← Chapters

မိန်းမယုတ် … ငါ့ဂိုဏ်းတူမောင်လေးကို လွှတ်လိုက်စမ်း

Vol. 11-16 Ch. 161

မိန်းမယုတ် … ငါ့ဂိုဏ်းတူမောင်လေးကို လွှတ်လိုက်စမ်း

Vol. 11-16 Ch. 161

အခန်း (၁၆၁)  :  မိန်းမယုတ် … ငါ့ဂိုဏ်းတူမောင်လေးကို လွှတ်လိုက်စမ်း

မြူခိုးဟင်းလင်းပြင်အထက်၌ တိမ်တိုက်များ မရှိသော်လည်း မိုးကြိုးလျှပ်စီးများကို မြင်တွေ့နေရသည်။

အားကောင်းသော မိုးကြိုးလျှပ်စီးများက မြူခိုးဟင်းလင်းပြင် ကောင်းကင်အထက် စုစည်းကာ မြူခိုးများကို ဖယ်ရှားပေးနေသည်။ ကောင်းကင်ယံ၌ ကြောက်ခမန်းလိလိ အရှိန်အဝါ ထုတ်လွှင့်နေသော နတ်သားရဲ ဆယ်ကောင်၏ ပုံသဏ္ဌာန်ကိုလည်း ဝိုးတိုးဝါးတား မြင်နိုင်သေး၏။

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က သူ့တစ်ကိုယ်လုံး မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါများ လွှမ်းခြုံထားသောကြောင့် အင်အားအပြည့်ဖြင့် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေသည်။

သူက အံ့ဖွယ်မိုးကောင်းကင် သန့်စင်ပြုပြင်ရေး အစီအရင်ကို ခင်းကျင်းထားပြီးပြီ ဖြစ်ရာ မြူခိုးများကို ဖယ်ရှားနေသည်မှာ တစ်ရက်နှင့် တစ်ညတာ ရှိသွားလေပြီ။ မြူခိုးဟင်းလင်းပြင်ရှိ မြူခိုးများက အဆများစွာ လျော့ပါးလာသောကြောင့် မြူခိုးဟင်းလင်းပြင်အနက်ပိုင်းအား မျက်စိနှင့်ပင် စမ်းတဝါးဝါး မြင်တွေ့နိုင်လေသည်။

အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့က ဤကိစ္စသည်  မယုံကြည်နိုင်လောက်ဖွယ် အရမ်းချောမွေ့လွန်းနေသည့်အတွက် နှစ်ယောက်လုံး အံ့ဩလာမိကြသည်။

မြူခိုးဟင်းလင်းပြင်အနက်ပိုင်း၌ အံ့ဖွယ်ရစ်ပတ်နွယ်ပင် နတ်ဆိုးကြီး ရှိပေသည်။ ဤသည်မှာ အရှေ့ပိုင်းလွင်ပြင်ရှိ ထိပ်သီးဂိုဏ်းများကြား လျို့ဝှက်ချက် မဟုတ်ချေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေနှင့် မြူခိုးဟင်းလင်းပြင်က အနီးကပ်ဆုံး ဖြစ်နေသော်လည်း အမြစ်ဖြတ် မချေမှုန်းဘဲ ထားထားသည့် အကြောင်းအရင်းမှာ ရိုးရှင်းလှပေသည်။ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက မြူခိုးဟင်းလင်းပြင်အတွင်း နှစ်ထောင်ချီ ကျင့်ကြံလာသည်ဖြစ်ရာ သူမ ပိုင်နက်အဖြစ် သတ်မှတ်ပြီးသွားသောကြောင့် ဖြစ်၏။

