နွယ်ပင်လေး ငိုရရှာပြီ
Vol. 11-16 Ch. 163
အခန်း (၁၆၃) : နွယ်ပင်လေး ငိုရရှာပြီ
ရှန်ထျန်းက ဇာမဏီငှက်မွေး မျက်နှာဖုံးသည် အငွေ့အသက်ကအစ ဖုံးကွယ်ပေးထားကြောင်း သိခဲ့သော်လည်း သူတော်စင်နယ်ပယ်အဆင့် ဂိုဏ်းချုပ် မျက်စိအောက်မှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ့အကြောင်း မပေါ်သွားသည်မှာ ကံကောင်းလှပေသည်။ ရှန်ထျန်းလည်း သူ့ဂုဏ်သတင်းကို ဂရုစိုက်ရသေးသည် မဟုတ်ပါလော။
သူက အပြာရောင် ချပ်ဝတ်ကို ချွတ်လိုက်ပြီးနောက် သာမန်အဝတ်အစားများကို ပြန်လဲလိုက်သည်။
ရှန်ထျန်းက ကြေးမုံထုတ်လိုက်ပြီးနောက် သူ့ပုံရိပ်ကို ဂရုတစိုက် ပြန်လေ့လာလိုက်ပြီး ယခင်သွင်ပြင် မကျန်ရှိနေတော့အောင် ဂရုစိုက်လိုက်ရသည်။
တစ်ချိန်တည်းတွင် ဂိုဏ်းချုပ်နှင့် ကြာပြာ ကောင်းကင်အသျှင်တို့က လေထဲတွင် ရပ်နေရင်း ခံစားချက်များက တည်ငြိမ်မနေကြပေ။ အထူးသဖြင့် ကြာပြာကောင်းကင်အသျှင် ဖြစ်၏။
သူ မီးစာကျမ်းကို စတင်ကျင့်ကြံစဉ်ကတည်းက ယခုအထိ ကံဆိုးနေခဲ့ရသည်။
သူ့ဆီတွင် ရှိနေသည့် တစ်ခုတည်းသော အံ့ဖွယ်ထူးခြားပစ္စည်းမှာ စိမ်းပြာရောင် ကောင်းကင်မီးတောက်သာ ဖြစ်၏။ ထိုအရာကိုလည်း မီးစာကျမ်း မကျင့်ခင်က ရရှိထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှန်ထျန်းက လေးလံအဆီအနှစ် ရေစင်ကို ရထားရုံသာမက ယခုအခါလည်း အံ့ဖွယ်ထူးခြားပစ္စည်းနှစ်မျိုးကိုလည်း ထပ်မံ ရလိုက်သေးသည်။
သူ့ကံကြမ္မာက ကြာပြာကောင်းကင်အသျှင်အနေနှင့် ကောင်းကင်ကို လက်ညိုးထိုးပြီး မတရားကြောင်း ကျိန်ဆဲပစ်ချင်လောက်အောင်အထိ အားကျစိတ်တဖွားဖွား ဖြစ်ပေါ်လာစေသည်။
ဂိုဏ်းချုပ်အနေနှင့် နှစ်ယောက်ကြား ဉာဏ်ထက်သူ ဖြစ်သောကြောင့် အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်လိုက်သည်။
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းတစ်ယောက် ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ် ဖွဲ့စည်းပုံနှင့် အံ့ဖွယ်ထူးခြား ပစ္စည်းနှစ်မျိုး မည်သို့ရရှိလာသည်ကိုသာ တွေးတောနေမိစဉ် ဂိုဏ်းချုပ်က အရေးကြီးသည့်အချက်ကို သတိထားမိလိုက်သည်။ ရှန်ထျန်းက ထိုပစ္စည်းများအား အတူတကွ ပေါင်းစပ်ထားနိုင်သည် မဟုတ်ပါလော။
