ဒါကြီးက သိပ်ယုတ္တိမရှိသလိုပဲ
Vol. 11-16 Ch. 162
အခန်း (၁၆၂) : ဒါကြီးက သိပ်ယုတ္တိမရှိသလိုပဲ
ထိုစဉ် ရှန်ထျန်းက ဓားအသျှင်ချန်းယန်၏ အုတ်ဂူကို မည်သို့အကောင်းဆုံး လုပ်ပေးရမည်ကိုသာ စိတ်ရောက်နေလေသည်။ သူ့အလိုလိုသိစိတ်က သူ့အား နောက်ဆုတ်သွားစေ၏။ အကြောင်းမှာ သူ့အနေနှင့် ကျန်းယွင်ရှီး၏ တိုက်ခိုက်မှုများကို မည်သို့ တားဆီးနိုင်မည်နည်း။
ရှန်ထျန်းက သူ့လက်ထဲမှ ကျောက်တုံးဖြင့် ကျန်းယွင်ရှီးဆီ ပစ်ပေါက်လိုက်ပြီး သူမ၏ တိုက်ခိုက်မှုများကို ကာကွယ်ဖို့ရာ လိပ်နက်ဒိုင်းကာကို ထုတ်လိုက်သည်။
ဝုန်း …
ကျောက်တုံး တစ်တုံးလောက်လေးဖြင့် ကျန်းယွင်ရှီး၏ တိုက်ခိုက်မှုများကို မည်သို့တားဆီးနိုင်မည်နည်း။
ကျန်းယွင်ရှီး လက်သီးချက်နှင့် ထိတွေ့သွားသည့်အခါ ကျောက်တုံးက အမှုန့်ဖြစ်သွားလေသည်။
ရှန်ထျန်းက နောက်ထပ် လက်သီးကျရောက်လာသည့်အခါ ဓားအသျှင်ချန်းယန်အတွက် အားနာစိတ်ဖြစ်ဖို့ အချိန်ပင် မရှိချေ။ သူ့လိပ်နက်ဒိုင်းကာဆီ ကုန်ကားတစ်စီး ဝင်တိုက်လိုက်သလိုမျိုး ခံစားလိုက်ရ၏။
သူ့တစ်ကိုယ်လုံး မီတာရာချီ လွင့်စင်သွားလေသည်။ သူ့ဘာသာ ပြန်ထိန်းနိုင်သည့်အချိန် သူ့လက်နှစ်ဖက်လုံးမှာ ထုံကျင်နေပြီး လိပ်နက်ဒိုင်းကာကိုပင် မကိုင်နိုင်လုနီးပါး ဖြစ်သွားရသည်။
ဂိုဏ်းတူအစ်မက တကယ် လေးစားဖို့ကောင်းတယ် ... ဒီလိုအင်အားမျိုး … ဒီလိုကြောက်စရာကောင်းတာမျိုး …
သို့သော် ရှန်ထျန်း လေးစားလို့ မပြီးခင် ကျန်းယွင်ရှီး၏ အရှိန်အဝါက ပို၍ ပြင်းထန်လာသောကြောင့် မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာမှာ ဖြူဖျော့သွားလေသည်။
ဓာတ်နှော နတ်မိုးကြိုးကို ရရှိပြီးတော့ ဂိုဏ်းတူအစ်မရဲ့ စွမ်းရည်က အတော်လေး တိုးတက်လာတာပဲ …
သူမက ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားရုံသာမက သူမဘာသာ ကာကွယ်ဖို့ ဓာတ်နှော နတ်မိုးကြိုးလည်း ရရှိသွားသည်။ ဆိုလိုသည်မှာ ယခု ဓာတ်နှော နတ်မိုးကြိုးသာ အသုံးပြုလိုက်လျှင် ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်ရှိထားသော ကျင့်ကြံသူများကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်။
တောင်ကြားထဲ နေရင်း ရှန်ထျန်း၏ စွမ်းရည်က တိုးတက်လာသော်လည်း ဒေါသကြီးနေသည့် အမျိုးသမီးများနှင့် ရင်ဆိုင်ဖို့ရာ ကြောက်ရွံ့နေမိသေးသည်။ ပို၍ အရေးကြီးသည်က ရှန်ထျန်းက နတ်ရေစင် ဝိညာဉ်အသျှင်၏ ချပ်ဝတ်ကို ဝတ်ဆင်ထားဆဲ ဖြစ်တာကြောင့် ကျန်းယွင်ရှီးနှင့် မည်သို့ရင်ဆိုင်တိုက်ခိုက်ဝံ့မည်နည်း။