မြူခိုးဟင်းလင်းပြင် နယ်မြေအများစု၏ လုကျီ လက်ထဲ ရောက်ရှိနေပြီး သူမ စိတ်တိုင်းကြိုက် ထိန်းချုပ်နိုင်လေသည်။ လုကျီ ထုတ်လွှင့်ထားသော မြူခိုးများက ဝိဇ္ဇာအဆင့်ကိုပင် နတ်ဘုရားအသိစိတ် တားဆီးပိတ်ဆို့ထားနိုင်သည်။ ထို့အပြင် သူမ၏ မွေးရာပါ စွမ်းရည်ဖြစ်သည့် မြေလျိုးခြင်းက သူမအား မြူခိုးဟင်းလင်းပြင်အတွင်း လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ သွားလာနိုင်အောင် ခွင့်ပြုပေးထားသည်။ ထို့ကြောင့် သူမတွင် အံ့ဖွယ်ဝါးမျိုနွဘ်ပင်၏ သွေးမျိုးဆက် ဝှက်ဖဲများရှိထားသည့်အချက် မထည့်တွက်ထားဘဲ လူသားဝိဇ္ဇာအဆင့်များ လှုပ်ရှားလျှင်ပင် သူတို့က သူမအား နှိမ်နင်းနိုင်မည် မဟုတ်ချေ။

အစပိုင်း ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့ စိတ်ထဲ၌ သာမန်ဝိဇ္ဇာပင် ဤမြူခိုးများကို ရှင်းထုတ်ပစ်ဖို့ရာ လချီ၍ အချိန်ယူရပေမည်။

ဂိုဏ်းချုပ်က မိုးကြိုးဧကရာဇ် အလံများကို ယူဆောင်လာခဲ့သောကြောင့် အမြန်နှုန်းက အဆများစွာ တိုးမြင့်သွားသော်လည်း လုကျီ၏ မြူခိုးများကို ရှင်းထုတ်ပစ်ဖို့ အနည်းဆုံး သုံးရက်လောက်တော့ အချိန်ယူရပေမည်။

ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်သည့် မြူခိုးအစီအရင်အား  သူမက နှစ်ထောင်ချီ အားဖြည့်ပေးထားခဲ့သည် မဟုတ်ပါလော။

မြူခိုးများကို ဖယ်ရှားပစ်ရာ၌ သူ့အနေနှင့် ရှန်ထျန်းအား မထိခိုက်စေရန် သတိထားရသေး၏။ မည်သို့ပင်ဆိုစေကာမူ နှစ်ယောက်လုံးက တစ်ရက်တစ်ညလေးဖြင့် မြူခိုးများကို ဖယ်ထုတ်နိုင်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ကြပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ မြူခိုးများကို ထောက်ပံ့ပေးနေသူ မရှိတော့၍သာ ဖြစ်ပေမည်။

တကယ်တော့ ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် သန့်စင်ပြုပြင်ရေး အစီအရင်ကို အသက်သွင်းလိုက်သည့်အခါ မည်သည့်ခုခံမှုကိုမှ မခံစားမိပေ။ ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်အား တစ်ချက်ကြည့်လိုက်ပြီးနောက် တိတ်တဆိတ်သာ နေနေလိုက်သော်လည်း သူ ဆိုလိုချင်သည်မှာ သိသာလှ၏။

ဘာမှစိတ်ပူဖို့ မလိုပါဘူးဆိုနေ မြင်တယ်မလား … အဲဒီကံဆိုးရှာတဲ့ နတ်ဆိုးတော့ ထျန်းအာ လက်ချက်နဲ့ သေသွားလောက်ပြီ။ အခု ကျွန်တော်တို့တွေ ထျန်းအာကို မြန်မြန်ရှာပြီးတော့ အထွတ်အမြတ်မြေရဲ့ နွေးထွေးမှုကို ခံစားခိုင်းရမယ် …

ဆရာတူ ညီအစ်ကိုဖြစ်လာသည်မှာ နှစ်ထောင်ချီ ကြာမြင့်နေပြီ ဖြစ်ရာ ကြာပြာကောင်းကင်အသျှင်က အကြည့်တစ်ချက်ဖြင့် ချက်ချင်း သဘောပေါက်လိုက်သည်။

ကံဆိုးစွာဖြင့် ကြာပြာကောင်းကင်အသျှင်က အလျော့မပေးဘဲ ခေါင်းမာနေသေး၏။

မြူခိုးဟင်းလင်းပြင်ထဲ အပြောင်းအလဲ ဖြစ်လာတော့ရော ဘာဖြစ်လဲ … အဲဒီအပြောင်းအလဲက ရှန်ထျန်းနဲ့ ပတ်သတ်နေလိမ့်မယ်လို့ အာမခံရဲလို့လား ဒါမှမဟုတ် ရှန်ထျန်းက နောက်ဆုံးအနိုင်ရသူလို့ အတည်ပြုနိုင်လို့လား …

