ဒီလိုရုပ်ချောဖို့အတွက် အရင်ဘဝက ကောင်းမှုတွေ ဘယ်လောက်များများလုပ်ခဲ့တာလဲ
Vol. 11-16 Ch. 185
အခန်း (၁၈၅) : ဒီလိုရုပ်ချောဖို့အတွက် အရင်ဘဝက ကောင်းမှုတွေ ဘယ်လောက်များများလုပ်ခဲ့တာလဲ
အနက်ရောင်ခြင်ကြီးကို ကြော်ငြာတွင် ရေးဆွဲထားသည်။ ခန္ဓာကိုယ်က မဲနက်နေပြီး သွေးဖြင့် ဆေးဆိုးထားသလိုမျိုး ဖြစ်နေသော အနီရင့်ရင် တောင်ပံခြောက်ခု ပါရှိသည်။ အရွယ်အစားကလည်း အရမ်းကြီးမားကာ မီတာပေါင်းဆယ်ချီပြီး ရှည်လျားသည်။ သူ ပျံသန်းလိုက်သည့်အခါ ကောင်းကင်တွင် ခံတပ်ကြီးတစ်ခုလိုမျိုး ဖြစ်သွားသည်။
ခြင်နတ်ဆိုးနှင့် နှိုင်းယှဉ်လိုက်လျှင် တောင်နက်မြို့တော်က အင်မတန် သေးငယ်သွားပုံပေါ်သည်။ သူတို့အနေနှင့် ပြန်လည်ခုခံဖို့ မဖြစ်နိုင်သည့်အတွက် တစ်ဖက်သတ် သတ်ဖြင်းသာ ဖြစ်သွားစေသည်။
ဘာ…ရှန်ထျန်းက ကြော်ငြာစာက အချက်အလက်လေးကို ကြည့်ရုံနဲ့တင် ဒီလောက်ဘယ်လိုလုပ် သိသွားရတာလဲ ...
ဤသည်မှာ ရိုးရှင်းလှလေသည်။ မြို့ကို တိုက်ခိုက်ထားသော သွေးရင့်ရောင်တောင်ပံ ခြင်၏ဆေးရေးပန်းချီ ပုံတူမှာ ဆုကြော်ငြာချက်နောက်တွင် ရှိနေပြီး နောက်ဆုံးအခြေအနေအထိ တင်ပြထားသောကြောင့် ဖြစ်၏။
ခြင်နတ်ဆိုးက ဘယ်လောက်ထိ ကြီးမားလဲဆိုတာကိုပါ နှိုင်းယှဉ်ကြည့်လို့ ရပေသည်။ မြို့တံတိုင်းကို ပန်းချီဆွဲထားသူက ဘေးမှာ အရွယ်အစား အချိုးအဆကိုပါ အထူးမှတ်သားပေးထားခဲ့သေး၏။
ထို့ကြောင့် ရှန်ထျန်းက ပန်းချီဆွဲသူကို စိတ်ထဲမှ လေးစားနေမိသည်။
ဒါက ဖန်တီးပညာရှင် တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နေစိတ်ထားပဲ
တောင်နက်မြို့တော်က ယခုထိ ဘေးကင်းနေသေးသည့်အတွက် ရှန်ထျန်းအနေနှင့် ကံအပြောင်းအလဲ အခွင့်အရေးဖြစ်ပေါ်မည့် အချိန်ကို လွတ်မသွားသေးကြောင်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်ထျန်းက ခုနစ်စဉ်ကြယ် သူတော်စင်၏ ရောင်ဝါစက်ဝန်းထဲတွင် မြင်ခဲ့ရသော ပုံရိပ်တွင် တောင်နက်မြို့တော်က အတော်လေး ပျက်စီးနေပြီ ဖြစ်၏။
အပျက်အစီးများကြားထဲတွင် လူသေလောင်းများနှင့် အရိုးများ စုပုံနေသည်။
ထိုဝမ်းနည်းစရာကောင်းသော ကိစ္စကြောင့် ရှန်ထျန်းအနေဖြင့် ခုနစ်စဉ်ကြယ် သူတော်စင်၏ ကံအပြောင်းအလဲ အခွင့်အရေးတွင် ဝင်ရောက်စွက်ဖက်ဖို့အတွက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရှန်ထျန်းက သူတော်စင်တစ်ယောက် မဟုတ်ပေ။ ကျင့်ကြံရေးလောကက တောအုပ်၏ ဥပဒေသလိုမျိုး အကြံ့ခိုင်ဆုံး၊ အားအကောင်းဆုံးသူသာ ရှင်သန်နိုင်မည်။ ထို့နောက် သူ မကြုံတွေ့ဖူးသော မသိသော ကိစ္စများကို ဝင်မပါချင်ပေ။
