← Chapters

စိတ်ဆိုးဒေါကန်ခြင်း

Vol. 81 Ch. 1132

စိတ်ဆိုးဒေါကန်ခြင်း

Vol. 81 Ch. 1132

မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ ထိုမျှသာမက ဤမိန်းကလေး ရွှယ့်အာကို သူ ချက်ချင်းပင် သဘောမကျပေ။ သူမသည် လှကောင်းလှသော်လည်း ၊ သူ တွေ့ခဲ့ဖူးသမျှ မိန်းကလေးတိုင်းထက်ပို၍ လှပါသော်လည်း ... အလွန်မူရာမာယာများလွန်းသည်ဟု သူ ခံစားရ၏။

မည်မျှကြာပြီလဲ ဘယ်သူမှ မသိအောင် သူ့ကို တိတ်တိတ်လေး နောက်ယောင်ခံလိုက်နိုင်သည့် အထူးအတတ်တစ်ခုခုကို သူမ သေချာပေါက် သုံးခဲ့လိမ့်မည်။ သူမအနေဖြင့် ၎င်းကို ‘အကဲခတ်ခြင်း’ ဟုသာ ခေါ်နိုင်သော်လည်း သူမနည်းလမ်းများက သာမန်အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် ကျော်လွန်သည်။

ထိုကဲ့သို့နည်းလမ်းများက မန်ဟို့ကို လှောင်ရယ်ချင်စိတ် ပေါက်စေသည်။ သူ တာအိုကောင်းကင်နှင့် တိုက်ခိုက်ခဲ့တုန်းက တာအိုကောင်းကင် သူမကို မည်မျှအရေးထားသလဲ သူ ပြောနိုင်ခဲ့သည်။ တာအိုကောင်းကင်မှာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့သော်လည်း မန်ဟိုသည် အလွယ်တကူ ထိုးဖောက်မြင်နိုင်ခဲ့၏။

သူမက သင့်ကို အကောက်ကြံနေခြင်းမဟုတ်မှန်း သိလျှင်တောင်မှ သတိကြီးကြီးဖို့ တွေးမိနေသေးစေသည့် မိန်းမစားမျိုးဖြစ်ပေသည်။ ထို့အပြင် တစ်ခါ သတိထားလိုက်သည်နှင့် စိတ်အေးအေးရှိတော့မည်မဟုတ်ပေ။ ရှုချင်ကတော့ ဆန့်ကျင်ဘက်ပင်။ သူသည် ရှုချင်နှင့်အတူ နေခဲ့စဉ်တုန်းက အလွန်တရာစိတ်သက်သောင့်သက်သာ ရှိခဲ့သည်။ သူမက ဉာဏ်နီဉာဏ်နက်လည်းမများ၊ အကောက်လည်းမကြံတတ်၍ သူမ သူ့ကို ကြည့်လျှင် သူ့လုပ်ချင်သမျှမှာ သူမကို နူးညံ့ကြင်နာနာပြုံးပြရုံလေးသာ ဖြစ်သည်။

ဤအတွေးများ သူ့ခေါင်းထဲတွင် ဖြတ်ပြေးနေသော်လည်း ၎င်းတို့က သူ့မျက်နှာထားကို နည်းနည်းလေးမှ ပြောင်းလဲမသွားစေပေ။

“ကျွန်မက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကပါ” ရွှယ့်အာက ပြောသည်။ “တောင်ပင်လယ်တွေမှာ မြင်တွေ့ရတဲ့ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မျိုးမဟုတ်ဘူး။ ကျွန်မက တကယ့်အင်မော်တယ်ရှေးဟောင်းရဲ့ တစ်ယောက်တည်းသော ဆက်ခံသူ” သူမက ယုံကြည်ချက်အပြည့်ဖြင့် ဖူးပွင့်စ နှင်းပန်းလေးလို တောက်ပစွာ ပြုံးရင်း မန်ဟို့ကို ကြည့်သည်။ ၎င်းက သူမနှင့် သူမပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပို၍ပင် မျက်စိကျဖွယ်ကောင်းသွားစေသည်။

