ဒါက နိဗာနတော်ဝင်ရေစင် ဟုတ်ရဲ့လားဆိုတာကို ကြည့်လိုက်ပါဦး
Vol. 11-16 Ch. 171
အခန်း (၁၇၁) : ဒါက နိဗာနတော်ဝင်ရေစင် ဟုတ်ရဲ့လားဆိုတာကို ကြည့်လိုက်ပါဦး
ရှန်ထျန်းက ခုနစ်စဉ်ကြယ်၏ သူတော်စင်နှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် အင်မတန် စိတ်ရှုပ်ထွေးနေသည်။ ချန်ကျုံးထျန်းကို သဘာဝကျကျ သိမ်ငယ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေသည်။
ချန်ကျုံးထျန်း၏ အမြင်မှာတော့ ရှန်ထျန်းက တခြားသူများနှင့်မတူသော ကွဲပြားသည့် ခံစားချက်မျိုး ရှိသည်။
အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့မှာ ဟိတ်ဟန်အပြည့် ရှိပေမဲ့လည်း ဂုဏ်မောက်ပြီး စိတ်ကြီးဝင်တာမျိုး မရှိဘူး။ သူက အရမ်းပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူမျိုး ထင်တယ်
ချန်ကျုံးထျန်းက ရှန်ထျန်းကို စိတ်ထဲမှာ လေးစားနေမိသည်။
ခုနစ်စဉ်ကြယ်နှင့် အံ့ဖွယ်မိုးကောင်းကင်တို့၏ ဆက်ဆံရေးက ကောင်းမွန်ခြင်း မရှိသော်လည်း အထွတ်အမြတ်မြေများ၏ အချင်းချင်း တန်ဖိုးဖြတ်သည့်ပုံစံက အတူတူပင်ဖြစ်သည့်အတွက် ရာထူးကြောင့် ပိုပြီး ဘက်လိုက်တာမျိုး မရှိပေ။
ချန်ကျုံးထျန်းက ချီရှောက်ရွှမ်၏ ကံအပြောင်းအလဲ အခွင့်အရေး တစ်စိတ်တစ်ပိုင်းဖြစ်သော နိဗာနတော်ဝင်ရေစင် ယူလာခဲ့စဉ်တုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်များကို အသုံးမကျဘူးဟု စိတ်ထဲမှတ်ယူထားခဲ့သည်။
သူက အံ့ဖွယ်မိုးကောင်းကင်ကို ဖိနှိပ်ကာ ခက်ခဲသော ရွေးချယ်မှုကို လုပ်ခိုင်းသည့်အတွက် တပည့်များက သူတို့ဒေါသကို ထိန်းဖို့ မဖြစ်နိုင်တော့ပေ။
သူတို့ရဲ့ ခံယူချက်တွေက ဒီမြေခွေးအိုကြီးကို ဘယ်လိုနည်းနဲ့မှ ယှဉ်နိုင်မှာမဟုတ်ဘူး
ပြီးတော့ ဒီသူတော်စင်အသစ်ကလည်း ဒေါသထွက်တဲ့ အရိပ်အယောင်နည်းနည်းလေးတောင် မရှိဘူး။
သူက ချန်ကျုံးထျန်းကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည့်အတွက် တခြားသူများကို ခန့်မှန်းသည့်နေရာတွင် တော်သော ချန်ကျုံးထျန်းပင် ရှန်ထျန်း ဘာတွေစဉ်းစားနေလဲဆိုတာကို ခန့်မှန်းနိုင်ခြင်း မရှိပေ။
ချန်ကျုံးထျန်းက ရွယ်တူကျင့်ကြံသူများထက် ပိုပြီးတော့ မြန်ဆန်စွာ ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသော်လည်း ရှန်ထျန်း၏ ကျင့်ကြံဆင့်ကိုတော့ မခန့်မှန်းနိုင် ဖြစ်နေရသည်။