အခြေအနေက ဤသို့ဖြစ်လာပြီ ဖြစ်ရာ ကျန်းယွင်ရှီးကလည်း ပိုပို ကြမ်းလာလေပြီ။ ထို့ကြောင့် ရှန်ထျန်းက မှတ်မိသွားမည်ကို စိုးထိတ်ကာ ဆက်တိုက် နောက်ဆုတ်လိုက်တော့သည်။
သူတို့နှစ်ယောက်ကြား မည်သူက အရေးနိမ့်နေမှန်း သိသာလှသည်။
“ သေစမ်း မိန်းမယုတ် … ငါ့ဂိုဏ်းတူမောင်လေးရဲ့ လိပ်နက်ဒိုင်းကိုတောင် ယူထားသေးတယ်ပေါ့။ ငါ့မောင်လေး ရှန်ထျန်း ဘယ်မှာလဲ။ သူ့ကို အခုချက်ချင်း ထုတ်ပေးစမ်း ”
ကျန်းယွင်ရှီးက သမာရိုးကျ တွေးလွန်းအားကြီး၍ အခြားဖြစ်နိုင်ခြေနှင့် တစ်ခါမှ မကြုံခဲ့ရဖူးပေ။ ထို့ကြောင့် သူမရှေ့ရှိ အပြာရောင် ချပ်ဝတ်နှင့် အမျိုးသမီးသည် မြူခိုးဟင်းလင်းပြင်ကို ချုပ်ကိုင်ထားသည့် နတ်ဆိုးသာ ဖြစ်ရမည်ဟု တစ်ထစ်ချ ယုံကြည်ထား၏။
အကယ်၍ ဤသို့မဟုတ်ပါက သူမ မောင်လေးရှန်ဆီ ပေးထားသည့် အချစ်သက်သေ မျက်နှာဖုံးနှင့် သူ့ လိပ်နက်ဒိုင်းကာက သူမလက်ထဲ မည်သို့ရောက်နေမည်နည်း။
မောင်လေးရှန်ကို သူမ ဖမ်းထားတာပဲ ဖြစ်ရမယ် … ဒီနတ်ဆိုးကို အနိုင်ယူပြီးတော့ သူ့ကို ကယ်တင်ရမယ် …
ခဏလေးပဲ စောင့်နေပေးပါ …
ထိုစဉ် ကျန်းယွင်ရှီး မျက်လုံးထောင့်မှ အာရုံဖမ်းစားသွားသော အရာတစ်ခု ပေါ်လာသည်။ သူတို့ဘေးတွင် ရှိနေသော အုတ်ဂူတစ်လုံး ဖြစ်၏။
သူမ တစ်ကိုယ်လုံး တုန်ယင်သွားကာ စိတ်ထဲလည်း ကြောက်စရာကောင်းသည့် အတွေးမျိုး ရုတ်ချည်း ပေါ်လာသည်။
ဒါ … မောင် … မောင်လေးရှန်က ဒီလောက်တောင် ထိခိုက်သွားခဲ့ပြီလား …
ထိုအတွေးဖြင့် သူမဆီမှ ဝမ်းနည်းမှုနှင့် အမုန်းတရားလှိုင်းလုံးများ ထွက်ပေါ်လာလေသည်။
တစ်ခါမှ မမြင်တွေ့ဖူးသည့် စွမ်းအားမျိုးက သူမခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာကာ ဓာတ်နှော နတ်မိုးကြိုးသည်လည်း သူမအား လွှမ်းခြုံသွားသည်။
ကျန်းယွင်ရှီး ခန္ဓာကိုယ်မှ ရွှေရောင်တစ်လက်လက် ရွှေအမြုတေ ထွက်ပေါ်လာကာ အားကောင်းသော အလင်းတန်းများ ထုတ်လွင့်နေသည်။ သို့သော်လည်း ထိုရွှေအမြုတေက အက်ကွဲလာကာ အပေါ်ယံမှ အပိုင်းအစလေးများ ကြေမွသွားပြီး အတွင်း၌ အလွန်တောက်ပနေသော ရွှေအမြုတေတစ်ခု ထွက်ပေါ်လာသည်။
ဟုတ်ပေသည်။ ကျန်းယွင်ရှီးက တိုက်ပွဲအလယ်၌ အဆင့်တက်နေခြင်း ဖြစ်၏။
သူမက ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်မှ ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။ လက်ရှိ ကျန်းယွင်ရှီးက ဖန်ချန်းထက် အားမနည်းတော့ပေ။ ပို၍ အတိအကျဆိုရလျှင် သူမက ပို၍ အားကောင်းသွားလေပြီ။
……….....
