ဂိုဏ်းတူအစ်ကိုကြီး ချီဖောက်ပြန်နေပြီ
Vol. 11-16 Ch. 164
အခန်း (၁၆၄) : ဂိုဏ်းတူအစ်ကိုကြီး ချီဖောက်ပြန်နေပြီ
ဂိုဏ်းချုပ်က လုကျီအား ပြဿနာရှာတော့မည်ကို မြင်ကာ ရှန်ထျန်းတစ်ယောက် ချွေးသုတ်လိုက်မိသည်။ ရှန်ထျန်းအနေနှင့် လုကျီသည် ခန္ဓာကိုယ်ပိစိလေးဖြင့် လွတ်မြောက်သွားကြောင်း မသိရှာချေ။ သူ စားပစ်လိုက်ပြီဟုသာ ထင်နေလေ၏။
ဂိုဏ်းချုပ်ကို တောင်ကြားတစ်ခုလုံး ရှာပြီး သူမကို ရှာမတွေ့ရင် ငါ့ကို နတ်ဆိုးရုပ်ဖျက်ထားတာလို့များ ထင်သွားမလား …
ရှန်ထျန်းက ထိုအတွေးဖြင့် ဝင်ပြောလိုက်သည် “ ဆရာ စိတ်အေးအေးထားပါ ”
ဂိုဏ်းချုပ် ခန္ဓာကိုယ်ရှိ အရှိန်အဝါတို့က တဖန်ပြန်လည် လှုပ်ရှားလာပြန်သည် “ ထျန်းအာ စိတ်မပူနဲ့ … မင်းနောက်မှာ ဆရာတစ်ယောက်လုံး ရှိတယ်”
ထောက်ပံ့အားပေးသူ ရှိခြင်းက ကောင်းမွန်သော်လည်း ယခု ရှန်ထျန်းအနေနှင့် လိုအပ်နေသည့်အရာ မဟုတ်သေးချေ။
“ ဆရာ အဆင်ပြေသွားပါပြီ။ မာတာနွယ်ပင် လုကျီက ကျွန်တော်ကို မှားပြီး ဖမ်းဆီးခဲ့ပေမဲ့ ကျွန်တော်ကို ဘာမှမထိခိုက်စေခဲ့ပါဘူး။ သူမအကြောင်း မေ့ထားလိုက်ရအောင်ပါနော် ”
ကျန်းယွင်ရှီးက ထိုအကြောင်း ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။
မောင်လေးရှန်က နတ်ဆိုးမကို ဘာလို့ကာကွယ်ပေးနေရတာလဲ … ဒီနေ့ ထူးဆန်းနေတယ်
နတ်ဆိုးရဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်အောက် ရောက်နေတာများလား …
ကျန်းယွင်ရှီးက ရှန်ထျန်းအပေါ် ပုံရိပ်ယောင် ဖယ်ရှားရေး ဂါထာတချို့ တိတ်တဆိတ် သုံးလိုက်သည်။
ကောင်းလိုက်တာ …
ရှန်ထျန်းက ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ကျန်းယွင်ရှီးက တဖန်ထပ်မေးလိုက်သည် “ မောင်လေးရှန် … သူမကို လွှတ်ပေးချင်တာ သေချာရဲ့လား ”
ရှန်ထျန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်
“ ဆရာက ဂိုဏ်းချုပ်လေ … စကားကို မတည်လို့ မဖြစ်ဘူးမလား။ အဲဒီနတ်ဆိုး ကျွန်တော်ကို လွှတ်ပေးတုန်းက ဒီကနေ သိပ်မဝေးတဲ့နေရာမှာ ဝိညာဉ်ကျောက်သွေးကြော ရှိတယ်လို့ ပြောခဲ့သေးတယ်။ သူမက လျော်ကြေးအနေနဲ့ ပေးမယ်တဲ့လေ ”