“ကျွန်မ ဆုံခဲ့ဖူးတဲ့ အက်ရှလွန်တွေအားလုံးထဲမှာ” သူက ဆက်ပြောသည်။ “လိုအပ်ချက်တွေနဲ့ အနီးစပ်ဆုံး ကိုက်ညီတာဆိုလို့ ပထမတောင်က အစ်ကိုချန်တစ်ယောက်ပဲ ရှိတယ်။ သူတစ်ယောက်မှ တစ်ဝက်ပဲ ကိုက်ညီတာ။ ကျွန်မ သူ့ကို ရွေးချယ်တော့မလို့ ပြင်နေပေမယ့် အဲဒီအခိုက်အတန့်မှာပဲ ရှင် ရုတ်တရက် ပေါ်လာတာကို ခံစားခဲ့ရတယ် အစ်ကိုမန်

“အဲဒါကြောင့် ကျားကစားဖို့ ရှင့်ကို လာရှာတာ” သူမက လက်ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်အကြားတွင် ကျားခုံတစ်ခုံ ပေါ်လာသည်။

ကျားအနက်များနှင့် ကျားအဖြူများသည် မျက်နှာချင်းဆိုင်လျက် ကျားခုံ၏ တစ်ခြမ်းစီတွင် ရှိနေကြ၏။

သူမက သိပ်များများစားစား မပြောခဲ့သော်လည်း မန်ဟိုသည် စကားလုံးများထဲရှိ မာနကြီးမှု၊ သူမအရိုးထဲ အမြစ်တွယ်နေသော မောက်မာမှုကို အလွယ်တကူ ခံစားလိုက်ရလေသည်။ သူမမှာ ထိုကဲ့သိုမာနကြီးပြရန် မရည်ရွယ်ထားသော်လည်း မည်သို့ဆိုစေ ပေါ်လွင်သိသာနေသည်။

“အစ်ကိုမန် အရင်ဦးစားပေးပါတယ်” သူမက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။

“ငါ ကျားမကစားဘူး” မန်ဟိုက အေးစက်စက် ပြန်ပြောသည်။

“အစ်ကိုမန်၊ ကျေးဇူးပြုပြီး ကစားလိုက်ပါ။ ကျွန်မက ရှင့်ကို ကံကောင်းမှုတွေ ချီးမြှင့်ပေးဖို့ ရောက်လာတာနော်” သူမသည် သူ့ကို ရွှန်းရွှန်းစားစား ကြည့်နေ၏။

မန်ဟိုက မျက်မှောင်ကြုတ်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်သော်လည်း အေးစက်စက် အပြုံးသာ ဖြစ်သည်။ သူ့မျက်ဝန်းများသည် နက်နဲသိမ်မွေ့လျက်ရှိ၏။

“မင်း ဘာဆုံးဖြတ်ချက်မျိုး ချနေလဲ ငါ မသိသလို၊ ကျန်တဲ့အက်ရှလွန်တွေ မင်းနဲ့ ဘာကြောင့်ရင်းနှီးချင်သလဲလည်း ငါ မသိဘူး။ ဒါပေမဲ့ ငါကတော့ မင်းကို မေးခွန်းတစ်ခု မေးချင်တယ်။ ငါ မင်းနဲ့ ကျားကစားလိမ့်မယ်လို့ မင်းကို ဘာက ထင်စေတာလဲ။ ပြီးတော့ ငါ့နောက် တိတ်တိတ်လေး လိုက်ပြီး ကောက်ကာငင်ကာ ပေါ်လာ၊ လေကြောရှည်လို့ ရတယ်လို့ ဘာက မင်းကို ယုံကြည်ချက်ရှိစေတာလဲ။ မင်းက ဆက်ခံသူဆိုလား ဘာလား ဖြစ်နေတာလေးအတွက်ကြောင့်လား" သူက ခြေဆောင့်နင်း၍ တစ်လှမ်းတက်လိုက်ရာ အရာအားလုံးကို တုန်ခါလာစေသည်။ အားကောင်းသော ဖိအားလှိုင်းတစ်လုံးက ရွှယ့်အာဆီ လိမ့်ထွက်သွား၏။

