← Chapters

မိုးကြိုးလှိုင်း ဗုဒ္ဓအရှင် တစ်ကိုယ်တော် ကျင့်ကြံခြင်း

Vol. 11-16 Ch. 180

မိုးကြိုးလှိုင်း ဗုဒ္ဓအရှင် တစ်ကိုယ်တော် ကျင့်ကြံခြင်း

Vol. 11-16 Ch. 180

အခန်း (၁၈၀) :  မိုးကြိုးလှိုင်း ဗုဒ္ဓအရှင် တစ်ကိုယ်တော် ကျင့်ကြံခြင်း

မဟာဉာဏ်ပညာ ဗောဓိကျမ်းကို အခေါက်တစ်သောင်း ကူးရမှာလား …

အရှင်ထျန်းရှို့၏ စကားများကို ကြားပြီး ဗောဓိသတ္တဝ ကူသို့တစ်ယောက် နဖူးမှ ချွေးအေးများ စီးကျလာလေ၏။

ဒီလောက်ကျမ်းစာအထူကြီးကို အခေါက်တစ်သောင်း ကူးရမှာတဲ့လား … ကူးရင်းနဲ့ လက်တော့ အံသေတော့မှာပဲ ..

ထိုအတွေးဖြင့် ကူသို့က မြန်မြန် ပြောလိုက်သည် “ ဆရာတော် ခွင့်လွှတ်ပေးပါ။ ဒီကျမ်းစာကို တပည့် ရေးခဲ့တာ မဟုတ်ပါဘူး ”

ကြာပန်းကို ကိုင်ဆောင်ထားသော ဧရာမ ရွှေရောင် ဗုဒ္ဓအရှင်က အေးစက်စက် ပြန်ပြောလိုက်သည်

“ ငါ သိပြီးသားပါ … မင်းအတွက် ဒီလိုကာရံကိုက်ကိုက် ကျမ်းစာကို ရေးနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီကျမ်းစာကို ဘယ်သူဖန်တီးခဲ့တာလဲ မြန်မြန် ပြော … ဒါက ဗုဒ္ဓရဲ့ တကယ့်အဓိပ္ပါယ်အစစ်အမှန်ကို ကျော်လွန်ပြီး  သွေဖယ်နေပြီ ”

ကူသို့က “ ဒါက … တပည့် အိပ်နေတုန်း တစ်ယောက်ဆီက ကြားခဲ့တာပါ ”

ဗုဒ္ဓအရှင်က ကူသို့အား စိုက်ကြည့်လိုက်ပြီး “ အိပ်နေတုန်း ဘယ်သူ့ဆီကနေ ကြားခဲ့တာတုန်း ”

ကူသို့က ကြောင်အမ်းသွားလေသည်။

သူ ဘယ်လိုဖြေလိုက်ရမလဲ …

ဗုဒ္ဓအရှင်က ဆက်မေးလိုက်သည်  “ ဘာလို့ တုံ့ဆိုင်းနေတာလဲ။ ဖန်ချန်းလား။ မင်း အိပ်နေတုန်း ကြားတာဆိုတော့ ဘာလဲ … အရင်က သူနဲ့တစ်ကုတင်တည်း အိပ်ဖူးတာလား  ”

ကူသို့က ကူကယ်ရာမဲ့စွာ ပြောလိုက်သည် “ ဆရာတော် အထင်လွဲနေပါပြီ။ တပည့်ရဲ့ အိပ်မက်ထဲမှာ တစ်ယောက်ယောက် ရွတ်ဆိုနေတာကို ကြားခဲ့ရတာပါ ”

ဗုဒ္ဓအရှင်က အတွေးထဲ နှစ်မြောသွားဟန်ဖြင့်  “ မင်း ပြောတာ ဖြစ်နိုင်တယ်။ မင်းနဲ့ ဖန်ချန်းက အတူတူဆိုတော့ သူ့အနေနဲ့ ဒီကျမ်းစာကို လုံးဝ ရေးနိုင်မှာ မဟုတ်ဘူး ”

