← Chapters

ကျွန်တော်က ကံကြမ္မာသားတော် မဟုတ်ရပါဘူးဗျာ

Vol. 11-16 Ch. 178

ကျွန်တော်က ကံကြမ္မာသားတော် မဟုတ်ရပါဘူးဗျာ

Vol. 11-16 Ch. 178

အခန်း (၁၇၈)  :  ကျွန်တော်က ကံကြမ္မာသားတော် မဟုတ်ရပါဘူးဗျာ

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်က လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီးနောက် လေထဲ၌ အာကာပြင် မုခ်ဝ တစ်ခု ပေါ်လာလေသည်။

ရှန်ထျန်းက ဂိုဏ်းချုပ်နောက်မှ လိုက်သွားကာ နှစ်ယောက်လုံး ကြာဖြူတောင်ထိပ်မှ ပျောက်ကွယ်သွားလေသည်။

ရှန်ထျန်းက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ဂိုဏ်းချုပ်တောင်ထိပ်ရှိ စံအိမ်တော်ဆီ ရောက်နေလေပြီ။

ဂိုဏ်းချုပ်က ပုလ္လင်ပေါ်တွင် ထိုင်ကာ ရှန်ထျန်းကို ကြည့်နေပြီး သူ့ကောင်းကင်အရှိန်အဝါများက လှုပ်ခါနေသည်။ ရှန်ထျန်းက ယနေ့ ကောင်းကောင်း လုပ်ဆောင်ခဲ့သောကြောင့် ဂိုဏ်းချုပ်အနေနှင့် စိတ်ခံစားချက်များကို ဖြတ်တောက်ထားခဲ့သော်လည်း သူ့အတွက် အလွန်ဂုဏ်ယူနေမိဆဲ ဖြစ်၏။

အထူးသဖြင့် ကြာပြာကောင်းကင်အသျှင်၏ တုံ့ပြန်မှုကို မြင်ရသည့်အခါ ပို၍ ခံစားချက်ကောင်းလာခဲ့သည်။

သူက ငါရွေးချယ်ထားတဲ့လူကို အရင်ဆုံး သံသယဝင်ခဲ့တာလေ … အခုတော့ ကောင်းကင်တာအိုရဲ့ သားတော်ကို တပည့်တော်ရမဲ့ အခွင့်အရေးနဲ့ လွဲချော်သွားပြီ။ သူတော့ တော်တော်နောင်တရနေတော့မှာပဲ …

အဟွတ်ဟွတ် … အဲဒါက အရေးမကြီးသေးဘူး … အခုအရေးကြီးတဲ့ကိစ္စ ကျန်နေသေးတယ်

သူက ကောင်းကင်အရှိန်အဝါများကို ချိုးနှိမ်ကာ ပြောလိုက်သည်

“ ဆရာ အရမ်းကို ကျေနပ်တယ်။ ထျန်းအာက ကံကြမ္မာကောင်း ရှိရုံတင်မကဘူး။ အခြားသူတွေကို မျှဝေပေးတတ်တဲ့ နှလုံးသားလည်း ရှိထားတယ်။ ဆရာရဲ့ မှန်းဆချက်တွေ မှန်နေခဲ့တာပဲ … ထျန်းအာက ဆရာတို့ဂိုဏ်းရဲ့သူတော်စင် ဖြစ်လာဖို့ အသင့်တော်ဆုံးလူပဲ … ”

ရှန်ထျန်းက ခေါင်းကုတ်ကာ ဂိုဏ်းချုပ် ပြောချင်သည့်အရာကို နားမလည်နိုင်ဘဲ ဖြစ်နေမိသည်။

ဘာကို ပြောနေတာပါ့လိမ့် … ကျွန်တော် သူတော်စင် ဖြစ်လာတာက ဆရာရဲ့ သမီးဖြစ်သူက အတင်းခေါ်လာလို့လေ မှတ်မိသေးတယ်မလား။ တပည့်ဖြစ်လာပြီးတော့မှ သူတော်စင် ဖြစ်လာတဲ့လူတွေနဲ့ မတူဘဲ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတာလေ …

ကျွန်တော်က တပည့် ဖြစ်မလာခင်ကတည်းက သူတော်စင် ဖြစ်နှင့်နေပြီလေ … ဘယ်လိုများ သူတော်စင်အဖြစ် ရွေးချယ်လိုက်တာတုန်း …

ပြီးတော့ ဆရာက ကျွန်တော်ကို ကောင်းချီးပေးခံထားရတဲ့လူကို ဘာလို့ထင်ရတာလဲ … လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတောင် ကျွန်တော်က ကံအဆိုးဆုံး ဖြစ်နေခဲ့တာလေ