ထိုသို့သော အံ့ဖွယ်ထူးခြား ပစ္စည်းမျိုးက ကောင်းကင်အလိုဆန္ဒကို သယ်ဆောင်လာကြသည့်အရာများ ဖြစ်ကြရာ အားကောင်းလွန်းသည့်အတွက် နာခံစေဖို့အတွက် ခက်ခဲလှသည်။
သာမန်ကျင့်ကြံသူများအနေနှင့် ကံကောင်းထောက်မပြီး လက်ဝယ်ပိုင်ဆိုင်ခဲ့လျှင်ပင် သန့်စင်နိုင်ဖို့ရာ အလွန်ခက်ခဲတတ်ကြသည်။
နမူနာအားဖြင့် ကြာပြာကောင်းကင်အသျှင်က စိမ်းပြာကောင်းကင် မီးတောက်ကို သန့်စင်နိုင်ခဲ့သောကြောင့် သူ့စွမ်းဆောင်ရည်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် နောက်ထပ် အံ့ဖွယ်ထူးခြား ပစ္စည်း တွေ့ခဲ့လျှင်ပင် ထပ်မံသန့်စင်နိင်မည် မဟုတ်ပေ။ အကြောင်းမှာ သန့်စင်ခြင်း လုပ်ငန်းစဉ်က ဘယ်သောအခါမှ မလွယ်ကူခဲ့ပေ။ တချို့လူများက ဖြစ်စဉ်တစ်ခုလုံး တောင့်ခံထားနိုင်လောက်အောင် ကံမကောင်းကြပေ။
လွန်ခဲ့သော နှစ်သုံးထောင်ခန့်က အံဖွယ်ထူးခြားပစ္စည်း သုံးမျိုးကို အတင်းပေါင်းစပ်ဖို့ ကြိုးစားခဲ့သည့် နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူ တစ်ဦး ရှိခဲ့ဖူးသည်။ အဆုံးသတ်၌ ထိုပစ္စည်းသုံးမျိုး၏ စွမ်းအားကို မထိန်းချုပ်နိုင်တော့ဘဲ ချီဖောက်ပြန်သွားခဲ့ပြီး ခန္ဓာကိုယ်လည်း ပျက်စီးသွားခဲ့သည်။
ထိုသို့သော အားကောင်းသော ပုဂ္ဂိုလ်ပင် အံ့ဖွယ်ထူးခြားပစ္စည်းသုံးမျိုးကို အတူတူ မပေါင်းစပ်နိုင်ဘဲ ကျရှုံးခဲ့သော်လည်း ရှန်ထျန်းက ဘာလုပ်ပြနိုင်ခဲ့သနည်း။
သူက အခြေတည်အဆင့်လေးမျှဖြင့် ထိုပုဂ္ဂိုလ် မလုပ်နိုင်ခဲ့သည့် ကိစ္စကို အထမြောက်အောင်မြင်ခဲ့လေသည်။ ကောင်းကင်ဘုံမှ မျက်နှာသာပေးထားခံရခြင်း မဟုတ်လျှင် မည်သို့ ဖြစ်နိုင်မည်နည်း။
ဂိုဏ်းချုပ်က ရှန်ထျန်းအပေါ် သူ့မှန်းဆချက်သည် သေချာသွားကြောင်း အတည်ပြုလိုက်တော့သည်။
ထျန်းအာက ငါတို့ဂိုဏ်းရဲ့ အနာဂတ်မျှော်လင့်ချက်လေးပဲ …
ထိုစဉ် ဂိုဏ်းချုပ်က ဘာကိုမှမသိဘဲ သူ့အကြံအစည်များ ပျက်စီးစေသည့် သူ့အစ်ကိုကြီးက ဘေးနားရပ်နေသေးကြောင်း ရုတ်ချည်း အမှတ်ရသွားတော့သည်။ သူက ကြာပြာကောင်းကင်အသျှင်အား စိတ်ဖြင့် ဆက်သွယ်ကာ သူ့မှန်းဆချက်များအား ပြောပြလိုက်သည်။