ကြာပြာကောင်းကင်အသျှင်က အနည်းငယ် အားကျနေမိသည်။ ပြောရလျှင် သူက ရှန်ထျန်းအား ဘာမှမဖြစ်စေလိုသော်လည်း ကံအပြောင်းအလဲ အခွင့်အရေးနှင့်လည်း ကြုံတွေ့မသွားစေချင်ပေ။ အကြောင်းမှာ ဂိုဏ်းချုပ် မှတ်တမ်းတင်ထားသည်ကို မြင်တွေ့ခဲ့ပြီး၍ ဖြစ်၏။ သူက ရှန်ထျန်းအား သူ့တပည့် အဖြစ် လက်မခံဘဲ ငြင်းဆန်ခဲ့သည် မဟုတ်ပါလော။

ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းသည် ကျင့်ကြံရေးအရင်းအမြစ်များကို ဝါးမျိုပစ်မည့် တွင်းနက်ကြီးဟု တွေးထားခဲ့ပြီး မီးစာကျမ်းကို ကျင့်ကြံသောကြောင့် ပို၍ ကံဆိုးလာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း အချက်အလက်များက ရှန်ထျန်းသည် ကံကြမ္မာသားတော် ဖြစ်နေကြောင်း သက်သေပြနေပြီး ဤသို့သော အတွေ့အကြုံဖြစ် ခရီး၌ပင် ကံအပြောင်းအလဲ အခွင့်အရေး ကြုံတွေ့နေရသည်။

သို့သော်လည်း ထိုအခွင့်အရေးက ကြာပြာကောင်းကင်အသျှင်နှင့် မသက်ဆိုင်သည့်အတွက် သူ့အနေနှင့် နောင်တရနေလိမ့်မည် မဟုတ်ပါလော။

……….....

ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့ အကြည့်ချင်း ဆက်သွယ်လိုက်သည်ကို မည်သူမှ မမြင်လိုက်ကြပေ။

ကျန်းယွင်ရှီးက တဖြည်းဖြည်း လျော့ပါးလာသည့် မြူခိုးများကို ကြည့်ကာ မျက်ဝန်း၌ စိတ်အားထက်သန်မှုအပြည့် ဖြစ်လာသည် “ ဖေဖေ … အခု သမီးဝင်သွားလို့ ရပြီလား ”

လက်ရှိ မြူခိုးဟင်းလင်းပြင်၌ မြူခိုးအနည်းငယ်သာ ကျန်ရှိတော့သောကြောင့် ကျင့်ကြံသူများအပေါ် သက်ရောက်မှု အားမပြင်းတော့ပေ။

ဂိုဏ်းချုပ်က ခေါင်းအသာညိတ်ကာ  “ ထျန်းအာရဲ့ နေရာကို အာရုံခံလို့ ရပြီ။ အားလုံး ဒီမှာ စောင့်နေလိုက်ကြ ”

ကြာပြာကောင်းကင်အသျှင်က စတင် စဉ်းစားလာမိသည်။

ဆရာတူ ညီလေး ပြောစကားအရ ဒီကလေးက ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ကြုံတွေ့နေတာ ဖြစ်ဖို့ များတယ် …

ငါ့ကို ဒီမှာ ချန်ထားခဲ့ချင်တယ်ပေါ့လေ … အရမ်းဉာဏ်များတာပဲ … ညီလေးရေ မင်းတစ်ယောက်တည်း အကျိုးမြတ်အကုန်လိုချင်နေတာလားကွ …

ထိုအတွေးဖြင့် ကြာပြာကောင်းကင်အသျှင်က နည်းလမ်းတကျ ဝင်ပြောလိုက်သည် “ ညီလေး … မင်းက အစီအရင် ခင်းကျင်းထားရတော့ ဒဏ်ရာရထားတယ်မလား။ မင်း မြူခိုးမြို့တော်မှာ နားနေတာ ပိုကောင်းမယ် ထင်တယ်။ ငါပဲ ဂိုဏ်းတူ တူလေးကို သွားရှာလိုက်ပါ့မယ်ကွာ  ”

ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်အား အေးစက်စက် ကြည့်လိုက်သည်။ သူ့ဆရာတူအစ်ကိုကြီး မည်သို့တွေးနေသည်ကို သူ မသိဘဲနေမည်နည်း။

