အနီရောင် ရောင်ဝါစက်ဝန်း၏ စွမ်းဆောင်နိုင်စွမ်း
Vol. 11-16 Ch. 184
အခန်း (၁၈၄) : အနီရောင် ရောင်ဝါစက်ဝန်း၏ စွမ်းဆောင်နိုင်စွမ်း
ရှန်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ညီလေးလီက တကယ်ကို အရည်အချင်းရှိတယ်။ သူ ကျွန်တော်တို့နဲ့ အတူလိုက်ချင်တယ်ဆိုရင် လိုက်ခွင့်ပြုလိုက်ပါ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကောင်းချီးပေးခံရသူများအဖွဲ့ရဲ့ လျှို့ဝှက်ချက်တွေကို အပြင်ထုတ်သွားလို့ မရဘူးလို့ သေချာရှင်းလင်းအောင် ပြောထားလိုက်ပါ။”
လျှိုထိုက်ယီက ဝါးပေလွှာကို အမြန်ထုတ်ကာ ချမှတ်ထားလိုက်သည်
“ ဆရာနတ်မင်းက ကောင်းချီးပေးခံရသူတွေအနေနဲ့ ပင်မလျှို့ဝှက်ချက်တွေကို ဖြန့်တာ မကြိုက်ဘူး”
သူဌေးစုန့်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ သူတော်စင် စိတ်မပူပါနဲ့နော်။ ကျွန်တော် သူ့ကို ပြောထားပြီးပါပြီ”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်
“ ဒါဆိုလည်း ပြီးရောလေ။ သိပ်မကြာခင် ကျွန်တော် အထွတ်အမြတ်မြေရဲ့ အပြင်ကို သွားစရာရှိတယ်။ ကျွန်တော် မရှိတဲ့ အတောအတွင်း ကျင့်ကြံအားထုတ်မှုကို သေချာအာရုံစိုက်ပြီးတော့ ကြိုးစားကြပါ။ နိဗာနတော်ဝင်ရေစင်တွေ အသုံးပြုပြီးတော့ တတ်နိုင်သမျှ ခွန်အားတိုးလာအောင် လုပ်ထားကြပါ”
အမှန်အတိုင်းပြောရလျှင် နောက်ထပ် ၁၀ရက်ကြာလျှင် စစ်ဆေးမှုအတွက် သွားမည့်အထဲမှာ ကျောက်ဟောင်လည်း ပါနေသည့်အတွက် ရှန်ထျန်း စိုးရိမ်နေမိသည်။
ဒီကောင်လေးက သူများကို စတေးခိုင်းတတ်တဲ့ အဓိကဇာတ်ကောင်လိုလူမျိုးပဲ။ ပါရမီရှင်တစ်ယောက် ဖြစ်လာဖို့ သူ့အမေကို စတေးခဲ့ပြီး ယန်ကိုးသွယ်တိုက်ပွဲခန္ဓာကို ရရှိဖို့အတွက် သူ့ဆရာကို စတေးခဲ့တာလေ …
သူ့ရောင်ဝါစက်ဝန်းက ရွှေအတိပြောင်းသွားပြီဆိုပေမဲ့လည်း ဘာတွေဖြစ်မလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ
သူ့ကို အရင်ဆုံး လေ့လာကြည့်ရမယ် … ဒီတစ်ခါတော့ လုံခြုံနိုင်ဖို့အတွက် သူ့ကို ခေါ်မသွားဘဲ နေလိုက်တော့မယ်