“ ဝိညာဉ်ကျောက်သွေးကြော” အကြောင်း ကြားလိုက်ပြီးနောက် တာအိုကိုယ်တော်ကြီးက စိတ်လှုပ်ရှားလာသည် “ ဝိညာဉ်ကျောက်သွေးကြောတဲ့လား … ဘယ်လောက်ကြီးလဲ။ ဘယ်မှာလဲ။ ငါတို့အတွက် လုံလောက်ရဲ့လား ”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည် “ မာတာနွယ်ပင်လိုမျိုး နတ်ဆိုးကြီးတောင် ကျင့်ကြံနိုင်တယ်ဆိုတော့ ကြီးလောက်ပါတယ် ”
ဂိုဏ်းချုပ်က ရှန်ထျန်းအား ဂရုတစိုက် ကြည့်လိုက်ပြီးနောက် မေးလိုက်သည် “ သူမက တကယ်ကြီး လိုလိုလားလား ပေးလိုက်တာလား ”
ရှန်ထျန်းက အပြစ်ရှိစိတ်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “ သူမက အပြစ်ရှိစိတ် ခံစားရလို့များလား … ဆရာရဲ့ တပည့်တစ်ယောက်အနေနဲ့ ဒီဝိညာဉ်ကျောက်သွေးကြောကို အထွတ်အမြတ်မြေဆီ ပေးအပ်ချင်ပါတယ်။ ကျွန်တော်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့ လက်ဆောင်အနေနဲ့ လက်ခံပေးပါဗျ ”
ဂိုဏ်းချုပ်က ခေါင်းခါကာ
“ သူမက မင်းကို လျော်ကြေးအဖြစ် ပေးလိုက်တာဆိုတော့ မင်းအပိုင်ပဲလေ။ အထွတ်အမြတ်မြေက မယူပါဘူး။ ထားလိုက်ပါတော့ … နတ်ဆိုးက သူမလုပ်ခဲ့တာအတွက် ပြန်အပြစ်ချေနေတာဆိုတော့ သူမကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်ပြီး ဒီနေ့လွှတ်ပေးလိုက်မယ်။
ဒါပေမဲ့ နောက်တစ်ခါ ဒီလိုထပ်လုပ်မယ်ဆိုရင် သူမကို လုံးဝခွင့်မလွှတ်နိုင်ဘူး”
………...
အဝေးတစ်နေရာရှိ နွယ်ပင်လေးက မိုးကြိုးများ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရပြီးနောက် စိတ်အေးသွားလေသည်။
ကြောက်စရာကြီး … ငါ့ကိုများ နောက်ထပ် ပစ်တော့မှာလားလို့ … ဟူး ကောင်းကင်တာအိုကတောင် ငါ့ကို ရှင်းထုတ်ချင်နေတာပဲ …
ငါ နိဗာနကျော်ဖြတ်ပြီးပေမဲ့ နိဗာနတော်ဝင်ရေကို ဟိုမိန်းမယုတ်က ယူသွားခဲ့ပြီးပြီ … ဒါပေမဲ့ ငါ့ဆီမှာ သွေးမျိုးဆက်အဆီအနှစ် ကျန်ရှိနေတုန်းဆိုတော့ ဝိညာဉ်ကျောက်သွေးကြောသာ ရှိနေသရွေ့ ပြန်လာနိုင်သေးတယ် …
ငါ ဘာဖြစ်လာရမယ်ဆိုတာ ကံကြမ္မာဆီ ဆုံးဖြတ်ခွင့် မပေးတော့ဘူး။ နှစ်သုံးထောင်ကြာပြီးတဲ့နောက်မှာ ငါ အားပိုကောင်းလာရမယ် …
နွယ်ပင်လေးက အရှေ့ပိုင်းလွင်ပြင်ကို မည်သို့အုပ်စိုးမည့်အကြောင်း တွေးတောနေစဉ် ထိန်းလို့မရအောင် တုန်ခါလာလေ၏။