“ အစ်ကိုကြီး ကျွန်တော် ပြောသင့်တာတော့ ပြောပြီးပြီ။ အခု ထျန်းအာက ကံကြမ္မာသားတော်မှန်း သေချာသွားပြီဆိုတော့ သူ့ကို ကူညီပေးမယ်မလား ”
ကြာပြာကောင်းကင်အသျှင်က မျက်နှာနီရဲလာပြီးနောက် ရုတ်ချည်းဆိုသလို စိတ်ထဲ၌ “ နောင်တရမိရင် ငါက ခွေးမသားပဲ” ဆိုသည့် စကားသံကိုလည်း ပြန်လည် ကြားယောင်လာသည်။
ထိုစဉ် သူက ခွေးမသား အဖြစ်ခံပြီး ကံကြမ္မာသားတော် ယူဆောင်လာသော အခွင့်အရေးများကို ခံစားလိုက်ရမလား ဒါမှမဟုတ် ရည်မှန်းချက်မြင့်မားပေမဲ့ ဘာမှမရှိသည့် ဆင်းရဲသော တာအိုကိုယ်တော်ကြီးအဖြစ်ပဲ နေလိုက်ရမလား ဝေခွဲမရ ဖြစ်နေမိသည်။
ပြောချင်တာက ငါက ကောင်းကင်အသျှင်လေ … ငါလည်း ငါ့ဂုဏ်သိက္ခာ ရှိသေးတာပေါ့ …
“ ငါ ဆက်လေ့လာကြည့်ပါဦးမယ်။ မလောပါနဲ့ ”
သူက ဂိုဏ်းချုပ်ရှေ့ အရှုံးမပေးလိုသော်လည်း ဆရာတူ ညီလေး၏ တောင်းဆိုချက်ကို စိတ်ထဲမှ သဘောတူပြီးသွားလေပြီ။ အကြောင်းမှာ သူနှင့် ရှန်ထျန်းတို့ နှစ်ယောက်လုံးက မီးစာကျမ်း ကျင့်ကြံကြသော်လည်း သူတို့၏ မတူညီကွဲပြားသော ဖွဲ့စည်းပုံများအရ မတူညီသော ရလဒ်များ ဖြစ်လာနိုင်လောက်၏။
မီးစာကျမ်းကို ကျင့်ကြံကြသော ကျင့်ကြံသူအများစုသည် ကြာပြာကောင်းကင်အသျှ သုံးစွဲသော အရင်းအမြစ် ပမာဏဆယ်ဆမက သုံးစွဲသော်လည်း သိပ်သက်ရောက်မှု မရှိသည်မှာ လူသိများသော အချက်ဖြစ်၏။
ကြာပြာကောင်းကင်အသျှင်က ထိုအဖွဲ့ကြား ပါရမီအကောင်းဆုံးအဖြစ် သတ်မှတ်ရပေမည်။ သူ့ကျင့်ကြံခြင်းမှာ ချောမွေ့နေသည်ဟု ယူဆနိုင်သေး၏။ တကယ်တော့ သူက သူ့သက်တူရွယ်တူအတွင်း အလေးသာနေသေးသည်။
သို့သော်လည်း သူ ကိုယ်ထည်မာအဆင့် ရောက်စဉ်အခါက သူ့စွမ်းဆောင်ရည်များက ရှန်ထျန်းလောက် အားမကောင်းခဲ့ပေ။ ထိုအရာများအပြင် သူ့ရှေ့မှောက် ထူးခြားအံ့ဖွယ် ပစ္စည်းများ လာထားထားလျှင်ပင် ရှန်ထျန်းလိုမျိုး ပစ္စည်းသုံးမျိုးကို သန့်စင်ဖို့ မကြိုးစားရဲခဲ့ပေ။ အကြောင်းမှာ ထိုပစ္စည်းများရှိ စွမ်းအားက အားကောင်းလွန်းသောကြောင့် ကောင်းကောင်း မကိုင်တွယ်နိုင်ပါက ပေါက်ကွဲထွက်သွားနိုင်သည်။
နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်၏ အတိဒုက္ခလွန်အဆင့် ကျော်ဖြတ်ပြီးသူများပင် သန့်စင်နေသော နေရာ၌ သေဆုံးသွားနိုင်သည်။
ထို့ကြောင့် ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ရသည်မှာ ပျော်စရာတော့ မဟုတ်ပေ။ ဤသည်မှာ ပြင်ပစွမ်းအားများကြောင့် ပေါက်ကွဲသွားသည်နှင့် မတူပေ။
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းသည် ပစ္စည်းသုံးမျိုးလုံးကို သန့်စင်ပြီး အောင်အောင်မြင်မြင် ပေါင်းစပ်ထားနိုင်ကြောင်း မြင်လိုက်ရသည့်အခါ အံ့ဩသွားတော့သည်။ သူက ပါရမီကောင်းလှသည်ဟု ထင်ထားခဲ့သော်လညး ရှန်ထျန်းနှင့် ယှဉ်လိုက်သည့်အခါ ဘာမှမဟုတ်တော့ပေ။
အကယ်၍ သူသာ ခွေးမသားဖြစ်ကြောင်း ကျိန်ဆိုခြင်းများ မလုပ်ခဲ့လျှင် ယခုအခါ ရှန်ထျန်းအား တပည့်အဖြစ်ခေါ်ဖို့ရာ လုနေလောက်လေပြီ။ တာအိုကိုယ်တော်ကြီးက နေရခက်မှု၊ တွေဝေမှု၊ နောင်တနှင့် အားကျမှုတို့အပြည့် ဖြစ်နေသည်။
ထိုစဉ် ကျန်းယွင်ရှီး၏ အငွေ့အသက်က တည်ငြိမ်သွားပြီး စိတ်အေးသွားလေသည်။ သူက အုတ်ဂူရှေ့ ရောက်လာပြီး စာလုံးများကို စိုးရိမ်တကြီး သေချာဖတ်ကြည့်လိုက်သည်။
ဂိုဏ်းချုပ် သူ့သမီးဖြစ်သူ တွေးနေသည့်အရာများကို မှန်းဆမိသည့်အလား ဝင်ပြောလိုက်သည် “ အတွေးမလွန်နဲ့ … ဒီအုတ်ဂူထဲမှာ မြှပ်နှံ့ထားရတာ ထျန်းအာ မဟုတ်ဘူး။ ထျန်းအာက အခု ဘေးကင်းနေသေးတယ် ”
သူ့စကားများက ကျန်းယွင်ရှီးအား တဖန်ပြန်လည်တက်ကြွလာစေသည် “ အဲဆို သူ့ကို အခုသွားကယ်လိုက်မယ် ”
ဂိုဏ်းချုပ်က ခေါင်းတစ်ဖက်လှည့်လိုက်ပြီး သူမအား ဖျောင်းဖျလိုက်သည်
“ စိတ်လက်မာန်ပါ မလုပ်နဲ့ … ငါ ဒီမှာရှိနေတုန်း ဘယ်နတ်ဆိုးမှ မလှည့်စားရဲပါဘူး။ ထျန်းအာရဲ့ အငွေ့အသက်ကို အာရုံခံမိတယ်။ အခု နတ်ဆိုးဆီကနေ လွတ်လာပြီး ဒီကို လာနေလောက်ပြီ ”
သူ့စကားအဆုံးတွင် အနီးဆုံးတောင်ကုန်းနောက်မှ အသံထွက်ပေါ်လာလေ၏။
“ ဆရာ … ဂိုဏ်းတူဦးလေး … ဂိုဏ်းတူအစ်မ … နတ်ဆိုးက ကျွန်တော်ကို လွှတ်ပေးလိုက်ပြီ ”
