အဖေ… ဂိုဏ်းတူအစ်ကိုကြီး မလုပ်နိုင်လောက်ဘူး
Vol. 11-16 Ch. 166
အခန်း (၁၆၆) : အဖေ… ဂိုဏ်းတူအစ်ကိုကြီး မလုပ်နိုင်လောက်ဘူး
ရှန်ထျန်းက ကျောက်ဟောင်ကို ငြင်းပယ်ဖို့ အကြောင်းပြချက် စဉ်းစားနေစဉ် တစ်စုံတစ်ယောက် အနားရောက်လာလေ၏။ သူက ကျောက်ဟောင်ကို ကြည့်ကာ ပြောလိုက်သည်
“ယန်ကိုးသွယ် တိုက်ပွဲခန္ဓာလား”
ဂိုဏ်းချုပ်က ရှေးဟောင်းစာအုပ်အမျိုးအစား အားလုံးကို ဖတ်ဖူး၍ ဗဟုသုတတွေ အများကြီးရှိ၏။ သူက ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ ယန်ကိုးသွယ်တိုက်ပွဲခန္ဓာနှင့် ပတ်သက်ပြီးတော့ ဖတ်ထားဖူးသည်။ ထိုအရာက နေမင်းသူတော်စင် ဖွဲ့စည်းပုံနှင့် အခြေခံသဘောတရား တူညီတယ်ဆိုတော့ မျိုးကွဲတစ်ခုသာ ဖြစ်ရပေမည်။
အဲဒါက နေမင်းသူတော်စင် ဖွဲ့စည်းပုံလောက်ထိ အင်အားမကြီးပေမဲ့ ဝိညာဉ်ဖွဲ့စည်းပုံအများစုအပေါ် လွှမ်းမိုးနိုင်ဖို့လောက်တော့ အားအင်ကြီးမားတယ်။ ဖန်ချန်းရဲ့ မီးမြေဓာတ်နှစ်သွယ် မိုးကြိုးဝိညာဉ်ဖွဲ့စည်းပုံနဲ့တောင် သူ့ကို ယှဉ်လို့ မရနိုင်ဘူး
အထွတ်အမြတ်မြေသာ သူ့ကို လက်ခံလိုက်မယ်ဆိုရင် သူရဲ့ တည်ရှိမှုက တန်ဖိုးဖြတ်လို့ရမှာ မဟုတ်တော့ဘူး။ နောက်ကျရင် အထွတ်အမြတ်မြေရဲ့ အင်အားအကြီးဆုံး ကာကွယ်သူတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်
ဂိုဏ်းချုပ်က ဖြည်းဖြည်းချင်း မေးလိုက်သည်
“ ထျန်းအာ … သူက ဘယ်သူလဲ”
ရှန်ထျန်းလည်း မတတ်သာဘဲ ရှင်းပြလိုက်ရသည်
“ သူ့နာမည်က ကျောက်ဟောင်လို့ ခေါ်ပါတယ်။ ကျွန်တော် သူ့ကို ပြီးခဲ့တဲ့ရက်တုန်းက မြူခိုးမြို့တော်မှာ တွေ့ခဲ့တာပါ”
ကျောက်ဟောင်က ဝင်ပြောလိုက်သည်
“ ကျွန်တော်က အစ်ကိုရှန်ရဲ့ ကြင်နာမှုအတွက် ပြန်လည်ပေးဆပ်နိုင်ဖို့ အခွင့်အရေးတစ်ခုလောက် ရချင်ပါတယ်”
ရှန်ထျန်း၏ ကံကောင်းမှုက ဂိုဏ်းချုပ်ကို သတိလစ်မူးမေ့စေလောက်သည်အထိ အံ့ဩသွားစေသည်။
သူက ဝိညာဉ်ကျောက်သွေးကြောနဲ့ အဖိုးတန်ပစ္စည်းနှစ်ခုကို ရခဲ့ရုံတင်မကဘဲ သူ့ဆီမှာ ယန်ကိုးသွယ် တိုက်ပွဲခန္ဓာကို ပိုင်ဆိုင်တဲ့ ပါရမီရှင်နောက်လိုက် တစ်ယောက်လည်း ရှိနေတာပါ့လား