အကုန်လုံးကို ညွှန်ကြားပြီးနောက် ရှန်ထျန်းလည်း သူ့ ဝိညာဉ်ချီတစ်ဝက်ကျော်လောက် ပြန်လည်ဖြည့်တင်းပြီးသွားလေပြီ။ သူ အသက်ပြင်းပြင်းရှူသွင်းကာ သူ့ လုံယွမ်နတ်ချပ်ဝတ်တန်ဆာ၏ ဒုတိယပုံစံဖြစ်သော သာမန်ချပ်ဝတ်တန်ဆာအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထိုချပ်ဝတ်တန်ဆာက ပထမပုံစံလောက် မမိုက်တော့ပေ။ ဝတ်ဆင်ထားသည့်အခါ ထူးခြားသည့်ပုံစံ မရှိသည့်အတွက် အန္တရာယ်များသည့်အခြေအနေတွင် မသိမသာလေး နေလို့ ရမည့်ဝတ်စုံမျိုး ဖြစ်သည်။
ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်ပင် လူခုနစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ကျင့်ကြံဆင့်အားလုံး ဆုံးရှုံးသွားပြီး အစမှ ပြန်စနေရကြောင်း သိပြီးနောက် ရှန်ထျန်း ပိုပြီး သတိကြီးလာမိသည်။ လျှို့ဝှက်စွမ်းအားများကို တခြားသူများ သိသွားပါက ပြိုင်ဘက်ကင်းတစ်ယောက်ဟု မခေါ်ဆိုနိုင်တော့သည့်အတွက် မရေမတွက်နိုင်သော လျှို့ဝှက်စွမ်းအား၊ လျှို့ဝှက်လက်နက်များကို စုဆောင်းရမည်ဟု သူ တွေးလိုက်မိသည်။
သူတော်စင်တောင်ပေါ်တွင် အရာအားလုံးကို မှာကြားပြီးနောက် သေနတ်ပျံ စီးနင်းကာ ထွက်ခွာသွားသည်။
ယခုတစ်ခါ ခရီးအတွက် ယခင်တစ်ခေါက်တုန်းကလိုမျိုး လူအုပ်စုလိုက် ခေါ်သွားဖို့ ရှန်ထျန်း မစီစဉ်ထားပေ။ အဘယ်ကြောင့်ဆိုသော် လူဘယ်နှစ်ယောက်ပဲ ခေါ်သွားပါစေ သူ ကံဆိုးချိန်ရောက်လျှင် ကံဆိုးရမည်ဆိုတာကို ရှန်ထျန်း သိထားသောကြောင့် ဖြစ်၏။
တကယ်လို့ သူ ကံကြမ္မာရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့သူနဲ့ နေမယ်ဆိုရင်တောင် အန္တရာယ်နဲ့ ကြုံတွေ့တဲ့အခါ သူတစ်ယောက်တည်း ဓားစာခံဖြစ်နေရင် ဘယ်လိုလုပ်မလဲ
အံ့ဖွယ်ဝါးမျိုနွယ်ပင်တွေ မြို့ကို တိုက်ခိုက်တုန်းကလိုမျိုးပေါ့။ ကျန်းယွင်ရှီးနဲ့ တခြားသူတွေက အဆင်ပြေပေမဲ့ ရှန်ထျန်းတစ်ယောက်ထဲ ခေါ်သွားခံရတာမျိုးလေ
ထို့ကြောင့် ကံကောင်းသည့်လူများနှင့် သွားလာပါက ကံကောင်းမှုကိုသာ မျှယူနိုင်ပြီး ကံဆိုးမှုကိုတော့ မမျှဝေနိုင်ကြောင်း ရှန်ထျန်း နားလည်သွားသည်။
သူ ကြာပစ်ခွင်းသေနတ်ပေါ်မှာ စီးနင်းပျံသန်းရင်း အံ့ဖွယ်မိုးကောင်းကင်မြို့တော်၏ ပို့ဆောင်ရေးစက်ဝန်းဆီ အလျင်အမြန် ရောက်ရှိသွားသည်။ ဒီတစ်ခါ တစ်ယောက်ထဲ ရောက်လာသော်လည်း ယုံကြည်မှုအပြည့် ရှိသည်။
ပထမအချက်အနေဖြင့် ခုနစ်စဉ်ကြယ် သူတော်စင်မှာ ရွှေရောင် ရောင်ဝါစက်ဝန်းရှိသော်လည်း ဖန်ချန်းထက်တော့ မှေးမှိန်နေသေးသည်။