ထို့နောက် ဗုဒ္ဓအရှင်က ချက်ချင်းဆိုသလို ကူသို့အား ထပ်မံ စိုက်ကြည့်လိုက်ပြန်သည် “ ဒီကျမ်းစာကို ဘယ်သူဖန်တီးခဲ့တာလဲ ”

ကူသို့၏ အမူအယာတို့က စိုးရိမ်ပိုလာကာ  “ တပည့် မဖော်ထုတ်ပါဘူးလို့ ကျိန်ဆိုထားတယ် ”

ဗုဒ္ဓအရှင်က သိပြီးသားဆိုသော အပြုံးဖြင့်  “ ငါတို့အထွတ်အမြတ်မြေက အကြီးအကဲလား ဒါမှမဟုတ် တပည့်တစ်ယောက်ယောက်လား ”

ကူသို့က ပြန်မဖြေနိုင်ခင် ဗုဒ္ဓအရှင်၏ စကားသံကို ကြားလိုက်ရသည် “ မဟုတ်သေးဘူးပဲ ”

ဗုဒ္ဓအရှင်က ကူသို့အား နောက်တစ်ခါ စိုက်ကြည့်ကာ မေးလိုက်ပြန်သည်

“ တခြားအထွတ်အမြတ်မြေကလား။ ဘယ်အထွတ်အမြတ်မြေကလဲ … သိုင်းပညာစစ်ဂိုဏ်း … ရှုရှန်း … မဟာကမ္ဘာဦး … ဘဝဂ်ကောင်းကင် … ကျောက်စိမ်းရေစင် … အံ့ဖွယ်မိုးကောင်းကင် … ”

ကူသို့၏ အမူအယာ အနည်းငယ် ချက်ချင်း ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည့်အခါ ဗုဒ္ဓအရှင်၏ အပြုံးတို့ ဖြစ်တည်လာရသည်။

“ ထင်ထားတဲ့အတိုင်းပဲ … အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မင်းကို ဒီကျမ်းစာ ပေးလိုက်တာပဲ ဖြစ်ရမယ်။ သူကလည်း ဗုဒ္ဓကျမ်းကို လေ့လာဖူးတယ်ဆိုတော့ အတော်လေး အကျွမ်းတဝင်ရှိတယ်။ အာ … ဂိုဏ်းချုပ် မဟုတ်သေးဘူးပဲ။ ကျန်းယွင်ထင်တော့ မဟုတ်ဘူးမလား … ”

ကူသို့က စိတ်ပူလာကာ သူ့ဘာသာ ပြောဆိုနေသည့် ဗုဒ္ဓအရှင်အား ကြည့်လိုက်သည်။

ကူသို့က ဗုဒ္ဓအရှင် ရူးသွပ်သွားမည်ကို မစိုးရိမ်သော်လည်း သူ့ဆရာဖြစ်သူ၏ ခန့်မှန်းချက်က အဖြေမှန်နှင့် တဖြည်းဖြည်း နီးစပ်လာသည်ကို စိတ်ပူမိလာသည်။

အစ်ကိုရှန်ရေ … ကျွန်တော် ဘာမှမပြောပြလိုက်ဘူးနော်။ ဆရာက ကျွန်တော်တို့ဂိုဏ်းရဲ့ စိတ်ဖတ်ပညာရပ်မှာ ကျွမ်းတယ် ထင်ပါတယ်ဗျာ

“ ကျန်းယွင်ထင်ရော ဖန်ချန်းရော မဟုတ်ဘူးဆိုတော့ ကျန်းယွင်ရှီး ဒါမှမဟုတ် ရှန်ထျန်း … ”

ဗုဒ္ဓအရှင်၏ စိတ်ထဲ အင်မတန် ကြည့်ကောင်းသော ရုပ်ရည်လေး ပေါ်လာလေသည်။ သူက ကူသို့၏ အမူအယာကို အာရုံစိုက်ထားလိုက်၏။