ရှန်ထျန်းက နည်းနည်းလောက် လမ်းပြပေးလိုက်သည်နှင့် ကျောက်ဟောင်က သူ့ကျင့်စဉ်ကို အလွန်အမင်း အံ့ဩစရာကောင်းလောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ရှန်ထျန်း ကိုယ်တိုင်က ကောင်းကင်တာအို၏ သားတော် ဖြစ်နေကြောင်း ခံစားရစေသည်။
ထျန်းအာက ငါတို့ အထွတ်အမြတ်မြေအတွက် ဆုလာဘ်တစ်ခုပဲ ဖြစ်ရမယ်
ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်
“ ဟုတ်တာပေါ့…. ကျောက်ဟောင် မင်းက အထွတ်အမြတ်မြေနဲ့ ကံစပ်တာပဲ။ မင်း ငါတို့ဂိုဏ်းထဲ ဝင်လို့ရတယ်။ မင်း ငါရဲ့ ငါးယောက်မြောက် တပည့် ဖြစ်ချင်လား”
ဂိုဏ်းချုပ်၏ ကမ်းလှမ်းချက်က ကျောက်ဟောင်ကို အံ့အားသင့်သွားစေပြီး ခဏတာ တွေဝေသွားစေသည်။ ကျင့်ကြံရေးလောကတွင် ကျင့်ကြံသူများအတွက် ဆရာဆိုသည့် ဖြစ်တည်မှုက အဖေတစ်ယောက်လိုမျိုး ဖြစ်တည်မှုနှင့် တူသည်။ ထို့ကြောင့် ဆရာဟောင်း၏ ခွင့်ပြုချက်ကို မတောင်းခံဘဲ နောက်ထပ် ဆရာတစ်ယောက်၏ လက်အောက်သို့ ဝင်လို့မရနိုင်ပေ။
ကျောက်ဟောင်က ဓားအသျှင် ချန်းယန်၏ တပည့်တစ်ယောက် ဖြစ်ခဲ့သည့်အတွက် ယခု ဆရာအသစ် လက်ခံဖို့ မဖြစ်နိုင်ကြောင်း စဉ်းစားမိသွားသည်။
ဒါပေမဲ့ ဒါက တကယ်ကို အခွင့်အရေးကောင်း တစ်ခုပဲ …
ထို့နောက် ကျောက်ဟောင်၏ စိတ်ထဲတွင် ‘ကမ်းလှမ်းချက်ကို လက်ခံလိုက်’ဆိုသည့် တိုးလျသော အသံတစ်သံကို ကြားလိုက်ရသည်။
ထိုသူက ဓားအသျှင် ချန်းယန် ဖြစ်၏။
ဂိုဏ်းချုပ်က ကျောက်ဟောင်ကို အကဲခတ်ကြည့်ပြီးနောက် ဓားအသျှင်ဆီ ဆက်သွယ်ကာ ပြန်ပြောလိုက်သည်
“ မိတ်ဆွေဆီမှာ ဝိညာဉ်လည်း သိပ်မကျန်တော့ဘူး။ မိတ်ဆွေသာ အလိုရှိရင် စွမ်းအားတွေ ပြန်ရနိုင်ဖို့အတွက် အထွတ်အမြတ်မြေမှာရှိတဲ့ ဝိညာဉ်နန်းတော်ကို အသုံးပြုလို့ ရပါတယ်။ မိတ်ဆွေ အဆင့်သင့်ဖြစ်ရင် တစ္ဆေကျင့်ကြံသူ လုပ်တာဖြစ်ဖြစ် ဒါမှမဟုတ် နောက်ထပ် သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခုကို ရှာလို့လည်း ရတယ်လေ”
သူတို့နှစ်ယောက် အချင်းချင်း စိတ်စွမ်းအားဖြင့် ညှိနှိုင်းပြီးသွားသည့်အခါ သဘောတူညီမှုတစ်ခု ရသွားသည်။
သူ့ဆရာက ကျောက်ဟောင်ကို ရောင်းစား အဲလေ …. အဟင်း … သူ့ဆရာက အထွတ်အမြတ်မြေဆီ ပို့ပေးလိုက်တာပဲ။ အခု အံ့ဖွယ်မိုးကောင်းကင်ရဲ့ ဂိုဏ်းချုပ်က သူရဲ့ ဆရာအသစ်ဖြစ်လာပြီဆိုတော့ သူလည်း မိုးကြိုးပညာရပ်ကို ကျင့်ကြံရတော့မှာပေါ့