“အစ်ကိုမန် စိတ်အေးအေးထားပါ” သူမက အေးတိအေးစက် ပြောသည်။ “ကျွန်မကို တိုက်ခိုက်တာက အလကားပဲ။ ဒါ့ပြင် ရှင် ဒဏ်ရာရထားသေးတယ်”

မန်ဟို့မျက်လုံးများက သွေးအေးအေး တောက်ပသွားသည်။ “ငါ ဒဏ်ရာရထားရင်တောင်မှ မင်းကို ထိခိုက်အောင် လုပ်နိုင်သေးတယ်”

သူက ရှေ့တစ်လှန်းတက်လိုက်သည်။ သူ့အနောက်တွင် သွေးခွေးကြီးသည် ခေါင်းနောက်လှန်၍ ဟောင်လိုက်ရာ အသတ်အဖြတ်အငွေ့များ တထောင်းထောင်း ထလာစေသည်။ ၎င်း ရွှယ့်အာကို စိုက်ကြည့်လေလေ၊ အသတ်အဖြတ်အငွေ့များမှာ သိပ်သည်းလာလေလေပင်။ ရုတ်တရက် ၎င်းက သူမကို ခုန်အုပ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ရွှယ့်အာသည် မျက်မှောင်ကြုတ်၍ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူညက်သောလက်ကလေးကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် အဖြူရောင်အလင်းတန်းတစ်တန်းက ကြိုးကြာဖြူတစ်ကောင်အသွင်ပြောင်းရင်း ထွက်လာသည်။ ၎င်းက သာယာနာပျော်ဖွယ်ကောင်းသော ကျူးရင့်သံမှင့်အတူ ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့များအား ထုတ်လွှတ်လိုက်သည်။

“အစ်ကိုမန်” ရွှယ့်အာက အေးစက်စက် ပြောသည်။ “ကျေးဇူးပြုပြီး ထိုင်ပါ၊ ကျားကစားကြရအောင် ဟုတ်ပြီလား” တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်ကာ ကြက်တူရွေးအား ပျံထွက်လာစေသည်။ ၎င်းသည် ကြိုးကြာဖြူကို မြင်လိုက်လျှင်ချင်း စိတ်လှုပ်တရှား အော်ဟစ်ရင်း ပြေးဝင်သွားတော့၏။

ကြိုးကြာဖြူမှာ မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေပြီး တခဏကြာသော် မချိတင်ကဲအော်လိုက်ရတော့သည်။ တစ်ဆက်တည်းမှာပင် မန်ဟိုက သုံးလှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်ပြီး သူ့စွမ်းအားကား တစ်ဟုန်ထိုးတက်လာသည်။ သူက ညာလက်သီးကို ဆုပ်၍ ထိုးသွင်းလိုက်၏။

“အရှက်မရှိလိုက်တာ” ရွှယ့်အာက မျက်ဝန်းလေးများ သွေးအေးစွာ လင်းလက်သွားလျက် ပြောသည်။ သူမသည် ကြိုးကြာဖြူ၏ သနားစဖွယ်အခြေအနေကို မြင်သောအခါ မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် မန်ဟို့ထံ ဝှေ့ယမ်းလိုက်သည်။ သို့သော် သူမ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည့်အချိန်မှာပင် မန်ဟို၏ညာလက်ခလယ်က ဆန့်တန်းလာကာ သူလည်း လယ်ခလယ်အား ဝှေ့ယမ်းလိုက်သည်။

