ဗောဓိဗုဒ္ဓကျမ်းစာ
Vol. 11-16 Ch. 177
အခန်း (၁၇၇) : ဗောဓိဗုဒ္ဓကျမ်းစာ
မိုးကြိုးလှိုင်း၏ ဗုဒ္ဓအရှင်က ရှန်ထျန်းအား ကြည့်လိုက်ပြီးနောက် ဗောဓိသတ္တဝ ကူသို့ကိုလည်း တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူတို့ကို နှိုင်းယှဉ်ကြည့်လေလေ ပို၍ အားကျမိလာလေလေ ဖြစ်လာသည်။ သူက ထိုအကြောင်း ပိုတွေးမိသွားသည့်အခါ သူ့အသားရောင်ပင် အစိမ်းရောင် ပြောင်းလာသည့်အထိ အားကျနေမိသည်။
ဤသို့မျိုး ခန့်ညားချောမောသည့် လူငယ်လေးက ကိုယ်တော်တစ်ပါး ဖြစ်မနေကြောင်း စဉ်းစားလိုက်ကြည့်လိုက်ပါလေ …
ပြောရလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသာ အထွတ်အမြတ်မြေ ၁၂ ခုထဲမှ မဟုတ်ခဲ့လျှင် သူ့အနေနှင့် ရှန်ထျန်းအား သူ့ဂိုဏ်းဆီ အတင်းကျပ် ဝင်ခိုင်းပြီးလောက်လေပြီ။
ဗုဒ္ဓအရှင်က အလွန်အားကျနေမိသော်လည်း ဗုဒ္ဓတစ်ပါးအလား သူ့တည်ငြိမ်အေးချမ်းကာ ဂုဏ်သိက္ခာကြီးမားသည့် ပုံရိပ်ကို ထိန်းထားဆဲ ဖြစ်၏။
သူက ဗောဓိသတ္တဝ ကူသို့ကို ကြည့်လိုက်ပြီး
“ကူသို့ … တူလေး ဖန်ချန်းလည်း ပြန်ကောင်းလာပြီဆိုတော့ ဂိုဏ်းဆီ ပြန်ခဲ့တော့ ”
ဗောဓိသတ္တဝ ကူသို့ က ဝမ်းနည်းဟန်ဖြင့် “ ဆရာတော်ကလည်း တပည့်က ဖန်ချန်းနဲ့ မတွေ့ရတာ အရမ်းကြာနေပြီလေ။ ဒီမှာ ရက်နည်းနည်းလောက် နေပြီးမှ ပြန်လာဖို့ မရဘူးလား ”
ဗုဒ္ဓအရှင်က မေတ္တာကရုဏာကြီးမားသော အပြုံးဖြင့် ပြန်ပြောလိုက်သည် “ မင်းဆီမှာ ကူးဖို့ မပြီးပြတ်သေးတဲ့ ဗုဒ္ဓကျမ်းစာတွေ ရှိနေသေးတယ်လေ။ ကူသို့ မင်းလည်း သိမှာပါ …
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဗောဓိပင်လိုပဲ၊ နှလုံးသားကတော့ ကြေးမုံတစ်ချပ်နဲ့ တူတယ်။
အမြဲတမ်း အညစ်ကြေးကင်းစင်ပြီး သန့်ရှင်းနေအောင် ထားရမယ်။
မင်းက မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝ … မင်းဆီမှာ ဗုဒ္ဓဘာသာကို ဖြန့်ဖြူးပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ လေ့ကျင့်ရေးမှာလည်း နောက်ကျနေလို့ မဖြစ်ဘူး။ အရင်ကအကြောင်းတွေ ပြန်တွေးပြောဖို့က အချိန်တွေအများကြီး ရှိပါသေးတယ်။ အလျှင်လိုမနေနဲ့ ”
ကူသို့၏ အမူအယာက ဗုဒ္ဓအရှင် ပြောစကားများကို နားထောင်ပြီးနောက် အုံ့မှိုင်းလာလေသည်။
“ ဟုတ်ကဲ့ … တပည့် နားလည်ပါပြီ ”
သူက ဖန်ချန်းအား တွန့်ဆုတ်စွာ ကြည့်လိုက်ပြီးနောက် “ ဖန်ချန်း … ငါတို့တွေ နောက်မှ တွေ့ကြတာပေါ့ ”
ဗုဒ္ဓရောင်ခြည်တော်က ဗုဒ္ဓအရှင်၏ ခန္ဓာကိုယ်ကို နည်းနည်းငယ်ချင်းစီ ဖုံးလွှမ်းသွားလေသည်။ သူက အမူအယာပြောင်းလဲခြင်းမရှိ ပုံရိပ်ကား ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူက သူတို့အား ဆက်မကြည့်ချင်တော့ပေ။
