← Chapters

ဗုဒ္ဓအရှင်တောင် အားကျနေပြီ

Vol. 11-16 Ch. 176

ဗုဒ္ဓအရှင်တောင် အားကျနေပြီ

Vol. 11-16 Ch. 176

အခန်း (၁၇၆) : ဗုဒ္ဓအရှင်တောင် အားကျနေပြီ

မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဗုဒ္ဓအရှင်က အထင်ကြီးစရာကောင်းသော ပုံစံဖြင့် ထွက်ပေါ်လာသည်။

ရောင်ခြည်တော်က သူ့ကို လွှမ်းခြုံထားသည့်အပြင် သူ့နောက်၌ ဗုဒ္ဓနယ်မြေ ပုံရိပ်၏ ရောင်ပြန်ဟပ်မှု တစ်ခု တည်ရှိနေသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်လောက်သည့် ဗောဓိပင် ပုံရိပ်သဏ္ဌာန်ကြီးက အဘက်ဘက်သို့ အလင်းများ ဖြာထွက်နေသည့်အပြင် ဗုဒ္ဓကျမ်းဂန်များ ရွတ်ဆိုသည့်အသံကိုလည်း ကြားနေရသည်။

အရှည် မီတာ၃၀၀ ကျော်ရှိသည့် ရွှေနဂါးရှစ်ကောင် ဗောဓိပင်ကို လွှမ်းခြုံထားသည့်ပုံက အင်မတန် စွမ်းအားကြီးသည့် ပုံစံပေါ်စေသည်။

ကောလဟာလများအရ ယခုလက်ရှိ ဗုဒ္ဓအရှင်က ဗုဒ္ဓခန္ဓာအစစ်အမှန်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားပြီ ဖြစ်သည်။ သူက အရှေ့ပိုင်းလွင်ပြင်တစ်ခွင်တွင် စွမ်းအားအကြီးဆုံးထဲက တစ်ယောက်ဖြစ်ပြီး သက်ရှိဗုဒ္ဓတစ်ပါးလည်း ဖြစ်သည်။

ဗုဒ္ဓအရှင်က မဟာဉာဏ်ပညာဗောဓိကျမ်းစာမှာ အကျွမ်းကျင်ဆုံးဖြစ်ပြီး ဗုဒ္ဓစည်းမျဉ်းနှင့် အတွေးအခေါ်ပညာရပ်တို့မှာလည်း ကျွမ်းကျင်မှုရှိသည်။ ကျမ်းဂန်များနှင့် တာအိုများအကြောင်း ဆွေးနွေးဖို့အတွက် တခြားအထွတ်အမြတ်မြေများမှ ဂိုဏ်းချုပ်များနှင့် ဆွေးနွေးဖို့အတွက် သွားလေ့ရှိပြီး သူ ရှုံးနိမ့်ဖူးခြင်း မရှိသလောက် ဖြစ်၏။

မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဗုဒ္ဓအရှင်က အရှေ့ပိုင်းလွင်ပြင်တစ်ခွင်ရှိ အထွတ်အမြတ်မြေ ၁၂ ခုအနက် ဉာဏ်ပညာကြီးမားသော ဝိဇ္ဇာနှစ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်သည်။ နောက်ထပ် ဉာဏ်ပညာကြီးမားသောသူမှာ တခြားသူမဟုတ်ဘဲ အံ့ဖွယ်မိုးကောင်းကင်၏ ဂိုဏ်းချုပ် ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓအရှင်က နောက်တက်လာမည့် ဗောဓိသတ္တဝကို အများကြီး အာရုံစိုက်နေခြင်း ဖြစ်သည်။

ဗုဒ္ဓအရှင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကျန်းယွင်ထင်ကို လေးစားသည်။ ကျန်းယွင်ထင်၏ အဖေက ပြဿနာတွေအားလုံးကို ဉာဏ်ပညာရှိရှိ၊ နည်းလမ်းကျကျ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်။