တစ်ချိန်တည်းတွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့က လေထဲ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
တာအိုကိုယ်တော်ကြီး၏ မျက်နှာအမူအယာက စကားနှင့်ပင် ဖော်ပြလို့မရလောက်အောင် စိတ်ဝင်စားလွန်းနေသည်။ ထိုစဉ် ဂိုဏ်းချုပ် ခန္ဓာကိုယ်ရှိ ကောင်းကင်အရှိန်အဝါတို့က အပြင်းအထန် တုန်ခါနေပြီး အချိန်မရွေး ပေါက်ထွက်လုတော့မတတ် ဖြစ်နေရှာသည်။
ကြာပြာကောင်းကင်အသျှင်က မဲ့ကာ “ ညီလေး … အဲတစ်ယောက်က သူ မလား ”
ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည် “အဟွတ် .. ဟွတ် မဟုတ်ပါဘူး။ အဲဒါက ထျန်းအာ မဟုတ်ဘူး ”
တာအိုကိုယ်တော်ကြီး မျက်နှာအထက်၌ ပျော်ရွှင်မှုအတိ ဖြစ်လာကာ “ ညာမနေစမ်းပါနဲ့ … အဲဒီဇာမဏီငှက်မွေး မျက်နှာဖုံးက မင်းရဲ့ နတ်ဘုရားအသိစိတ်ကို ကာကွယ်ထားနိုင်မယ်လို့ ငါ ယုံမယ် ထင်နေတာလား ”
ဂိုဏ်းချုပ်က နဂိုအေးတိအေးစက်ပုံစံအတိုင်း ကြိုးစားနေလိုက်ပြီး ပြန်ဖြေလိုက်သည် “ အဲဒီနတ်ဆိုးက ထျန်းအာ မဟုတ်ဘူး ”
“ ညီလေး သေချာရဲ့လား … အဲဒီချပ်ဝတ်က ထိပ်တန်းအဆင့် ဝိညာဉ်ပစ္စည်းဆိုတာတော့ မင်း မြင်မှာပါ။ ဘယ်နတ်ဆိုးမှ မပိုင်ဘူးကွ ”
“ အဟမ်း … ထျန်းအာက အန္တရာယ်ကြုံတွေ့ခဲ့ရပြီးတော ရွေးချယ်စရာမရှိတော့ဘဲ ဒီချပ်ဝတ်ကို ဝတ်ထားခဲ့တာ နေမှာပေါ့။ သူ့အကြောင်းကို အကောင်းဆုံး ကာကွယ်ပေးရမဲ့ အချိန်တွေလည်း ရှိတယ်လေ ”
ကြာပြာကောင်းကင်အသျှင်က လှောင်လိုက်ပြီး ပြောလိုက်သည် “ အဲဆိုတော့ ကံကြမ္မာသားတော်တောင် အန္တရာယ်ကြုံတွေ့ရတာပဲလား ”
ဂိုဏ်းချုပ်က အေးတိအေးစက် ပြန်ဖြေလိုက်သည် “ ထျန်းအာ ခန္ဓာကိုယ်က ထုတ်လွှင့်နေတဲ့ အငွေ့အသက်တွေကို မခံစားမိဘူးလား ”
ထိုအခါ တာအိုကိုယ်တော် မျက်နှာက ပြန်တည်သွားလေသည်။ သူက ရှန်ထျန်းအား စူးစိုက်ကြည့်လိုက်ပြီး သူ့မျက်နှာအထက် အံ့အားသင့်သွားဟန် ပေါ်လာသည်။
ထူးခြားသော ပစ္စည်းများကို သန့်စင်သည့်အခါ ရရှိထားသော လူအနေနှင့် သူတို့၏ အငွေ့အသက်များကို လုံးဝဖုံးကွယ်ထားနိုင်စွမ်း မရှိကြပေ။
အဆင့်မြင့် ကျင့်ကြံသူများအတွက် ထိုအငွေ့အသက်များက သိသာနေလေ၏။