အခု ကျွန်တော်ရဲ့ ရောင်ဝါက အနီပျောက်တွေနဲ့ အစိမ်းရောင် ဖြစ်နေပေမဲ့ ကံကြမ္မာသားတော် ဖြစ်ဖို့ အဝေးကြီး လိုနေသေးတယ်

ရှန်ထျန်းက ဝင်ပြောလိုက်သည် “ အားလုံးက ဆရာရဲ့ သင်ပြပေးမှုကြောင့်ပါ ”

ဂိုဏ်းချုပ်က ထိုစကားကို ကြားပြီး ပိုပျော်လာလေသည်။

ရုပ်ချောချော လူငယ်လေးက မမောက်မာတတ်ဘူး။ သူက အထွတ်အမြတ်မြေအတွက် ပြီးပြည့်စုံတဲ့ ပုံရိပ်လေးပဲ … အရှင်ထျန်းရှို့ မနာလိုဖြစ်နေပြီမလား …

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်ကာ

“ ထျန်းအာက ဆရာတို့အတွက် နိဗာနတော်ဝင်ရေစင်ကို ယူလာခဲ့ပေးပြီးတော့ ဖန်ချန်းကိုလည်း ကယ်ပေးခဲ့တယ်။ ဒါက အထွတ်အမြတ်မြေအတွက် အများကြီး ထောက်ပံ့ပေးလိုက်တာပဲ။ ဆရာက မျှတတဲ့သူဆိုတော့ ဆုလာဘ်အနေနဲ့ ဘာလိုချင်လဲ … ဘာမှတုံ့ဆိုင်းမနေဘဲ ပြောချလိုက် ”

ရှန်ထျန်း၏ မျက်ဝန်းများ တောက်ပလာလေ၏။

 ဆရာက ဆုပေးတာလား ..ဘယ်လိုလုပ် လက်ခံလို့ ဖြစ်မှာလဲ …

သူက ခဏလောက် တွေးလိုက်ပြီးနောက်

“ ဆရာ … ကျွန်တော် ထာဝရသတ္တုလေးများ ရနိုင်မလားဟင်။ တကယ်လို့ ထာဝရသတ္တုမဟုတ်ရင်တောင် ဆန်းကြယ်မြေဆိုလည်း အဆင်ပြေပါတယ်။ ကျွန်တော် သိပ်မရွေးပါဘူး ”

ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က တဖန် ပြန်လည် လှုပ်ရှားလာလေသည်။ ထိုတောင်းဆိုချက်က သူ့အား အခက်တွေ့သွားစေသည်။ ထိုပစ္စည်းများက အလွန်အဖိုးတန်လွန်းလှသည်။ ကျင့်ကြံသူများက ကံကောင်း၍သာ ရနိုင်သော ရတနာများ ဖြစ်၏။

နိဗာနတော်ဝင်ရေစင်က အတော်လေး အဖိုးတန်သော်လည်း စားသုံးရသော ပစ္စည်းတစ်ခုမျှသာ ဖြစ်နေသည်။ ထိုပစ္စည်းများနှင့် နှိုင်း၍ မရချေ။

အကယ်၍ ဂိုဏ်းချုပ်ဆီတွင် ထာဝရသတ္တုနှင့် ဆန်းကြယ်မြေတို့သာ ရှိနေမည်ဆိုလျှင် ရှန်ထျန်းဆီ တန်းထုတ်ပေးလိုက်မည် ဖြစ်၏။ သို့သော်လည်း သူ့တွင် တစ်ခုမျှ ရှိမနေချေ။

အမှန်တော့ အထွတ်အမြတ်မြေအနေနှင့် ထိုပစ္စည်းများကို ရခဲ့စဉ်အခါက ပါရမီရှင်များကို တန်းပေးလိုက်ကာ သုံးစွဲစေခဲ့သည်။

မဟာအကြီးအကဲချုပ်တွင် ဆန်းကြယ်မြေတချို့ ရှိထားသော်လည်း ဂိုဏ်းချုပ်အနေနှင့် ရတနာအတွက်ဖြင့် သူ့ဂိုဏ်းသားသူ ဆန့်ကျင်ဖို့ မဖြစ်နိုင်ပေ။

ဂိုဏ်းချုပ်က ရှန်ထျန်းအား ကြည့်ကာ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူက ရှန်ထျန်းအနေနှင့် ထိုပစ္စည်းများကို လိုအပ်ခြင်းမှာ ဓာတ်ငါးပါး ထူးခြားအံ့ဖွယ်ပစ္စည်းအစုံလိုက် ဖြစ်စေရန်မှန်း သိလိုက်၏။