ဗုဒ္ဓအရှင်က တာအိုအကြောင်းကို ဆွေးနွေးသည့်အခါ အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ ဆက်ခံသူကို သူ့တပည့်က အနိုင်ရဖို့အတွက် အမြဲတမ်း မျှော်လင့်နေခဲ့သည်။

ကျန်းယွင်ထင်နဲ့ မျိုးဆက်တစ်ခုတည်း ဖြစ်တဲ့ ဗောဓိသတ္တဝ ကူသို့က အသိဉာဏ်ပညာ မရှိတဲ့ တုံးအအ ကိုယ်တော်တစ်ပါး ဖြစ်နေတာ ခက်တာပဲ

ဗုဒ္ဓအရှင်က ဗောဓိသတ္တဝ ကူသို့အနေဖြင့် ဗုဒ္ဓစည်းမျဉ်းများကို အသုံးပြုပြီး ဂိုဏ်းချုပ်၏ ဆက်ခံသူကို အောင်နိုင်မည်ဟု ထင်ထားခဲ့သည်။

ဤအရာက မဖြစ်နိုင်သည့်အတွက် ဗုဒ္ဓအရှင်လည်း လက်လျှော့ထားလိုက်သည်။ ဗောဓိသတ္တဝ ကူသို့က ကျန်းယွင်ထင်ထက် မတော်နိုင်သည့်အတွက် ကျန်းယွင်ထင်ဆီမှ သင်ယူသင့်သည်။

ထို့ကြောင့် ဗုဒ္ဓအရှင်က ဗောဓိသတ္တဝ ကူသို့ကို ကျန်းယွင်ထင်နှင့် မိတ်ဆွေဖွဲ့ဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ စေလွှတ်ထားလိုက်သည်။

အဆုံးမှာတော့ ဗောဓိသတ္တဝ ကူသို့က ကျန်းယွင်ထင်နှင့် ရင်းနှီးရမည့်အစား ဖန်ချန်းနှင့် ပေါင်းမိသွားသည်။ ငတုံးနှစ်ယောက် ပေါင်းမိသည့်အတွက် စိတ်ထားက ပိုပြီး ရိုးအလာကြသည်။ အတုံ့အလှည့်အားဖြင့် သူတို့ကို ပိုမိုရဲတင်းလာစေပြီး နေရာတိုင်းမှာ မရပ်မနား ပြဿနာတွေ ဖြစ်လာစေသည်။

ဗောဓိသတ္တဝ ကူသို့က လူတွေကို အထင်ကြီးလာအောင် လုပ်နိုင်ပြီး အယူအဆတွေ ရိုက်သွင်းနိုင်သည့် မဟာဉာဏ်ပညာဗောဓိကျမ်းစာ မသင်ယူဘဲ အပြင်မှာနေရင်း နတ်ဆိုးနှင့် မိစ္ဆာများကို နှိမ်နင်းရင်း အချိန်ကုန်လေ့ ရှိသည်။

နတ်ဆိုးနှင့် မိစ္ဆာများပင် အသိဉာဏ်ရှိကြောင်း သိထားရမည်။ ဗုဒ္ဓက မေတ္တာတရားကြီးမားသူ တစ်ယောက် ဖြစ်သည့်အတွက် သူတို့ကို လုပ်ခဲ့တာတွေအတွက် နောင်တရပြီး လူကောင်းတစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးပေးလေ့ ရှိသည်။

မင်းက နေ့တိုင်း နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကို သတ်ဖြတ်ပြီးတော့ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေကို အမုန်းတရားတွေ သယ်ဆောင်လာနေတာ။ တကယ်လို့ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေက လက်စားပြန်ချေရင် ဘယ်လိုလုပ်မလဲ

နတ်ဆိုးနဲ့မိစ္ဆာတွေကို ငါတို့ရဲ့ အထွတ်အမြတ်မြေဆီ ခေါ်လာပြီးတော့ သူတို့ကို တရားချပြီး အထွတ်အမြတ်မြေရဲ့ အင်အားတိုးပွားလာအောင် လုပ်တာက ပိုမကောင်းဘူးလား