ကျောက်ဟောင်က ရှန်ထျန်းနှင့်အတူ တစ်ဂိုဏ်းထဲ ရှိနေရဖို့ မျှော်လင့်မိခဲ့သည်။ ယခုတော့ ရှန်ထျန်း လုပ်ပေးခဲ့သည့်အရာအတွက် ပြန်လည်ပေးဆပ်ဖို့ အခွင့်အရေး ရလာလေပြီ။
ကျောက်ဟောင်က စိတ်လှုပ်ရှားစွာဖြင့် ရွှယ်ဝူရှား၏ ရှေ့တွင် ကြွားလုံးထုတ်နေသည်။
ဟား…ဟား…ဟား… ကံကြမ္မာအလှည့်အပြောင်းကြောင့် မင်းကို အနိုင်ယူလိုက်နိုင်ပြီ။ အခုဆိုရင် ငါက ဆရာနတ်မင်းနဲ့ ဂိုဏ်းတစ်ဂိုဏ်းထဲအတူတူ ဖြစ်သွားပြီးတော့ သူက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုဖြစ်သွားပြီ… မင်းကရော…
ရွှယ်ဝူရှားကလည်း သူ့ကို တကယ် မနာလို ဖြစ်လာမိ၏။ ဒါပေမဲ့ သူမ တစ်ယောက်တည်း မဟုတ်ချေ။
ကြာပြာကောင်းကင်အသျှင်ကလည်း ဂိုဏ်းချုပ်အနေနှင့် နောက်ထပ် ပါရမီရှင် တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်နိုင်သည့်အတွက် မနာလို ဖြစ်နေသည်။
အံ့ဖွယ်မိုးကောင်းကင်မှာ ငါက အတုအယောင် အကြီးအကဲလား … တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ တပည့်တွေအများကြီးကို ဘယ်လိုလုပ်ရင် ပိုင်ဆိုင်နိုင်မလဲ
သူ အသက်ကြီးလာပြီးတော့ အတိဒုက္ခလွန် ကျော်ဖြတ်ခြင်းမှာ ကျရှုံးခဲ့မယ်ဆိုရင်တောင် သူ့ကို ဂရုစိုက်မဲ့သူတွေ ရှိတယ်။ ငါနဲ့မတူဘူး…ငါ့မှာ အထက်ဘုံတက်လှမ်းဖို့ကလွဲရင် ဘာမှမရှိဘူး
ကျောက်ဟောင်က အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်ကို အရိုအသေပေးပြီး ရှန်ထျန်းနောက် လိုက်သွားသည်။
လျှို့ဝှက်မြူခိုးတိုင်းပြည်၏ ဘုရင်က ရှန်ထျန်းဆီ လမ်းလျှောက်လာကာ ဂုဏ်ပြုသည့်အနေဖြင့် ရွှေရုပ်ထုတစ်ခု ထားချင်လားဟု မေးမြန်းနေသည်။
ပုံမှန်အတိုင်းဆိုလျှင် ရှန်ထျန်း ငြင်းလိုက်ချင်သည်။
ငါက အခုမှ အခြေတည်အဆင့်ပဲ ရောက်သေးတာလေ။ ငါ့ကံကြမ္မာက အဲလိုဂုဏ်ပြုမှုတွေ လက်ခံဖို့အတွက် အရမ်းနိမ့်နေရင် ဘယ်လိုလုပ်မလဲ
ရှန်ထျန်းက ကမ်းလှမ်းချက်ကို ငြင်းဆန်ဖို့ ပြင်နေတုန်း ဂိုဏ်းချုပ်က ဝင်ပြောလိုက်သည်
“ ထျန်းအာ လက်ခံလိုက်ပါ။ ရှေးမှတ်တမ်းတွေအရဆိုရင် လူတွေအများကြီးက မင်းရဲ့နာမည်နဲ့ ပေးကမ်းမှုတွေ လုပ်ရင် မင်းအတွက်လည်း အများကြီး အကျိုးရှိတယ်”
