သွေးခွေးကြီး နိုးထလာလေပြီ
Vol. 81 Ch. 1129
၀တ်ရုံနက်အဘိုးအိုမှာ နောက်ထပ်ဆုတ်လိုက်ရသဖြင့် မျက်နှာရိပ်ခနဲဖြစ်သွားသည်။ မန်ဟို ယခု ပိုင်ဆိုင်ထားသည့် စွမ်းအားအဆင့်က တာအိုကောင်းကင်၏ နှလုံးသားထဲသို့ပင် အကြောက်တရားများ ရိုက်ထည့်နိုင်ခဲ့သည်။ ၀တ်ရုံနက်အဘိုးအိုတွင် သန်မာသော အပြင်အားကိုယ်နှင့် ထူးဆန်းသော မှော်သိုင်းများ ရှိကောင်းရှိနိုင်သော်လည်း လက်ရှိအခြေအနေနှင့် မန်ဟို့ကို တိုက်ခိုက်ရခြင်းက သူ့ကို ဖိအားများသွားစေသည်။
တဂျိန်းဂျိန်း ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားပြီး ထိုလူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ နောက်ဆုတ်လိုက်ရသည့်အချိန်မှာပင် မန်ဟိုက လက်သီးနောက်တစ်လုံးဖြင့် ချဉ်းကပ်လာလေပြီ။
ထိုလူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်သည်။
"အစစ်အမှန်တာအို" သူက အော်ဟစ်လိုက်သည်။ မျက်စိကျိန်းမတတ် ခရမ်းရောင်အလင်းက သူ့အရှေ့တွင် ကွန့်မြူးလာကာ မန်ဟို့ထံ ပြေးထွက်သွားသော ဧရာမခရမ်းရောင်လက်ကြီးအသွင် ပြောင်းသွားသည်။
"မှော်သိုင်းကွက်တွေအားလုံးကို ချေမှုန်းမယ်တဲ့လား။ တာအိုတွေအကုန်လုံးကို ဖျောက်ပစ်မယ်တဲ့လား" မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြောသည်။ သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ နတ်မီးတောက်အဆီအနှစ် ပေါ်လာသည်။ လောကပါလအင်မော်တယ်အဆင့်စွမ်းအားမှ ထောက်ပံ့ပေးထားသော နတ်မီးတောက်အဆီအနှစ်သည် ကြောက်ခမန်းလိလိ အင်အားကြီးဖြင့် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ ၎င်းက ဧရာမခရမ်းရောင်လက်ကြီးကို ၀င်တိုက်ပစ်လိုက်သဖြင့် တဝုန်းဝုန်း မြည်သံများ ကြားရနိုင်လေသည်။
ဤတစ်ခေါက်တွင် တာအိုပျောက်ကွယ်ခြင်း မဖြစ်ပွားပေ။ ခရမ်းရောင်လက်မှာ နတ်မီးတောက်ကို မငြှိမ်းသတ်နိုင်ဘဲ ခုခံရုံသာ တတ်နိုင်သည်။ နတ်မီးတောက်မှာ တရှဲရှဲ စတင်မှေးမှိန်လာ၏။ တစ်ဆက်တည်းမှာပင် ခရမ်းရောင်လက်ကြီးလည်း ပြိုကွဲသွားသည်။
လက်ကျန်နတ်မီးတောက်များက ၀တ်ရုံနက်အဘိုးအိုထံသို့ ဆက်သွားပြီး ချက်ချင်း လွှမ်းခြုံပစ်လိုက်သည်။ အဘိုးအို၏မျက်နှာပျက်သွားပြီး သူက ကပျာကယာ နောက်ဆုတ်လိုက်၏။ သို့သော် သူ့အနောက်ရှိ သွေးရောင်ကျင့်ကြံသူများနှင့် ၀တ်ရုံနက်လူများမှာ မမြန်လိုက်ပေ။