ကံအပြောင်းအလဲ အခွင့်အရေးက တောင်နက်မြို့တော်မှာ ရှိနေသည့်အတွက် ရှန်ထျန်းအနေဖြင့် ခုနစ်စဉ်ကြယ် သူတော်စင်၏ ရှေ့တွင် ခြင်နတ်ဆိုးကို သုတ်သင်ပစ်ဖို့ ဝန်မလေးပေ။
နတ်ဆိုးများကို နှိမ်နင်းခြင်းက ကောင်းမှု လုပ်သည်ဟု သတ်မှတ်နိုင်သည့်အတွက် ကံကြမ္မာ တိုးတက်ပြောင်းလဲမှု မရှိလျှင်ပင် အနည်းဆုံးတော့ လိပ်ပြာသန့်သည်။
အမှန်တော့လည်း ရှန်ထျန်း လေးရက်တောင် လမ်းပျောက်နေခဲ့လို့ ဒေါသတွေကို ပုန်ချချင်နေတာပါ
ဖြတ်သွားရုံလေးပဲဆိုရင် သူ့ဒေါသကို ပုန်ချဖို့အတွက် နတ်ဆိုးကို နှိမ်နင်းတယ်ဆိုတာက အရေးပါတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး
ရှန်ထျန်း မြို့၏ ဂိတ်တံခါးဝဆီသို့ လမ်းလျှောက်သွားသည့်အခါ မြို့စောင့်တစ်ယောက်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။
“ ရပ်လိုက်…မင်းက ဒီမြို့သား မဟုတ်ဘူးမလား”
ထိုအမျိုးသားက ကြီးမားထွားကျိုင်းပြီး သူ့ခန္ဓာကိုယ်အတွင်းမှာ ဝိညာဉ်ချီအနည်းငယ် ရှိနေသည်။
ရှန်ထျန်း စူးစမ်းလေ့လာကြည့်သည့်အခါ သူက ၃ဆင့်မြောက်ချီသန့်စင်ခြင်းအဆင့်မှာသာ ရှိနေသေးကြောင်း သတိထားမိသွားသည်။
ရှန်ထျန်းလိုမျိုး အခြေတည်အဆင့်မှာ ရောက်နေသော ကျင့်ကြံသူအတွက် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူက အရမ်းအားနည်းလှသည်။
ဒီလိုမျိုး အားနည်းတဲ့သူက ငါ့ကို တားပြီးတော့ လာဘ်ထိုးငွေတောင်းချင်သေးတာလား။ ငါ့အင်အားကို ထုတ်သုံးပြီးတော့ သူ့မျက်နှာတည့်တည့်ကို ထိုးနိုင်မည့် အခွင့်အရေးများကြုံတာလား မသိဘူး
ရှန်ထျန်းက ထိုကဲ့သို့သော အခွင့်အရေးမျိုးကို အနည်းငယ် မျှော်လင့်စောင့်စားမိသည်။ သူက ထိုအမျိုးသား၏ ခေါင်းပေါ်ရှိ ရောင်ဝါစက်ဝန်းကို ကြည့်လိုက်သည့်အခါ အစိမ်းနုရောင်သာ ဖြစ်နေသည့်အတွက် ဘာအလွဲအချော်မှ မရှိလောက်ဘူးဟု ရှန်ထျန်း ယူဆမိသည်။
ထိုအတွေးကြောင့် ရှန်ထျန်း ပြုံးပြကာ ပြောလိုက်သည်
“ ဟုတ်ပါတယ် ညီအစ်ကို။ ဘယ်လိုလုပ်ပြီးတော့ သိလဲဟင်”
ထိုအမျိုးသားက ပြုံးကာ ဂုဏ်ယူစွာ ပြောလိုက်သည်
“ ကျုပ်မှာ ခွဲခြားသိမြင်တတ်တဲ့ မျက်လုံးမျိုး ရှိပါတယ်ဗျာ။ ညီအစ်ကိုက အရမ်းချောတယ်လေ။ တကယ်လို့ တောင်နက်မြို့တော်မှာသာ ဒီလောက်ထိ ရုပ်ချောတဲ့သူရှိရင် မမှတ်မိဘဲ နေပါ့မလား”
ရှန်ထျန်းက သူ့ချွေးကိုသုတ်ကာ ပြောလိုက်သည်
“ ညီအစ်ကိုက အရမ်းဉာဏ်ကောင်းတာပဲနော်”
ထိုလူက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်
“ ကျုပ်ကို မြှောက်မပြောပါနဲ့။ ညီအစ်ကို မြို့တော်ထဲကို ဝင်လို့ မရဘူး”
ရှန်ထျန်းက ကြောင်အစွာဖြင့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ ဘာလို့ ဝင်လို့မရတာလဲ။ ဒီလိုရုပ်ချောတာက ဥပဒေတစ်ခုခုရဲ့ စည်းမျဉ်းကို ချိုးဖောက်မိနေလို့လား”
