ဗောဓိသတ္တဝ ကူသို့
Vol. 11-16 Ch. 167
အခန်း (၁၆၇) : ဗောဓိသတ္တဝ ကူသို့
ရှန်ထျန်းအနေဖြင့် ယခုလိုမျိုး စဉ်းစားမိတာလည်း ကျိုးကြောင်းဆီလျော်မှု ရှိလှသည်။
ရှန်ထျန်း ကျင့်ကြံရေးကမ္ဘာဆီ ရောက်လာပြီးနောက် တခြားသူ၏ ကံအပြောင်းအလဲ အခွင့်အရေးကို နှစ်ခါသာ လုယူဖူးသည်။ ပထမတစ်ကြိမ်တုန်းက သူ ဟရူးဂါ နတ်ဆိုးကျမ်းကို ချင်ကောင်းထက် အရင်ရရှိစဉ်က ချင်ကောင်းလည်း အတော်လေး ရိုက်နှက်ခံလိုက်ရပြီး အဆုံးသတ်သွားသည်။
ဒုတိယတစ်ကြိမ်က ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးဖြစ်သည့် အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ နို့နှစ်ရောင်အရည်ကို ရယူခဲ့မိသည်။ ရလဒ်အနေဖြင့် ဖန်ချန်း ချီဖောက်ပြန်ခြင်းကို ခံစားနေရသည်။ ယခု သူ၏ ရွှေအမြုတေလည်း ပျက်စီးပြီး သေမလို ဖြစ်နေလေသည်။
သူ ကံအပြောင်းအလဲ အခွင့်အရေးကို လုယူခဲ့သော နှစ်ကြိမ်လုံး သူ လုယူပြီးသည်နှင့်တစ်ပြိုင်နက် မူလပိုင်ရှင်တွေက ချက်ချင်းဆိုသလို နာကျင်ခံစားရလေ့ ရှိသည်။
တိုက်ဆိုင်မှုတွေ များနေတာပဲ ဖြစ်မှာပါ
မင်းသား (၁၃) က ပညာတတ် တစ်ယောက်ဖြစ်သော်လည်း သူ ဖတ်သော စာအုပ်များက သာမန်စာအုပ်များသာ ဖြစ်သည့်အတွက် ရှန်ထျန်းလည်း နို့နှစ်ရောင်အရည်နှင့် ပတ်သက်ပြီး နားလည်ထားခြင်း မရှိပေ။
အစက သူ ထိုနို့နှစ်ရောင်အရည်ကို ဖန်ချန်း၏ အခန်းသို့ တိတ်တိတ်လေး သွားထားပေးကာ သူနှင့် ကံကြမ္မာကို မျှဝေဖို့ စဉ်းစားထားသော်လည်း ဖန်ချန်းက ယခု ကြာဖြူတောင်၏ အထူးကုသရေးနေရာတွင် ရောက်ရှိနေသည်။
ဂိုဏ်းချုပ်၊ ကြာပြာ ကောင်းကင်အသျှင်နှင့် ကြာဖြူ ကောင်းကင်အသျှင်တို့က ဖန်ချန်းကို ကယ်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။ သို့သော် သတင်းကောင်းတော့ မကြားရသေးပေ။
ထို့ကြောင့် ရှန်ထျန်းလည်း ဤကိစ္စကို အတော်လေး စိတ်ပူနေမိသည်။
ရှန်ထျန်းက ဖန်ချန်းကို စိတ်ပူနေတယ်ဆိုတာ ဖန်ချန်းက သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး မလို့ပါ … ကံကြမ္မာ အလကားမျှဝေယူလို့ရမဲ့သူ ဆုံးရှုံးသွားမှာကို ကြောက်လို့ မဟုတ်ရပါဘူး
ဟုတ်တယ်…ငါ ကြာဖြူတောင်ဆီ သွားပြီးတော့ သူ့ကို သွားကြည့်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးပဲလေ
အဆိုးဆုံးအခြေအနေဆိုရင်တောင် ဂိုဏ်းတူအစ်ကိုကြီး မသေခင် တစ်ခါလောက် တွေ့သင့်တယ်မလား ...