မျက်စိတစ်မှိတ်အတွင်း နတ်မီးတောက်ကား သူ့တို့ကို လွှမ်းခြုံသွားလေပြီ။ မချိတင်ကဲအော်သံများ ပဲ့တင်ထပ်လာ၏။ မသေနိုင်သောကိုယ်များကို ပိုင်ဆိုင်ထားသည့်တိုင် သွေးရောင်ကျင့်ကြံသူများမှာ ဖျက်ဆီးခံလိုက်ရတော့သည်။
၀တ်ရုံနက်လူများမှာမူ သွေးပျက်စွာ အော်ဟစ်ရင်း ပြာကျကုန်ကြသည်။
၀တ်ရုံနက်ခေါင်းဆောင်မှာ နောက်ဆုတ်ရင်း လုံးလုံးလျားလျား အံ့အားသင့်နေ၏။ သူက မုဒြာလက်ကွက်နောက်တစ်ကွက်ဖော်လိုက်ရာ အဆုံးမဲ့ခရမ်းရောင်အလင်းအား ပေါ်လာစေသည်။ ၎င်းသည် တာအိုမှော်သိုင်းကွက်များနှင့် နတ်ဘုရားစွမ်းရည်များအသွင် ပြောင်းပြီးနောက် ဧရာမပိုက်ကွန်ကြီးတစ်ခုကို အတူတကွဖော်ဆောင်ကာ မန်ဟို့ထံ ပြေး၀င်သွား၏။
မန်ဟိုက လက်ဝှေ့ယမ်း၍ ပိုက်ကွန်ကြီးကို ကြေမွသွားသော နတ်ဘုရားစွမ်းရည်တစ်ခုအား ထုတ်လွှတ်လိုက်သည်။ ၀တ်ရုံနက်အဘိုးအို မျက်နှာပျက်သွားသည်။ သွေးများ သူ့ပါးစပ်မှ စီးကျလာပြီး သူ့မှာ နောက်ဆုတ်လိုက်ရပြန်သည်။ မန်ဟိုက ထပ်မံ၍ တိုက်စစ်ဆင်တော့မည့်အချိန် ရုတ်တရက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ပြင်းထန်သောနာကျင်မှုက သူ့နဖူးမှ စ၍ ပျံ့နှံ့လာကာ နိဗ္ဗာနသစ်သီးသည် သူ့နဖူးမှ ထွက်၍ ပြုတ်ကျသွား၏။ သူက ၎င်းကို ဖမ်းလိုက်သော်လည်း ထိုသို့လုပ်လိုက်စဉ် အားနည်းမှုလှိုင်းလုံးကြီးက သူ့ကို စိုးမိုးသွားလေသည်။
သူ့မှာ သွေးတစ်ပွက်အန်၍ နောက်သို့ယိမ်းယိုင်သွားသည်။ ယခုတော့ သူ့တွင် တိုက်စစ်ဆင်နိုင်စွမ်း မရှိတော့ပေ။ သူ့မှာ ဗလာကျင်းသွားသလို ခံစားလိုက်ရပြီး ချက်ချင်းပင် ချည့်နဲ့လဲကျသွားတော့သည်။
ဤအခြင်းအရာကို မြင်သော် ၀တ်ရုံနက်အဘိုးအိုက မန်ဟို့ထံ လျင်မြန်စွာ ပြေးဝင်လာသည်။ သူက မျက်စိတစ်မှိတ်အတွင်း သူ့အရှေ့ရောက်လာပြီး အံ့ဩဖွယ်ကောင်းစွာနှင့် သူ သုံးလိုက်သည့်တိုက်ကွက်မှာ နတ်ဘုရားသုတ်သင်ခြင်းလက်သီးပင် ဖြစ်သည်။
မန်ဟိုက ခါးခါးသီးသီး ရယ်လိုက်၏။ သူ့မှာ မရှိတော့၍ မျက်လုံးများ ဝေဝါးလာသည်။ ပင်ပန်းနွမ်းနယ်မှုက သူ့ကို လွှမ်းမိုးနေပြီး အသက်အန္တရာယ်ရှိသည့်တိုင် သူ့မှာ ဘာဆိုဘာမှ မလုပ်နိုင်ပေ။