ကြာပြာကောင်းကင်အသျှင်က သေချာစူးစမ်းကြည့်လိုက်သည့်အခါ ဤရက်ပိုင်းလေးအတွင်း ရှန်ထျန်းဆီ ကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်သွားကြောင်း သိလိုက်ရသည်။
ဘာကြီးလဲ … ဒီရက်ပိုင်း ပျောက်နေတုန်း အထွတ်အမြတ်မြေတွေဆီ မွေနှောက်ရှာခဲ့တာများလား …
သူ့ခန္ဓာကိုယ်ဆီကနေ ဝိညာဉ်သစ်သားနဲ့ ဆန်းကြယ်မီးတောက် အငွေ့အသက်တွေ ဘာလို့ ရနေတာတုန်း … ဒီပစ္စည်းတွေက အဆင့်ကလည်း အတော်လေး မြင့်သေးတယ် …
ကြာပြာကောင်းကင်အသျှင်က သူ့စိမ်းပြာရောင်မီးတောက်ပင် ရှန်ထျန်း ပိုင်ဆိုင်ထားသော မီးတောက်ထက် အဆင့်နိမ့်နေကြောင်း ခံစားလာရသည်။
တစ်ချိန်တည်းတွင် သူက ရှန်ထျန်း၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ်အဖြစ် ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။ ယခင်ရက်ပိုင်းလေးအတွင်း ထိုကလေးက သာမာန်ဖွဲ့စည်းတည်ဆောက်ပုံသာ ရှိခဲ့သည်။
ရက်ပိုင်းလေးအတွင်း ဓာတ်ငါးပါး နတ်မိုးကြိုးငယ် ဖွဲ့စည်းတည်ဆောက်ပုံကို မည်သို့များ ဖွဲ့စည်းနိုင်သွားသနည်း။
သူက ဘယ်လိုအခွင့်အရေးနဲ့များ ကြုံတွေ့ခဲ့ရတာလဲ …
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သမိုင်းတစ်လျှောက် ပါရမီရှင်များအနက် ဓာတ်ငါးပါး နတ်မိုးကြိုးငယ် ဖွဲ့စည်းတည်ဆောက်ပုံ ပိုင်ဆိုင်ခဲ့သူမှာ လူအနည်းငယ်သာ ရှိခဲ့ဖူးသည်။
ရှန်ထျန်းက အခြေတည်အဆင့်လေးဖြင့် ဖွဲ့စည်းနိုင်ခဲ့သည့်အကြောင်း ထည့်မပြောလျှင် … ကြားတောင် ကြားဖူးကြမည် မဟုတ်ပေ။
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းအား နီနီရဲရဲ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“အဲကောင်လေး … သူ … ”
ကြာပြာကောင်းကင်အသျှင်က စကားဆုံးအောင် မပြောနိုင်တော့သည်ကို ကြည့်ကာ ဂိုဏ်းချုပ်က ဝင်ပြောလိုက်သည် “ အခု ဘယ်လိုလဲ … သူက ကံကြမ္မာသားတော်ပါလို့ ကျွန်တော် ပြောခဲ့တယ်လေဗျာ။ အစ်ကိုကြီး အခုတော့ ယုံပြီမလား။
မြူခိုးဟင်းလင်းပြင်ရဲ့အုပ်ချုပ်သူ ပျောက်သွားတာလဲ ထျန်းအာရဲ့ လက်ချက် ဖြစ်ဖို့များတယ်။ တကယ်တော့ ကံကြမ္မာကောင်းရှိတဲ့သူတွေရှ့မှာ ကျင့်ကြံဆင့်က အလကားပဲလေ ”