အကယ်၍ သူ့အား ရှန်ထျန်းဆီ လွှတ်လိုက်လျှင် နောက်ပိုင်းကိစ္စ ဘေးကင်းလုံခြုံသွားသော်လည်း မေ့ပျောက်ဆေးလုံးပင် သူ့အတွက် ကျန်ရှိမည် မဟုတ်ပေ။

ဂိုဏ်းချုပ်ကလည်း အေးစက်စက် ပြန်ဖြေလိုက်သည်

“ ကိစ္စမရှိပါဘူး … အသက်ဓာတ် ထိခိုက်သွားပေမဲ့ နှစ်အနည်းငယ်လောက် နားလိုက်ရင် ပြန်ကောင်းလာမှာပါ။ ထျန်းအာကို ကယ်ဖို့အတွက်ပဲ တန်ပါတယ်လေ … ဒီလိုကိစ္စလေးနဲ့ ထျန်းအာကို ပြောပြီး စိတ်ပူအောင် မလုပ်ကြနဲ့ ”

ထိုစကားအဆုံးတွင် ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်အား ကြည့်လိုက်ကာ  “ ထျန်းအာနေရာကို အာရုံခံမိပြီဆိုတော့ ကျွန်တော်ပဲ သွားရှာလိုက်ပါ့မယ် ”

ထို့နောက် ဂိုဏ်းချုပ်က ကောင်းကင်အလင်းတန်းတစ်ချက် ချန်ထားခဲ့ကာ ကျန်းယွင်ရှီးနှင့်အတူ မြူခိုးဟင်းလင်းပြင်ထဲ ဝင်ရောက်သွားသည်။

ဉာဏ်များလွန်းသည့် ကြာပြာကောင်းကင်အသျှင်လည်း ရွှေရောင်အလင်းတန်း တစ်ချက် ချန်ထားကာ သူတို့နောက် လိုက်သွားတော့သည်။

ချင်ယွင်တိ၊ ကွေ့ကုန်းကုန်းနှင့် အခြားလူများသာ ကျန်ရစ်ခဲ့သည်။ သူတို့အားလုံး စိတ်သက်သာရာ သက်ပြင်းချလိုက်ကြ၏။

“ သူတော်စင်က အရမ်းအံ့ဩဖို့ ကောင်းတယ်။ ဂိုဏ်းချုပ်ကတောင် သူ့ကို ကယ်ဖို့ အသက်ဓာတ်ကို လိုလိုလားလား စတေးထားသေးတယ်”

“ဆရာနတ်မင်းကတော့ ဆရာနတ်မင်းပါပဲ … သူက မြူခိုးဟင်းလင်းပြင်ထဲ တစ်ယောက်တည်း ဝင်သွားတာတောင် လုံးဝဘေးကင်းနေခဲ့တာပဲ ”

“ မြူခိုးမြို့တော် ကယ်တင်ခံလိုက်ရတာလည်း ဆရာနတ်မင်းကြောင့်ပဲ။ ဆရာနတ်မင်းရဲ့ စွမ်းရည်က အရမ်းအံ့ဩဖို့ ကောင်းတယ် ”

“ ဂိုဏ်းချုပ်က ကိုယ်တိုင်သွားပြီဆိုတော့ အရှင့်သား ဘေးကင်းမှာ သေချာတယ်။ အရှင်မသာ သိရင် ပျော်နေတော့မှာပဲ ”

…………….

မြူခိုးဟင်းလင်းပြင် အနက်ပိုင်း၌

ရှန်ထျန်းက တောင်ကြားမှ ထွက်လာကာ မြေပြန့်ဆီ ပြန်ရောက်နေပြီ ဖြစ်၏။ သူ့ရှေ့တွင် အနီတောက်တောက် မီးလျှံ တောက်လောင်နေပြီး လေနှင့်အတူ အသာရွှေ့လျားနေသည်။

ဤသည်မှာ နန်မင်လီ မီးလျှံ ဇစ်မြစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရှန်ထျန်း တွေ့ခဲ့ရသော နောက်ဆုံးအစိတ်အပိုင်း ဖြစ်၏။