တပည့်ကောင်းအားလုံးက သူများအပိုင် ဖြစ်နေသည့် ခံစားချက်ကား ဆိုးရွားလှလေသည်။
စိပ်ပုတီးကုံး အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် အရှင်၏ ပုံရိပ်သည်လည်း ဖြည်းဖြည်းလေး ပျောက်ကွယ်လာသည်။
ဗုဒ္ဓအရှင်၏ အသံသာ ဝေဝေဝါးဝါး ကြားလိုက်ရသည်။
“ တာအိုညီအစ်ကို လုံယွမ် … ခင်ဗျားတို့ဂိုဏ်းရဲ့ သူတော်စင်က ဉာဏ်ပညာနက်နဲတယ်။ တကယ်လို့ သူ စိတ်ဝင်စားရင် ကျုပ်တို့ဂိုဏ်းက ဗောဓိပင်ဆီ လာလို့ရတယ်။ သူလည်း အကျိုးမြတ်ရမှာပါ ”
ဗုဒ္ဓအရှင် စကားအဆုံးတွင် အားလုံးက အသက်ပြင်းပြင်းရှုသွင်းမိလိုက်ကြသည်။ အကြောင်းမှာ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဗောဓိပင်က အင်မတန် ထူးခြားနေ၍ ဖြစ်သည်။
ဤသည်မှာ အနောက်ပိုင်းကန္တာရ ဗုဒ္ဓဂိုဏ်းအတွင်းပိုင်းမှ ကူးပြောင်းစိုက်ထားသော ထိပ်တန်းအပင် တစ်ပင် ဖြစ်၏။ ဗောဓိပင်တွင် ထူးခြားအံ့ဖွယ် စွမ်းအားမျိုး ရှိပြီး ထိပ်တန်း အဆင့် (၁၀) ဝိညာဉ်သစ်ပင်စာရင်းမှ တစ်ပင်အပါအဝင်လည်း ဖြစ်၏။
အကယ်၍ ထိုသစ်ပင်အောက် ထိုင်လေ့ကျင့်ပါက ဉာဏ်အလင်းပွင့်နှုန်း မြန်မြန်ဆန်ဆန် ရရှိလာကြသည်။ ကျင့်ကြံသူများ၏ ကျင့်စဉ် ကျင့်ကြံနှုန်းကိုလည်း မြင့်တင်ပေးနိုင်သည်ဟု ဆိုကြသည်။
သတင်းများအရ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဗုဒ္ဓအရှင်က ဗောဓိပင်အောက် ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့ပြီး တရားပေါက်ဖို့ ကြိုးစားအားထုတ်ခဲ့သည်။ အဆုံးသတ်၌ သူက မဟာမိုးကြိုးလှိုင်း ကျမ်းကို အပြည့်အဝ နားလည်သွားပြီး ဗုဒ္ဓအရှင်တစ်ပါး ဖြစ်လာခဲ့သည်။
ဤသည်မှာ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ထွန်းလင်းတောက်ပခဲ့သော အချိန်ကာလ ဖြစ်၏။
ထိုအချိန်မှစ၍ ဗောဓိပင်သည် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ထိပ်သီးရတနာတစ်ပါး ဖြစ်လာခဲ့ပြီး အင်မတန် ကြည်ညိုခဲ့ကြသည်။
ပုံမှန်အားဖြင့် ဗုဒ္ဓအရှင်နှင့် ဗောဓိသတ္တဝတို့သာ ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားခွင့် ရှိကြပေသည်။
ဗုဒ္ဓအရှင်အနေနှင့် ရှန်ထျန်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်လေရာ ဤသို့သော မက်လောက်စရာ ကမ်းလှမ်းမှုမျိုး ပေးလိမ့်မည်ဟု မည်သူကများ ထင်ထားမိမည်နည်း။
ရှန်ထျန်းအပေါ် သဘောကျနှစ်ခြိုက်နေသည်မှာ သိသာလှသည်။
ဂိုဏ်းချုပ်အနီးရှိ ကောင်းကင်အရှိန်အဝါများက အနည်းငယ် တုန်ခါသွားလေ၏။ သူ့စိတ်မပျော်သည်မှာ ထင်ရှားလှပေသည်။
ထျန်းရှို့ … ထျန်းရှို့ … မင်းက ထျန်းအာကို ငါ့ရှေ့မှာတောင် လာဖြာယောင်းနေတာကိုး …
ဟားဟား မင်းဆီမှာ သမီး ရှိလို့လား …
.............