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ထုတ်လွှတ်ခံလိုက်ရ၍ ရွှယ့်အာမှာ တုန်ရီသွားပြီး မျက်နှာပျက်သွားသည်။ မန်ဟိုက လေးလှမ်းမြောက်၊ ငါးလှမ်းမြောက်ကို လှမ်းပြီးနောက် လက်သီးတစ်လုံး ပစ်သိုင်းလိုက်လေ၏။

ရွှယ့်အာ ရိပ်ခနဲ နောက်ဆုတ်လိုက်စဉ် အုန်းခနဲ မြည်ဟည်းသွားသည်။ ထိုစဉ် မန်ဟိုက အေးစက်စက် နှာမှုတ်၍ ပြောလေသည်။ “ဒီကို ပြန်လာခဲ့စမ်း”

သူ့ညာလက်က လက်သီးမှ လက်ဝါးဖြန့်လိုက်သည်။ သူက ကြယ်ခူးသိုင်းကို အသုံးပြုရင်း ရွှယ့်အာထံသို့ ဖမ်းဆုပ်သည့် လက်ဟန်လုပ်လိုက်သည်။ ရွှယ့်အာမှာ မန်ဟို့ဆီ ဆွဲခေါ်ခံနေရကြောင်း ခံစားလိုက်ရသဖြင့် မျက်စိမျက်နှာပျက်သွား၏။ သူမက မုဒြာလက်ကွက်တစ်ကွက် ကပျာကယာ ဖော်လိုက်ရာ နှင်းလေပွေတစ်ခုကား သူမကို ရစ်သိုင်းလှည့်ပတ်ရင်း ပေါ်လာလေပြီ။

မန်ဟိုက ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် ခြောက်လှမ်းမြောက်ပြီးနောက် ခုနှစ်လှမ်းမြောက်ကို လှမ်းလိုက်သည်။ ကောင်းကင်တွင် ဧရာမခြေဖဝါးကြီးပေါ်လာကာ ရွှယ့်အာကို နင်းချလိုက်၏။

တစ်ချိန်တည်းမှာပင် မန်ဟိုက သူမထံသို့ လျှပ်စီးလို ပြေးဝင်သွားလေသည်။

ရွှယ့်အာသည် အသက်ပြင်းပြင်းရှူနေရ၏။ မန်ဟိုမှာ ဒဏ်ရာရထားသည့်တိုင် ဤမျှအစွမ်းထက်နေဦးမည်ဟု သူမ မထင်ထားခဲ့ပေ။ အတိမ်းအစောင်းမခံသော အခိုက်အတန့်တွင် သူမက ညာလက်ကို ဆန့်တန်းလိုက်ရာ ထိုအထဲ၌ ခေါင်းလောင်းတစ်လုံး ပေါ်လာသည်။ သူမ ခေါင်းလောင်းကို အလျင်အမြန် တီးလိုက်သည့်အခါ ချွင်ခနဲ မြည်သွားသည်။ အသတ်အဖြတ်အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး သူမအနောက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာ၏။

၎င်းသည် တာအိုဝတ်ရုံဝတ်ဆင်ထားသော ဧရာမအဘိုးကြီးတစ်ဦးဖြစ်သည်။ သူကား အဆုံးမဲ့အမြော်အမြင်ရှိဟန်တူပြီး တာအိုတရားဒေသနာ ဟောပြောနေသောခုလတ်တွင် ဖြစ်သယောင်ပင်။ သူသည် ညာလက်ကို လေပေါ်မြှောက်၍ လာနေသည့် ခြေဖဝါးကြီးထံသို့ လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်၏။

နတ်ဘုရားခြေခုနစ်လှမ်းသိုင်းကွက်၏ ဧရာမခြေဖဝါးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရွှယ့်အာက ညာလက်ကို ခါလိုက်ရာ သူမအနောက်ရှိ ဧရာမပုံရိပ်ကြီးသည် လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ မန်ဟို့ထံ ဖြစ်သည်။