၀တ်ရုံနက်အဘိုးအို အနားရောက်လာစဉ် ဒေါသတကြီး ဟောင်သံတစ်သံအား ရေခဲတုံးအတွင်းမှ ကြားလိုက်ရသည်။ ရေခဲတုံးသည် ချက်ချင်း အရပ်လေးမျက်နှာသို့ အပိုင်းအစများအား ပျံ့လွင့်သွားစေရင်း ခွမ်းခနဲ ကြေမွသွား၏။ သွေးနီရောင်အတန်းတစ်တန်းက ချက်ချင်း အဘိုးအို၏ လက်သီးချက်ကို ခုခံရင်း မန်ဟို့ကို ချက်ချင်း လွှမ်းခြုံသွားသည်။
အုန်းခနဲ မြည်ဟည်းသွားပြီး အဘိုးအိုမှာ ချက်ချင်း တုန်လှုပ်သွား၏။ သူ၏ပါးစပ်မှ သွေးများ စီးကျလာပြီး တန်ပြန်ရိုက်ခတ်မှုက သူ့ကို လွင့်ထွက်သွားစေသည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင်အလင်းထဲမှ ညည်းသံအား ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင်အလင်းသည် မြူခိုးမြူငွေ့များအဖြစ် ပြိုကွဲကာ အထဲ၌ သွေးခွေးကြီး၏ ဧရာမခေါင်းကြီးကို ဘွားခနဲ မြင်လိုက်ရ၏။ ၎င်းက ရန်လိုနေသော အမူအရာဖြင့် စားတော့မည့်အလား ပါးစပ်ကြီးဖြဲရင်း ၀တ်ရုံနက်အဘိုးအိုကို လှမ်းဟပ်လိုက်သည်။
၀တ်ရုံနက်အဘိုးအိုက မျက်နှာပျက်သွားပြီး တိုက်ခိုက်မှုကို ရှောင်ရှားရန် ဝေးဝေးသို့ ဆုတ်လိုက်သည်။ သို့သော် သူ့ပါးစပ်မှ သွေးများပို၍ စီးကျလာ၏။
"ပူးကပ်ခြင်း" အဘိုးအိုက အော်သည်။ "မင်းက ဒီသားရဲကို သွေးလင်းနို့ကို ပူးကပ်ဖို့ သုံးနေခဲ့တာလား"
နိုးထလာသော သွေးခွေးကြီးက သူ့ကို ရစ်သိုင်း၍ အသက်စွမ်းအားများအား သူ့ကိုယ်ထဲထည့်ကာ အားဖြည့်ပေးနေသဖြင့် မန်ဟိုမှာ အသက်ပြင်းပြင်းရှူနေရသည်။ သူသည် သူ့ပတ်ပတ်လည်ရှိ သွေးနီမြူများနှင့် သွေးခွေးကြီး၏ခေါင်းကို မြင်သောအခါ ရင်းနှီးသောခံစားချက်က သူ့ရင်ထဲတွင် ပေါက်ဖွားလာပြီး မပြုံးမိဘဲ မနေတော့ပေ။
"ဒီကောင်က မင်းကိုကယ်ဖို့ ပေါင်းစည်းနေတဲ့ ဖြစ်စဉ်ကို ခဏရပ်လိုက်တယ်လေ" ကြက်တူရွေးက ပြောသည်။ "ဒီလိုအခွင့်အရေး နောက်တစ်ခေါက်ရှာဖို့ဆို ကံကောင်းဖို့လိုမယ်"
ကြက်တူရွေးနှင့်အသားဂျယ်လီမှာ ပင်ပန်းနေကြပုံပေါ်သည်။ ၎င်းတို့က မန်ဟို့ကို တခဏကြည့်ပြီးနောက် သူ့သိုလှောင်အိတ်ထဲသို့ ပြန်၀င်သွားကြ၏။
သွေးခွေးကြီးသည် ယခုတွင် ရှေးဟောင်းနယ်ပယ်၏ အင်အားကြီးမားသော အခိုးအငွေ့များကို ထုတ်လွှတ်နေလေပြီ။ ၎င်းကား မီးငြိမ်းဝိညာဉ်ဆယ်လုံးဖြင့် လူသားကျင့်ကြံသူနှင့် သိသိသာသာ ယှဉ်နိုင်၏။