ဗောဓိသတ္တဝ ကူသို့က ထွက်သွားဖို့ အင်တင်တင် ဖြစ်နေသေးသော်လည်း နှုတ်ဆက်စကား ဆိုလိုက်ရသည်။ အကယ်၍ သူသာ အထွတ်အမြတ်မြေဆီ အချိန်မီ ပြန်ရောက်ပါက သူ့အနေနှင့် ဗုဒ္ဓကျမ်းစာ အခေါက်တစ်ထောင်သာ ကူးဖို့ လိုသည် မဟုတ်ပါလော။ အကယ်၍ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ စည်းကမ်းထိန်းများသာ သူ့အား လာရောက်ခေါ်ခဲ့လျှင် သူ့ပြစ်ဒဏ်မှာ အခေါက်တစ်သောင်းလောက် တိုးသွားနိုင်သည်။
ဖန်ချန်းအား နှုတ်ဆက်လိုက်ပြီးနောက် သူက ရှန်ထျန်းဆီ ကပ်လာကာ
“ သူတော်စင် ညီအစ်ကိုရှန် ပေးလိုက်တဲ့ နိဗာနတော်ဝင်ရေစင်က အရမ်းများတယ်။ ကျုပ်ရဲ့ ဂိုဏ်းက ညီတွေ၊ ညီမတွေနဲ့ မျှဝေပေးလိုက်ပါ့မယ်။ ပြီးတော့ မင်းအတွက်လည်း တောင်းဆုပြုပေးဖို့ ပြောပေးမယ်။ ကျုပ်က ကျမ်းစာရွတ်ဖတ်ရတာ မကြိုက်ဘူးဆိုတော့ ကျုပ်တော့ မလုပ်တော့ဘူး ”
ရှန်ထျန်းက သူ့ရှေ့ရှိ ငတုံးကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
သနားစရာလေး … သူငယ်ချင်းဆီ လာဆော့ပြီးတော့ အခုပြန်ရောက်တဲ့အခါ အိမ်စာတွေ လုပ်ရတော့မယ် …
ရှန်ထျန်းက ဗောဓိသတ္တဝ ကူသို့အား ဘေးသို့ ဆွဲခေါ်လိုက်သည်။
“ အစ်ကို ကူသို့ကို ဗုဒ္ဓကျမ်းစာတစ်စောင် လက်ဆောင်ပေးလိုက်မယ်။ အဲဒါကို ဗုဒ္ဓအရှင်ဆီ ပြန်အာဂုံဆောင်ပြလိုက်ပေါ့။ ဒါကို နားထောင်ပြီးသွားရင် အပြစ်မပေးလောက်တော့ဘူး ”
ကူသို့၏ မျက်ဝန်းများ တောက်ပလာကာ “ တကယ်လား … ကျုပ်ကို မလိမ်နဲ့နော် ”
ရှန်ထျန်းက ပြောလိုက်သည် “ တကယ်တော့ အလုပ်ဖြစ်မလားဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး ”
ကူသို့က ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေလိုက်သည် “ ကြိုးစားကြည့်တာပေါ့ … ဘာမှဆုံးရှုံးစရာမှ မရှိတာ ”
ရှန်ထျန်းက ခေါင်းညိတ်ကာ တီးတိုးပြောပြလိုက်သည် “ ဒါပေမဲ့ ဒီကိစ္စကို ဗုဒ္ဓအရှင်ဆီ ကျွန်တော် ပြောပြတာလို့ ပြန်မပြောဖို့ အာမခံရမယ် ”
ကူသို့က အနေခက်စွာဖြင့် “ ဆရာတော်က မေးလာရင် ကျုပ်က ဘုန်းကြီးတစ်ပါးအနေနဲ့ လိမ်ညာလို့ မဖြစ်ဘူးလေ ”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည် “ အဲဆိုလည်း ထားလိုက်ပါတော့ဗျာ … အစ်ကိုကူသို့ ပြန်ပြီးတော့ပဲ ကျမ်းစာတွေကို ကူးလိုက်ပါတော့ ”
ကူသို့က ချက်ချင်းဆိုသလို ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် “ ဘုန်းကြီးတစ်ပါးက အသေးအဖွဲ့ကိစ္စလေးအပေါ် အစွဲမထားသင့်ဘူးဆိုတော့ အိပ်မက် မက်တယ်လို့ပဲ ပြောလိုက်မယ်လေ။ ဘယ်လိုလဲ … ”