ဒီရှန်ထျန်းက ကျယ်ပြန့်တဲ့ သမုဒ္ဒရာလိုမျိုး ဆန်းကြယ်မှုတွေ အပြည့်ပဲ။ သူ့ကို ထိုးထွင်းမြင်နိုင်စွမ်း ငါ့မှာ မရှိဘူး။ သူက အစ်ကိုရှောက်ရွှမ်ကို ယှဉ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုမျိုးပဲ ဖြစ်ရမယ်
မဟုတ်သေးပါဘူး…
ချန်ကျုံးထျန်း ခေါင်းကို ယမ်းခါလိုက်သည်။
သူ့ကြောင့် ခဏလေး အမြင်မှားသွားတာပဲ ဖြစ်မှာပဲ
ဒီလူမှာ ဂုဏ်သရေရှိတဲ့ အရှိန်အဝါရှိတာနဲ့တင် အစ်ကိုရှောက်ရွှမ်ရဲ့ တည်ရှိမှုကို ငါ ဘယ်လိုလုပ်ပြီးတော့ မေးခွန်းထုတ်နိုင်ပါ့မလဲ
အစ်ကို ထူးခြားပြီးတော့ ပြိုင်ဘက်ကင်းတယ်ဆိုတော့ ဒီလူရဲ့ ကျင့်ကြံဆင့်က အရမ်းအားကောင်းပြီးတော့ မိုးကြိုးအရှိန်အဝါရှိနေတော့ရော ဘာဖြစ်လဲ
ကျင့်ကြံရေးလောကမှာ အရေးကြီးဆုံးအရာက ကိုယ့်ကံကြမ္မာပဲ။ ကံကြမ္မာရဲ့ ကောင်းချီးပေးမှုကိုသာ ခံထားရမယ်ဆိုရင် ကံအပြောင်းအလဲ အခွင့်အရေးတွေလည်း ကြုံတွေ့နိုင်ပြီးတော့ တစ်ချိန်လုံး ကောင်းကင်တာအိုရဲ့ စောင့်ရှောက်ခြင်းကို ခံယူနိုင်မယ်
အစ်ကိုရှောက်ရွှမ်က စွန့်စားခရီးမှာ နိဗာနတော်ဝင်ရေစင် ၅၀ လီတာလောက် ရခဲ့တာလေ။ ဒီလူကရော အဲလိုလုပ်နိုင်လို့လား
ထိုအတွေးကြောင့် ချန်ကျုံးထျန်း စိတ်အေးသွားသည်
“ ဂိုဏ်းတူအစ်ကိုရှန်ရဲ့ အကြောင်းကို ကျွန်တော် ခဏခဏ ကြားနေရပါတယ်”
ရှန်ထျန်းက ချန်ကျုံးထျန်းကို ဘယ်လိုမျိုး ပြန်ခံပြောရမလဲဆိုတာကို စဉ်းစားနေသည့်အတွက် ပါးစပ်မှ အလိုအလျောက် ပြန်ပြောမိသွားသည်
“ ဘယ်နေရာမှာ ကြားခဲ့တာလဲ”
ငါက ယဉ်ယဉ်ကျေးကျေးလေး နှုတ်ဆက်စကား ဆိုနေတာလေ။ ဘာကို ဘယ်ကကြားခဲ့တာတဲ့လဲ။ ငါ ယဉ်ကျေးတာကို မင်းက အခွင့်ကောင်းယူပြီး ပြောနေတာပဲ
ချန်ကျုံးထျန်းက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန်ကို တွေ့ရတာ ဝမ်းသာတယ်လို့ ပြောချင်တာပါ”
“ ကျွန်တော်ကတော့ ဝမ်းမသာပါဘူး” ရှန်ထျန်းလည်း ချန်ကျုံးထျန်း၏ ဟန်ဆောင်အပြုံးကို ကြည့်ကာ မနေနိုင်ဘဲ ရေရွတ်မိသွားသည်။
ချန်ကျုံးထျန်းသာ ရှန်ထျန်းကို မလေးမစားပြောပါက ရှန်ထျန်းက ချန်ကျုံးထျန်းမှာ ဖျော့တော့နေသော ရွှေရောင် ရောင်ဝါစက်ဝန်းသာ ရှိသည့်အတွက် အော်ရယ်မိလိမ့်မည်။ အငြင်းပွားစရာအချက် မရှိသော်လည်း ပြဿနာက ခုနစ်စဉ်ကြယ်အထွတ်အမြတ်မြေက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မလေးမစားပြုမူနေသည့်အတွက် အခက်တွေ့အောင် လုပ်သလို ဖြစ်နေသည်။