တိုက်ကွက်က ရိုက်ခတ်လိုက်သည့်အခါ ရလဒ်အနေဖြင့် မန်ဟိုမှာ တုန်ရီသွားလေသည်။ သို့ရာတွင် အဘိုးကြီး၏ပုံရိပ်မှာ အတန်ငယ်မှေးမှိန်သွားသဖြင့် ရွှယ့်အာအား အံ့အားသင့်သွားစေတော့သည်။

မန်ဟို အန္တရာယ်ပြုတော့မည့်ဟန်ဖြင့် ဆက်လက်ချီတက်လာသည်ကို မြင်သော် သူမသည် အံတင်းတင်းကြိတ်လိုက်၏။ ရုတ်တရက် သူမလက်ထဲတွင် ဆေးပုလင်းတစ်ပုလင်း ပေါ်လာသည်။

“ရော့ နစ်နာကြေးအဖြစ် ဒီဆေးလုံးတွေကို ယူလိုက်” သူမက ပုလင်းကို သူ့ဆီ ပစ်ပေးရင်း ပြောသည်။

ဆေးပုလင်းကို ဖမ်းယူလိုက်စဉ် မန်ဟို့မျက်လုံးများ တောက်ပသွားသည်။

“အဲ့ဒါ အင်မော်တယ်ဆေးလုံး” သူမက ဆောင့်ဆောင့်အောင့်အောင့် ပြောလေသည်။ “ဆေးပင်က ဖော်ထားတာမဟုတ်ဘူး၊ မဟာတာအိုတစ်ပါးရဲ့ အနှစ်သာရကနေ ဖော်ထားတာ၊ အဲဒီဆေးလုံးစားလိုက်၊ ရှင့်ဒဏ်ရာတွေ သက်သာပြီး အကောင်းတိုင်းဖြစ်သွားလိမ့်မယ်။ စေတနာနဲ့ ပေးတာ၊ ကျွန်မက ရှင့်ရန်သူမဟုတ်ဘူး”

“ဪ” သူက ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် ဆေးပုလင်းကို ကြည့်လိုက်သည်။ တခဏ သေသေချာချာ စစ်ဆေးပြီးနောက် အဖုံးကို ပွင့်၍ မျက်လုံးများမှိတ်ကာ တစ်ချက်ရှူကြည့်လိုက်၏။ အတန်ကြာသော် သူ့မျက်လုံးများ ဖြတ်ခနဲ ပွင့်လာသည်။

“အချိန်ဆေးလုံး” သူက ရေရွတ်လိုက်သည်။

ရွှယ်အာမှာ ယခုလေးတင်မှ စိတ်တည်ငြိမ်လာသော်လည်း မန်ဟို့စကားကို ကြားရလျှင် အံ့ဩသွားရပြန်သည်။

“ရှင့် ဆေးဝါးတာအိုအသိက ဒီလောက်မြင့်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး အစ်ကိုမန်။ ရှင်က အဲဒီဆေးလုံးကို ... သိတဲ့ ပထမဆုံးအက်ရှလွန်စာရင်းဝင်ပဲ။ ဟုတ်တယ် အဲဒါ အချိန်ဆေးလုံး။ ဆေးလုံးအမျိုးအစားကို ဖော်ထုတ်နိုင်မှတော့ ရှင့်ဒဏ်ရာတွေအကုန်လုံးကို ကုစားပေးနိုင်တယ်ဆိုတာ ရှင် သေချာပေါက် သိမှာပါ။ မြင်တဲ့အတိုင်း ကျွန်မ ရှင့်ကို လိမ်မနေဘူး”

“အနည်းဆုံး ခန္ဓာပြောင်းလဲမှုကာလတစ်နှစ် ထည့်ပေါင်းပေးနိုင်တဲ့ ဆေးလုံးတစ်လုံးက မျက်မှောက်ခေတ်မှာ အမှန်ပဲ သိပ်ရှားတယ်” မန်ဟိုက ဆေးပုလင်းကို သိမ်း၍ မတိုက်ခိုက်တော့ပေ။ ထို့နောက် သူက ကြက်တူရွေးကို ပြန်ခေါ်လိုက်သော်လည်း ကြက်တူရွေးမှာ ပြန်ခေါ်ခံရသည့်အတွက် ငြူစူနေပုံရသည်။ တုန်ရီနေသောကြိုးကြာခမျာ ရွှယ့်အာဆီ ကမန်းကတန်း ပျံသန်းသွား၏။