အဟမ်း ဒီငတုံးတပည့်က ဘာကိုမှ ဖုံးကွယ်မထားနိုင်ဘူး .. သူ့မျက်နှာပေါ် အကုန်မြင်နေရတယ်

ဗုဒ္ဓအရှင်က သက်ပြင်းချကာ  “ အဲဆိုတော့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က မင်းကို ပေးလိုက်တာပေါ့ ”

ကူသို့က သူ့ဘာသာ သံသယဝင်လာမိသည်။

အစ်ကိုရှန်ရေ … ဒီလျို့ဝှက်ချက်ကို ကျွန်‌တော် ထုတ်ပြောလိုက်တာ မဟုတ်ဘူးလို့ ပြောရင် ယုံမှာလားဟင်

သူက သနားခံကာ ပြောလိုက်သည်

“ ဆရာတော် … အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က တပည့်တို့ဂိုဏ်းက မဟုတ်ဘူးလေ။ ပြီးတော့ ဒီဟာက အိပ်မက်ထဲကပါ။ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ကို အိပ်မက်မက်ခဲ့တာဆိုတော့ သူနဲ့ ဘာမှမဆိုင်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်ပေးချင်တယ်ဆိုရင် တပည့်ကို အပြစ်ပေး … ”

ကူသို့ စကားမဆုံးခင် ဗုဒ္ဓအရှင်က ဖြတ်ပြောလိုက်သည်

“ ရှန်ထျန်းက ကောင်းကင်ဘုံက ဆင်းသက်လာသလိုမျိုး ထာဝရအရှင်တစ်ပါးလို မွန်မြတ်တဲ့ ရုပ်ရည်ရှိတယ်။ သူ့ဆီမှာ နိဗာနတော်ဝင်ရေစင်လည်း လီတာထောင်ချီ ပိုင်ဆိုင်ထားသေးတယ်။ သူ ကောင်းချီးပေးခံထားရတာ အရမ်းထင်ရှားတယ် …

ဒီလိုလူမျိုးက ဗုဒ္ဓကျမ်းစာကို ဖန်တီးထားတယ်ဆိုတော့ မဟာဉာဏ်ပညာ ဗောဓိကျမ်းစာပေါ် နားလည်သဘောပေါက်မှု  ရှိနေတာများလား ”

………....

အခြေခံအားဖြင့် ဘယ်အရာမှ မတည်မြဲဘူး …

အညစ်အကြေးတွေက ဘယ်လိုများ တိုးလာနိုင်မည်နည်း…

“အောမိတော်ဖော … ဒီကျမ်းစာကို အသေးစိတ် ဖတ်ပြီးတော့ အဓိပ္ပါယ်ရှိလာသလိုပဲ။  အခြေခံအားဖြင့် ဘယ်အရာမှ မတည်မြဲဘူး … ဟူး … ဉာဏ်ထက်လိုက်တာ။ တကယ်ကို ဖန်တီးနိုင်စွမ်းကောင်းတယ် ”

ဧရာမ ရွှေရောင်ဗုဒ္ဓအရှင်၏ အမူအယာက တစ်ခါတစ်ရံ ပျော်ရွှင်သွားပြီး ရံဖန်ရံခါ၌ ဝမ်းနည်းလာကာ တစ်ခါခါ အပြင်းအထန် ဖြစ်လာလေသည်။ ဗုဒ္ဓအရှင်က ထိုကျမ်းစာကြောင့် အလွန်နက်နဲသော တရားပေါက်မှုမျိုး လက်ခံလိုက်ရသည်မှာ သိသာလှသည်။