ဗုဒ္ဓအရှင်က ဒီအကြောင်းတွေ ကူသို့ကို ပြောပြချင်နေတာကြာပြီ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် မပြောနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓရိုးရာအစဉ်အလာအရ ထိုကဲ့သို့သော ကိစ္စများက ဗုဒ္ဓကျမ်းဂန်များနှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။

ထိုကဲ့သို့သော အရာများက စွမ်းအားကြီးသူတိုင်း ကိုယ်တိုင်နားလည်ရမည့် ကိစ္စမျိုး ဖြစ်သည်။ ပြောပြစရာမလိုသည့် အရာများဖြစ်သည့်အတွက် အကြီးအကဲများအနေဖြင့်လည်း ဝင်ရောက်စွက်ဖက်လို့ မရနိုင်ပေ။ သူတို့တပည့်တွေ ကိုယ်တိုင်နားလည်လာအောင် အရိပ်အမြွက်သာ ဆက်တိုက်ပေးနိုင်သည်။

တုံးအသည့် ဗောဓိသတ္တဝ ကူသို့က ဘယ်လိုအရိပ်အမြွက်ပေးပါစေ နားမလည်သည့်အတွက် ဗုဒ္ဓအရှင်ကို ဒေါသထွက်သွားစေသည်။

ဗောဓိသတ္တဝ ကူသို့သာ သူတို့၏ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေတွင် ထူးခြားကာ အစားထိုး၍ မရသော နေရာကို မပိုင်ဆိုင်ထားပါက သူ တခြားတပည့်တစ်ယောက်ကို လက်ခံပြီးနေလောက်လေပြီ။

ဗုဒ္ဓအရှင်၏ ပုံရိပ်သဏ္ဌာန်မှ ထွက်ပေါ်လာသော ဗုဒ္ဓရွတ်ဆိုသံမှာလည်း ကြီးမားသော ဉာဏ်ပညာ ပါဝင်သည်။

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က တောက်ပလာကာ မိုးမြေအတွင်း တာအိုအသံကိုပင် ကြားလာရပြီး ဗုဒ္ဓကျမ်းဂန် ရွတ်ဆိုသံက အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။

သူက ဗုဒ္ဓအရှင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်

“ညီအစ်ကိုထျန်းရှို့…ဗုဒ္ဓကျမ်းဂန်အပေါ် နားလည်မှုက အရမ်းကို နက်နဲလာပြီနော်”

ဗုဒ္ဓအရှင်က သိထားပြီးသားဆိုသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်

“ ကျေးဇူးပါ … ဒီခန္ဓာကိုယ်က ဗောဓိသစ်ပင်လိုမျိုးဖြစ်နေပြီး နှလုံးသားက ကြေးမုံတစ်ချပ်လိုမျိုးပဲ ရှင်းသန့်နေတယ်။

ပါရမီရှင် မဟုတ်ပေမဲ့ မဟာဉာဏ်ပညာဗောဓိကျမ်းစာနဲ့ ပတ်သက်ပြီး သင်ယူရမှာတွေများလို့ အခုလတ်တလောတော့ အားလျှော့လို့ မဖြစ်သေးဘူး”

ဗုဒ္ဓအရှင်၏ ဖြေကြားချက်ကို ကြားပြီးနောက် ကြာပြာကောင်းကင်အသျှင်နှင့် ကြာဖြူ ကောင်းကင်အသျှင်တို့၏ မျက်နှာထားများက ပိုမိုလေးနက်လာကြသည်။

မိုးကြိုးလှိုင်းအထွတ်အမြတ်မြေ၏ မဟာဉာဏ်ပညာ ဗောဓိကျမ်းစာက အထွတ်အထိပ်အဆင့် အမွေအနှစ်ဖြစ်ကြောင်း အားလုံးက သိကြသည်။ မဟာဉာဏ်ပညာ ဗောဓိကျမ်းစာမှာ ဆရာတစ်ဆူကဲ့သို့ တတ်ကျွမ်းပါက တစ်နေ့ထဲဖြင့် ကျမ်းဂန်ပေါင်း ၃ထောင်လောက်ကို နားလည်နိုင်ပြီး ဗုဒ္ဓ ဖြစ်လာနိုင်သည်။