ရုပ်ချောနေလို့ မြို့ထဲဝင်လို့ မရဘူးဆိုတာကို ရှန်ထျန်း ပထမဆုံးကြားဖူးတာပဲ။ ဒီ သာမန်ရုပ်ရည်ရှိတဲ့သူတွေ တော်တော် လွန်သွားပြီ
ထိုသူက စိတ်ပျက်သွားပုံပေါ်သော်လည်း ရှင်းပြနေဆဲ ဖြစ်သည်
“ဒီဆေးရေးပန်းချီပုံတူကို ကြည့်ပြီးတော့ မသိသေးဘူးလား။ နတ်ဆိုးက မြို့တော်ကို လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက တိုက်ခိုက်နေတာ။ ညီအစ်ကို ရုပ်ချောတာကို ကြည့်ပြီးတော့ လှည့်လည်သွားလာနေတဲ့ ချမ်းသာတဲ့ မိသားစုက သခင်လေးဆိုတာ သေချာတယ်။
ဒါပေမဲ့ အခု တောင်နက်မြို့တော်ကို ရောက်လာပြီဆိုတော့ နတ်ဆိုးက မင်းကို သတ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲလိုဖြစ်ဖို့ မတန်ဘူးလေ ဟုတ်တယ်မလား။
ညီအစ်ကိုသာ ရုပ်ဆိုးနေရင် အခုလို ဖျောင်းဖျနေမှာ မဟုတ်ဘူး။ မင်း သေသွားရင် တခြားမိသားစုမှာ လူ ပြန်ဝင်စားလိမ့်မယ်လေ။
ဒါပေမဲ့ မင်းက ဒီလောက်ထိ ရုပ်ချောနေတာဆိုတော့ အရင်ဘဝက ဒီလိုရုပ်ချောဖို့အတွက် ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ အခုလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဆိုးသတ်တာကို ခံပြီးသေသွားရင် သနားစရာပဲ။ မစဉ်းစားမဆင်ခြင် လုပ်ပြီး ကိုယ့်သေတွင်းကို မတူးချင်စမ်းပါနဲ့ာ”
အစောင့်က ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှန်ထျန်းကို တွန်းလွှတ်ကာ ထပ်ပြောလိုက်သည်
“ ဟုတ်ပြီ … အိမ်မြန်မြန်ပြန်တော့”
အစောင့်၏ တွန်းလွှတ်ခြင်းကို ခံရပြီးနောက် ရှန်ထျန်း လုံးဝ ကြောင်အသွားသည်။
သူက ငါ့ကို တကယ်တွန်းရဲတယ်ပေါ့လေ
သူက ၃ ဆင့်မြောက် ချီသန့်ခြင်းအဆင့်ပဲ ရှိသေးတာကို ငါ့လို အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တကယ် တွန်းရဲတယ်ပေါ့လေ။ သူက အရမ်းကို ရဲတင်းလွန်းတယ်
ငါ့လို စိတ်သဘောကြီးတဲ့သူ မဟုတ်ဘဲ တခြားအခြေတည်အဆင့်ကျင့်ကြံသူတွေဆိုရင် သူ့ကို သင်ခန်းစာပေးပစ်လောက်ပြီ
ထိုအတွေးကြောင့် ရှန်ထျန်း အေးစက်စွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ လူငယ်လေး … မင်းက ငါ့အာရုံကို ဖမ်းစားသွားပြီ”
ထို့နောက် ရှန်ထျန်း၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်သွားကာ မြင့်မြတ်သော အရှိန်အဝါတစ်ခုကို လွှတ်ထုတ်နေသည်။
နဂါးပြာ ပုံရိပ်သဏ္ဌာန်က သူ့နောက်ရှိ ကောင်းကင်မှာ ပေါ်လာသည်။ တောင်နက်မြို့တော်မှ လူအားလုံးလည်း ဖိနှိပ်သော နဂါးအရှိန်အဝါကို ခံစားလိုက်ကြသည်။
တောင်နက်မြို့တော်ရှိလူအားလုံးက ရှန်ထျန်းရှိရာသို့ အသီးသီးရောက်လာကြပြီး အရမ်းစိတ်လှုပ်ရှားနေပုံပေါ်သည်။