ရှန်ထျန်းက ပုံမှန်ဝတ်နေကျ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယုံကြည်ချက်ရှိရှိ သူတို့ဆီ လျှောက်လှမ်းလာနေသည်။ သူက ရှက်ရွှံ့မှုကို ဖုံးကွယ်ဖို့ အကောင်းဆုံး ကြိုးစားထားလေသည်။ ကျန်းယွင်ရှီးက သူနှင့် လတ်တလောလေးမှ တိုက်ခိုက်ထားခြင်း ဖြစ်ရာ သူမအနေနှင့် လမ်းလျှောက်ပုံမှတဆင့် ရိပ်ဖမ်းသံဖမ်းမိကာ သိသွားမည်ကို စိုးထိတ်မိ၏။
သို့သော်လည်း ရှန်ထျန်းက အကောင်းဆုံး ကြိုးစားထားလေသည်။ တကယ်တော့ သူ လမ်းလျှောက်လာပုံက အတော်လေး နေရခက်နေသည်။
၂၁ ရာစုနှစ်ရဲ့အင်တာနက်ဗန်းစကာအရ ရှန်ထျန်း လမ်းလျှောက်လာသည်မှာ Conor McGregor လမ်းလျှောက်လာသလိုမျိုး ဖြစ်နေလေ၏။
( Conor McGregor က ခေါင်းမော့ရင်ကော့ကာ ယုံကြည်ချက်လွန်ကဲနေသော အမူအယာဖြင့် လမ်းလျှောက်လေ့ရှိသော ပုံစံကြောင့် လူသိများ၏)
ဂိုဏ်းချုပ်နှင့် ကျန်လူများအတွက်မူ ဤသည်က လုံးဝထူးဆန်းမနေပေ။ သူတို့၏ သူတော်စင်က ဤမျှယုံကြည်ချက်ရှိနေသည်မှာ သဘာဝကျလှ၏။
သူတို့အနေနှင့် ရှန်ထျန်းက သူတို့၏ စံနှုန်းထားများကို ပြည့်မှီခဲ့သော်လည်း သိုသိုသိပ်သိပ်နေလွန်း၍ အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သည်ဟု ခံစားခဲ့ကြရသည်။
သို့သော် ယခုတွင် ရှန်ထျန်းက ပြီးပြည့်စုံသွားလေပြီ။ စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ထာဝရအရှင်တစ်ပါးနှင့်တူကာ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်ဖို့ အဆင့်သင့်ဖြစ်နေဟန်ပေါ်နေသည်။
ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင် ပြုမူသင့်သည့် ပုံစံမျိုး ဖြစ်၏။ ဂိုဏ်းချုပ်ပင် အတော်လေး ကျေနပ်သွားမိသည်။
တကယ်ကို ထျန်းအာက အမြင့်ရောက်ဖို့ မွေးဖွားလာတဲ့သူပဲ …
ထျန်းအာက ငါတို့တပည့် ဖြစ်နေပြီးတော့ ဒီလိုကံအပြောင်းအလဲ အခွင့်အရေးတွေနဲ့ ကြုံခဲ့တာဆိုတော့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပြီပဲ …
ငါတို့ဂိုဏ်းကို သူသာ ထောက်ပံ့ပေးမယ်ဆိုရင် အရှေ့ပိုင်းလွင်ပြင်မှာ တဖန်ပြန်လည် အုပ်ချုပ်လွှမ်းမိုးနိုင်လာလိမ့်မယ် …
………….....
