ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေ၏ သူတော်စင် ချန်ကျုံးထျန်း
Vol. 11-16 Ch. 168
အခန်း (၁၆၈) : ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေ၏ သူတော်စင် ချန်ကျုံးထျန်း
ဗောဓိသတ္တဝ ကူသို့က ရှင်းပြလိုက်သည်
“ ငါက ဘယ်တုန်းကမှ ဗုဒ္ဓကျမ်းဂန်တွေကို မကြိုက်ခဲ့းတော့ ဗောဓိပုံရိပ်သဏ္ဌာန်ကို မဖန်တီးနိုင်ခဲ့ဘူး။ စောန ပုံရိပ်သဏ္ဌာန်က ငါ့ရဲ့ဆရာ ဒီဗောဓိပုတီးထဲမှာ သိမ်းဆည်းထားတဲ့ ပုံရိပ်တစ်ခုလေ။ ဆရာ ပြောတာကတော့ ငါက အရမ်း စိတ်အေးလက်အေး ရှိလွန်းတယ်တဲ့။ အထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝ တစ်ပါးအနေနဲ့ ငါ့မှာ သဘောကြီးမှုနဲ့….”
ထိုနေရာအထိသာ ပြောထားရင်း နောက်ထပ် ဆက်ပြောဖို့ သင့်တော်သော စကားလုံးကို ရှာမတွေ့ဖြစ်နေပုံ ပေါ်သည်။
ရှန်ထျန်းက သေချာတွေးတောရင်း ပြောလိုက်သည်
“ ကြော့မော့မှုလား…ခမ်းနားကြီးကျယ်မှုလား”
ဗောဓိသတ္တဝက ချက်ချင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဟုတ်တယ်… ကြော့မော့မှုနဲ့ ခမ်းနားကြီးကျယ်မှု… ဒါပေမဲ့ ကြော့မော့မှုဆိုတာ ဘာကိုဆိုလိုတာလဲ။ ဟင်း…ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ်…ငါ အပြင်ထွက်လာတဲ့အခါတိုင်း ပုံရိပ်သဏ္ဌာန်ကို အသက်သွင်းရမယ်လို့ ပြောထားတယ်။ မဟုတ်ရင် ထွက်သွားခွင့် မပေးတော့ဘဲနဲ့ ဗုဒ္ဓကျမ်းဂန်တွေကို ကူးရေးခိုင်းပြီး အပြစ်ပေးမယ်တဲ့။ သူက တကယ်ကို ရက်စက်တဲ့သူပဲ”
မျှတမှု မရှိသလို ခံစားနေရသည့် ကူသို့ကို ကြည့်ရင်း ရှန်ထျန်း မိုးကြိုးလှိုင်း အထွတ်အမြတ်မြေအတွက် တိတ်တိတ်လေး ပူဆွေးသွားမိသည်။
ဒီလိုသူတော်စင်မျိုး ရှိနေတဲ့ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေတော့ အကြီးအကျယ်ဒုက္ခရောက်တာပဲ
မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝ တစ်ပါးအနေနဲ့ တာဝန်ယူမှုကို ရှေ့တန်းမတင်ဘူးလား။ ခင်ဗျားသာ စွမ်းအားကို ထုတ်မပြဘူးဆိုရင် ဘယ်သူကများ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေကဆိုတာ သိမှာလဲ ဟုတ်တယ်မလား
ဗုဒ္ဓကျင့်စဉ်များ၏ နည်းလမ်းမှာ ကုသိုလ်ကောင်းမှု ပညာရပ်မျိုး မဟုတ်ပါလော။ တာအိုနည်းလမ်းနှင့် မတူပေ။
မိုးကြိုးလှိုင်း အထွတ်အမြတ်မြေက အနောက်ပိုင်းကန္တာရ ဗုဒ္ဓကျောင်းတော်မှာ အခြေတည်ထားပြီး ပြင်ပ အထွတ်အမြတ်မြေတစ်ခု ဖြစ်၏။
ကုသိုလ်ကောင်းမှု ကျင့်စဉ်မျိုးသည် အရှုပ်အထွေးကြား အမြစ်မတွယ်တတ်သောကြောင့် သူတို့အနေနှင့် ဗုဒ္ဓကျင့်စဉ်ကို ကျင့်ကြံဖို့ တပည့်ရှာရာ၌ မလွယ်ကူချေ။
ထို့ကြောင့် ယခု မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဗောဓိသတ္တဝက အလွန်အရေးပါလှသည်။
နှင်းလိုမျိုး ဖြူစွတ်နေသော အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ့စွမ်းအားတွေကို တတ်နိုင်သမျှ ကြွားလုံးထုတ်လို့ရသည့်အတွက် အထွတ်အမြတ်မြေအနေနှင့်လည်း မျက်နှာရသည်။
ဒါပေမဲ့ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေမှာ ဒီလိုငတုံးမျိုး ရှိနေရတယ်လို့ ...