ထို့နောက် မန်ဟိုက ကျားခုံဆီ ရွေ့လျားသွားပြီး ကျားအနက်တစ်ခုကို ကောက်၍ ရွှေ့လိုက်သည်။

ရွှယ့်အာ မျက်ဝန်းလေးများ လင်းလက်သွားပြီး စိတ်သက်သာရာရသွားလေသည်။ ဤမန်ဟိုမှာ အလွန်ကပ်သီးကတ်သတ်နိုင်ရာ သူမ အမှန်တကယ် ဒေါသထွက်ရ၏။ သို့သော် သူမအနေဖြင့် ဘာမှမတတ်နိုင်ပေ။ မန်ဟို ကျားအနက်တစ်ခုကို စကစားသည်ကို မြင်သော် သူမမျက်မှောင်လေး မသိသာကြုတ်သွားလေသည်။ သူမက ကျားခုံဆီ လျှောက်လာပြီး ကျားအဖြူတစ်ခုကို ကောက်၍ ရွှေ့ကာ မန်ဟို ဆက်ရွှေ့မည်ကို စောင့်လိုက်၏။

“ငါ ရှုံးသွားပြီ” သူက အင်္ကျီလက်စကို ခါရင်း ပြောသည်။ ထို့နောက် ကျားခုံကို လှည့်ပင်မကြည့်တော့ဘဲ သွေးခွေးကြီးဆီ လျှောက်သွား၏။

“ရှင်” ရွှယ့်အာနဖူးပေါ်တွင် သွေးကြောများ ထောင်လာသည်။ မန်ဟို့လိုလူမျိုး သူမတစ်ခါမှ မတွေ့ခဲ့ရဖူးပေ။ “ကျားမကစားရင် ရှင့်အတွက် ကျွန်မပေးနိုင်တဲ့ ကံကြမ္မာကောင်းကိုလည်း နင် လက်လွှတ်ရလိမ့်မယ်”

“စိတ်မဝင်စားဘူး” သူက သူမကို အဖက်မလုပ်ဘဲ အေးစက်စက် ပြောသည်။

ရွှယ့်အာမှာ မျက်မှောင်ပိုကြုတ်သွားပြီး လက်နှစ်ဖက်လုံး လက်သီးဆုပ်ရင်း အော်ပြောသည်။ “ရှင် အခုတော့ စိတ်မဝင်စားလောက်ပေမယ့် ကျွန်မရှင့်ကို ပြောရမယ်။ ရှင်နိုင်ရှင် ကျွန်မအကူအညီကို ရမှာနော်။ ကျွန်မအကူအညီနဲ့ဆို ရှင့်ရဲ့ အက်ရှလွန်လမ်းက ပိုပြီး အဆင်ပြေချောမွေ့လိမ့်မယ်”

“မင်းကို မတွေ့ခင်ကတည်းက ချောမွေ့သင့်သလောက် ချောမွေ့နေပါပြီ” သူက ပြန်ဖြေသည်။ သူသည် ဆေးပုလင်းကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ သူ့မျက်ဝန်းက တခဏလင်းလက်သွားသော်လည်း ဆေးပုလင်းကို ချက်ချင်း ပြန်သိမ်းလိုက်သည်။ မပွားဘဲနှင့် ဆေးလုံးကို သူ မစားနိုင်ပေ။