အမှန်တွင် ၎င်းအနေဖြင့် ပို၍ပင် အစွမ်းထက်နိုင်ခဲ့သည်။ ဖောက်ပြန်စိတ်ဝိညာဉ်များကို ပူးကပ်နိုင်သည့်အခွင့်အရေးများမှာ စကြ၀ဋ္ဌာတွင် အင်မတန်မှ ရှားပါးလှ၏။
သို့သော် မန်ဟိုက ၎င်း၏သခင်၊ ၎င်း၏ မိသားစုဖြစ်သည်။ ၎င်း ပို၍အစွမ်းထက်လာလိုသည့် တစ်ခုတည်းသော အကြောင်းအရင်းက မန်ဟို့ကို ကာကွယ်ပေးရန် ဖြစ်သည်။ ထို့ကြောင့် မန်ဟိုအသက်အန္တရာယ်ရှိလျှင် ၎င်းအနေဖြင့် အဆင့်တက်ဖို့ ဆက်လက်ရွေးချယ်မည်မဟုတ်ပေ။ သခင်ကို ဆုံးရှုံးလိုက်ရလျှင် ၎င်း၏ဘ၀က အဓိပ္ပာယ်မရှိဘဲ နေတော့မည်မဟုတ်ပါလော။
၎င်းက သစ္စာရှိခွေးတစ်ကောင်ဖြစ်၍ မန်ဟို့အတွက် အသက်ရှင်နေသည်ဟုပင် ပြောနိုင်၏။
သွေးခွေးကြီးကို ကြည့်နေသော မန်ဟို့မျက်ဝန်းများသည် နူးညံ့နေ၏။ သွေးခွေးကြီးက ခေါင်းနောက်လှန်၍ ဟောင်လိုက်ရာ မြူများသည် အက်ကွဲသံများ ထုတ်လွှတ်ပြီးနောက် သွေးခွေးကြီး၏ကိုယ်လုံးကို ဖော်ဆောင်လိုက်သည်။ ကြောက်မက်ဖွယ်အရိုးဆူးများက ၎င်းခန္ဓာကိုယ်အနှံ့အပြားမှ ထိုးထွက်နေသည့်အပြင် ၎င်း၏သွားများသည်လည်း ဘလိတ်ဓားတမျှ ချွန်မြနေသည်။ ၎င်းကား ရက်စက်ရိုင်းစိုင်းသော ဧရာမသားရဲကြီးသဖွယ် သွေးရောင်စွေးနေ၏။ ထိုမျှသာမက သွေးရောင်တောင်ပံကြီးများကိုလည်း ပိုင်ဆိုင်ထားလေပြီ။
သွေးခွေးကြီးသည် အရိုင်းဆန်သော သွေးနတ်ဘုရားပမာ ပို၍ပင် ခက်ထန်ကြမ်းကြုတ်နေ၏။ ၎င်း၏မျက်လုံးများက ကမ္ဘာကြီးဆီသို့ အဆုံးမဲ့သွေးအေးမှုနှင့် ရက်စက်မှုအား ဖြန့်ကျက်နေသယောင်ပင်။ သွေးခွေးကြီးအတွက် ကောင်းသည်၊ ဆိုးသည်၊ မှန်သည်၊ မှားသည် ဆိုသည့်အရာမျိုး မတည်ရှိ .... သူ့သခင်သာ ရှိသည်။
၎င်းကား ရက်စက်ကြမ်းကြတ်ပြီး သွေးအေးပုံပေါ်သည်။ သတ္တိမရှိသောမည်သူမဆို ၎င်းကို ကြည့်လိုက်ရုံလေးနှင့် ကြောက်ဖျားဖျားသွားရလိမ့်မည်။
အရက်စက်ဆုံးသတ္တဝါများပင်လျှင် ၎င်း၏အကြည့်တစ်ချက်လေးကြောင့် အမြီးကုပ်သွားရလိမ့်မည်။
ဤကြောက်မက်ဖွယ်သွေးခွေးကြီး၏ကျောပေါ်တွင် ထိုင်၍ ၊ ၎င်းကို အမြီးတခါခါ ရမ်းစေနိုင်သည့်လူ တစ်ယောက်တည်းသာ ရှိသည်။ ထိုလူက ... ၎င်း ပေါက်စလေးကတည်းက ၎င်းကို မွေးမြူစောင့်ရှောက်ပေးခဲ့သော ... မန်ဟိုပင်။