သို့သော်လည်း ထိုကျမ်းစာအတွင်းရှိ သက်ဝင်ယုံကြည်မှုနှင့် သူ့နဂိုဗုဒ္ဓကျမ်းတို့က ပဋိပက္ခဖြစ်နေကြသည်။ ဗုဒ္ဓအရှင်က သူ့ဘာသာ ဗုဒ္ဓ၏ အစစ်အမှန် အဓိပ္ပါယ်အပေါ် တစ်ယောက်တည်း စကားရည်လုနေရသည်။

ကူသို့က ဆရာဖြစ်သူ၏ အပြောင်းအလဲများကို လေ့လာပြီးနောက် အနည်းငယ် ထိတ်လန့်လာကာ တီးတိုးမေးလိုက်သည်  “ ဆရာတော် … ဒီကျမ်းစာက တကယ်ကြီး ကြီးကျယ်တာလား ”

ဗုဒ္ဓအရှင်က ပြန်ဖြေလိုက်သည်

“ ဟုတ်တယ် … ရှန်ထျန်းမှာ နက်နဲတဲ့ ဉာဏ်ပညာမျိုး ပိုင်ဆိုင်ထားတယ်။ သူက မဟာဉာဏ်ပညာ ဗောဓိကျမ်းစာကို မဖတ်ရသေးပေမဲ့ သူ ရေးထားတဲ့ ကျမ်းစာကို နားထောင်ကြည့်ရုံနဲ့တင် သူ့ပင်ကိုယ်စရိုက်ကို မြင်နိုင်ပြီးတော့ သူ့စိတ်နှလုံးသားကို နားလည်လာနိုင်တယ်။

ငါ့ကိုတောင် ဒီကျမ်းစာက လှုံ့ဆော်ပေးနိုင်တယ်။ တကယ်လို့ သူသာ ငါတို့ဂိုဏ်းဆီ ဝင်ခဲ့ရင် သေချာပေါက် ပြိုင်ဖက်ကင်း ကိုယ်တော်တစ်ပါး ဖြစ်လာလိမ့်မယ် … ဟူး သူက ဘာလို့များ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်သွားရတာလဲ ”

ကူသို့က စိတ်ပျက်မှုအတိဖြစ်နေသည့် ရွှေရောင် ဗုဒ္ဓအရှင်ကို ကြည့်ကာ တီးတိုးပြောလိုက်သည် “ ဆရာတော် … အဲဒါက အိပ်မက်ပါ။ တပည့် မက်ခဲ့တဲ့ အိပ်မက်လေ”

ရွှေရောင် ဗုဒ္ဓအရှင်က ကူသို့အား အေးစက်စက် ကြည့်လိုက်ပြီး ရွှေရောင်လက်ဝါးကို အသာဆန့်ထုတ်ကာ သူ့အား ကောက်မလိုက်သည်။

ထို့နောက် နောက်လက်တစ်ဖက်မှ သစ်သားချောင်းလေး ဆွဲကိုင်ကာ ကူသို့ခေါင်းအား သုံးကြိမ်ခေါက်လိုက်သည်။

ကူသို့က ခေါင်းကိုင်ကာ တအံ့တဩ ပြောလိုက်သည် “ ဆရာတော်က တပည့်ကို သုံးကြိမ်ရိုက်ပြီးတော့ ပညာရပ် ပို့ချပေးနေတာလား ”

ဗုဒ္ဓအရှင် ထျန်းရှို့က အေးစက်စွာ ပြန်ဖြေလိုက်သည်

“ မင်းရဲ့ သစ်သားငါးလို ခေါင်းကို ရိုက်တာလေ။ မင်းက ဗုဒ္ဓနိယာမတွေကို မသင်ယူဘဲနဲ့ ဘယ်လိုလိမ်ရမလဲဆိုတာ သင်ခဲ့တယ်ပေါ့လေ။ ငါ့ကိုတောင် လိမ်ဖို့ ကြိုးစားနေတာလား။ ဟိုးငယ်ငယ်လေးကတည်းက ငါက ခရီးအနှံ့သွားပြီးတော့ လူအမျိုးမျိုးနဲ့ တွေ့ခဲ့ပြီးသား ပြီးတော့ နဂိုဉာဏ်ရည်ထက်တဲ့သူဆိုတော့ မင်းက ငါ့ကို လိမ်လို့ရမယ် ထင်နေသေးတာလား။

