင်ကွင်းနှစ်ကွင်းက မန်ဟို့ထံ တဝုန်းဝုန်း လာနေလေ၏။
“မင်း နားလည်လား” အဘိုးအိုက မန်ဟို့ကို မေးလိုက်သည်။
မန်ဟို့အနောက် သွေးရောင်ရေခဲတုံးထံမှ အက်ကွဲသံများ ကြားနေရလေသည်။ အက်ကြောင်းများက ၎င်း၏မျက်နှာပြင်တစ်လျှောက် ပိုမိုပျံ့နှံ့လာပြီး အင်မော်တယ်အငွေ့အသက်များ ထွက်လာကာ အားကောင်းသထက် အားကောင်းလာသည်။ အထဲမှာ ဟောင်သံသည်လည်း ပို၍ထင်ရှားလာပြီး ပို၍လောကြီးလာ၏။
အတိမ်းအစောင်းမခံသော အခိုက်အတန့်သို့ ရောက်လာခဲ့လေပြီ။ ခိုင်မာပြတ်သားမှုတို့ မန်ဟို့မျက်လုံးများတွင် ပြည့်နှက်သွားပြီး သူက ညာလက်ကို မြှောက်ရင်း နတ်ဘုရားသုတ်သင်ခြင်းလက်သီးနောက်တစ်ချက် ပစ်သွင်းလိုက်သည်။ ဤတစ်ခေါက်တွင် သူကား မည်သည့်အရာကိုမှ ထိမ်ချန်မထားသယောင်ပင်။ ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် သူသည် လက်သီးသုံးချက်ဆက်တိုက် ပစ်သွင်းလိုက်၏။
ပထမနှစ်ချက်က ခရမ်းရောင်စက်ကွင်းနှစ်ကွင်းကို ဝင်တိုက်လိုက်ပြီး တတိယအချက်ကတော့ လိုဏ်ခေါင်း၏ကြမ်းပြင်ကို ဦးတည်သည်။
ဝုန်း ဝုန်း ဝုန်း။ နတ်ဘုရားသုတ်သင်ခြင်းလက်သီးသည် သူ့အပြင်အားကိုယ်ခွန်အားဖြင့် ထုတ်လွှတ်နိုင်သည့် အားအကြီးဆုံးလက်သီးဖြစ်ပြီး ခရမ်းရောင်စက်ကွင်းးများက တာအိုကို ပျောက်ကွယ်သွားစေနိုင်သော်လည်း အပြင်အားကိုယ်ခွန်အားပေါ်တော့ ဘာမှမလုပ်နိုင်ပေ။
ခရမ်းရောင်ကွင်းများမှာ မန်ဟို့လက်သီးနှစ်ချက်ကြောင့် ချက်ချင်း ကြေမွသွားသည်။ သူ၏တတိယလက်သီးချက်ကမူ လိုဏ်ခေါင်းကို ထိုးနှက်လိုက်ရာ အရာအားလုံး ပြိုကျလာတော့သည်။ ဖုန်များက မန်ဟိုကို ဖုံးကွယ်ရင်း အလိပ်လိပ်ထလာသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုသည် လျှို့ဝှက်အခန်းထဲသို့ ကရောသောပါး ပြန်ဆုတ်လိုက်၏။
အပြင်ရှိ လိုဏ်ခေါင်းပြိုကျမှုကြောင့် သက်ရောက်ခံလိုက်ရသည့်အလား အခန်းထဲတွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ သို့သော် ထိခိုက်မှုကြီးကြီးမားမား မရှိပေ။ ရုပ်တုများကား ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး သွေးရောင်ရေခဲတုံးမှာ ယခုတွင် ဝါးနေချေပြီ။ အထဲတွင်လည်း သွေးလင်းနို့ကို မမြင်ရတော့။ မြင်ရသည့် တစ်ခုတည်းသောအရာမှာတော့ နောက်ကျိကျိသွေးအမှုန်အမွှားများကိုသာ။
မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ရေခဲတုံး၏မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့နေပြီး အားကောင်းသည့်အင်မော်တယ်အငွေ့အသက်များ ပျံ့လွင့်နေသည်။ ဤအခိုက်အတန့်တွင် အငွေ့အသက်ကား အင်မော်တယ်နယ်ပယ်၏အထွတ်အထိပ်သို့ ရောက်နေခဲ့လေပြီ။ သွေးခွေးကြီးမှာ မန်ဟို့အသက်အန္တရာယ်ကို စိတ်ပူနေသည့်အလား ဟောင်သံများမှာ ပို၍လောကြီးနေသည်။
ကြက်တူရွေးနှင့်အသားဂျယ်လီသည် ပူးကပ်ခြင်းဖြစ်စဉ်တွင် သွေးခွေးကြီးကို အကူအညီပေးနေကြ၏။ ၎င်းတို့အနေဖြင့် မန်ဟို့ကို အာရုံမစိုက်နိုင်သလို၊ သူတို့အလုပ်ကို အနှောင့်အယှက်ခံ၍လည်း မရပေ။