ဂိုဏ်းချုပ်က အနာဂတ်ကို စိတ်ကူးကြည့်နေရင်း သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ကောင်းကင်အရှိန်အဝါတို့က သိသိသာသာ ထွက်ပေါ်နေလေသည်။
သူက ရှန်ထျန်းကို ပြောလိုက်သည် “ ထျန်းအာ … အဲဒီနွယ်ပင်နတ်ဆိုးက မင်းကို ဘာမှမလုပ်လိုက်ဘူးမလား ”
ရှန်ထျန်း၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားကာ မြန်မြန် ခေါင်းခါလိုက်သည်။
“ မဟုတ်ပါဘူး … သူမက ကျွန်တော်ကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်ရဲပါ့မလဲ။ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်ရဲ့ တပည့်ဆိုတာလဲ ပြောလိုက်ရော သူမက ကြောက်လန့်ပြီးတော့ တစ်ခါတည်း ပြန်လွှတ်ပေးလိုက်တာပဲ ”
အရာအားလုံးက မှားယွင်းလျှင်ပင် မြှောက်ပင့်ခြင်းက မမှားချေ။ ဂိုဏ်းချုပ်က ရှန်ထျန်းကို ကယ်ဖို့အတွက် ရောက်လာခဲ့သော်လည်း တကယ်တမ်း ကူညီပေးခဲ့ခြင်းမျိုး မရှိပေ။ သို့သော်လည်း ရှန်ထျန်းက အပြူအမူများကို ကျေးဇူးတင်နေဆဲ ဖြစ်ကာ ကောင်းသောစကားများ ဆိုခြင်းထက် ဘာအရာမှ ပိုမကောင်းနိုင်ပေ။
သူက ဒီကျေးဇူးတရားကို သေချာပေါက် အမှတ်ရနေရမယ်လေ …
ရှန်ထျန်း၏ စကားများက ဂိုဏ်းချုပ်ကို ပို၍ ကျေနပ်သွားစေသည်။ သူ့ခန္ဓာကိုယ်ရှိ ကောင်းကင်အရှိန်အဝါတို့က တလက်လက် တောက်ပလာပြန်သည်။
သူက ခေါင်းညိတ်ကာ “ ထျန်းအာလည်း ဘေးကင်းပြီဆိုတော့ ဒီမြူခိုးဟင်းလင်းပြင်ရဲ့ နတ်ဆိုးဘုရင်နဲ့ စာရင်းရှင်းကြတာပေါ့။ သူမလို သူတော်စင်တပိုင်းအဆင့်လောက်လေးနဲ့ ငါ့ချစ်တပည့်ကို လာထိရဲတယ်ပေါ့လေ ”
မိုးကြိုးဧကရာဇ် အလံဆယ်လက်ကို ပစ်လွှတ်လိုက်ပြီးနောက် အနီးပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ် မိုးကြိုးများ စုစည်းလာကာ ကောင်းကင်ဘုံမှ ပြစ်ဒဏ်ချမှတ်တော့မည့်အသွင် ဖြစ်ပေါ်လာသည်။
…………....
အဝေးတစ်နေရာ၌ နွယ်ပင်ပေါက်လေးက မြေကြီးမှ ထိုးထွက်လာလေသည်။ ထိုအရာလေးက မြေအောက်မှ ဝိညာဉ်ကျောက်သွေးကြောမှ ဝိညာဉ်ချီများကို စုပ်ယူဖို့ ကြိုးစားနေပြီး ကြီးထွားလာဖို့ မျှော်လင့်နေလေသည်။
“ ဘယ်တော့မှ အရှုံးမပေးဘူး။ ကောင်းကင်ဘုံက မတရားဘူးဆိုပေမဲ့ သက်သေပြပြီးတော့ ထာဝရအရှင်တစ်ယောက် ဖြစ်လာအောင် ကျင့်ကြံပြမယ်။ ကျွန်မရဲ့ ကံကြမ္မာကို ကိုယ့်ဘာသာ ပြောင်းလဲပစ်မယ် ”
စကားအဆုံးတွင် ကောင်းကင်တစ်ခွင် မည်းမှောင်လာပြီး မိုးကြိုးလျှပ်စီးများ လင်းလက်လာသည်။
ကောင်းကင်၏ အမျက်ဒေါသက အချိန်မရွေး ကျရောက်လာတော့မည့်အလား ရက်စက်မှုအပြည့် ဖြစ်နေသည်။ ထိုစဉ် နွယ်ပင်ပေါက်လေးက ကြောင်အမ်းသွားလေ၏။
သူ့ခန္ဓာကိုယ်မှ နို့နှစ်ရောင် အရည်နှစ်ကြောင်း စီးဆင်းလာလေသည်။ ကြည့်ရသည်မှာ ငိုကြွေးနေဟန် ပေါ်၏။
ငါက ကိုယ့်ဘာသာ ကြေညာရုံလေးကို မိုးကြိုးက ဘာလို့များ ပစ်ချရပြန်တာလဲ …