မန်ဟိုတစ်ယောက်တည်းသာ ထိုကဲ့သို့အရာများကို လုပ်နိုင်သည်။
မန်ဟို သွေးခွေးကြီး၏ကျောပေါ် ထိုင်ချလိုက်သည့်အခါ ၎င်းက မာန်အပြည့်ဖြင် ဟိန်းဟောက်လိုက်သည်။ ၎င်းသည် တောင်ပံများကို တဖတ်ဖတ် ခတ်ပြီးနောက် မြေပေါ် ပျံတက်သွား၏။ ၎င်းပတ်ပတ်လည်ရှိ အရာအားလုံး တုန်ရီပြိုကျကုန်ပြီး ၎င်း ကောင်းကင်သို့ ထွက်လိုက်ရာတွင် ဧရာမချောက်နက်ကြီးသာ ကျန်ခဲ့တော့သည်။
ပျံထွက်လိုက်စဉ် ၎င်းသည် ပတ်ဝန်းကျင်အပေါ် စီရင်ထားသော ချိတ်စည်းတစ်ခုခုကို ချိုးဖျက်လိုက်သယောင်ပင်။ တစ်ချိန်တည်းမှာပင် ၎င်း၏ကိုယ်လုံးကား ကြီးမားလာ၏။ မကြာမီ သွေးခွေးကြီးမှာ မီတာသုံးရာရှည်လျားလာပြီး ပျံဝဲနေစဉ် အရာအားလုံးကို တုန်ခါ၍ လေပြင်းတစ်ချက် တိုက်ခတ်သွားစေသော ဟောင်သံကြီးကို ထုတ်လွှတ်လိုက်၏။
ဤအခိုက်အတန့်တွင် ဒေါသတကြီးအော်သံကြီးက မိုးထိညံသွားလေသည်။ အသံလာရာကား ပြည်ထောင်သုံး၏ နိုင်ငံ့အရှိန်အဝါတောင်ထိပ်မှတစ်ပါး အခြားမဟုတ်ပေ။
“သူ့ကို သတ်ပစ်” အင်ပါယာအဝတ်အစာများနှင့်လူက အသံကုန်အော်သည်။ “အဲဒီသွေးဖန်လုံးကို ပြန်ယူလာခဲ့”
သွေးခွေးကြီး လေပေါ် ပျံတက်လိုက်သော အခိုက်အတန့်တွင် သူသည် သွေးရောင်ရေခဲတုံး ကွဲသွားခဲ့သည်ကို အာရုံရလိုက်၏။ သွေးရောင်လင်းနို့လည်း အစားခံလိုက်ရပြီး .... ရလဒ်အနေဖြင့် သွေးခွေးကြီး ၎င်းနေရာကို ယူသွားခဲ့ကြောင်းလည်း ခံစားလိုက်ရသည်။
သူ၏ဒေါသတကြီးအော်သံကြီး ပဲ့တင်ထပ်နေစဉ် မရေမတွက်နိုင်သော အစွမ်းထက်ဝတ်ရုံနက်ကျင့်ကြံသူများက သူ့ပတ်ပတ်လည်တွင် ပေါ်လာသည်။ သူတို့က ချက်ချင်းပင် မန်ဟို့ထံ ဦးတည်သွားသော အလင်းတန်းများအသွင် ပြောင်းသွား၏။
အစွမ်းထက်ဆုံးမှာ အဖွဲ့၏ခေါင်းဆောင်နေရာရှိ ဝတ်ရုံနက်လူသုံးယောက်ဖြစ်သည်။ အထူးသဖြင့် ထိုသုံးယောက်အနက် အလယ်အကျဆုံးလူပင်။ သူသည် အခြားသူများနည်းတူ ဝတ်ရုံနက်ကို ဝတ်ထားသော်လည်း သူ့မျက်နှာကို ဖုံးမထားပေ။ သူကား ကတုံးပြောင် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ဉာဏ်ပညာကြွယ်ဝမှုကို သက်သေထူသည့် တည်ငြိမ်အေးဆေးသောအမူအရာရှိသည်။