ဒုတိယအချက်အနေဖြင့် ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းက အနီရောင်သို့ ပြောင်းသွားပြီဖြစ်သည့်အတွက် ခုနစ်စဉ်ကြယ်သူတော်စင်၏ ရွှေဖျော့ရောင် ရောင်ဝါစက်ဝန်းလိုမျိုး ဖြစ်ဖို့ သိပ်မလိုတော့ပေ။
တတိယအချက်ဖြစ်သော အရေးကြီးဆုံးအချက်က ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းက အနီရောင်သို့ ပြောင်းပြီးနောက် အရည်အချင်းလည်း တစ်ဆင့် မြင့်လာခဲ့သည်။
ယခင်တုန်းက ရှန်ထျန်း ကံကြမ္မာ၏ ကောင်းချီးပေးခံထားရသောသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို မြင်နိုင်သော်လည်း ပုံရိပ်များသာဖြစ်ပြီး ဖန်ချန်း၏ ခေါင်းပေါ်ရှိ ပုံရိပ်များက နောက်ရက်အနည်းငယ်အတွင်း ဖြစ်လာမည့် ကံအပြောင်းလဲ အခွင့်အရေးဟုသာ သိနိုင်သည်။
ရှန်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ထိုအခွင့်အရေးကို လုယူခဲ့သော်လည်း အံ့ဖွယ်ဝါးမျိုနွယ်ပင် မြို့ကို တိုက်ခိုက်သည့်အချိန်နှင့် ကောင်းကောင်းကြုံတွေ့ခဲ့ရသေးသည်။ အရေးပေါ်အခြေအနေမှာ ကျောက်ဟောင်၏ ကံကြမ္မာကြောင့်သာ မဟုတ်ပါက ရှန်ထျန်း တမလွန်မှာ သူ့အမေနှင့် တွေ့နေရလောက်လေပြီ။
သို့သော် ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းအဆင့် တက်သွားပြီးနောက် ကံအပြောင်းအလဲ အခွင့်အရေးဖြစ်ပေါ်မည့် အချိန်ကို သူ ဆုံးဖြတ်နိုင်ကြောင်း သိရှိသွားသည်။
သူ နိဗာနတော်ဝင်ရေစင်ကို ဖန်ချန်းဆီ မျှဝေပေးခဲ့ကတည်းက သူ၏ အစိမ်းပုတ်ရောင် ရောင်ဝါစက်ဝန်းက အနီရောင်သို့ ပြောင်းလဲနေခြင်း ဖြစ်သည်။
ထို့နောက် အစက ကံအပြောင်းအလဲ အခွင့်အရေး မရှိသော ခုနစ်စဉ်ကြယ်၏ သူတော်စင်မှာလည်း ရုတ်တရက် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ရှိလာသည်ကို တွေ့လိုက်ရသည်။
သူ့ကံကြမ္မာ တိုးတက်လာသည့်အတွက် ကံအပြောင်းအလဲ အခွင့်အရေးကို ခန့်မှန်းနိုင်သည့်အချိန်လည်း ပိုမို ကြာရှည်လာလိမ့်မည်ဟု ရှန်ထျန်း ခန့်မှန်းမိသည်။
ဥပမာအားဖြင့် ရှန်ထျန်း၏ ရောင်ဝါစက်ဝန်း အစိမ်းရောင် ဖြစ်ခဲ့စဉ်က နောက်သုံးရက်အတွင်းဖြစ်လာမည့် ကံအပြောင်းအလဲ အခွင့်အရေးကို ခန့်မှန်းနိုင်ခဲ့သည်။