ဂိုဏ်းချုပ်က မြူခိုးများကို ပြန်လည်သန့်စင်နေစဉ် ရှန်ထျန်းကလည်း အနားယူနေခြင်း မရှိပေ။ သူက ဘာကိုမှ မလွတ်သွားလေရအောင် တောင်ကြားတစ်လျှောက် အကုန်ရှာနေသည်။

သူက နန်မင်လီ မီးလျှံကို စတင် စုဆောင်းနေလေသည်။ ဓားအသျှင် ချန်းယန် သေဆုံးသွားစဉ်အခါက နန်မင်လီ မီးလျှံအစိတ်အပိုင်းများ တကွဲတပြား ဖြစ်သွားခဲ့ရသည်။ အစိတ်အပိုင်းအများစုက တောင်ကြားထဲ ကျရောက်သွားသောကြောင့် ရှန်ထျန်းက အာရုံခံကာ လိုက်ရှာနေခြင်း ဖြစ်၏။

မီးစာကျမ်း၏ လမ်းညွှန်မှုအောက်တွင် ရှန်ထျန်းက နန်မင်လီ မီးလျှံဇစ်မြစ်ကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားလေသည်။

ထိုစဉ် သူ့ရှေ့ရှိ မီးလျှံလေးမှာ သူ အာရုံခံမိသည့်အထဲ  နန်မင်လီ မီးလျှံ၏ ဇစ်မြစ် နောက်ပိုင်းအစိတ်အပိုင်း ဖြစ်၏။

ရှန်ထျန်းက နန်မင်လီ မီးလျှံလေးကို သူ့မီးစာကျမ်းဖြင့် ဂရုတစိုက် သန့်စင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်လျှောက် စွမ်းအားတမျိုး စတင်စိမ့်ဝင်သွားလေသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ မီးလျှံလေးက ပိုမို တောက်လောင်နေကြောင်း ခံစားမိလိုက်၏။

ဓာတ်ငါးပါးအနက် မီးကား  ခန္ဓာကိုယ်အနှံ့ သွေးထောက်ပံ့ပေးသည့် နှလုံးသားကို ကိုယ်စားပြု၏။

လက်ရှိ ရှန်ထျန်း၏ နှလုံးသားကို လီမီလျှံဖြင့် ထောက်ပံ့ပေးထားသောကြောင့် ယခင်ကထက် ပိုအားကောင်းလာကြောင်း ခံစားမိလိုက်သည်။

သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့် လက်ရည်ယှဉ်ကြည့်ချင်နေမိသည်။

တစ်ခါ ကြိုးစားလိုက်ခြင်းက သေဆုံးခြင်းအထိ ဖြစ်သွားနိုင်ပေသည်။

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ သစ်သား သေတ္တာလေးကို ထုတ်လိုက်သည်။ ထိုသေတ္တာအတွင်း ရွှေရောင်အရိုးများ ရှိနေပြီး သူတို့ဆီမှ အစစ်အမှန် ဓားတာအိုလှိုင်းများ ထုတ်လွှင့်နေလေသည်။

ရှန်ထျန်းက ဤသည်မှာ ဓားအသျှင် ချန်းယန် သေဆုံးသွားပြီးနောက် ကျန်ရှိခဲ့သည့် အကြွင်းအကျန် အရိုးများဖြစ်လိမ့်မည်ဟု ထင်မိသည်။

ရှန်ထျန်းက နန်မင်လီ မီးလျှံ အများစု ရရှိထားသောကြောင့် သူ့အတွက် အုတ်ဂူလေး ဆောက်လုပ်ပေးသင့်သည် မဟုတ်ပါလော။ ထို့ကြောင့် နန်မင်လီ မီးလျှံကို စုဆောင်းစဉ် ဓားအသျှင် ချန်းယန်၏ အကြွင်းအကျန်အရိုးများကိုလည်း သိမ်းပေးထားခဲ့ခြင်း ဖြစ်၏။

အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို သုံး၍  တွင်းတူးလိုက်ပြီးနောက် ထိုသေတ္တာကို မြှပ်နှံ့ပေးလိုက်သည်။ ထို့နောက် ရှန်ထျန်းက ကျောက်တုံးကို ကျောက်ပြားသဖွယ် ပုံသွင်းလိုက်ပြီး မျက်နှာပြင်ပေါ်၌ ကြာပစ်ခွင်း သေနတ်ဖြင့် စာလုံးများ ရေးထွင်းပေးလိုက်သည်။