သူတို့က ပျံသန်းလိုက်သည်နှင့် ပြင်းထန်သောဖိအားကြီးကို ထုတ်လွှတ်လိုက်ကြသည်။ မန်ဟိုမှာ ၎င်းကို ခံစားလိုက်ရလျှင် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူက သွေးခွေးကြီးကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။ "ကဲ သွားကြစို့”
ချက်ချင်းပင် သွေးခွေးကြီးက ခေါင်းနောက်လှန်၍ ဟောင်လိုက်ပြန်သည်။ ထို့နောက် ၎င်းသည် အဝေးသို့ ထွက်သွားသောအလင်းတန်းအသွင် ပြောင်းသွားတော့၏။
အချိန်များ ကုန်လွန်နေသည်အမျှ ဝတ်ရုံနက်ကျင့်ကြံသူများ ပတ်ဝန်းကျင်တွင် စုဝေးလာကြသည်။ တစ်ချိန်တည်းမှာပင် မြေအောက်၌ မန်ဟို တိုက်ခိုက်ခဲ့သော ဝတ်ရုံနက်လူက ချောက်အတွင်းရှိ အပျက်အစီးများထဲမှ ထွက်လာသည်။ သူက ကျန်ဝတ်ရုံနက်လူများနှင့် လိုက်သွားမည့်အစား ဉာဏ်ပညာကြယ်ဝသောအမူအရာနှင့် ကတုံးကျင့်ကြံသူဆီ ပျံတက်သွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား ... ထိုလူနှင့်တစ်သားတည်း ဖြစ်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်က တစ်ယောက်တည်း ဖြစ်သွားသည်။ ထို့နောက် သက်လတ်ပိုင်းလူ၏ပုံပန်းသွင်ပြင် ပြောင်းသွား၏။ သူ့ပုံစံက အတန်ငယ်အိုမင်းသွားသော်လည်း တစ်ဝက်တစ်ပျက်တာအိုအရှိန်အဝါထွက်လာသည်။
သူသည် ထိုနယ်ပယ်သို့ အမှန်တကယ် မရောက်သေးသော်လည်း တစ်ဝက်တစ်ပျက်တာအိုပညာရှင်အဖြစ် သတ်မှတ်နိုင်သည်အထိ နီးကပ်နေချေပြီ။
“မန်ဟို” ထိုလူက ရေရွတ်လိုက်သည်။ “နဝမတောင်၊ နဝမပင်လယ်....” သူ့မျက်ဝန်းများသည် လွမ်းဆွေးမှုတို့ဖြင့် လင်းလက်သွားပြီး သူက သက်ပြင်းဖွဖွ ချလိုက်သည်။ ထို့နောက် သူသည် ဝတ်ရုံနက်ကျင့်ကြံသူများနှင့် လေကို ခွင်းသွားတော့၏။
သူ ရွေ့လျားလာသောအမြန်နှုန်းက ကျန်ဝတ်ရုံနက်ကျင့်ကြံသူများကို နောက်ကျန်ရစ်စေခဲ့သည်။ သူကား ရင်သပ်ရှုမောဖွယ် အမြန်နှုန်းဖြင့် ကောင်းကင်ကို ထိုးခွင်းသွားသော မြားတစ်စင်းအလားပင်။
သွေးခွေးကြီးသည်လည်း ပြည်ထောင်သုံးမှ ဗဟိုဝတ်ပြုကျောင်းသို့ သွားနေစဉ် ပုံရိပ်များကို နောက်ချန်ခဲ့ရင်း အလွန်လျင်မြန်စွာ ရွေ့လျားနေ၏။
မန်ဟိုက ပြန်သက်သာလာအောင် ဆေးလုံးများစားရင်း ၎င်းကျောပေါ်တွင် ထိုင်နေသည်။ သူ့မှာ စွမ်းအားအထွတ်အထိပ်သို့ ပြန်ရောက်ဖို့ တစ်စက္ကန့်တိုင်းကို အသုံးချနေသဖြင့် သူ၏ထာဝရအလွှာသည် အပြင်းအထန် အလုပ်လုပ်နေရ၏။ ထိုအထွတ်အထိပ်စွမ်းအားမရှိလျှင် လေဟုန်ခွင်းလောကတွင် အန္တရာယ်များလှလေသည်။