အကျိုးအမြတ်အားလုံးကို မချုပ်တည်းထားနိုင်တော့သဖြင့် ရွှယ့်အာက ဆက်ပြောတော့သည်။ “ရှင်... ရှင် သိလား။ ကျန်တဲ့အက်ရှလွန်ကျင့်ကြံသူတွေအကုန်လုံး ကျွန်မအကူအညီ လိုချင်နေကြတာ။ ကျွန်မက အင်မော်တယ်ရှေးဟောင်းရဲ့ဆက်ခံသူ။ ကျွန်မ ဘဝရဲ့ ရည်ရွယ်ချက်တစ်ခုလုံးက အက်ရှလွန်ကို ကူညီဖို့။ ရှင်နိုင်ရင် ကျွန်မကို ရှင့်ဘဝလက်တွဲဖော်အဖြစ်တောင် ရနိုင်တယ်”

“ငါက လက်ထပ်ပြီးသား” မန်ဟိုက ပြည်ထောင်သုံးရှိရာဘက်သို့ အတွေးများဖြင့် လှည့်ကြည့်ရင်း ပြောသည်။ ကျုံးဝူရ သူ့ကို အချိန်မည်မျှပေးခဲ့သလဲ ၊ ပြည်ထောင်သုံး၏အခြေအနေနှင့်ပတ်သက်ပြီး မည်သို့ဖြေရှင်းရမည်လဲ သူ မသိပေ။

“ကျွန်မ ရှင့်ကို အစွမ်းထက်လာအောင် လုပ်ပေးနိုင်တယ်။ အက်ရှလွန်ထဲမှာ အစွမ်းထက်ဆုံးဖြစ်အောင် လုပ်ပေးနိုင်တယ်။ ပါရာဂွန်ပင်လယ်အိပ်မက်ရဲ့ အစီအစဉ်ကို ရှင် အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်အောင် ကျွန်မ ကူညီပေးနိုင်တယ်” ရွှယ်အာက စိတ်ဆိုးမာန်ဆိုး ခြေဆောင့်လိုက်သည်။ မန်ဟိုသာ ဤအတိုင်း ဆက်လက်ပြုမူနေလျှင် သူမအနေဖြင့် သူမဆရာ ပေးအပ်ခဲ့သော တာဝန်များကို ကျေပွန်နိုင်မည်မဟုတ်တော့ပေ။ သူမသည် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းကို ဖြတ်သန်းခဲ့ပြီး အက်ရှလွန်ကျင့်ကြံသူမျိုးဆက်တစ်ဆက်လုံးကို ဆုံတွေ့ခဲ့၏။ တချို့က မောက်မာသည်၊ တချို့က သိမ်မွေ့သည်၊ တချို့က လွှမ်းမိုးသည်၊ တချို့က အန္တရာယ်များသည်။

သို့သော် သူတို့အကျင့်စရိုက် မည်သို့ပင်ရှိစေ၊ သူမတွင် သူတို့ကို ကိုင်တွယ်ရန် နည်းလမ်းများ ရှိသည်။ စိတ်မပါဆုံးသူပင်လျှင် သူမနှင့် ကျားကစားရန် သဘောရလိမ့်မည်။ သို့ပင်ငြား မန်ဟိုကမူ လူတိုင်းနှင့် ကွဲထွက်နေ၏။ သူ တစ်ကွက်ရွှေ့ရန် သဘောတူခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာလည်း ... ဆေးလုံးကို ရဖို့သာ ဖြစ်ကြောင်း သူမ ခံစားရလေသည်။

“ရှင် ကျွန်မနဲ့ ကျားကစားအောင် ကျွန်မ ဘာလုပ်ပေးရမှာလဲ” သူမက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ “ကျွန်မ ရှင့်ကို ဘယ်လိုအကူအညီပေးနိုင်လဲဆိုတာ ရှင် ခန့်တောင် ခန့်မှန်းနိုင်မှာမဟုတ်ဘူးနော်”

မန်ဟိုက ရုတ်တရက် သူမကို လှည့်ကြည့်ကာ မေးသည်။ “မင်းက အင်မော်တယ်ရှေးဟောင်းရဲ့ ပထမဆုံးဆက်ခံသူလား”

ရွှယ့်အာမှာ အံ့အားသင့်သွားပြီး ပြန်ဖြေသည်။ “မဟုတ်ဘူး ကျွန်မက ...”