သူ့ဆရာအနေနှင့် တပည့်ဖြစ်သူကို ကူညီမပေးနိုင်ခြင်းအတွက် အလွန်မျက်နှာပူမိသည်။

ထျန်းအာ လိုနေတာက မီးတောက်သာ ဖြစ်ခဲ့ရင် …

တကယ်လို့ သူသာ မီးဓာတ်ကို လိုအပ်နေခဲ့ရင် ကြာပြာကောင်းကင်အသျှင်ကို နည်းနည်းလောက် လှည့်စားပြီးတော့ စိမ်းပြာကောင်းကင်မီးတောက်ကို ယူပေးလိုက်ရုံနဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ …

ဂိုဏ်းချုပ်က သူ့ဘာသာ ထိန်းချုပ်ပြီး ချောင်းဟန့်ကာ ပြောလိုက်သည်  “ အဟမ်း … သူတို့ကို ရတာနဲ့ ပေးမယ်လေ ”

ရှန်ထျန်းက နားလည်နိုင်စွမ်း မြင့်မားသူ ဖြစ်၍ “ ပစ္စည်း ရတာနဲ့ ” ဆိုသည့် စကားတွင် သူ့ဆရာဆီ၌ ယခုမရှိသေးကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ရှန်ထျန်းက ဆရာအား အခက်မတွေ့စေရန် ဆုံးဖြတ်လိုက်ပြီးနောက် “ ဆရာ့ကို ကျေးဇူးတင်ပါတယ် ”

ဂိုဏ်းချုပ်က မျက်နှာပူလာကာ ပါးပြင်နှစ်ဖက်လုံး လောင်ကျွမ်းလာသလို ခံစားလာရပြီး “ တခြားတစ်ခုခု လိုချင်တာရော ရှိလား။ ဆရာ တတ်နိုင်တာဆို ချက်ချင်း ထုတ်ပေးမယ် ”

ဂိုဏ်းချုပ်က ရှန်ထျန်းအား ကောင်းကင်တာအို၏ သားတော်ဟု ယုံကြည်သွားပြီးနောက် ဘယ်အရာမှ သူ့အား မတွန့်ဆုတ်စေတော့ပေ။

သူက သူ့သမီးဖြစ်သူနှင့် လက်ထပ်ပေးပြီး အထွတ်အမြတ်မြေကိုပင် လက်လွဲပေးဖို့ ပြင်ဆင်ထားလေရာ ထူးခြားအံ့ဖွယ်ပစ္စည်းလောက်က ဘာမှမဟုတ်တော့ချေ။

သို့သော်လည်း ဂိုဏ်းချုပ်အနေနှင့် သူ့တပည့်ဖြစ်သူအတွက် ဘာမှလုပ်မပေးနိုင်သောကြောင့် စိတ်မကောင်းဖြစ်မိနေသည်။

ရှန်ထျန်းက ခဏတာတွေးလိုက်ပြီးနောက် သူ့ကာကွယ်နိုင်စွမ်းမှာ မလုံလောက်သေးကြောင်း ခံစားလာရ၏။ သူ့အနေနှင့် အဆင့်မြင့်ဖို့ လိုအပ်နေသည်။

ထို့ကြောင့် သူက ဓားသခင် အမှတ်အသားပြားကို ထုတ်ကာ ဂိုဏ်းချုပ်အား ပြလိုက်သည်။

“ ဆရာ … ဒါက ဓားအသျှင် လီခန်းလန် လုပ်ပေးထားတဲ့ ဓားသခင် အမှတ်အသားပြားပါ။ ဒါက တကယ်ကို အသုံးဝင်တယ်။ ကျွန်တော်တို့ အထွတ်အမြတ်မြေမှာ ဒီလိုမျိုး ဆင်တူတာမျိုး ရှိလားဟင်။ ကျွန်တော် ဘာပေးရပေးရ မမှုပါဘူး ”

ဂိုဏ်းချုပ်က တစ်ချက်ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်

“ ဒီဓားသခင် အမှတ်အသားပြားကို ကောင်းကောင်း ဖန်တီးထားပေမဲ့ တိုက်ခိုက်မှုက အားနည်းလွန်းတယ်။ ဆရာ မင်းရဲ့ သူတော်စင် အမှတ်အသားပြားထဲမှာ တိုက်ကွက်သုံးကွက် ထည့်ပေးထားမယ်။ ဒါပေမဲ့ တိုက်ကွက်တစ်ခုချင်းစီက တစ်ခါပဲ အသုံးပြုလို့ ရလိမ့်မယ်။ ပြင်ပအကူအညီ ယူလွန်းတာက မင်းအတွက် မကောင်းဘူးလေ ”