တာအိုကိုယ်တော်ကြီးက တံတွေးမျိုချကာ မေးလိုက်သည် “ အခု ငါတို့ ဘာလုပ်ကြမလဲ ”
ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည် “ ရှီးအာက စိတ်လက်မာန်ပါ လုပ်လွန်းတယ်။ ဒါပေမဲ့ ထျန်းအာရဲ့ စွမ်းရည်နဲ့ဆိုရင် သူမနဲ့ လက်ရည်တူ လိုက်နိုင်တယ်ဆိုတော့ သူ့ဘာသာ ဖြေရှင်းနိုင်မှာပါ။
အစ်ကိုကြီး … ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။ ကျန်တာ ကျွန်တော်ဆီသာ အပ်ထားလိုက်။ အစ်ကိုကြီးဘာသာ ဝင်မပါမိစေနဲ့နော်။ အခု ကျွန်တော်တို့က ထျန်းအာရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ပဲ အာရုံစိုက်ထားကြမယ် ”
………...
မြူခိုးဟင်းလင်းပြင်ထဲ၌ ကျန်းယွင်ရှီး၏ ကျင့်ကြံဆင့် တည်ငြိမ်သွားပြီးနောက် စွမ်းရည်မှာ သိသိသာသာ တိုးတက်လာလေသည်။ သူမက ရှန်ထျန်းအား ဆက်တိုက် တိုက်ခိုက်နေပြီး တိုက်ခိုက်မှုတိုင်းက ယခင်ထက် ပိုပိုအားကောင်းလာသည်။ ရှန်ထျန်းက ပြန်တိုက်ခိုက်ရမည်လား နောက်ဆုတ်ရမည်လား မသည်းကွဲတော့ပေ။
ခဏနေပါဦး … ငါက အံ့ဖွယ်ဝါးမျိုနွယ်ပင်ရဲ့ မြေလျိုးပညာရပ်ကို ရထားတာလေ …
ရှန်ထျန်းက နောက်ဆုံး အသက်ကယ်စွမ်းရည် ရှိသေးကြောင်း အမှတ်ရသွားတော့သည်။ သူက ညာဘက်လက်ကို ဆန့်ထုတ်ကာ မြစိမ်းရောင်နွယ်ပင် ထုတ်လွှင့်လိုက်သည်။ နွယ်ပင်က ကျန်းယွင်ရှီး၏ လက်သီးကို ထိမိပြီး နောက်ပြန်ကန်ထွက်သွားသည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်က အားကောင်းသော်လည်း ကျန်းယွင်ရှီး၏ ကျင့်ကြံဆင့်က မြင့်လွန်းနေသည့်အတွက် သူမအနေနှင့် အသာလေး ကာကွယ်နိုင်လိုက်သည်။
သို့သော်လည်း ရှန်ထျန်းတစ်ယောက် နွယ်ပင် ထုတ်လွှင့်လိုက်သည့် အဓိကရည်ရွယ်ချက်မှာ ကျန်းယွင်ရှီးကို အနိုင်ယူရန် မဟုတ်ပေ။
နွယ်ပင်က ကျန်းယွင်ရှီးကို ထိသွားသည်နှင့် ရှန်ထျန်း ခန္ဓာကိုယ်သည်လည်း နွယ်ပင်နှင့်အတူတူ လွှင့်စင်သွားတော့သည်။ တကယ်တော့ သူက ကျန်းယွင်ရှီး၏ အင်အားကို အသုံးချကာ နောက်ပြန်ဆုတ်လိုက်ခြင်း ဖြစ်၏။