ဂိုဏ်းချုပ်က ရှန်ထျန်းကို ခေါ်ထုတ်ကာ ချန်ကျုံးထျန်းနှင့် တစ်ယောက်ချင်း ရင်ဆိုင်ခိုင်းလိုက်သည်။
သူသာ ဂိုဏ်းချုပ် မျှော်လင့်ထားတဲ့အတိုင်း မလုပ်နိုင်ဘူးဆိုရင် ဂိုဏ်းချုပ်က သူ့ကို သဘောမကျတော့ရင် ဘယ်လိုလုပ်မလဲ
နောက်ဆုံးမှာတော့ ရှန်ထျန်းအနေနှင့် သူ့စိတ်သူသာ ပြန်လည်ပြင်ဆင်လိုက်ပြီး အကျပ်အတည်းနှင့်ပတ်သက်ပြီး သေချာဖြေရှင်းဖို့သာ အာရုံစိုက်ထားသည်။
သို့သော် အမှန်အတိုင်း ပြောရလျှင် ထိုကဲ့သို့ လုပ်ဖို့က မလွယ်ကူလှပေ။
ရှန်ထျန်း အတွေးထဲနစ်မြောနေစဉ် ကြာဖြူတောင်ပေါ်၌ ပြင်းထန်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြန်သည်။ အဖြူရောင်ဝတ်စုံဆင်မြန်းထားသော တပည့်မတစ်ယောက် လျှို့ဝှက်ခန်းထဲမှ ထိတ်လန့်တကြားဖြင့် ပြေးထွက်လာသည်။
“ သတင်းဆိုး…သတင်းဆိုး… ဂိုဏ်းချုပ်၊ ဆရာဦးလေး၊ သခင်မ…အစ်ကိုကြီးရဲ့ ရွှေအမြုတေက ထပ်ပြီးတော့ ကွဲအက်လာပြန်ပြီ”
ထိုတပည့်မ၏ စကားများက ရေကန်ထဲ ကျောက်တုံးကျသွားသည့်အတိုင်း အားလုံး၏ ရင်ထဲ ဂယက်ရိုက်သွားစေသည်။
မိုးကြိုးအရှိန်အဝါနှင့် ဂိုဏ်းချုပ်က လျှို့ဝှက်ခန်းထဲသို့ ဝင်သွားပြီးနောက် တာအိုကိုယ်တော်ကြီးနှင့် ကြာဖြူ ကောင်းကင်အသျှင်တို့လည်း နောက်ကနေ လိုက်သွားသည်။
တခြားတပည့်တွေကလည်း သူတို့ကို တားမည့်သူ မရှိသောကြောင့် အတူတူ လိုက်သွားကြပြန်သည်။
ထိုရုတ်ချည်းပြောင်းလဲမှုက ရှန်ထျန်းနှင့် ရင်ဆိုင်ရမှာကို စိတ်ဖိစီးနေသည့် ချန်ကျုံးထျန်းအတွက် စိတ်သက်သာရာရသွားစေသည်။
“ အစ်ကိုဖန်ချန်း အန္တရာယ်ရှိနေပြီတဲ့လား။ အစ်ကိုရှန် ကျွန်တော်တို့ အချင်းချင်းမိတ်ဆက်တာကို နောက်မှလုပ်ပြီးတော့ အစ်ကိုဖန်ချန်းကို အရင်သွားကြည့်သင့်တယ်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ဖန်ချန်း ရှိသော လျှို့ဝှက်ခန်းထဲသို့ စိတ်ပူစွာဖြင့် ဝင်သွားသည်။ သူ ဖန်ချန်းကို မကြည့်ခင် ဘာမှမဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။ ဖန်ချန်း၏ ချီဖောက်ပြန်ခြင်းက သူနှင့် သက်ဆိုင်မှု မရှိဖို့လည်း မျှော်လင့်နေခဲ့သည်။
ရှန်ထျန်းက တခြားသူများ၏ ကံကြမ္မာကို ခွဲယူဖို့အတွက် လှည့်ဖြားခြင်းမျိုး ရှိခဲ့သော်လည်း သူက လူကောင်းတစ်ယောက် ဖြစ်၏။