ရှန်ထျန်းက စိတ်ပျော်ရွှင်လာကာ  “ ဆရာ့ကို ကျေးဇူးတင်ပါတယ်ဗျ … အဲဒီတိုက်ကွက်က ဘယ်လောက်လောက် အားကောင်းလဲဟင် ”

“ သူတော်စင်နယ်ပယ်အဆင့်အောက်ကဆို ခံနိုင်မှာ မဟုတ်ဘူး ”

ဝိုး … မိုက်တယ် … အရမ်းအားကောင်းတာပဲ  … ငါ ကြိုက်တယ်

ဓားသခင် အမှတ်အသားပြားကဲ့သို့ ထပ်ခါထပ်ခါအသုံးမပြုနိုင်သော်လည်း အတော်လေး အသုံးဝင်လှသည်။

ဓားသခင် အမှတ်အသားပြားက ပြိုင်ဖက်သာ အရမ်းအားကောင်းနေခဲ့လျှင် အသုံးဝင်မည် မဟုတ်ပေ။ သို့‌သော် သူတော်စင်အမှတ်အသားပြားထဲ ထည့်ထားသည့် တိုက်ကွက်မှာ နြူကလီးယား လက်နက် ဖြစ်၏။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူပင် ပြိုင်ဖက် မဟုတ်ချေ။

ငါ ဒီအထွတ်အမြတ်မြေကို လာခဲ့တာ ရွေးချယ်မှု မှန်ကန်သွားခဲ့တာပဲ …

ရှန်ထျန်း အိတ်ထောင်ထဲမှ သူတော်စင် အမှတ်အသားပြားက ပျံသန်းထွက်လာကာ ဂိုဏ်းချုပ်လက်ထဲ ရောက်ရှိသွားသည်။ သူ့အနီးရှိ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က ရွှေရောင်အလင်းတန်း ဖြစ်လာကာ အမှတ်အသားပြားထဲ ဝင်သွားလေ၏။

ရွှေရောင်အလင်းတန်းများ ဝင်ရောက်သွားပြီးနောက် အမှတ်အသားပြားပေါ်၌ သင်္ကေတသုံးခု ပေါ်လာလေသည်။ ထိုသင်္ကေတများက အလွန်အားကောင်းပြီး ဆန်းကြယ်နက်နဲသည့် ခံစားချက်မျိုး ပေးစွမ်း၏။

အလင်းရောင်က ဖြည်းဖြည်းချင်း မှိန်ဖျော့လာကာ အမှတ်အသားပြားက ရှန်ထျန်းဆီ ပြန်လည် ရောက်ရှိသွားသည်။ ထိုအရာက အနည်းငယ် ပိုလေးလံလာလေ၏။

မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ကလည်း လျော့ပါးသွားသည်။ ဂိုဏ်းချုပ်က ရှန်ထျန်းကို ကူညီပေးဖို့အတွက် များစွာအားစိုက်ထုတ်ခဲ့ကြောင်း သိသာလှသည်။

ရှန်ထျန်းက နိဗာနတော်ဝင်ရေစင် တစ်ပုလင်း ထုတ်ကာ ပြောလိုက်သည်

“ ဆရာက ကျွန်တော်ကို ကူညီပေးဖို့အတွက်နဲ့ စွမ်းအားအများကြီး ထုတ်သုံးခဲ့ရပြီ။ ဒီနိဗာနတော်ဝင်ရေစင်က ဆရာအတွက် အားပြန်ပြည့်လာစေမှာပါ။ ဆရာသာ လက်မခံရင် တပည့် စိတ်ထဲ ကောင်းမှာ မဟုတ်ဘူး ”

ဂိုဏ်းချုပ်က ရင်ထဲ ထိသွားကာ

“ ဒီလိုလုပ်ဖို့ မလိုပါဘူး။ အထွတ်အမြတ်မြေအတွက်လည်း တော်ဝင်ရေစင် အများကြီး ထုတ်ပေးထားပြီးပြီလေ။ ဒါကို မင်းအတွက်ပဲ သိမ်းထားလိုက်ပါ။ တကယ်တော့ ဒီနေ့ မင်းကို ခေါ်လာတာ အရေးကြီးတဲ့ ဆွေးနွေးစရာလေးရှိလို့ ”

ရှန်ထျန်းက သူ့ဆရာဆီမှ ဆုလာဘ်ရထားသောကြောင့် တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည် “ ဆရာ ခိုင်းတာမှန်သမျှ လုပ်ပေးပါ့မယ် ”

ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြောပြလိုက်သည်

“ နောက်ဆယ်ရက်နေရင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ကျောက်စိမ်းရေစင် အထွတ်အမြတ်မြေတို့က ပူးပေါင်းလေ့ကျင့်ရေး တစ်ခု လုပ်ကြလိမ့်မယ်။ တည်နေရာက မီးတိုင်းပြည်အနားက ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ … ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူတွေပဲ ပါဝင်ခွင့်ရမှာဆိုတော့ ဖန်ချန်း၊ ယွင်ထင်နဲ့ ယွင်ရှီးတို့က လိုက်လို့ မရဘူးလေ …

ထျန်းအာ … မင်းအနေနဲ့ တပည့်တွေကို ဦးဆောင်ပြီး ကောင်းကောင်း ဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်။ မင်းတို့ ဘယ်လိုကံအပြောင်းအလဲ အခွင့်အရေးကို တွေ့တွေ့ ကိစ္စမရှိဘူး။ ဆရာ ဂရုစိုက်တာက တပည့်တွေရဲ့ ဘေးကင်းလုံခြုံမှုပဲ ”

ဂိုဏ်းချုပ်က ရှန်ထျန်းအား ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်  “ တပည့်တွေကို မင်းလက်ထဲ အပ်လိုက်ပြီနော် ”

ရှန်ထျန်းက ဤအရှုပ်အထွေးကြား ရောက်သွားစေဖို့ လှည့်စားခံလိုက်ရသလို ခံစားလာရသည်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေတဲ့လား … တိုင်းပြည်အပြင်ဘက်က မိစ္ဆာကျင့်ကြံသူတွေ ဖန်တီးထားတယ်ဆိုတာကြီးလား …

ထာဝရအရှင် ကျင့်ကြံသူတွေတောင် တိုက်ပွဲမှာ ပါခဲ့ကြတယ်ဆို …

ဤသို့ ပြင်းပြင်းထန်ထန် တိုက်ပွဲအပြီးနောက် ကမ္ဘာဦးတိုက်ပွဲနယ်မြေ ဖြစ်ပေါ်လာခဲ့၏။

သတ္တိကောင်းသော ကျင့်ကြံသူများစွာက ကမ္ဘာဦးတိုက်ပွဲနယ်မြေသို့ ဝင်ကာ ကံအပြောင်းအလဲ အခွင့်အရေး သွားရှာတတ်ကြသည်။ အဆုံးသတ်၌ မည်သူမှ ပြန်ရောက်မလာကြပေ။ အားလုံးက ထိုနယ်မြေအတွက် မြေဩဇာ ဖြစ်သွားရ၏။

……….....

ရှန်ထျန်းက သူသာ ဦးဆောင်သွားလျှင် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လိမ့်မည်ဟု ခံစားနေမိသည်။

ငါ့ရောင်ဝါလေးက အနီအစက်ပျောက်လေးနဲ့ အစိမ်းရောင်ပဲ ရှိသေးတာလေ … လုံးဝ မလုံခြုံသေးဘူး …

ပြီးတော့ ပူးပေါင်းလေ့ကျင့်ရေး နေရာက ဘေးကင်းတဲ့နေရာ ဖြစ်လို့ မရဘူးလား …

အထွတ်အမြတ်မြေနားက ကြေးမုံလဝန်းရေကန်ဆိုလည်း မဆိုးဘူးလားလို့ … ဟိုအသေအပျောက်များတဲ့ နေရာထက် အဲဒီကို သွားကြတာ ပိုမကောင်းဘူးလား

အရှင်းဆုံးပြောရလျှင် မြူခိုးဟင်းလင်းပြင် အဖြစ်အပျက်အပြီးတွင် ရှန်ထျန်းက သတိကြီးကြီးထားဖို့ ဆုံးဖြတ်ထားလေသည်။

သူ့တွင် အသက်လေး တစ်သက်တည်းသာ ရှိသောကြောင့် ကောင်းချီးပေးခံထားရသည့် ကျင့်ကြံသူများကဲ့သို့ မစတေးရဲပေ။ အကယ်၍ သူသာ သူတို့လို လိုက်အတုခိုးပါက သူ့အသက်လေး ဆုံးရှုံးသွားနိုင်လေသည်။

ထို့ကြောင့် ရှန်ထျန်းက ဆရာအား အမှန်အတိုင်း ပြောပြချင်နေမိ၏။

 ဆရာရေ … ကျွန်တော်က ကံကြမ္မာသားတော် မဟုတ်ရပါဘူးဗျာ

All Chapters