မင်း မက်ခဲ့တဲ့ အိပ်မက်တဲ့လား … ဗုဒ္ဓကျမ်းစာ များများဖတ်ပြီးတော့ အသိပညာတိုးပွားလာအောင် လုပ်။ ဖန်ချန်းနဲ့လည်း သိပ်အဆက်အသွယ် မလုပ်နဲ့။ သူနဲ့ အဆက်အသွယ် လုပ်လေလေ မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက လျော့ကျလာလေလေပဲ …

ရှန်ထျန်းက ဒီလိုမျိုး အံ့ဩစရာကောင်းတဲ့ ဗုဒ္ဓကျမ်းစာ ဖန်တီးခဲ့ပေမဲ့ မင်းက နားမလည်သေးဘဲ တကယ်ကြီး ကြီးမြတ်လား လာမေးနေသေးတယ်။ မင်းဘာသာ နောက်မှ နားလည်အောင် လုပ်သင့်တာ မဟုတ်ဘူးလား။ ငါက မင်းလိုမျိုး ငတုံးကို အထွတ်အမြတ်မြေရဲ့ ဗောဓိသတ္တဝအဖြစ် လက်ခံထားမိပါ့လိမ့် …

ထွက်သွားတော့ … သုံးလလုံးလုံး အပြစ်ဆင်ခြင်ပြီးတော့ မဟာဉာဏ်ပညာ ဗောဓိကျမ်းစာကို ကူးနေချည် ”

(သစ်သားငါး ခေါင်း = ငတုံး )

ကူသို့က ဝမ်းနည်းစွာဖြင့် “ ဒါက ကြီးမြတ်တယ်ဆိုရင် တပည့်က ဘာလို့ ကူးရဦးမှာလဲ ”

ဗုဒ္ဓအရှင်က သစ်သားချောင်း ထပ်ကိုင်ထားလိုက်ပြီး  “ ဘယ်အပိုင်းက ကြီးမြတ်တာလဲဆိုတာ ပြောနိုင်ရင် ကူးဖို့ မလိုတော့ဘူး ”

ကူသို့က ဗုဒ္ဓအရှင်၏ လက်ထဲမှ သစ်သားချောင်း အရွယ်အစား ကြီးလာသည်ကို မြင်ကာ ချွေးအေးများ ထွက်လာပြီး “ ဆရာတော် သက်ညှာပါဦး ”

ဗုဒ္ဓအရှင်က ကူသို့အား ဆွဲကာ မဟာရတနာခန်းမမှ နှင်လွှတ်လိုက်တော့သည်။

“ သွားပြီးတော့ အပြစ်ဆင်ခြင်ချည် … ငတုံးတပည့် ”

………....

ကူသို့ကို မောင်းထုတ်လိုက်ပြီးနောက် ဗုဒ္ဓအရှင်က စိတ်သက်သာရာရသွားလေသည်။

ကမ္ဘာကြီးက လှပလွန်းပေမဲ့ ငါက စိတ်ကြီးနေမိတယ် … သိပ်မကောင်းဘူး သိပ်မကောင်းဘူး …

ဗောဓိကျမ်းကို အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် ဗုဒ္ဓအရှင်အနားရှိ အရှိန်အဝါများက တဖန် ပြန်လည် ငြိမ်သက်သွားလေသည်။ သို့သော်လည်း လေထုထဲ၌ နဂိုအရောင် ဖြစ်မသွားဘဲ အစိမ်းဖျော့ဖျော့ အငွေ့အသက်တို့ ကျန်ရှိနေဆဲ ဖြစ်၏။