ရှန်ထျန်းက သက်ပြင်းချကာ ဓားပျံဖြင့် ကြာဖြူတောင်ဆီ ဦးတည်သွားလိုက်သည်။
ကြာဖြူတောင်ထဲ ဝင်ခွင့်မပေးထားသောကြောင့် အပြင်မှာ လူတွေ အုံနေသည်။ တပည့်ရင်းများသာ ဝင်ခွင့်ရှိသည့်အတွက် လူအနည်းငယ်သာ အထဲသို့ ဝင်လို့ရသည်။
လီယွင်ဖုန်း၊ ချင်ယွင်တိ၊ ကျန်းယွင်ရှီး၊ ကျန်းယွင်ထင်တို့အပြင် ကျောက်ဟောင်လည်း အတူ ရှိနေသည်။
ဤနေရာမှာ ကျောက်ဟောင် ရှိနေသည့် အကြောင်းက ဖန်ချန်းကို စိတ်ပူသည့်အတွက်ကြောင့် မဟုတ်ဘဲ ဒီထက်ပိုပြီး မြန်မြန် ဂိုဏ်းထဲသို့ ဝင်ခွင့်ရဖို့ ဖြစ်၏။
ရှန်ထျန်းက မြေပေါ်သို့ ဆင်းလာကာ မေးလိုက်သည်
“ ဂိုဏ်းတူအစ်ကိုကြီး ဖန်ချန်း ဘယ်လိုနေလဲဆိုတာကို ပြောပြပါဦး”
လီယွင်ဖုန်းက ဝမ်းနည်းမှုတို့ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်
“ အစ်ကို နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။ သနားစရာ အစ်ကိုဖန်ချန်း ကံဆိုးလိုက်တာနော်…”
လီယွင်ဖုန်း ပြောချင်တာတွေ အကုန်လုံးကို နားထောင်ပေးဖို့ အချိန်မရှိသည့်အတွက် ရှန်ထျန်းက သူ့ကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ချင်ယွင်တိကို မေးလိုက်သည်
“ ယွင်တိ မင်းက ပွင့်လင်းတဲ့သူတစ်ယောက်ဆိုတော့ ငါ့ကို အခုဖြစ်နေတဲ့ အခြေအနေအကြောင်း သေချာလေး ပြောပြပါဦး”
လီယွင်ဖုန်းက စော်ကားခံလိုက်ရသလိုမျိုး ခံစားရသည့်အတွက် ခဏတာ ကြောင်အသွားသည်။
တခြားတစ်ယောက်သာ သူ့ကို ယခုလိုပုံစံမျိုး ဆက်ဆံပါက သေချာပေါက် လက်စားချေမည် ဖြစ်၏။ သို့သော် ကံမကောင်းစွာဖြင့် ရှန်ထျန်းက ဂိုဏ်းတူအစ်ကိုကြီးကိုလည်း အနိုင်ယူထားသည့်အတွက် လီယွင်ဖုန်းအနေဖြင့် သွားမရှုပ်ချင်ပေ။ သူသာ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါက မကောင်းသော ရလဒ် ရလာမည်ဆိုတာ သေချာသလောက် ရှိနေသည်။
ချင်ယွင်တိက အမြန်ပြန်ဖြေလိုက်သည်
“ ဂိုဏ်းချုပ်နဲ့ ဆရာဦးလေးကြာပြာတို့ အထဲကို ဝင်သွားတာ နှစ်နာရီတောင် ရှိနေပြီ။ အဲဒီနှစ်နာရီအတွင်း ဘာမှထူးခြားလာတာ မရှိဘူး။ ကျွန်တော် ထင်တာကတော့ ဂိုဏ်းတူအစ်ကိုကြီးကို အခုထိ ကုသလို့ မရသေးဘူးထင်တယ်”
ကျန်းယွင်ထင်ကလည်း ဝင်ပြောလိုက်သည်
“ ဟင်း…ဂိုဏ်းတူအစ်ကိုကြီးက အရမ်းခေါင်းမာတယ်။ သူက အရမ်းဂုဏ်မောက်ပြီးတော့ ကျွန်တော်တို့ပေးတဲ့ တားမြစ်ကျင့်စဉ်ကို ကျင့်ဖို့အတွက် ငြင်းဆိုခဲ့တာလေ။ ပြိးတော့ သူက သူ့ရဲ့ ရွှေအမြုတေကို သန့်စင်ဖို့ အတင်းကြိုးစားရင်းနဲ့ ချီဖောက်ပြန်ခြင်း ဖြစ်သွားပြီးတော့ ရွှေအမြုတေကို ဖျက်ဆီးမိသွားတာပဲ”
သူတို့က ညီအစ်ကိုအရင်းလိုမျိုး ခင်မင်ရင်းနှီးနေသည့်အတွက် ဖန်ချန်းကို အရမ်းစိတ်ပူနေမိသည်။