အားလုံး လျှို့ဝှက်ခန်းထဲသို့ဝင်သွားပြီးနောက် ကြာဖြူတောင်၏ ပင်မကုသနယ်မြေထဲ ရောက်ရှိသွားကြသည်။
ဂိုဏ်းချုပ်တို့က ကာကွယ်ရေးအစီအရင်ထဲသို့ ဝင်သွားသည်။ ထိုအစီအရင်က ထိုးဖောက်မြင်နိုင်သည့်အတွက် အထဲရှိ အိပ်ရာပေါ်မှာလှဲနေသော ဖန်ချန်းကို အပြင်ဘက်မှ ရှန်ထျန်းတို့ မြင်နေရသည်။
သူ ပိုပြီးပိန်သွားသလို မျက်နှာကလည်း ဖြူဖပ်ဖြူလျော်ဖြစ်နေသည့်အတွက် အပြင်းအထန် ထိခိုက်ဒဏ်ရာရထားမှန်း သိသာလှသည်။
အင်း…ဒါက အရေးကြီးတဲ့အချက် မဟုတ်ဘူး … တကယ်အရေးကြီးတာက သူ့ရဲ့ ရောင်ဝါစက်ဝန်း ပြောင်းလဲသွားပြီ
ရှန်ထျန်း ဖန်ချန်းကို ပထမဆုံးတွေ့ဆုံခဲ့စဉ်က ရောင်ဝါစက်ဝန်းက ရွှေရောင်အတိ ဖြစ်နေသော်လည်း ယခု ဖန်ချန်း၏ ရောင်ဝါစက်ဝန်းက ရွှေရောင်နှင့်အနီရောင် အရောအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ဖန်ချန်း၏ ကံကြမ္မာ ကျဆင်းလာသည့် အကြောင်းအရင်းက သိသာလှသည်။
ရှန်ထျန်းက သူ့ကြောင့် ဖြစ်သွားသည်ဆိုသော မှန်းဆချက်ကို အတည်ပြုလိုက်သည်။
ရှန်ထျန်းဆီ ကံအပြောင်းအလဲ အခွင့်အရေး လုယူခံလိုက်ရတဲ့သူတွေက ကံကြမ္မာ ကျဆင်းရုံသာမကပဲ ကပ်ဘေးတစ်ခုကိုလည်း သေချာပေါက် ကြုံတွေ့ရပုံပေါ်သည်။
ဂိုဏ်းချုပ်က ကာကွယ်ရေးအစီအရင်အတွင်းတွင် လက်သီးဆုပ် အရွယ်အစားရှိသည့် နိဗာနတော်ဝင်ရေစင် ထုတ်ယူလိုက်သည်။ သူက နိဗာနတော်ဝင်ရေစင် တစ်စက်ချင်းဆီကို သန့်စင်ကာ ဖန်ချန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေပြီး အက်ကြောင်းတွေကို ကုသပေးနေသည်။
ဖန်ချန်း၏ ရွှေအမြုတေပေါ်မှ အက်ကြောင်းများကို ကုစားနိုင်သည့်အတွက် နိဗာနတော်ဝင်ရေစင်က ဖန်ချန်းအဖို့ အမှန်တကယ် အသုံးဝင်သည်ဟု ဆိုနိုင်သည်။
သတင်းကောင်းနောက်တွင် သတင်းဆိုးတစ်ခုက ကပ်ပါလာပြန်သည်။
ဖန်ချန်း၏ ဒဏ်ရာအခြေအနေက ဆိုးဝါးသည့်အတွက် နိဗာနတော်ဝင်ရေစင် ၅၀၀ မီလီလီတာနှင့်တင် မလုံလောက်ပေ။
နိဗာနတော်ဝင်ရေစင်ကို အပြည့်အဝ စုပ်ယူသွာပြီးနောက် ရွှေအမြုတေပေါ်မှ အက်ကြောင်းအနည်းငယ်ကိုသာ ကုစားနိုင်လိုက်သည်။ ဖန်ချန်း၏ ရွှေအမြုတေပေါ်မှ အက်ကြောင်းအရေအတွက်အရ ဒီနိဗာနတော်ဝင်ရေစင် နည်းနည်းလေးက သူ့အသက်ကို ကယ်ဖို့ပင် မဖြစ်နိုင်ပေ။
ဝုန်း…