ယခု သူ့ ရောင်ဝါစက်ဝန်းက အနီရောင်သို့ ပြောင်းသွားပြီဖြစ်သည့်အတွက် နောက်ငါးရက်အတွင်း ဖြစ်လာမည့် ကံအပြောင်းအလဲ အခွင့်အရေးကို ခန့်မှန်းနိုင်ပေတော့မည်။
နောက် ငါးရက်အတွင်းဆိုတာ ဘာလို့ သေချာနေရလဲဆိုတော့ ခုနစ်စဉ်ကြယ်သူတော်စင်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးက နောက်ငါးရက်ကြာရင် ဖြစ်မှာမလို့ပဲ
ရှန်ထျန်းက နောက်ငါးရက်အတွက် အခြေအနေကို တိတ်တဆိတ် အကဲခတ်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။ သူအရာအားလုံးကို ဖြေရှင်းပြီးသွားပါက နောက်ငါးရက်မှာ ဖြစ်ပေါ်လာမည့် ကံအပြောင်းအလဲ အခွင့်အရေးကို စောင့်လို့ ရသည်။ ထို့နောက် ခုနစ်စဉ်ကြယ် သူတော်စင်၏ ကံအပြောင်းအလဲ အခွင့်အရေးကို လုယူလိုက်မည်။
ဒါမှ မလိုအပ်တာတွေကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်၏။
ဟင်း…နည်းနည်းတော့ ဒုက္ခများတုန်းပဲ။ ငါ လှည့်စားခံရတုန်းကနဲ့တော့ ယှဉ်လို့ မနိုင်ပါဘူး
ခုနစ်စဉ်ကြယ် သူတော်စင်အနေနှင့် ရှန်ထျန်းကို ယုံလာဖို့က ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်သလို တစ်ချိန်တည်းမှာပဲ ကံအပြောင်းအလဲ အခွင့်အရေးကို လုယူခံရပါက မူလပိုင်ရှင်များက ကံဆိုးမှုနှင့် ကြုံတွေ့ရတတ်လားဆိုတာကို စမ်းသပ်ချင်နေမိသည်။
စစ်ဆေးမှုကြောင့်သာ မဟုတ်ပါက ရှန်ထျန်း ယခုလိုမျိုး အန္တရာယ်များသော အလုပ်ကို မလုပ်ပေ။
ကိုယ့်ကိုယ်ကို မရပ်မနား အားပေးပြီးနောက် ရှန်ထျန်းက ပို့ဆောင်ရေးစက်ဝန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။ ထို့နောက် အာကာပြင်နှင့် အလင်းရောင်တို့က မူမမှန် ဖြစ်လာလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ရှန်ထျန်းက တောက်ပသော မြို့ထဲသို့ ရောက်ရှိသွားသည်။
ဒီမြို့က ဘာလို့ တောက်ပတယ်လို့ ပြောရတာလဲဆိုတော့ မြို့ရဲ့ ကောင်းကင်မှာ နေ မရှိလို့ပဲ
မြို့ရဲ့ ကောင်းကင်မှာ ငွေရောင်ခုနစ်စဉ် ကြယ်သာ ရှိပြီး ထိုကြယ်များမှ အလင်းရောင် ဖြာကျနေပုံက အရမ်းလှပသည်။
ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေ၏ မြို့များထဲမှ တစ်မြို့ဖြစ်သည့် ခုနစ်စဉ်ကြယ် မြို့တော် ဖြစ်သည်။ ထိုမြို့တွင် ခုနစ်စဉ်ကြယ် အစီအရင်ကို အသက်သွင်းထားသည်။