ဗုဒ္ဓအရှင်က ခြေချိတ်ထိုင်ကာ မရပ်မနား ရွတ်ဆိုလိုက်သည်။

“ ခန္ဓာက ဗောဓိပင်လိုလား … ဗောဓိက နဂိုမူလ သစ်ပင် မဟုတ်ခဲ့ဘူးလား  … ဘယ်ဟာက မှန်တာလဲ။ ဘယ်ဟာက မှားနေတာလဲ။ ငါ အညစ်အကြေးတွေနဲ့ ဝေးဝေးနေလိုက်ရမလား ဒါမှမဟုတ် ငါ့စွဲလမ်းမှုကို လက်လွှတ်လိုက်ပြီးတော့ အရာအားလုံးကို ကံတရားဆီ အပ်နှံ့ထားလိုက်ရမလား။

ဗုဒ္ဓသဘာဝကိုက အမြဲတမ်း သန့်ရှင်းစင်ကြယ်ခဲ့လေရာ ဘယ်မှာများ အညစ်အကြေးများ ရှိမည်နည်း။

ကြေးမုံက နဂိုကတည်းက သန့်ရှင်းကြည်လင်နေပြီးသားဆိုရင် ဘယ်အညစ်အကြေးများ စွန်းထင်းနိုင်မည်နည်း။

သန့်ရှင်းစင်ကြယ်တယ်ဆိုတာက ဘာကို ပြောချင်တာလဲ … အညစ်အကြေးဆိုတာကရော ဘာကိုရည်ညွှန်းချင်တာလဲ။ ငါက ဗုဒ္ဓရဲ့ အထွတ်အထိပ် လမ်းစဉ်ကနေ သွေဖယ်နေခဲ့ပြီလား …

ဗုဒ္ဓကျမ်းစာကို တစိုက်မတ်မတ် လေ့လာပြီးတော့ လူသားသဘာဝကို ပစ်ပယ်ထားတာက စွဲလမ်းမှုတစ်ခုလိုလား။ တကယ့် ဗောဓိတာအိုက ကူသို့လိုမျိုး နေရမှာမျိုးလား …

”

……………...

ဗုဒ္ဓအရှင်၏ လက်ကြားတွင် ဧရာမ ရွှေပဒုမ္မာကြာပန်းကြီးက ပွင့်ချပ်တစ်လွှာချင်းစီ ခြောက်ကပ်ညိုးနွမ်းလာပြီး အနောက်ဘက်ရှိ အဆုံးမဲ့သဏ္ဌာန်မှာလည်း ပြိုကျလာသည်။

သေခြင်း ရှင်ခြင်း … အငွေ့အသက်နှစ်မျိုး … သန့်စင်မွန်မြတ်မှုနှင့် နတ်ဆိုးဆန်မှု … ဆက်တိုက် ဖန်တီးခြင်းနှင့် ဖျက်စီးခံရခြင်း … ဗုဒ္ဓအရှင် ကိုယ်ထည်အပေါ်ယံ၌ အမျိုးမျိုး ဖြစ်ပေါ်နေသည်။

မဟာရတနာခန်းမ တံခါး ဖြည်းဖြည်းချင်း ပိတ်မသွားခင် ဗုဒ္ဓအရှင်၏ အသံ ထွက်ပေါ်လာလေ၏။

“ ဒီနေ့ကစပြီး တစ်ကိုယ်တော် သီးသန့်ကျင့်ကြံအားထုတ်မယ်။ ဗောဓိကို သက်သေမပြနိုင်ခင်အထိ ထွက်မလာဘူး။ ပြီးတော့ မိုးကြိုးလှိုင်းရဲ့ ဗုဒ္ဓအမှတ်အသားပြားကို အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ရှန်ထျန်းဆီ ပေးလိုက်ကြ …ဒီအထွတ်အမြတ်မြေတစ်ခုလုံးက သူ့ကို လေးလေးစားစာ ပျူပျူဌာဌာ ဆက်ဆံကြရမယ် ”

All Chapters