ရှန်ထျန်းက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးလိုက်သည်။
ကြည့်ရတာ သူ ဒီလောက်တုံးနေတာလဲ မဟုတ်ဘူးပဲ …
သူက နတ်ဘုရားအသိစိတ်ကို အသက်သွင်းကာ ကူသို့ဆီ ဆက်သွယ်လိုက်ပြီး ပြောပြလိုက်သည်။ သူက ကျယ်ကျယ်မဖတ်ဆိုရဲပေ။
ဗုဒ္ဓအရှင်က ထိုကျမ်းစာကို နားထောင်ပြီးနောက် မည်သို့တုံ့ပြန်မည်ကို မည်သူများ သိထားမည်နည်း။ သူ့ကို ဉာဏ်အလင်းပွင့်သွားစေခဲ့လျှင် အဆင်ပြေ၏။ ထိုအခါ ဗုဒ္ဓအရှင်၏ ကျင့်ကြံဆင့်က တိုးတက်သွားကာ ကူသို့အား အရေးပေးချီးကျူးပေလိမ့်မည်။ ရှန်ထျန်းအနေနှင့် ကူသို့နှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ပြီ မဟုတ်ပါလော။
သို့သော်လည်း ဗုဒ္ဓအရှင်က ဤသည်မှာ မိစ္ဆာဒိဌိဟု ခံစားမိခဲ့လျှင် ရှန်ထျန်းအနေနှင့် အပြစ်ကို မခံယူနိုင်ပေ။
ဘယ်လိုဖြစ်ဖြစ် ကျွန်တော်က ဗုဒ္ဒကျမ်းစာကို ပေးလိုက်ပြီးပြီ … ခင်ဗျားက ဒီအထွတ်အမြတ်မြေကနေ ထွက်သွားတာနဲ့ ကျွန်တော်နဲ့ ပတ်သတ်မှု မရှိတော့ဘူးနော် … ခင်ဗျားဘာသာ တိတ်တဆိတ်ပဲ သိမ်းထားထား ဗုဒ္ဓအရှင်ကိုပဲ ပြန်ပြောပြပြ ခင်ဗျားရဲ့ ရွေးချယ်မှုပဲ …
ရှန်ထျန်းက ကူသို့ဆီ ပြောပြလိုက်သည့် စကားထဲတွင် ပထမဦးစွာ ကူသို့အား ပိုမိုတာဝန်သိတတ်လာအောင် ပြောဆိုပေးခဲ့သည်။ တာဝန်ယူမှုအကြောင်း ပြောပြပေးပြီးနောက်မှသာ ကူသို့တစ်ယောက် ကျမ်းစာကို သိမြင်စေလာလိမ့်မည်။
သူ ရှည်ကြာလွန်းသည့် တာဝန်ယူမှုအကြောင်း ပြောပြပြီးနောက် ဗုဒ္ဓကျမ်းစာအလှည့် ရောက်ရှိလာလေပြီ။
“ ဗောဓိဗုဒ္ဓကျမ်းစာ
ဗောဓိက နဂိုမူလ သစ်ပင် မဟုတ်သလို ကြေးမုံကလည်း မတည်ရှိဘူး။
ဗုဒ္ဓသဘာဝကိုက အမြဲတမ်း သန့်ရှင်းစင်ကြယ်ခဲ့လေရာ ဘယ်မှာများ အညစ်အကြေးများ ရှိမည်နည်း။
စိတ်အတွေးအာရုံက ဗောဓိပင် ဖြစ်ပြီးတော့ ရုပ်ခန္ဓာကိုယ်က ကြေးမုံတစ်ချပ် ဖြစ်တယ်။
ကြေးမုံက နဂိုကတည်းက သန့်ရှင်းကြည်လင်နေပြီးသားဆိုရင် ဘယ်အညစ်အကြေးများ စွန်းထင်းနိုင်မည်နည်း။
ဗောဓိက အပင် မဟုတ်သလို ကြေးမုံကလည်း မတည်ရှိဘူး … အခြေခံအားဖြင့် ဘယ်အရာမှ မတည်မြဲဘူး။
အညစ်အကြေးတွေက ဘယ်လိုများ တိုးလာနိုင်မည်နည်း။
စိတ်အာရုံထဲမှာပဲ ဗောဓိကို ရှာဖွေပါ …
အဘယ်ကြောင့်များ အပြင်ဘက်မှာ ရှာဖွေနေရသနည်း။
ဒီစကားတွေအတိုင်း ကျင့်သုံးလိုက်ပါ … နိဗ္ဗာန်က လက်တစ်ကမ်းမှာ မဟုတ်ပါလော ”
………....