စိတ်ရောကိုယ်ပါ ဗုဒ္ဓတစ်ပါး ဖြစ်လာပြီး လောကီဆိုင်ရာ စိုးရိမ်မှုများမှ လွတ်မြောက်နိုင်သည်။

နှစ်ပေါင်း တစ်သောင်းအတွင်း မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ မည်သည့်ဗုဒ္ဓအရှင်မှ ထိုနယ်ပယ်အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပေ။ ထို့ကြောင့် ထိုနယ်ပယ်အဆင့်ကို ရောက်ဖို့အတွက် အခက်အခဲများ ရှိသည်မှာ သိသာထင်ရှားလှသည်။

သို့သော် ဗုဒ္ဓအရှင်နှင့်အတူ ထွက်ပေါ်လာသော ဗုဒ္ဓရွတ်ဆိုသံများက သူသည် ထိုအထွတ်အထိပ်နယ်ပယ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းစာသာ လိုတော့ကြောင်း ပြသနေသည်။

ထိုအဆင့်သို့ ရောက်ရှိသွားပါက ဗုဒ္ဓအရှင်ထျန်းရှို့က အရှေ့ပိုင်းလွင်ပြင်တစ်ခွင်လုံး၏ တာအိုကျင့်ကြံရေးနည်းစနစ်ကို ဖိနှိပ်နိုင်မည် ဖြစ်သည့်အတွက် ဗုဒ္ဓတာအိုက ပိုပြီးတောက်ပလာနိုင်သည်။

သူတို့၏ ပင်မသင်ကြားမှုက ကွဲပြားသည့်အတွက် ထိုကဲ့သို့သော အခြေအနေမျိုးကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် တခြားတာအို အထွတ်အမြတ်မြေများက သေချာပေါက် မြင်ချင်မည် မဟုတ်ပေ။

အနောက်ပိုင်းကန္တာရ ဗုဒ္ဓဂိုဏ်း၏ အသစ်တိုးချဲ့ထားသော မိုးကြိုးလှိုင်း အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်မှာရှိတဲ့ အထွတ်အမြတ်မြေတွေကို ဖိနှိပ်နိုင်မယ်တဲ့လား …

ဒီလိုသာဆိုရင် တာအိုအထွတ်အမြတ်မြေတွေက သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်သွားလိမ့်မည်။

အထွတ်အမြတ်မြေနှစ်ခုက တိတ်တဆိတ် ယှဉ်ပြိုင်နေကြသည့်အတွက် ကြာဖြူတောင်၏ အခြေအနေက အေးစက်လာရသည်။

ဗုဒ္ဓအရှင်က သူ့ကိုယ်သူ အပြင်လူဟု မသတ်မှတ်သည့်အတွက် ပြုံးကာ မေးလိုက်သည်

“ ဒါဆို တူတပည့်လေးရဲ့ ဒဏ်ရာကရော ဘယ်လိုနေလဲ”

ဂိုဏ်းချုပ် ပြန်မဖြေရသေးခင် ဖန်ချန်းနှင့် ဗောဓိသတ္တဝ ကူသို့က တစ်ယောက်ပုခုံး တစ်ယောက်ဖက်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။

သူက ပါးစပ်နားရွက်တတ်ချိတ်လောက်သည်ထိ ပြုံးကာ ဗုဒ္ဓအရှင်ကို အရိုအသေပေးရင်း ပြောလိုက်သည်

“ အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗုဒ္ဓအရှင်။ ကျွန်တော် လုံးဝ သက်သာသွားပါပြီ”