ထိုစဉ် မိုးကြိုးများ လွှမ်းခြုံထားသည့် အမျိုးသားတစ်ယောက်က သူမဆီ ဦးတည်လာနေသည်။ သူ့မျက်နှာကို လုံးဝဖုံးကွယ်ထားသော်လည်း နွယ်ပင်လေးအနေနှင့် ဤအမျိုးသားသည် အလွန်အားကောင်းကြောင်း ပြောနိုင်ပေသည်။
လုကျီ ဒဏ်ရာရမနေလျှင်ပင် ဤအမျိုးသားအား အနိုင်ယူနိုင်မည် မဟုတ်ပေ။ လက်ရှိ သူမက သာမန်အခြေတည်အဆင့် ကျင့်ကြံသူပင် ကိုင်တွယ်ဖြေရှင်းနိုင်သည့် နွယ်ပင်လေး ဖြစ်နေသည် မဟုတ်ပါလော။
သေစမ်း … သူတော်စင်နယ်ပယ်အဆင့်က လူသားတစ်ယောက်က ဘာလို့ မြူခိုးဟင်းလင်းပြင်ထဲ ရောက်လာတာလဲ … ငါ့ကို ဘာလို့ အနိုင်ကျင့်ချင်ကြတာလဲ …
ငါ နှစ်သုံးထောင် ကျင့်ကြံပြီးတာနဲ့ မင်းတို့အားလုံးကို အကုန်သတ်ပစ်မယ် … စောင့်နေကြ …
လုကျီက သူမဘာသာ ပြောနေရင်း မြေကြီးသည် တုန်ခါလာကြောင်း ခံစားမိလာသည်။ သူမအောက်ထဲ တစ်စုံတစ်ခု အပြင်းအထန် လှုပ်ရှားနေသလိုမျိုး ဖြစ်ကာ သူမအနေနှင့် ခံစားချက်ဆိုးဆိုးရွားရွား ရလာမိ၏။
ဒီသူတော်စင်အဆင့် လူသားက ဘာလုပ်နေတာလဲ … ငါ့ကို ဓားပြတိုက်နေတာလား
မြေကြီးအောက်မှ ဧရာမအစိမ်းရောင် သလင်းကျောက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ဝိညာဉ်ချီများ သိပ်သည်းလွန်းနေသောကြောင့် အနားကပ်ရုံဖြင့် လန်းဆန်းသွားစေသည်။
ထိုအရာက မြူခိုးဟင်းလင်းပြင်၏ ဝိညာဉ်ကျောက်သွေးကြော ဖြစ်ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်က သူ့စွမ်းအားများဖြင့် လှမ်းယူလိုက်ခြင်း ဖြစ်၏။ ဤဝိညာဉ်ကျောက်သွေးကြောသည် အဖိုးမဖြတ်နိုင်ပြီး အလွန်အဖိုးတန်လှသည်။ တိုင်းပြည်ငယ်အချို့ကို ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူလို့ ရနိုင်လေရာ ဝိညာဉ်ကျောက်သွေးကြောအား ထည့်ပြောနေဖို့ပင် မလိုတော့ပေ။
ပို၍ အရေးကြီးသည်က ဝိညာဉ်ကျောက်သွေးကြောသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို စုပ်ယူနိုင်သောကြောင့် အထွတ်အမြတ်မြေ၌ ထားလိုက်ပါက ဝိညာဉ်ချီများ တိုးမြင့်ပေးနိုင်လိမ့်မည်။ ထို့ကြောင့် အထွတ်အမြတ်မြေတစ်ခုလုံး အကျိုးမြတ် ရရှိလိမ့်မည်။
………....