မန်ဟို လျှို့ဝှက်အခန်းထဲ ဝင်လာသောအခါ ရေခဲတုံးမှ အက်ကွဲသံများ ပိုမိုကြားလာရပြီး အငွေ့အသက်သည် ပိုမိုအားကောင်းလာ၏။
မန်ဟိုမှာ အသက်မနည်းရှူနေရသည်။ သူ့အနေဖြင့် အခြေအနေကို သေသေချာချာကြည့်ရန် အချိန်မရပေ။ လိုဏ်ခေါင်းပြိုကျမှုကြောင့် သူ အချိန်နည်းနည်း ဆွဲနိုင်ခဲ့သည်။ သူ့ဒုတိယနိဗ္ဗာနသစ်သီးက သူ့လက်ဝါးပေါ်တွင် ပေါ်လာလေပြီ။ ဒဏ်ရာရထားသောအခြေအနေကြောင့် သူ့မှာ ၎င်းကို နောက်တစ်ကြိမ် မစုပ်ယူလိုသော်လည်း လောလောဆယ်တွင် တခြားရွေးစရာမရှိပေ။
သူက အသက်ပြင်းပြင်းရှူရင်း နိဗ္ဗာနသစ်သီးကို မြှောက်၍ နဖူးပေါ် ဖိလိုက်သည်။ ချက်ချင်းပင် ထစ်ချုန်းသံများ သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားပြီး သူ့စွမ်းအားတို့ ကြီးမားလာ၏။ သူသည် ကြီးထွားလာပြီး လောကပါလအင်မော်တယ်အဆင့်၏ မိုးပြာရောင်အလင်းက သူ့ကို ရစ်သိုင်းသွားလေပြီ။
မကြာမီ လျှို့ဝှက်အခန်းတစ်ခန်းလုံး မိုးပြာရောင်တောက်လာပြီး သူ့စွမ်းအားက တဟုန်ထိုး မြင့်တက်သွားသည်။
ဤအခိုက်အတန့်တွင် ပြိုကျသွားသော လိုဏ်ခေါင်းထဲ၌ ဝတ်ရုံနက်ခေါင်းဆောင်သည် သူ့အဝတ်အစားများမှ ဖုန်သလဲများကို သပ်ချပြီး လျှို့ဝှက်အခန်းထဲ ဝင်ရန် လျှောက်လာ၏။
အသက်ဆယ်ရှိက်ကြာပြီးနောက် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရသည်။ ဝတ်ရုံအနက်အဘိုးအိုက လျှို့ဝှက်အခန်းထဲသို့ တဟုန်ထိုးဝင်သွားသဖြင့် ဖုန်များ အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားလေသည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက ခေါင်းမော့လာသည်။ သူ့ကို မိုးပြာရောင်အလင်းက ဝန်းရံထားပြီး ယခုတွင် လောကပါလအင်မော်တယ်အဆင့်သို့ ရောက်နေလေပြီ။ သူ့မျက်လုံးများတွင် ပြင်းပြသောတိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။ သူက ရှေ့တစ်လှမ်းလှမ်းပြီးနောက် နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။
ထိုလက်သီးသည် စောစောက သူ သုံးခဲ့သောလက်သီးများထက် အဆများစွာ အားပြင်း၏။ စစချင်း ဝတ်ရုံနက်အဘိုးအိုက သိပ်ဂရုမစိုက်သော်လည်း ယခုတွင် မျက်နှာပျက်သွားပြီး တုံ့ခနဲ ရပ်လိုက်သည်။ ထို့နောက် သူလည်း နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ထုတ်လွှတ်လိုက်၏။
နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် လေလယ်တွင် ဝင်တိုက်လိုက်သဖြင့် အုန်းခနဲ ရိုက်ညောင်းသွားသည်။ ဤတစ်ခေါက်တွင် မန်ဟိုသည် နောက်မဆုတ်။ နောက်ဆုတ်လိုက်ရသူမှာတော့ အံ့အားသင့်နေသောအမူအရာဖြင့် ဝတ်ရုံနက်အဘိုးအိုပင်။ တစ်ချိန်တည်းမှာပင် မန်ဟိုက နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ရင်း စီးနင်းတိုက်ခိုက်တော့၏။
ထပ်မံ၍ သူသည် သူ၏သုံးနေကျ တိုက်ခိုက်ပုံတိုက်ခိုက်နည်းကို အားပြုရင်း အသာစီးရယူကာ သူ့ပြိုင်ဘက်ကို စတင်လွှမ်းမိုးတော့သည်။
***