ကာကွယ်ရေးအစီအရင်တံခါး ပွင့်သွားကာ ကြာဖြူကောင်းကင်အသျှင်က အလျင်အမြန် ပြေးထွက်ပြီး ချန်ကျုံးထျန်းကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်းမှာ နိဗာနတော်ဝင်ရေစင်တွေ ထပ်ပြီးတော့ ရှိသေးလား။ အဲဒါကို ဈေးနှစ်ဆ ပေးဝယ်နိုင်ပါတယ်။ မင်းကိုလည်း အကူအညီတစ်ခု အကြွေးတင်သွားတယ်လို့ မှတ်ပေးပါ”
ကြာဖြူကောင်းကင်အသျှင်က အရှေ့ပိုင်းလွင်ပြင်မှာ ကျော်ကြားသည့် ကျွမ်းကျင်သမားတော် ဖြစ်သည့်အတွက် သူမ၏ အကူအညီက အရမ်းတန်ဖိုးရှိသည်။ သို့သော်ငြား ချန်ကျုံးထျန်းဆီမှာ နိဗာနတော်ဝင်ရေစင် တကယ်ကို မကျန်တော့ပေ။
ထို့ကြောင့် သူ သက်ပြင်းချကာ ပြန်ဖြေလိုက်သည်
“ ကောင်းကင်အသျှင် ကျွန်တော်ကို ခွင့်လွှတ်ပေးပါနော်။ ကျွန်တော်ဆီမှာ နိဗာနတော်ဝင်ရေစင် တကယ်ကို မရှိတော့လို့ မကူညီနိုင်တော့ဘူး။ အချိန်ရသေးရင် ခရမ်းစံအိမ် အထွတ်အမြတ်မြေဆီ အမြန်ပြေးသွားပြီးတော့ တော်ဝင်ရေစင်တွေ ထပ်ပြီးတော့ တောင်းဖို့ ကြိုးစားကြည့်ပါမယ်”
ကြာဖြူကောင်းကင်အသျှင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ အဲလိုဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်။ ဖန်ချန်းက တော်ဝင်ရေစင် မရှိဘဲ ကြာကြာနေနိုင်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားပြီး ချန်ကျုံးထျန်း တွေးလိုက်မိသည်။
ကြည့်ရတာ ဖန်ချန်းက ဒီနေ့သေမှာ ထင်တယ်
ဖန်ချန်းရဲ့ ဒဏ်ရာတွေက ပြင်းထန်ပြီးတော့ သူ့အခြေအနေက တကယ်ကို အန္တရာယ်ရှိတယ်။ ၂၅ လီတာထက်ကျော်တဲ့ နိဗာနတော်ဝင်ရေစင် မရှိရင် သူ့အတွက် ဒဏ်ရာအရှင်းပျောက်ကင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး
၂၅ လီတာရှိတဲ့ နိဗာနတော်ဝင်ရေစင်က အစ်ကိုရှောက်ရွှမ်အတွက်တောင် တန်ဖိုးကြီးတယ်လို့ ပြောလို့ရတယ်
ချန်ကျုံးထျန်း၏ စိတ်ထဲတွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေဖြင့် ဖန်ချန်း၏ အသုဘအတွက် ပြင်ဆင်ထားသင့်ကြောင်းနှင့် နောက်ထပ် ကြိုးစားကြည့်လို့မရတော့ကြောင်း တွေးနေမိသည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ အသံထွက်ပေါ်လာသည်။
“ ဆရာဒေါ်လေးကြာဖြူ … ဒီပုလင်းထဲမှာ နိဗာနတော်ဝင်ရေစင် ဟုတ်လားဆိုတာ ကြည့်ပေးနိုင်မလားဟင်”
သူ ပြောရင်း ရှန်ထျန်း၏ လက်ထဲတွင် ငွေဖြူရောင်အရည်ပါသော ကျောက်စိမ်းပုလင်းလေးတစ်ခု ထွက်ပေါ်လာသည်။
ချန်ကျုံးထျန်းက ထိုအရာကို မြင်ပြီး ကျောက်ရုပ်လိုမျိုး တောင့်တင်းသွားလေ၏။