ဂိုဏ်းချုပ်က ရှန်ထျန်းကို ကံကြမ္မာသားတော်ဟု ယုံကြည်ထားသည့်အတွက် သူ့အတွက် ရွှေရုပ်ထု လုပ်ပေးလို့လည်း ရသည်ဟု တွေးမိသည်။
ရှန်ထျန်းလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် သဘောတူလိုက်ရသည်
“ ဟုတ်ကဲ့ပါ… ဒါဆိုရင်လည်း ရုပ်ထုမှာ မျက်နှာဖုံးလေးပါ သေချာပေါက် ထည့်ပေးပါနော်။ အတတ်နိုင်ဆုံး မထင်ပေါ်အောင် လုပ်ပေးစေချင်ပါတယ်”
ရှန်ထျန်းက ဇာမဏီငှက်မွေးမျက်နှာဖုံး ထုတ်ကာ ဘုရင်ကို ပြသလိုက်သည်။
“ ဟုတ်ကဲ့ပါ ဆရာနတ်မင်း။ ကျွန်တော် အကောင်းဆုံး ဗိသုကာပညာရှင်ကို အပ်လိုက်ပါ့မယ်”
ဟုတ်ပြီ ဆရာနတ်မင်းရဲ့ အနှစ်သာရ ပေါ်လွင်ဖို့အတွက် ငါ သေချာပေါက် အားစိုက်ထုတ်လိုက်မယ်။ ဇာမဏီငှက်မွှေး မျက်နှာဖုံးက ဆရာနတ်မင်းနဲ့ အရမ်းလိုက်ဖက်တယ်။ အဲဒါက သူ့ရဲ့ တည်ရှိမှုကို ပိုပြီးတော့ ထင်ပေါ်သွားစေတယ်
လျှို့ဝှက်မြူခိုးတိုင်းပြည်၏ ဘုရင်က ရှန်ထျန်းနှင့် ဂိုဏ်းချုပ်တို့ကြားက ဆက်ဆံရေးကို သိပြီးနောက် ရှန်ထျန်း၏ ရုပ်ထုကို အခုတစ်ရာလောက် လုပ်ချင်စိတ် ဖြစ်ပေါ်နေမိသည်။
ကျင့်ကြံရေးလောကတွင် ရွှေက တန်ဖိုးမရှိပေ။ ရွှေထက် အထွတ်အမြတ်မြေ၏ သဘောကျမှုကို ခံရခြင်းက ပို၍ တန်ဖိုးရှိသည်။
သူသာ ဆရာနတ်မင်းကို မျက်နှာချိုသွေးခွင့်ရမယ်ဆိုရင် ပိုက်ဆံက ဘာမှအရေးမကြီးဘူး
အကုန်လုံး ဖြေရှင်းပြီးသွားသည့်အခါ ဂိုဏ်းချုပ်အမှတ်အသားပြားက ထပ်မံတုန်ခါလာပြန်သည်။
ကျန်းယွင်ထင်၏ အသံထွက်ပေါ်လာသည်
“ အဖေ…အဖေ… ကျွန်တော် ယွင်ထင်ပါ။ ကျွန်တော် ပြောတာကို ကြားရလားဟင်”
ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်
“ ကြားရတယ်…မင်းက အခု ဂိုဏ်းတူညီမလေး ကြာဖြူဆီ ရောက်နေတာလား”
ကျန်းယွင်ထင်က ပြောလိုက်သည်
“ ကျွန်တော်တို့ အဲဒီကို ရောက်နေပြီ။ ဒါပေမဲ့ ဆရာဒေါ်လေးကြာဖြူ ပြောတာကတော့ ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဒဏ်ရာက ပြင်းထန်တယ်တဲ့။ သူမ အကောင်းဆုံး ကြိုးစားထားပေမဲ့လည်း ဒဏ်ရာကို ပိုပြီးတော့ ဆိုးမလာအောင်ပဲ ထိန်းထားလို့ရတယ်လို့ ပြောတယ်။ သူမ နောက်ထပ် လုပ်နိုင်တာ မရှိတော့ဘူးတဲ့။