ဗုဒ္ဓအရှင်က ဖန်ချန်း၏ ပုခုံးပေါ် လက်တင်ထားကာ ပြုံးဖြီးနေသော ဗောဓိသတ္တဝ ကူသို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်မေးလိုက်သည်

“ မင်းက သက်သာသွားပြီဟုတ်လား”

မဖြစ်သင့်ဘူး

ဗောဓိသတ္တဝ ကူသို့က ရွှေခန္ဓာဆေးရည် ရဖို့အတွက် ဗုဒ္ဓအရှင်ထံတွင် မျက်ရည်ရွှဲလဲဖြင့် တောင်းဆိုခဲ့ပြီး ရှေ့လျှောက် ကျမ်းဂန်များကိုလည်း သေချာဖတ်မည်ဟု ကတိပေးထားခဲ့သေးသည်။

ဗုဒ္ဓအရှင်က ကူသို့ကို မယုံသော်လည်း ရွှေခန္ဓာဆေးရည်က တာအိုဒဏ်ရာကို မပျောက်ကင်းစေသလို ရွှေအမြုတေကို ပြန်လည်ဖာထေးပေးတာမျိုးလည်း မလုပ်ပေးနိုင်တာကို သိသည့်အတွက် ပေးလိုက်ခြင်း ဖြစ်သည်။

ဖန်ချန်း ကြာကြာ အသက်မရှင်နိုင်တာ သေချာမှတော့ ဗုဒ္ဓအရှင်အနေနဲ့ လူကောင်းအဖြစ် နေပြီး ကူညီပေးဖို့ အဆင်ပြေပါတယ်

ဒါပေမဲ့ အခု ဘယ်လိုဖြစ်တာလဲ။ ကူသို့က ဘာလို့ ဖန်ချန်းနဲ့အတူ ရှိနေရတာလဲ။ သူက ဘယ်လိုလုပ်ပြီးတော့ သက်သာလာတာလဲ

ဗောဓိသတ္တဝ ကူသို့က သူ့ဆရာကို ကြွားချင်သည့်အတွက် နိဗာနတော်ဝင်ရေစင် ပုလင်းကို ထုတ်ယူပြီး ပြုံးကာ ပြောလိုက်သည်

“ ဟုတ်တယ်။ ဒါကလည်း အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ညီအစ်ကို ရှန်ထျန်းဆီမှာ နိဗာနတော်ဝင်ရေစင်တွေ လီတာထောင်ချီပြီး ရှိလို့လေ။ သူက ဖန်ချန်းကို လီတာ၁၀၀ ပေးပြီးတော့ ၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ရောက်အောင် လုပ်ပေးခဲ့တာ”

လီတာထောင်ချီနေတဲ့ နိဗာနတော်ဝင်ရေစင်တဲ့လား

ထိုအခိုက်အတန့်တွင် ဗုဒ္ဓအရှင် အံ့ဩမှင်သက်သွားရသည်။

နိဗာနတော်ဝင်ရေစင်ဆိုတာက ၂၅၀ မီလီလီတာလောက်ဆိုရင်တောင် ရဖို့ခက်ခဲတဲ့ အထွတ်အထိပ်အဆင့် ရတနာ မဟုတ်ဘူးလား။ ဒါကို ဒဒီသူတော်စင်အသစ်မှာ ဘယ်လိုလုပ်ပြီးတော့ လီတာထောင်ချီပြီး ရှိနေရတာလဲ

ဗုဒ္ဓအရှင်က ပဒုမ္မာရွှေကြာပန်းကို လက်ထဲမှာကိုင်ရင်း ဂိုဏ်းချုပ်ကို ကြည့်နေဆဲဖြစ်သော်လည်း ပြုံးပြနိုင်ခြင်း မရှိတော့ပေ။

“ တာအိုညီအစ်ကို လုံယွမ်…မင်းတို့ရဲ့ အထွတ်အမြတ်မြေမှာ ဘယ်အချိန်တုန်းက သူတော်စင်အသစ် ရသွားတာလဲ။ ဘာကြောင့် သူ့အကြောင်းကို မကြားဖူးရတာလဲ”