သူက နေရာအများကြီးကို လှည့်လည်သွားလာပြီး နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ပြီးတော့ ကုသိုလ်တွေကို စုဆောင်းရမှာဆိုပေမဲ့ ဟိတ်ဟန်ကြီးတဲ့သူ တစ်ယောက်အနေနဲ့ မရပ်တည်တတ်ဘူး။
ဒီလိုမျိုး ရိုးသားတဲ့သူ တစ်ယောက်အနေနဲ့ ဗုဒ္ဓသာသနာကို အဆင့်မြှင့်တင်ပြီးတော့ ဂိုဏ်းကိုကျယ်ပြန့်လာအောင် ဘယ်လိုလုပ်ပြီးတော့ လုပ်နိုင်မှာလဲ
ထို့ကြောင့် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်ကလည်း ဘာမှမတတ်နိုင်တော့ဘဲ ဗုဒ္ဓအသုံးအဆောင်ပစ္စည်း တစ်ခုဖန်တီးပြီးတော့ ဗောဓိသတ္တဝ ကူသို့ အပြင်ထွက်တိုင်း ယူသွားခိုင်းတာ ဖြစ်ရမည်။ ဤသည်ကို ကြည့်လိုက်လျှင် ရိုးသားဖြောင့်မတ်လွန်းသည့် သူတော်စင်ကြောင့် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေက ဘယ်လောက်ထိ ကူကယ်ရာမဲ့ ဖြစ်နေကြောင်း မြင်တွေ့နိုင်ပေသည်။
မိုးကြိုးလှိုင်းအထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်က မတတ်သာသော အခြေအနေကြောင့်သာ ဗောဓိသတ္တဝ ကူသို့ကို လက်ခံလိုက်ရသော်လည်း သူ့နေရာက ကျောက်တုံးတစ်တုံးလိုမျိုး ခိုင်မြဲနေဆဲဖြစ်ပြီး ဘယ်သူမှ လုမယူရဲပေ။ တခြားရှုထောင့်မှ ကြည့်ပါက ဗောဓိသတ္တဝ ကူသို့၏ အရည်အချင်းနှင့် ခွန်အားကို မြင်ရသည့်အတွက် အံ့ဩဖို့ ကောင်းလှသည်။
အင်း…နှစ်ယောက်လုံးက အရည်အချင်းရှိပေမဲ့ ဦးနှောက်တော့ မရှိကြဘူး။ စာအုပ်ဖတ်ရတာ မကြိုက်တာလည်း တူသလို အခန်းအောင်းပြီး ကျမ်းဂန်တွေ၊ ဂိုဏ်းစည်းမျဉ်းတွေ ကူးရေးခိုင်းပြီး အပြစ်ပေးခံရတာလည်း တူတယ်
ဒီလူက ဖန်ချန်း၏ ‘သွေးသောက်’ညီအစ်ကို ဖြစ်ကြောင်း ရှန်ထျန်း စိတ်ထဲ သေချာသွားသည်။
ရှန်ထျန်းက ဗောဓိသတ္တဝ ကူသို့အကြောင်း တွေးတွေးတောနေသည့်အချိန် ကြာဖြူတောင်၏ လျှို့ဝှက်ခန်း တံခါး ဖြည်းဖြည်းချင်း ပွင့်လာပြီး အထဲမှ လူအနည်းငယ် ထွက်လာသည်။
ရှေ့ဆုံးမှ ထွက်လာသောသောသူက မိုးကြိုးအရှိန်အဝါ လွှမ်းခြုံထားသည့် အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ် ဖြစ်ပြီး လက်ဝဲဘက်တွင် တာအိုကိုယ်တော်ကြီး ဖြစ်သည့် ကြာပြာကောင်းကင်အသျှင် ရှိနေကာ လက်ယာဘက်တွင် ဝတ်စုံဖြူနှင့် ဂုဏ်သရေရှိသော အမျိုးသမီးတစ်ဦး ရှိနေသည်။