သူ့မှာ အနောက်မှ သူ့ထံ ချဉ်းကပ်လာနေသော အသတ်အဖြတ်အရှိန်အဝါကိုလည်း အာရုံရနေသည်။
သွေးခွေးကြီး၏ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းကြောင့် သူတို့သည် ပြည်ထောင်သုံးမှ လျင်မြန်စွာ ထွက်ခွာ၍ ဗဟိုဝတ်ပြုကျောင်းဒေသသို့ ဝင်ရောက်လာတော့၏။
ထိုနေရာမှာ ကိုးပြည်ထောင်စစ်ပွဲဖြစ်ပွားနေရာလည်း ဖြစ်သလို တောင်ပင်လယ်အသီးသီးမှ ကျင့်ကြံသူများလည်း ရှိနေသည်။ လူသိပ်များများစားစား မကျန်တော့သော်လည်း လူတိုင်း ဤနေရာတွင်သာ နေကြရန် ရွေးချယ်ခဲ့ကြ၏။ အန္တရာယ်များပုံရသော်လည်း တကယ်တော့ ဤနေရာမှာ အလုံခြုံဆုံးဖြစ်ကြောင်း သူတို့ သိကြလေသည်။
လာခဲ့သော ပြည်ထောင်သို့ ပြန်သွားသော မည်သူမဆို အန္တရာယ်အများဆုံးဖြစ်သည့် အက်ရှလွန်ကျင့်ကြံသူများ၏ ပြင်းထန်သောတိုက်ပွဲအတွင်း ဆွဲသွင်းခံရလိမ့်မည်။
ထိုမျှသာမက အလိုရမ္မက်များကို ထိန်းချုပ်ဖို့ ဗဟိုဝတ်ပြုကျောင်းက အသင့်တော်ဆုံးနေရာဖြစ်ကြောင်း ကျင့်ကြံသူအားလုံး သဘောပေါက်ခဲ့ကြလေသည်။
မန်ဟို ဝင်ရောက်လာသည်နှင့် အကြိတ်အနယ် တိုက်ခိုက်နေကြသော ကျင့်ကြံသူများနှင့် သေမျိုးအားလုံး ဧရာမသွေးခွေးကြီးကို မော့ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
“အဲဒါ ဘာကြီးလဲ”
“ဘုရားရေ အဲဒီလိုသွေးရောင်သားရဲတစ်ကောင်က လေဟုန်ခွင်းလောကမှာ ဘယ်လိုလုပ်ပေါ်လာနိုင်တာလဲ”
မကြာမီ အံ့အားသင့်နေသော သေမျိုးများနှင့် ကျင့်ကြံသူများသည် သွေးခွေးကြီး၏ကျောပေါ်တွင် တစ်ယောက်ယောက်ထိုင်နေကြောင်း သတိထားမိလိုက်၏။
“ကြည့် သူ့ကျောပေါ်မှာ .... လူတစ်ယောက်လားလို့”
“မန်ဟိုပဲ” ဖန်းတုံးအာနှင့် ပေ့ယွီသည် ဗဟိုဝတ်ပြုကျောင်းဒေသတွင် ဖြစ်၍ သွေးခွေးကြီးနှင့် ၎င်းကျောပေါ်ရှိ မန်ဟို့ကို ချက်ချင်းဆိုသလို မြင်လိုက်ကြ၏။
ဤအခိုက်အတန့်တွင် တစ်ဝက်တစ်ပျက်တာအိုအဆင့် ကတုံးကျင့်ကြံသူက သက်ပြင်းဖွဖွချကာ ပြည်ထောင်သုံးမှ ထွက်ခွာ၍ ဗဟိုဝတ်ပြုကျောင်းဒေသသို့ ဝင်ရောက်လာသည်။
“ဒီမရောက်တာတောင် ... ကြာပြီပဲ” သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။