ကြာပြာကောင်းကင်အသျှင်က အရမ်းအားကျနေမိသည်။
ကျောက်သွေးကြောအနံ့လေးက ကောင်းလိုက်တာ … ငါ စုပ်ယူပစ်ချင်နေပြီ
ရှန်ထျန်းကို ဘာလို့ တပည့်အဖြစ် လက်မခံလိုက်မိပါ့လိမ့် … အနည်းဆုံး ဒီဝိညာဉ်ကျောက်သွေးကြောရဲ့ ၄၀ ရာခိုင်နှုန်းလောက် ခံစားခွင့် ရဦးမှာကို …
ကြာပြာကောင်းကင်အသျှင်က အမှန်တကယ် အားကျနေမိသည်။ သို့သော်လည်း သူ တစ်ယောက်တည်း အားမလိုအားမရ ဒေါသထွက်နေခြင်း မဟုတ်ပေ။ ဒေါသထွက်ဆုံးသူမှာ လူသားပင် မဟုတ်ချေ။ မြေနိမ့်လေးကြား ညှပ်နေသည့် နွယ်ပင်လေး ဖြစ်၏။
ထိုအရာလေးက လေပေါ်လွင့်မျှောသွားသည့် ဝိညာဉ်ကျောက်သွေးကြောကို ကြည့်ကာ သူ့တစ်ဘဝလုံး အဓိပ္ပါယ်မဲ့သွားသလို ခံစားလိုက်ရသည်။
ဝိညာဉ်ကျောက်သွေးကြောလည်း ပါသွားလေပြီ … နည်းနည်းလေးပင် မကျန်ရစ်ခဲ့ပေ။
လူသားတွေ တော်တော်စက်ဆုပ်ဖို့ ကောင်းတယ် …
နိဗာနရေလဲ ယူသွားတယ် … အံ့ဖွယ်သေရည်ကိုလည်း ယူသွားတယ်။ အခုတော့ ငါ့ရဲ့ ဝိညာဉ်ကျောက်သွေးကြောကိုတောင် ယူချင်နေကြပြီလား …
ငါက လူသားမဟုတ်ပေမဲ့ မင်းတို့ကောင်တွေက လူသားပိုမဆန်ဘူး … တစ်ရက်တော့ ဝဋ်လည်မှာပါ … ကောင်းကင်တာအိုက လုံးဝကို မတရားဘူး
နွယ်ပင်လေးက ဝိညာဉ်ကျောက်သွေးကြောကို ကူကယ်ရာမဲ့စွာ အမုန်းတရားအပြည့်ဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သို့သော်လည်း လုကျီက အဝေးရောက်နေသည့်အတွက် မည်သူမှ သတိမထားမိလိုက်ကြပေ။
ဧရာမ ဝိညာဉ်ကျောက်သွေးကြောကြီးက ဂိုဏ်းချုပ်လက်ထဲတွင် ကျုံ့ကာ သေးသွားပြီး လက်ဖဝါးအရွယ်လေး ဖြစ်လာသည်။ ဂိုဏ်းချုပ်က အာကာပြင် ပညာရပ်တချို့ ထုတ်သုံးကာ လေဟာနယ်ထဲ သွေးကြောကို ထားလိုက်ပြီး ဖိနှိပ်ထားလိုက်ခြင်း ဖြစ်၏။ ဤသည်မှာ ကြာပြာကောင်းကင်အသျှင်တစ်ယောက် ရွှေတောင်ပံ လင်းယုန်ကို ဖမ်းယူခဲ့စဉ်အခါနှင့် တူပေသည်။
သို့သော်လည်း ဝိညာဉ်ကျောက်သွေးကြောနှင့် ယှဉ်လိုက်လျှင် ရွှေတောင်ပံလင်းယုန်က ပိုမို လွယ်ကူသည်။
“ ထျန်းအာ … ဒီဟာကို မင်းရဲ့ သူတော်စင်တောင်ထိပ်မှာ မြှပ်နှံပေးမယ်” ဂိုဏ်းချုပ်က ဆက်ပြောလိုက်လေသည် “ သူတော်စင်တောင်ထိပ်မှာ ဝိညာဉ်ကျောက်သွေးကြော နှစ်ခု ရှိသွားတာပေါ့။ နဂိုမူလဟာက အထွတ်အမြတ်မြေရဲ့ အပိုင်ဖြစ်ပြီးတော့ ဒီတစ်ခုက မင်းရဲ့ အပိုင်ပေါ့ ”