ထိုအမျိုးသမီးက အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ပိတုန်းရောင် ဆံကေသာကလည်း ပုခုံးထက်တွင် ဝဲကျနေသည့် ပုံစံက နတ်သမီးတစ်ပါး နတ်သက်ကြွေလာသလိုမျိုး ခံစားရစေသည်။ သူမ၏ မျက်နှာက ကျန်းယွင်ရှီးလိုမျိုး မလှပသော်လည်း မိခင်တစ်ယောက်လိုမျိုး မြင့်မြတ်ကြင်နာသည့် အရှိန်အဝါများကို လွှတ်ထုတ်နေသည့်အတွက် သူမကို ကြည့်လိုက်ရုံနှင့်ပင် ရင်းနှီးကျွမ်းဝင်သလိုမျိုး ခံစားရစေသည်။
အဖြူရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ ကြာဖြူတောင်၏ တောင်ထိပ်သခင်မ ကြာဖြူကောင်းကင်အသျှင် ဖြစ်သည်။
သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ အကြီးအကဲများ အားလုံးအနက် အကြင်နာဆုံးနှင့် အနူးညံ့ဆုံးဖြစ်ပြီး များပြားသော တပည့်များ၏ စိတ်ကူးယဉ် ချစ်သူလည်း ဖြစ်ပေသည်။
အပြုအမူနှင့် စကားအပြောအဆို သတိထားပြီး ပြောတတ်သည့် အကြီးအကဲများနှင့် နှိုင်းယှဉ်လိုက်ပါက ကြာဖြူကောင်းကင်အသျှင်က ချဉ်းကပ်ဖို့ ပိုမိုလွယ်ကူသည်။
တစ်ချိန်တည်းမှာပဲ သူမက ထာဝရ လိပ်ပြာကျမ်းနှင့် ငှက်မွေးဖြူ ဆေးကျမ်းတို့ကို အဓိက ထားကျင့်ကြံသည့်အတွက် ကုစားသည့်ပညာရပ်တွင် ကျွမ်းကျင်မှု ရှိသည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ တပည့်များ ဒဏ်ရာရသည့်အခါနှင့် အဆိပ်မိသည့်အခါတို့တွင် ကုသဖို့အတွက် ကြာဖြူတောင်သို့ သွားလေ့ရှိသည်။ ထိုကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ တပည့်များက ကြာဖြူတောင်ကို မြင့်မြတ်သော နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ကြာဖြူတောင်ရှိ တပည့်မများက ဂိုဏ်းထဲတွင် အလွန်ကျော်ကြားကြသည်။
အကြီးအကဲတချို့ထွက်လာသည်ကို မြင်လိုက်ရတာနှင့်တစ်ပြိုင်နက် ကျန်းယွင်ထင်နှင့် ကူသို့က သူတို့နား အမြန်သွားလိုက်သည်။
သူတို့ အရမ်းစိတ်ပူနေသည့်အတွက် တစ်ချိန်တည်းမှာ ပြောထွက်သွားသည်
“ ဆရာ… ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဒဏ်ရာဘယ်လိုနေလဲဟင်”