အဖေတို့ ဘယ်အချိန်လောက် ပြန်လာမှာလဲဟင်။ အခု ဂိုဏ်းတူအစ်ကိုကြီးက သွေးအန်နေပြီ။ အရမ်းလည်း နာကျင်နေပြီ … ကျွန်တော် ဘာလုပ်ရမလဲ”
ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်
“ စိတ်အေးအေးထား ။ မကြောက်နဲ့ … အခုပဲ ပြန်လာခဲ့မယ်။ မကြာခင်မှာပဲ ကြာဖြူတောင်ကို လာခဲ့မယ်။ မကြောက်နဲ့”
အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ်က အမှတ်အသားပြားကို ပြန်သိမ်းကာ ဘုရင်မင်းမြတ်ကို ကြည့်ပြီး ပြောလိုက်သည်
“ ကျုပ်တော့ ဒီလောက်နဲ့ပဲ ပြန်တော့မယ်။ ထျန်းအာရဲ့ ရွှေရုပ်ထုနဲ့ ပတ်သက်လို့ အသေးစိတ်ကို ဘုရင်ကြီးတို့ပဲ ဆက်ပြီး ဆွေးနွေးလိုက်ကြပါ”
ဘုရင်မင်းမြတ်ကလည်း သူ့ဆီမှာ ရှိသော အကောင်းဆုံးပစ္စည်းများကို ထောက်ပံ့မည်ဟု ကတိပေးလိုက်သည်။
ဂိုဏ်းချုပ်က စိတ်တန်ခိုးကို ထပ်မံအသုံးပြုကာ အကုန်လုံးကို အထွတ်အမြတ်မြေသို့ ပြန်လည် ခေါ်ဆောင်သွားသည်။ ဝိညာဉ်ကျောက်သွေးကြောကို သူတော်စင်တောင်ပေါ် စိုက်ထူပေးခဲ့ပြီးနောက် ထွက်သွားသည်။
သူ့ ခံစားချက်တွေကို စွန့်ပစ်ထားသော်လည်း ဖန်ချန်းအတွက်တော့ စိတ်ပူနေဆဲ ဖြစ်၏။
တပည့်တွေ တော်တော်များများ ကြာဖြူတောင်၏ အနီးသို့ ရောက်ရှိနေကြသည်။
ဖန်ချန်းက အရမ်းမောက်မာသည့်အတွက် အထွတ်အမြတ်မြေရှိ တပည့်များနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး မရှိပေ။ သို့သော် ၉ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်ရှိဖို့အတွက် ကြိုးစားရင်း ချီဖောက်ပြန်ခြင်း ဖြစ်သွားသည်ဆိုသော သတင်းက ထိတ်လန့်စရာကောင်းသည့်အတွက် အကုန်လုံးက သိချင်စိတ် ပြင်းပြနေကြသည်။
ရှန်ထျန်းက သူတော်စင်တောင်၏ ဉာဏ်အလင်းပွင့် ကျောက်တုံးပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ကာ ဂန္ဓမာပန်း၏ ပွင့်ဖတ်များကို ခြွေကာ ရေရွတ်နေသည်
“ ငါ့အမှား ဟုတ်တယ်… မဟုတ်ဘူး…ဟုတ်တယ်… မဟုတ်ဘူး…”
ယခု ရှန်ထျန်းအနေနှင့် တစ်ခုတည်းသော အကြောင်းအရာကိုသာ စဉ်းစားနေမိသည်။
ဖန်ချန်းရဲ့ ချီဖောက်ပြန်ခြင်းအတွက် အပြစ်တင်ခံရမဲ့သူက ငါများလား။ သူ ဒီလိုဖြစ်တာက ငါ သူ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို လုယူမိသွားလို့များလား
ငါ သူ့အပေါ် အားနာမိသွားပြီ …