သူမ စကားပြောမဆုံးခင် မန်ဟိုက ကြားဖြတ်ပြောသည်။ "မင်းက အင်မော်တယ်ရှေးဟောင်းရဲ့ ပထမဆုံးဆက်ခံသူမဟုတ်ဘူးဆိုရင် မင်းအရှေ့မှာ ဆက်ခံသူတွေ ရှိသေးတယ်လို့ ဆိုလိုတယ်။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး အက်ရှလွန်စာရင်းဝင်မျိုးဆက်တွေလည်း တစ်ဆက်ပြီး တစ်ဆက် ရှိခဲ့မှာပဲ။ ဒါဆို အဆုံးသတ်မှာ ဘာကြောင့်တစ်ယောက်မှ မအောင်မြင်ခဲ့တာလဲ။ ဘာကြောင့် ပါရာဂွန်ပင်လယ်အိပ်မက်ရဲ့အစီအစဉ်က မျိုးဆက်တွေအများကြီးရှိခဲ့တာတောင်မှ မအောင်မြင်ခဲ့တာလဲ

“အက်ရှလွန်ထဲမှာ အစွမ်းထက်ဆုံးဖြစ်လာပြီး ပါရာဂွန်ပင်လယ်အိပ်မက်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ပေးတာက ... အက်ရှလွန်ကိစ္စတွေ။ မင်းတို့ အင်မော်တယ်ရှေးဟောင်းဆက်ခံသူတွေနဲ့ ဘာမှမဆိုင်ဘူး

“ငါ ဒဲ့ပဲ ပြောမယ်” သူက အေးစက်စက် ဆက်ပြောသည်။ “မင်းတို့လိုလူတွေက ပေးခဲ့တဲ့ အကူအညီတွေအားလုံးက မရှုမလှမအောင်မြင်ခဲ့တာကြောင့်ပဲ

“မင်းဆီက အကူအညီလိုအပ်တယ်လို့ ထင်တဲ့သူတွေဆီ မင်း သွားနိုင်တယ်" သူက မထူးခြားသလို အဆုံးသတ်လိုက်သည်။ "ငါကတော့ မင်း အကူအညီမလိုအပ်ဘူး” မန်ဟိုက အင်္ကျီလက်စခါလိုက်လေသည်။ သူသည် အပြင်ပန်းတွင် လွှမ်းမိုးကြီးစိုးနေပုံပေါ်သော်လည်း တကယ်တမ်း အတန်ငယ်စိတ်ညစ်နေခြင်း ဖြစ်၏။

သောက်ကျိုးနည်း၊ ကျားမကစားတတ်ပါဘူးဆိုမှာ ဘယ်လိုပဲဖြစ်ဖြစ် ကစားခိုင်းနေတယ် ဟမ့်

မန်ဟိုမှာ တစ်ယောက်တည်း ဆင်းဆင်းရဲရဲ ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူ့အတွက် စာလေ့လာရန်ပင် ခက်ခဲခဲ့သည့်အပြင် ဘဏ္ဍာထိန်းကျိုးဆီလည်း ငွေစသုံးစ အကြွေးတင်ခဲ့ရသည်။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲ ကြီးပြားလာခဲ့ရရာ လူကုံထံများ အချိန်ဖြုန်းတတ်သည့် ကျားကစားခြင်းကဲ့သို့ အရာများအား မည်ကဲ့သို့ တတ်ကျွမ်းနိုင်မည်နည်း။ အဆုံးသတ်တွင် ... သူ့မှာ အမှန်တကယ် ကျားမကစားတတ်ခဲ့ပေ။ သူမကလည်း သူ့ကို မယုံ။

မည်မျှစိတ်ညစ်စရာကောင်းလှသနည်း။

***

All Chapters