ထို့နောက် မြစိမ်းရောင် နွယ်ပင်ကြီးက မြေကြီးထဲ တိုးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ရှန်ထျန်းက သဲလွန်စမချန်ဘဲ ကျန်းယွင်ရှီးရှေ့မှ ပျောက်ကွယ်သွားလေသည်။
ကျန်းယွင်ရှီးက အထိတ်တလန့် ဖြစ်သွားကာ သူမ အဖေဆီ တောင်းဆိုလိုက်သည် “ ဖေဖေ … အဲဒီနတ်ဆိုးက မြေလျိုးပြီး ထွက်ပြေးသွားပြီ။ သမီးတို့အတွက် ကျေးဇူးပြုပြီး နှိမ်နင်းပေးပါ ”
မြေပေါ်၌ ကျန်းယွင်ရှီး ပြောသော စကားကို ကြားလိုက်ရပြီးနောက် ရှန်ထျန်းတစ်ယောက် တုန်လှုပ်သွားတော့သည်။
ဆရာလည်း ဒီရောက်နေတာလား …
သူက မာတာနွယ်ပင်ကြီး လုကျီထက်ပင် ပိုအားကြီးပြီး အတိဒုက္ခလွန်အဆင့်ကို အမှန်တကယ် ကျော်ဖြတ်ထားနိုင်သည့် သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူ မဟုတ်ပါလော။
သူ့ရှေ့မှောက်၌ မြေလျိုးခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။
ဒီနေ့တော့ ငါ့ဂုဏ်သိက္ခာလေး ရေစုန်မျှောတော့မှာလား …
………....
ရှန်ထျန်းက မြေအောက်ထဲ သွားလာနေရင်း ဂိုဏ်းချုပ်၏ လေးလေးနက်နက် အသံကို ကြားလိုက်ရသည်။
“ ကောင်းကင်ဘုံက ကြင်နာတတ်တယ်။ မင်းလည်း လက်ရှိအနေအထားရောက်အောင် ကြိုးစားခဲ့ရမှာဆိုတော့ မဖျက်စီးပစ်ချင်ဘူး။ တာအိုရောင်းရင်း … မင်းကို ငါ့တပည့် လွတ်ပေးဖို့ တစ်နာရီအချိန်ပေးမယ်။
ထျန်းအာရဲ့ ဆံပင်မွေး တစ်မွေး ပျောက်နေတာနဲ့ ဒီမြူခိုးဟင်းလင်းပြင်တစ်ခုလုံးကို ရှင်းထုတ်ပစ်ပြီး ဘယ်မျိုးစိတ်မှ မလွတ်စေရဘူး။ မှတ်ထား …. သူ့ကို သေချာတောင်းပန်ပြီးတော့ သေချာဝတ်ဆင်ပေးပြီးတော့ လွှတ်ပေးလိုက် ”
ဂိုဏ်းချုပ်၏ စကားက ရှန်ထျန်းအား အမှန်တကယ် စိတ်လှုပ်ရှားသွားစေသည်။
တစ်ချိန်တည်းတွင် ရှန်ထျန်းက သက်ပြင်းချလိုက်မိသည်။ သူ့ဆရာဖြစ်သူက သူ့ရုပ်ဖျက်ထားမှုကို မမြင်ဘဲ နေလိမ့်မည်ဟု မထင်မိခဲ့ပေ။
ဘယ်လိုဖြစ်ဖြစ် အဆင်ပြေသွားပြီ … ငါ အဝတ်အစားလဲပြီးတော့ တခြားနေရာကနေ ထွက်လာလိုက်မယ်
အဲဆို ငါ့ဂုဏ်သိက္ခာလေး ကယ်တင်ပြီးသား ဖြစ်ပြီ …
ဟူး … ဒီဇာမဏီငှက်မွေး မျက်နှာဖုံးက သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူတွေဆီကနေတောင် ဖုံးကွယ်ပေးထားနိုင်တာလား …
ဒါကြီးက သိပ်တော့ ယုတ္တိမရှိသလိုပဲ …