“ ဂိုဏ်းချုပ်… ဖန်ချန်းရဲ့ ဒဏ်ရာဘယ်လိုနေလဲဟင်”
သူတို့၏ စကားများမှာ စိတ်ပူမှုဖြင့် ပြည့်နှက်နေသော်လည်း အချင်းချင်း ကြည့်သည့် အကြည့်တို့၌ ဖော်ရွေမှုတို့ မပါဝင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတူအစ်ကိုကြီး ရိုးအနေရသည့်အကြောင်းမှာ သူ့မိတ်ဆွေဆီမှ အကျင့်ကူးသည်ဟု ကျန်းယွင်ထင်က တွေးမိပြီး ဗောဓိသတ္တဝ ကူသို့အနေနှင့်လည်း ကျန်းယွင်ထင်က ရှေးဟောင်းစာအုပ်များစွာကို ဖတ်သည့်အတွက် နားလည်ရခက်သူဟု တွေးမိသည်။
သူက ဖန်ချန်းကို စတွေ့ကတည်းက သဘောကျခဲ့ပြီး တစ်ခါတစ်ရံ ငြင်းခုန်ကြရင်း သင်ယူရတာတွေလည်း များပြားခဲ့သည်။ ထို့ကြောင့် ဖန်ချန်းနောက်သို့ တကောက်ကောက် လိုက်နေတတ်သော ကျန်းယွင်ထင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။
ထို့ကြောင့် ကျန်းယွင်ထင်နှင့် ကူသို့တို့ တွေ့ဆုံသည့်အချိန်တိုင်း ဘာမဟုတ်သည့် ကိစ္စလေးအပေါ် ငြင်းခုံလေ့ ရှိကြသည်။
သို့သော် ယခုလိုမျိုး ငြင်းခုံခြင်း မရှိသည့်အခါမျိုး မြင်ဖို့ ခဲယဉ်းလှသည်။
ဂိုဏ်းချုပ်က ကူသို့ကို တည်ငြိမ်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်
“ ဒါဆို မင်းက ဗောဓိသတ္တဝ ကူသို့ပေါ့”
ကူသို့က လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်
“ ကျွန်တော် ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဖိတ်ခေါ်ခြင်းမရှိဘဲ လာမိတဲ့အတွက် ခွင့်လွှတ်ပေးပါဗျ”
ဂိုဏ်းချုပ်က ပြောလိုက်သည်
“ ပြဿနာ မရှိပါဘူး။ ချန်းအာမှာ မင်းလိုမျိုး မိတ်ဆွေကောင်း တစ်ယောက်ရှိတဲ့အတွက် ငါ စိတ်အေးမိပါတယ်။ ချန်းအာရဲ့ ဒဏ်ရာတွေက အခုမှ နည်းနည်း တည်ငြိမ်တဲ့အဆင့်ပဲ ရှိသေးတာမလို့ ဧည့်သည်တွေ့လို့ မရသေးဘူး။ အဲဒါကြောင့် မင်း သူနဲ့ တွေ့လို့ရမယ် မထင်ဘူး”
ဗောဓိသတ္တဝ ကူသို့က ရွှေရောင်ပုလင်းလေး တစ်ခုကို ထုတ်ကာ ပြောလိုက်သည်
“ ဂိုဏ်းတူအစ်ကိုကြီးဖန်ချန်း ဒုက္ခရောက်နေတယ်လို့ ကြားလို့ ရွှေခန္ဓာဆေးရည်ကို ကျွန်တော်ရဲ့ဆရာဆီကနေ အထူးတောင်းဆိုလာခဲ့တာ။ ဒါလေးနဲ့ အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