မိုးကြိုးအရှိန်အဝါ လွှမ်းခြုံထားသော ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်

“ ထျန်းအာက ကျုပ်ရဲ့ တပည့်အသစ်လေ။ သူ့ရဲ့ သူတော်စင်ရာထူးအပ်နှင်းပွဲကို တစ်နှစ်အကြာမှာကျင်းပမှာ။ ဖိတ်စာတွေကိုလည်း မကြာခင် အကုန်လုံးဆီ ပို့ပေးသွားမှာပါ”

ကျင့်ကြံရေးလောကတွင် ပါရမီရှင်များက နှစ်ဝက်၊ ဆယ်နှစ်မှ နှစ်တစ်ရာအထိ ကျင့်ကြံလေ့ရှိတာကြောင့် အရေးကြီးသော ပွဲများရှိပါက အနည်းဆုံးတစ်နှစ်ကြိုပြီး စီစဉ်ထားရသည်။ သူတော်စင် အပ်နှင်းပွဲအခမ်းအနားကို နှစ်တစ်ရာကြိုပြီး စတင်ထားရသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်က အထွတ်အမြတ်မြေ ၁၂ခုထဲတွင် အပါအဝင်ဖြစ်သည့်အတွက် အထွတ်အမြတ်မြေ၏ ဂုဏ်ပုဒ်နှင့်ညီအောင် သူတော်စင်ရာထူးအပ်နှင်းပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ဖို့လိုအပ်သည်။

ဗုဒ္ဓအရှင်က အတွေးထဲမြောနေရင်း မသိမသာပုံစံဖြင့်သာ နေချင်သော ရှန်ထျန်းကို ကြည့်ပြီး မျက်လုံးအရောင်တို့ တောက်ပသွားရသည်။

ဒီလောက်ထိ ချောမောတဲ့သူ ရှိသေးတာလား။ သူက ဗုဒ္ဓသာသနာကို ဖြန့်ဝေဖို့အတွက် အသင့်တော်ဆုံးသူပဲ

သူသာ ငါတို့ဂိုဏ်းထဲကိုဝင်ရင် နောက်လိုက် အရေအတွက်လည်း မထင်နိုင်လောက်အောင်အထိ များလာမှာပဲ …

သူက မဟာဉာဏ်ပညာ ဗောဓိကျမ်းစာကိုတောင် ကျင့်ကြံဖို့ မလိုပါဘူး။ ရုပ်ချောနေတော့ ရပါပြီ

သူ ထောက်ခံအားပေးသူ အမျိုးသမီးများကို တွေ့ပါက ပြုံးပြီး “အောမိတောဖော မင်းတို့က ဗုဒ္ဓနဲ့ ကံစပ်တယ်” လို့ ပြောပေးလိုက်ရင်ကို ရနေပြီ

ထို့နောက် အရှေ့ပိုင်းလွင်ပြင်တစ်ခွင်လုံးတွင် ဗုဒ္ဓ၏ သစ္စာခံနောက်လိုက်များ လွှမ်းမိုးလာမည်။ ထိုအခါ အထွတ်အမြတ်မြေတစ်ခုလုံး ကြီးပွားချမ်းသာလာမည် ဖြစ်သည်။

ထိုကဲ့သို့တွေးရင်း ဗုဒ္ဓအရှင်က ဖန်ချန်း၏ ပုခုံးပေါ် လက်တင်ထားကာ ရူးကြောင်ကြောင်နိုင်စွာ ရယ်မောနေသော သူ့၏ ခပ်တုံးတုံးတပည့်ကို ပြန်ကြည့်လိုက်မိသည်။

နှစ်ယောက်ကို နှိုင်းယှဉ်ကြည့််လိုက်သည့်အခါ ဗုဒ္ဓအရှင်ကို ဆွံ့အသွားစေသည့်အတွက် အလွန်အမင်း အားကျမနာလို ဖြစ်လာသည်။

All Chapters