ကောင်းကင်ရှိ ခုနစ်စဉ်ကြယ်က တကယ့်ခုနစ်စဉ်ကြယ်မှ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုသာ ဖြစ်သည်။ ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေ၏ ကျင့်စဉ်များကို ကျင့်ကြံသူများအနေဖြင့် ထိုအစီအရင်ထဲမှာ ကျင့်ကြံပါက လုပ်အားတစ်ဝက်သာ အားစိုက်ထုတ်ပြီး ရလဒ်နှစ်ဆ ရနိုင်သည်။
ရှန်ထျန်းက ကောင်းကင်ရှိ ခုနစ်စဉ်ကြယ်ကို ကြည့်ပြီး အံ့ဩမှင်သက်နေမိသည်။
တခြားအရာတွေမပါသေးဘဲ ပုံပန်းသဏ္ဌာန်ကိုသာ နှိုင်းယှဉ်လိုက်ပါက အံ့ဖွယ်မိုးကောင်းကင် မြို့တော်ထက် ပိုပြီးတောက်ပကား ကောင်းကင်နှင့်ကမ္ဘာမြေတို့ အသွင်ပြောင်းထားသလို ခံစားရစေသည်။
ကောင်းကင်နဲ့ ကမ္ဘာမြေက တကယ်တော့ အသွင်မပြောင်းနိုင်ဘူးပေါ့ တကယ်သာဆိုရင် အရမ်းကို ကို့ရို့ကားရားနိုင်လိမ့်မယ်
ခုနစ်စဉ်ကြယ်သူတော်စင်၏ ရောင်ဝါစက်ဝန်းထဲရှိ ကံအပြောင်းအလဲ အခွင့်အရေးက ခုနစ်စဉ်ကြယ်မြို့တော်မှာ မဟုတ်ဘဲ ဤနေရာနှင့်ဝေးကွာသော တောင်ကတုံးတစ်ခုပေါ်မှာသာ ဖြစ်သည်။
ရှန်ထျန်း သိထားသည့် တစ်ခုတည်းသောအရာက ထိုနေရာတွင် တောင်နက်မြို့တော်ဟုခေါ်သော သေမျိုးမြို့တော်တစ်ခုရှိသည် ဆိုတာပင် …
ရှန်ထျန်းမှာ အချိန်တွေ ပေါများနေသည့်အတွက် အနီးအနားရှိ နယ်ခံအဖွဲ့ကို ရှာဖို့အတွက် ပိုက်ဆံချက်ချင်းသုံးလိုက်သည်။
ဝိညာဉ်ကျောက်တုံးနှစ်တုံး ပေးလိုက်ပြီးနောက် မြေပုံကို ချက်ချင်း ရရှိသွားခဲ့သည်။ လူအများစုအတွက်တော့ ဝိညာဉ်ကျောက်တုံးနှစ်တုံးကလည်း ပိုက်ဆံ ဖြစ်၏။
နယ်ခံအဖွဲ့ ဆွဲပေးထားသော မြေပုံက အရမ်းတိကျသည့်အတွက် တစ်ချက်ကြည့်လိုက်ရုံဖြင့် ခုနစ်စဉ်ကြယ်မြို့တော်မှ တောင်နက်မြို့တော်ဆီသို့ ဘယ်လိုသွားရမလဲဆိုတာကို ချက်ချင်းသိနိုင်သည်။
ခုနစ်စဉ်ကြယ်မြို့တော်နှင့် တောင်နက်မြို့တော်၏ အကွာအဝေးက ၂၅၀၀ ကီလိုမီတာသာ ရှိသည့်အတွက် သိပ်မဝေးပေ။
တိုတောင်းသော လေးရက်ပြီးဆုံးသွားသည့်အခါ ရှန်ထျန်းကို သူ့ဦးတည်ရာဆီ ခေါ်ဆောင်ပေးသွားမည့် လမ်းကြုံလှည်းနှင့် ကြုံတွေ့လိုက်ရသည်။
ဟုတ်တယ် လေးရက်…ဒီလေးရက်မှာ ရှန်ထျန်း ဘယ်လိုရှင်သန်ခဲ့ရလဲဆိုတာကို ဘယ်သူက သိမှာလဲ