“ ဓားအသျှင် ချန်းယန်၏ အုတ်ဂူ”

ထိုစာလုံးများနောက်တွင် “ စိုက်ထူပေးသူ ကံစပ်သူ ရှန်ထျန်း” ဟူ၍ စာလုံးအသေးလေးဖြင့် ရေးသားထားလိုက်သည်။

ကျွန်တော် ခင်ဗျားရဲ့ မီးလျှံလေးကို ယူလိုက်ပေမဲ့ ကောင်းကောင်း မြှပ်နှံ့ပေးခဲ့ပါတယ် …. ကျွန်တော်တို့ကြား အကြွေးမရှိတော့ဘူးနော်

ရှန်ထျန်းက သက်ပြင်းချလိုက်တော့မည့်ဆဲဆဲတွင် တစ်ခုခုကို တွေးမိသွားပြန်သည်။

မဟုတ်သေးပါဘူး … ငါ သတိလက်လွတ် ဖြစ်သွားတယ်။ ငါ့နာမည်ကို ဘာလို့ ချန်ထားခဲ့တာတုန်း … တကယ်လို့ ဓားအသျှင် ချန်းယန်ရဲ့ ရန်သူတွေသာ ဒီအုတ်ဂူကို မြင်သွားခဲ့ရင် ငါက ဓားအသျှင် ချန်းယန်ရဲ့ အမွေအနှစ်တွေ ရသွားတယ်ထင်ပြီးတော့ လက်စားလာချေရင် ဘယ်လိုလုပ်မလဲ …

ငါက ကျောက်ဟိုင်အတွက် အချောင်ဝင်ခံလိုက်ရသလို ဖြစ်မသွားဘူးလား … မဖြစ်ဘူး မဖြစ်ဘူး ဒါက အန္တရာယ်များတယ် …

ရှန်ထျန်းက ထိုအတွေးဖြင့် သူ့နာမည် ရှန်ထျန်းအစား  ကျောက်ဟိုင်အဖြစ် ပြောင်းရေးလိုက်တော့သည်။

ပိုကောင်းသွားပြီ …

ခဏနေပါဦး … အဲဆို ညီအစ်ကိုကျောက်အတွက် ပြဿနာရှာပေးလိုက်သလို ဖြစ်မသွားဘူးလား …

ရှန်ထျန်းက မေးထောက်ကာ စဉ်းစားရင်း ထိုအုတ်ဂူကို တစ်ချက်ကြည့်လိုက်သည်။ သူက အတော်လေး ဝေခွဲမရ ဖြစ်နေမိသည်။

ထိုစဉ် ကောင်းကင်မှ ငွေရောင်ပုံရိပ်တစ်ခု ဆင်းသက်လာလေ၏။ သူမနောက်တွင် ကျားဖြူသဏ္ဌာန်ပါရှိပြီး ကြမ်းတမ်းခက်ထန်သည့် အငွေ့အသက်တို့ ထုတ်လွှင့်နေလေသည်။

“ မိန်းမယုတ် … ငါ့ဂိုဏ်းတူမောင်လေးကို ပေးထားတဲ့ မျက်နှာဖုံးကို နင်က သုံးရဲတယ်ပေါ့။ သူ့ကို ဘာလုပ်လိုက်တာလဲ။ ငါ့မောင်လေးကို မြန်မြန် လွတ်ပေးစမ်း … မဟုတ်ရင် နင့်ကို ကမ္ဘာအဆုံးသတ်ဆီ ပို့ပစ်လိုက်မယ် ”

ထိုစကားအဆုံးတွင်  အားကောင်းသော အမျိုးသမီးက ဆင်းသက်လာလေ၏။ ကျားတစ်ကောင်သဖွယ် အားပြင်းသော သူမ လက်သီးချက်က ရှန်ထျန်းဆီ ကျရောက်လာသည်။

သူမက လက်သီးချက် ထုတ်လွှင့်လိုက်စဉ် သူမခန္ဓာကိုယ်အနားရှိ နတ်မိုးကြိုးတို့ တောက်ပလာသောကြောင့် ကျားတစ်ကောင် ခုန်အုပ်လိုက်သလိုမျိုး ဖြစ်နေသည်။

သူမက ကျန်းယွင်ရှီးမှလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။

All Chapters