ရွှေခန္ဓာဆေးရည် ပေါ်ထွက်လာသည့်အချိန် ကျမ်းဂန်ရွတ်ဆိုသံများကိုပင် ကြားရသကဲ့သို့ ဖြစ်သွားသည်။ ကျောက်စိမ်းပုလင်းဆီမှ လွင့်မြောလာသာ ရနံ့သင်းသင်းကြောင့် ခန္ဓာကိုယ် သက်တောင့်သက်သာ ဖြစ်သွားသလိုမျိုး ခံစားရစေသည်။ ထိုအရာက ရွှေခန္ဓာဆေးရည်ဟု ခေါ်သော ဂိုဏ်း၏ အထွတ်အမြတ်ထားရာ ရတနာတစ်ပါး ဖြစ်ပြီး ဗုဒ္ဓကျင့်စဉ်အတွက် ကုသိုလ်စုဆောင်းပြီး ရွှေခန္ဓာတစ်ခု ဖန်တီးနိုင်ဖို့အတွက် အဓိကလိုအပ်သော ရတနာတစ်ပါးလည်း ဖြစ်သည်။ ဘုန်းကြီး ပရိနိဗ္ဗာန်ဝင်သွားသည့်အခါမှသာ ရွှေခန္ဓာ အဆီအနှစ်ကို သုံးစွဲခြင်းဖြင့် နည်းနည်းချင်းစီ ဖန်တီးနိုင်ခြင်း ဖြစ်၏။
မိုးကြိုးလှိုင်း အထွတ်အမြတ်မြေအတွက် ရွှေခန္ဓာဆေးရည်တိုင်းက သူတို့၏ ပင်မအရင်းအမြစ် ဖြစ်သည့်အတွက် တန်ဖိုးက တိုင်းတာလို့ မရနိုင်ပေ။ ဗောဓိသတ္တဝ ကူသို့ ကဲ့သို့သော ပင်မဆက်ခံသူပင် အများဆုံး ပုလင်းအသေး တစ်ပုလင်းသာ အသုံးပြုခွင့် ရှိသည်။
ဗောဓိသတ္တဝ ကူသို့က ဖန်ချန်းကို ကုသပေးနိုင်ဖို့အတွက် ရွှေခန္ဓာဆေးရည် တစ်ပုလင်းလုံး ပေးနေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ သွေးသောက်ညီအစ်ကို ပတ်သက်မှုက အတော်လေး လေးနက်ကြောင်း သိနိုင်သည်။
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်
“ မင်းရဲ့ကြင်နာမှုအတွက် ချန်းအာအစား ကျေးဇူးပါ။ ဒါပေမဲ့ ချန်းအာ အခုလို ဖြစ်နေတာက သူ့ရဲ့ ရွှေအမြုတေ ပျက်စီးသွားလို့ ဖြစ်နေတာ။ ရွှေခန္ဓာဆေးရည်က ခန္ဓာကိုယ်ကို သန်မာစေတဲ့ အထွတ်အထိပ် ရတနာလေ။ ဒါကြောင့် ဒီရွှေခန္ဓာဆေးရည်က ချန်းအာရဲ့ ဒဏ်ရာအတွက် သိပ်ပြီးတော့ အသုံးဝင်မှာ မဟုတ်ဘူး။ ဗောဓိသတ္တဝပဲ သိမ်းထားပြီးတော့ ကိုယ့်အတွက်ကို သုံးလိုက်ပါ”
ဗောဓိသတ္တဝ ကူသို့က ချက်ချင်း စိတ်ဓာတ်ကျသွားသည်။
“ ရွှေခန္ဓာဆေးရည်တောင် အသုံးမဝင်ဘူးတဲ့လား။ ဖန်ချန်း သေတော့မယ်ဆိုတာ ဖြစ်နိုင်လို့လား”
ဗောဓိသတ္တဝ ကူသို့၏ စကားများကို ကြားပြီး ရှန်ထျန်း၏ မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