ရှန်ထျန်းလည်း ယခင်က ချီဖောက်ပြန်ခြင်းကို အကြိမ်ပေါင်းများစွာ ခံစားဖူးသော်လည်း ဒဏ်ရာအနည်းသာ ရရှိခဲ့သည်။ ယခု ဖန်ချန်းက သူ ခံစားခဲ့ရသည်ထက် အဆပေါင်းများစွာ ဆိုးရွားနေသည့်အတွက် ရှန်ထျန်းလည်း ကူကယ်ရာမဲ့သလို ခံစားနေရသည်။
ချီသန့်စင်ခြင်းအဆင့်ကို ကျင့်ကြံရခြင်းမှာ အခြေခံအဆင့် ဖြစ်သည့်အတွက် မခက်ခဲပေ။ ကျင့်ကြံသူများအနေဖြင့် သူတို့၏ ဓမ္မအုတ်မြစ်မှာ ရွှေအမြုတေ ပေါ်လာပြီး နတ်သင်္ကေတများ ပေါ်ထွက်လာပါက သူတို့ကိုယ်သူတို့ ကျင့်ကြံသူအစစ်များအဖြစ် သတ်မှတ်နိုင်သည်။ ထို့ကြောင့် ရွှေအမြုတေသည် ကျင့်ကြံသူတစ်ယောက်၏ နှလုံးသားဟုလည်း ပြောနိုင်သည်။
ဖန်ချန်းက ယခု ရွှေအမြုတေ ပျက်စီးသွားသည့်အတွက် အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ရှန်ထျန်း ကူညီပေးချင်သော်လည်း သူ ဘာလုပ်ပေးနိုင်မှန်း သေချာမသိတော့ပေ။
ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်ခုက ကြာဖြူတောင်ကို ဖုံးလွှမ်းသွားသည်။ ထိုအရာက ရွှေရောင်ဗုဒ္ဓအလင်းတန်း ဖြစ်ပြီး ကောင်းကင်တစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည်။ တစ်ချိန်တည်းမှာပဲ ထိုအလင်းတန်းထဲမှ ရဟန္တာအပါးရှစ်ရာ နှင့် အစောင့်အရှောက်များ ပေါ်ထွက်လာသည်။
ဗုဒ္ဓက ကမ္ဘာမြေကို ကျမ်းဂန်များ ဟောပြောသည့်အတိုင်း ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်လာသလို သစ်သားဖြင့် ထွင်းထားသော ငါးများကလည်း စည်းဝါးကျသော အသံများ လွှတ်ထုတ်ပြီးနောက် ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ထားသော ကိုယ်တော်တစ်ပါး ထွက်ပေါ်လာသည်။
သူက တင်ပျဉ်ခွေထိုင်နေပြီး သူ့နောက်အဘက်၌ ဗောဓိနတ်သစ်ပင် ပုံရိပ်သဏ္ဌာန်ကြီးတစ်ခု ထင်ဟပ်နေသည်။
လေတိုက်သည့်အချိန်တွင် သစ်ရွက်များ စတင်လှုပ်ခတ်သည့်အတွက် အလင်းရောင် ပိုထွက်နေသည်။
ထိုကိုယ်တော် ထွက်ပေါ်လာသည့်အချိန်တွင် တစ်ကမ္ဘာလုံး ဒုက္ခများချုပ်ငြိမ်းသွားသလိုမျိုး ခံစားလိုက်ကြရသည်။
ထိုကိုယ်တော်လေးကို အားလုံးက စိုက်ကြည့်နေကြသည်။
ကျန်းယွင်ရှီးက ရှန်ထျန်းကို ပြောပြလိုက်သည်
“ သူက ဂိုဏ်းတူအစ်ကိုကြီးရဲ့ မိတ်ဆွေ ဗောဓိသတ္တဝ ကူသို့လေ။ မိုးကြိုးလှိုင်းအထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝဖြစ်ပြီးတော့ အခုမျိုးဆက်မှာ အသန်မာဆုံးပဲ။
မိုးကြိုးလှိုင်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်က သူ့ကို သူတို့ဆီမှာရှိတဲ့ အကောင်းဆုံးပညာရပ်တွေဖြစ်တဲ့ မိုးကြိုးလှိုင်းကျမ်းစာနဲ့ မဟာဉာဏ်ပညာဗောဓိကျမ်းစာကို သင်ကြားပေးခဲ့တာလေ။ ဒါပေမဲ့ ဗောဓိသတ္တဝ ကူသို့က ထိုင်ပြီးတော့ စာအုပ်တွေ ဖတ်ရတာကို မကြိုက်နှစ်သက်ဘူး။ သူက လက်တွေ့လုပ်ရတာကို ပိုပြီးကြိုက်တယ်လေ။