ဝိုး …
ကောင်းလိုက်တာ … ဒီဗုဒ္ဓကျမ်းက တကယ်ကို ကောင်းတယ် … အရမ်းရိုးရှင်းပြီးတော့ ထူးခြားလွန်းတယ်
ဗုဒ္ဓကျမ်းစာကို နားထောင်ပြီးနောက် ကူသို့က စိတ်အာရုံ အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။
သူက ဗုဒ္ဓကျမ်းစာများစွာ ဖတ်ဖူးခဲ့သော်လည်း အားလုံးက ရှုပ်ယှက်ခတ်ကာ ခက်ခဲသည့် အသံထွက်များရှိသည်ဟု ခံစားမိခဲ့ရသည်။ နားလည်နိုင်ဖို့ကို မဆိုထားနှင့် ကျမ်းစာကို ရွတ်ဖတ်သည့်အခါ အာစေးပေါက်မတတ် ဖြစ်လာရ၏။
သို့သော်လည်း ရှန်ထျန်း ပြောပြသည့် ကျမ်းစာမှာ လုံးဝ ကွဲပြားနေလေသည်။
ကူသို့အနေနှင့် အားလုံးကို နားမလည်သော်လည်း ချောချောမွေ့မွေ့ ဖတ်နိုင်သည်။
ကာရံလည်း ကိုက်ညီပေသည်။
ဟုတ်တယ် … ဒီလိုကျမ်းစာကောင်းလေးကို ဆရာတော်ဆီ ပြောပြရမယ် …
ထိုအတွေးဖြင့် ကူသို့က အားလုံးကို မြန်မြန်ဆန်ဆန် နှုတ်ဆက်လိုက်ပြီး မိုးကြိုးလှိုင်း အထွတ်အမြတ်မြေဆီ ပြန်သွားတော့သည်။
ကူသို့က နောင်အနာဂတ်၌ ကျမ်းစာ မကူးရရေးအတွက် အတော်လေး စိတ်တက်ကြွနေသည်။
ထိုစဉ် ရှန်ထျန်းက ကူသို့ ထွက်သွားသည့် နေရာကို ကြည့်လိုက်ကာ ကံကောင်းဖို့ တိတ်တဆိတ် ဆုတောင်းပေးလိုက်သည်။
ကံကောင်းမှုများက အရူးများကို မျက်နှာသာပေးသည် မဟုတ်ပါလော။ ဤငတုံး၏ ရောင်ဝါက အလွန်တောက်ပနေလေရာ ဗုဒ္ဓကျမ်းစာကို ပေးပြီးလျှင်ပင် အဆင်ပြေလောက်သည်။ သားရဲများပင် ကိုယ့်မျိုးဆက်ကို ထိခိုက်အောင် မလုပ်ကြလေရာ သူ့ဆရာကား ဗုဒ္ဓအရှင်တစ်ပါး မဟုတ်ပါလော။
…….....
ကူသို့ ထွက်သွားပြီးနောက်တွင် ကြာဖြူတောင်ထိပ်၌ ပြင်ပလူ မကျန်တော့ပေ။
ဂိုဏ်းချုပ်က ရှန်ထျန်းအား စိတ်အေးလက်အေး ကြည့်လိုက်ပြီး သူ့ကောင်းကင် အရှိန်အဝါတို့ကလည်း ညင်ညင်သာသာ လှုပ်ရှားလာလေသည်။
သူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏
“ ထျန်းအာ … ဆရာနဲ့အတူတူ ဂိုဏ်းချုပ်တောင်ဆီ လိုက်ခဲ့။ မင်းကို အရေးကြီးတဲ့တစ်ခု အပ်စရာရှိတယ် ”
အရေးကြီးတာ အပ်မှာလား … ဘာများလဲ … ဆရာ့သမီးရဲ့ လက်ထပ်ပွဲလား …
အာ … ငါက ဘာလို့ အဲလိုတွေးမိသွားပါ့လိမ့် …
ဆက်ဆံရေးတစ်ခု၌ အမျိုးသမီးဖြစ်သူက အားကောင်းနေပြီး အမျိုးသားက အားနည်းနေလျှင် အဖြစ်ဆိုးလှပေသည်။