သူ မြေပုံအတိုင်းလိုက်သွားပြီး လမ်းကြောင်းသာ မှန်ကန်ပါက သူ့ဦးတည်ရာသို့ ကီလိုမီတာ ၂၅၀၀ ခရီးနှင်ပြီးပါက လွယ်လွယ်နှင့် ရောက်သွားမည်ဟု အစကတွေးခဲ့သည်။
သို့သော် အရှေ့ပိုင်းလွင်ပြင်ရှိ တောင်တန်းများ၊ နတ်ဆိုးသားရဲများ၊ လေနှင့်သဲတို့က ရှန်ထျန်းကို သင်ခန်းစာကောင်းတစ်ခု ပေးလိုက်သည်။
ကီလိုမီတာ ၂၅၀၀ ကွာဝေးသော နေရာဖြစ်သည့်အတွက် တစ်ဒီဂရီလောက် တိမ်းစောင်းမှုကပင် ကြီးမားသော ကွာခြားမှုကို ဖြစ်သွားစေသည်။ မြေပုံအတိုင်း ပျံသန်းပြီးနောက် လေးရက်အတွင်းမှာ လမ်းမှန်ကို ရှာနိုင်ခဲ့ရုံနှင့်ပင် အတော်လေး အံ့ဩဖို့ကောင်းသည်ဟု ရှန်ထျန်း ခံစားမိသည်။
သွားရသည့် ခရီးလမ်းက ခက်ခဲခဲ့သော်လည်း အနည်းဆုံး တောင်နက်မြို့တော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးကို တိကျတဲ့ အချိန်မှာ လုယူရဦးမယ်။ ပြီးရင် ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေဆီ ထွက်တဲ့ခရီးကလည်း အောင်မြင်တယ်လို့ ပြောလို့ရတယ်
ရှန်ထျန်းက ပြင်းပြသော ဆန္ဒတစ်ခုနှင့်အတူ တောင်နက်မြို့တော်ထဲသို့ ဝင်သွားပြီး နားဖို့နေရာ အရင်ရှာချင်နေသည်။
တောင်နက်မြို့တော်က မြို့ငယ်လေး ဖြစ်သည့်အတွက် နေထိုင်သူအများစုက သေမျိုးများ ဖြစ်ပြီး အခြေတည်အဆင့်ကျင့်ကြံသူက လက်တစ်ဆုပ်စာသာ ရှိသည်။
ရှန်ထျန်း ဓားပျံစီးနင်းလာပြီး ပြဿနာ မရှာချင်သည့်အတွက် မြေပြင်ပေါ်သို့ ဆင်းသက်ကာ မြို့ထဲသို့ လမ်းလျှောက်ဝင်သွားသည်။
မြို့ဂိတ်ဝင်ပေါက်သို့ ရောက်သည့်အခါ စိတ်ဝင်စားစရာ ကောင်းသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။
ကြေးစား ကြော်ငြာစာတစ်ခု ဖြစ်သည်
“ နတ်ဆိုးကို သတ်နိုင်ရင် ငွေစ တစ်သောင်း ဆုချမည်”
အဲဒါကို ဘာလို့ ရှန်ထျန်းက စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ရတာလဲဆိုတော့ အဲဒီကြော်ငြာစာပေါ်မှာရှိတဲ့ နတ်ဆိုးကြောင့်ပဲ။ ဒါက ရှန်ထျန်း ခုနစ်စင်ကြယ်သူတော်စင်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးမှာ မြင်လိုက်တဲ့ ခြင်နတ်ဆိုးကြောင့်ပဲ
ဒီ ခြင်နတ်ဆိုးကတော့… လေးရက်လောက်တောင် လမ်းပျောက်အောင်လုပ်ခဲ့တယ်
လေးရက်အတွင်း ဝင်ငွေဘယ်လောက်ထိ ရှာလို့ရလဲဆိုတာ သိရဲ့လား
ခွင့်မလွှတ်နိုင်စရာပဲ …