သူ့ရဲ့ နဂါးနတ်ဆိုးဖိနှိပ်ရေး ပညာရပ်က အရမ်းအားကောင်းတယ်။ သူက အစ်မတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို ကျော်ပြီးတော့ ရွှေအမြုတေစာရင်းမှာ အဆင့်နှစ် ချိတ်တယ်လေ”
ကျန်းယွင်ရှီး မိတ်ဆက်ပေးလိုက်သည့် အကြောင်းအရာက တိုလွန်းသော်လည်း ရှန်ထျန်းအတွက်တော့ အရေးကြီးသော အချက်အလက်များကို ရရှိသွားစေသည်။
ဤဗောဓိသတ္တဝက အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေ ကျင့်ကြံသူသန်းပေါင်းများစွာထဲမှာ အံ့ဩစရာကောင်းလောက်အောင် အဆင့်၂ ချိတ်ထားသည့်အတွက် သာမန်ပုဂ္ဂိုလ် မဟုတ်ဟု ရှန်ထျန်း သတ်မှတ်ထားလိုက်မိသည်။
ရှန်ထျန်းက တိုးတိုးလေး ကပ်မေးလိုက်သည်
“ ဂိုဏ်းတူအစ်မကြီး သူ့ရဲ့ ကျင့်ကြံနည်းက ဘာလို့ ကွဲပြားတဲ့ ပုံပေါ်ပြီးတော့ ပုံရိပ်သဏ္ဌာန်တစ်ခု ရှိနေရတာလဲ”
ကျန်းယွင်ရှီးက ဗောဓိသတ္တဝ ကူသို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်း မကြာခင် သိသွားမှာပါ”
ဗောဓိသတ္တဝ ကူသို့က လေထဲတွင် ထိုင်နေရင်း တောင်ထိပ်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားလာသည်။
သူ့ရုပ်ရည်က ကြည့်ကောင်းပြီး ဖော်ရွေမှုကို ခံစားရသည်။ သူ ပြုံးရင်း ပုတီးကို ပွတ်လိုက်သည့်အခါ သူ့နောက်မှာ ရှိနေသော ပုံရိပ်သဏ္ဌာန်က ပုံရိပ်ယောင်တစ်ခုလိုမျိုး ပျောက်ကွယ်သွားရသည်။
ဗောဓိသတ္တဝ ကူသို့က သက်ပြင်းချကာ ပြောလိုက်သည်
“ ဆရာက ကျွန်တော်ကို ကျမ်းတစ်ခုလုံး ကူးရေးခိုင်းထားတော့ အရမ်းပျင်းနေပြီ။ ဖန်ချန်းက ချီဖောက်ပြန်ခြင်းဖြစ်နေတော့ ကျွန်တော် သူ့ဆီကနေ လွတ်မြောက်နိုင်ခဲ့တာ ကံကောင်းလို့ပဲ ။ ကျေးဇူးတင်လိုက်တာ ဖန်ချန်းရယ်။
ညီမယွင်ရှီး မတွေ့တာ နှစ်ဝက်လောက် ရှိသွားပြီနော်။ အခုရော ငါ့အရည်အချင်းတွေကို စမ်းသပ်ကြည့်ချင်သေးလား။
အာ…မင်းက ဒီမှာ လူသစ်ထင်တယ်။ မင်းရဲ့ ရုပ်ရည်က ငါနဲ့ ပြိုင်လို့ ရမဲ့ပုံပဲ။ ငါ မင်းကို ဘယ်လိုခေါ်ရမလဲ။ မင်းရော ငါ့အရည်အချင်းတွေကို စမ်းသပ်ကြည့်ချင်သေးလား”
ကိုယ်တော်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် ရှန်ထျန်း အံ့အားသင့်သွားသည်။ သူက ဗောဓိသတ္တဝ ကူသို့ ကိုင်ဆောင်ထားသော ပုတီးကို စိုက်ကြည့်ရင်း မေးလိုက်သည်
“ စောနက ပေါ်လာတဲ့ ပုံရိပ်သဏ္ဌာန်က ဘာလဲဟင်”
ကူသို့က ပြုံးကာ ပြောလိုက်သည်
“ အဲဒါက ကျုပ်ရဲ့ ဆရာ ပိုင်တာလေ။ စောနက မြင်လိုက်ရတာကတော့ ပုံရိပ်ယောင်သက်သက်ပါပဲ”