ဒီဗောဓိသတ္တဝက စကားကို တည့်တိုးပဲ ပြောတတ်တာပဲ…
သူ ပြောတာ မမှားပေမဲ့ ဂိုဏ်းချုပ်ရှေ့မှာ သူ့တပည့်ကို သေတော့မှာလားလို့ မေးနေရတယ်လို့
ဒီလို ဗောဓိသတ္တဝ ကူသို့လို လူမျိုးနဲ့ဆိုရင်တော့ မိုးကြိုးလှိုင်းအထွတ်အမြတ်မြေရဲ့ အရှေ့ပိုင်းလွင်ပြင်တစ်ခွင်မှာ ဗုဒ္ဓသာသနာ ပြန့်ပွားလာအောင် လုပ်ဖို့က မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပဲ
ဂိုဏ်းချုပ်က စိတ်ခံစားချက်နှင့် လောဘကို ဖြတ်တောက်ထားနိုင်သည့်အတွက် စဉ်းစားဆင်ခြင်းနိုင်စွမ်း အပြည့်ရှိသည်။ ထို့ကြောင့် သူ့အနေနဲ့ ကူသို့၏ စကားအား မသင့်တော်ကြောင်း မထင်မိပေ။ ထို့ကြောင့် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ သေတော့ မသေလောက်ဘူး။ ဒါပေမဲ့ ရွှေအမြုတေ ပျက်စီးသွားတာဆိုတော့ ကျင့်ကြံဆင့်ကို ထိန်းထားဖို့တော့ ခက်လိမ့်မယ်။ ချန်းအာ ကံကောင်းရင်တော့ ဆက်လက်ကျင့်ကြံနိုင်မယ်။ ကံဆိုးခဲ့ရင်တော့ ဒီထက်ပိုပြီး ကျင့်ကြံနိုင်မှာ မဟုတ်တော့ဘူး”
ဂိုဏ်းချုပ် ပြောတာကို ကြားပြီးနောက် အားလုံး၏ စိတ်ထဲတွင် စိုးရိမ်စိတ်တို့ဖြင့် လေးလံသွားရသည်။
ဖန်ချန်းလိုမျိုး အရှေ့ပိုင်းလွင်ပြင်၏ ထိပ်သီး ပါရမီရှင်တစ်ယောက်အနေဖြင့် ကျင့်ကြံဖို့ မဖြစ်နိုင်တော့ဘူးဆိုသောအရာက သူ့အတွက် ဘာမှကောင်းတာမရှိပေ။ သူသာ ဒီလိုမျိုး နေသွားရမည်ဆိုပါက သေသွားတာက ပိုကောင်းပေမည်။
ကိုယ့်ကိုယ်ကို ‘ပြိုင်ဘက်ကင်း’ တစ်ယောက်ဟု အခိုင်အမာ ယုံကြည်ထားသော ဖန်ချန်းအတွက် ထိုကဲ့သို့သော ရလဒ်မျိုးက အရမ်းရက်စက်လွန်းရာကျသည်။
ထို့ကြောင့် ကြာဖြူတောင်တစ်တောင်လုံး၏ ခံစားချက်တွေက လေးလံနေသည်။
ထိုအချိန်တွင် ခုနစ်စဉ်ကြယ် ပုံရိပ်သဏ္ဌာန်က ကြာဖြူတောင်ပေါ်သို့ ဆင်းသက်လာသည့်အတွက် ကောင်းကင်တစ်ခုလုံး ကြယ်အလင်းရောင်ဖြင့် တောက်ပနေသည်။
ခုနစ်စဉ်ကြယ်က “ ကောင်းကင်ရှိ ကြယ်တွေအားလုံးကို တစ်ခါထဲ ခပ်ထုတ်တော့မည့်ပုံစံ” ဖြင့် ကြီးမားသော ဇွန်းတစ်ချောင်းသဏ္ဌာန် ဖြစ်နေသည်။
ကြာဖြူတောင်ကို နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်လာလေပြီ…