ရှန်ထျန်းက အတော်လေး စိတ်လှုပ်ရှားမိသွားသည်။ အရှင်းဆုံးပြောရလျှင် သူက အားလုံးကို အထွတ်အမြတ်မြေဆီ ပေးအပ်ဖို့ ကြံရွယ်ထားခဲ့၏။ အကျိုးမြတ်၏ ၃၀ ရာခိုင်နှုန်းလောက် ရလျှင်ပင် ပျော်နေမိလောက်သည်။ ဂိုဏ်းချုပ်က သူ့အား ဝိညာဉ်ကျောက်သွေးကြောတစ်ခုလုံး ပေးပစ်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ပေ။
တကယ့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်ပဲ …
ရှန်ထျန်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် “ ဆရာ … တပည့်အတွက်ချည်း ယူထားလို့ ဘယ်ဖြစ်ပါ့မလဲ ”
ဂိုဏ်းချုပ်က ရှန်ထျန်း ပခုံးကို ပုတ်ကာ
“ ဘာလို့မဖြစ်ရမှာလဲ … မင်းနဲ့ ထိုက်တန်ပါတယ်။ မင်းက သူတော်စင်လေ။ နောက်ပိုင်းကျ ဂိုဏ်းချုပ် ဖြစ်လာမဲ့သူ … အထွတ်အမြတ်မြေကို ကိုယ့်အိမ်လို သဘောထား … အထွတ်အမြတ်မြေမှာ ရှိတာက မင်းဆီမှာရှိတာပဲလေ။
ပြီးတော့ ဒါက မင်းရဲ့ကံအပြောင်းအလဲ အခွင့်အရေးဆိုတော့ မင်းပဲ လက်ခံထားသင့်တယ်လေ။ မင်း ထာဝရအရှင်အဆင့် တက်လှမ်းနိင်တာနဲ့ ငါတို့က မင်းအတွက် ဂုဏ်ယူနေမှာပါ။ ဒီဝိညာဉ်ကျောက်သွေးကြောက ဘာမှမဟုတ်သေးပါဘူး ”
ကြာပြာကောင်းကင်အသျှင်က ဂိုဏ်းချုပ် စကားကို ကြားပြီး ပိုမို အားကျလာသည်။
ငါလဲ အထွတ်အမြတ်မြေကို အိမ်အဖြစ် သတ်မှတ်ထားချင်တယ်လေ …
အိမ်ကနေ ဝိညာဉ်ကျောက်တုံးလေး နည်းနည်းယူတာကို ဘာလို့ ငါ့ကျ ဆူတာတုန်း …
ညီလေးရေ မင်း အရမ်းမျက်နှာလိုက်လွန်းတယ်ကွာ …
………....
ဂိုဏ်းချုပ်၏ အမှတ်အသားပြားက အပြင်းအထန် တုန်ခါလာကာ ကျန်းယွင်ထင်၏ စိုးရိမ်တကြီး အသံ ထွက်ပေါ်လာသည်။
“ ဖေဖေ … ဖေဖေ … ကျွန်တော် ယွင်ထင်ပါ။ အခုအရေးကြီးနေပြီ။ ဂိုဏ်းတူအစ်ကိုကြီး ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်ဖို့ ကြိုးစားနေခဲ့တာ ရက်နည်းနည်းရှိပြီ။ ဒါပေမဲ့ ဒီနေ့ သူ ချီဖောက်ပြန်မှု ဖြစ်ပြီးတော့ သူ့ … သူ့ရွှေအမြုတေ ပျက်စီးသွားတယ် … ”