“ ထာဝရရှင်သန်သူ စီနီယာကြီးကို တောင်နက်မြို့တော်ကနေ ကြိုဆိုပါတယ်။ ကျွန်တော်က ထာဝရရှင်သန်သူ စီနီယာကြီး ရောက်လာမှာကို စောင့်နေခဲ့တာ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။
ထာဝရရှင်သန်သူ စီနီယာကြီး … မြို့အရှင်က ကြိုဆိုဧည့်ခံပွဲအတွက် ပြင်ပြီးနေပြီဆိုတော့ ထာဝရရှင်သန်သူ စီနီယာကြီးကို ဧည့်ခံဖို့ အသင့်ပါပဲ။
ထာဝရရှင်သန်သူ စီနီယာကြီးက တကယ်ကို ခုနစ်စဉ်ကြယ် မြို့တော်ကပဲ။ သာမန်ထက် ထူးကဲတဲ့ ရုပ်ရည်သွင်ပြင်က ကောင်းကင်နတ်အရှင် တစ်ပါး ဆင်းသက်လာသလိုပဲ။
ထာဝရရှင်သန်သူ စီနီယာကြီးသာ နတ်ဆိုးကို အနိုင်ယူပေးရင် ကျွန်တော်တို့ တောင်နက်မြို့တော်ရဲ့ ကျေးဇူးရှင်ကြီး ဖြစ်လာမှာပါ။ အဲဒီအခါကျရင် အထိမ်းအမှတ်ရုပ်ထုတစ်ခု လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။
“ထာဝရရှင်သန်သူ စီနီယာကြီးက ဘာတွေကြိုက်တတ်လဲဆိုတာ သိထားလို့ ရမလားဟင်။ ပြောသာပြောလိုက်ပါ ရတနာလား၊ သီချင်းလား၊ အကလား၊ မိန်းမပျိုလေးတွေလား အရာအားလုံးကို ချက်ချင်း ပြင်ဆင်ပေးမှာပါ။
ထာဝရရှင်သန်သူ စီနီယာကြီး တစ်ယောက်ထဲ လာတာလားဟင်။ အစေခံတစ်ယောက်လောက် လိုချင်လား။ ကျွန်တော်ရဲ့ သမီးက အသက် ၁၈ နှစ်ရှိပြီးတော့ ပန်းလေးတစ်ပွင့်လိုမျိုး လှပပါတယ်”
မြို့ဂိတ်ဝသို့ ပြေးလာသော ကျင့်ကြံသူတွေအားလုံးက အခြေတည်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
တောင်နက်မြို့တော်တွင် ထိုသူများက မိသားစုအချို့၏ အိမ်ထောင်အကြီးအကဲများ ဖြစ်သလို မြို့အရှင်၏ ထောက်ပံ့မှုကိုလည်း ရရှိထားသည်။ သူတို့အားလုံးက လေးစားစရာကောင်းသူများ ဖြစ်သည်။
သို့သော် မြို့၏ ဂိတ်ပေါက်ဝရှိ စွမ်းအားကြီးသော အရှိန်အဝါကို အာရုံခံစားမိပြီးနောက် သိက္ခာရှိပြီး လေးစားမှုကို ရခဲ့သောသူတွေက ရှန်ထျန်းကို ကပ်ဖားဖို့အတွက် အသည်းအသန် ကြိုးစားနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဂိတ်ပေါက်ဝမှာ ရောက်နေသော ထိုသူ၏ စွမ်းအားက သူတို့ကို အလွယ်လေး နှိမ်နင်းပစ်နိုင်သည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
သူတို့က သိပ်မကြာခင်က ခုနစ်စဉ်ကြယ် မြို့တော်ဆီသို့ “နတ်ဆိုးနှိမ်နင်းရေး”အတွက် တောင်းဆိုထားသည့်အတွက် ထိုလေးစားထိုက်သောသူများက ရှန်ထျန်းကို ခုနစ်စဉ်ကြယ် မြို့တော်မှ ရောက်ရှိလာသော စစ်ကူဟု အထင်မှားနေကြသည်။
လူတိုင်းက ရှန်ထျန်း၏ နောက်တွင် သူ့ကို ရိုသေခယနေကြသည်။ သူတို့ကို ကြည့်ရတာ အရမ်းယဉ်ကျေးပြီး ပျူငှာပုံပေါ်သည်။
ရှန်ထျန်း ချက်ချင်း ခံစားချက်ကောင်းသွားသည်။
ဒါမျိုးကမှ သူတော်စင်တစ်ယောက် ရသင့်တဲ့ ဆက်ဆံမှုမျိုးပဲ။ စစ်နတ်ဘုရားအကြောင်း ရေးထားတဲ့ ဝတ္ထုတွေ ဘာလို့ နာမည်ကြီးလာလဲဆိုတာကို နားလည်ပြီ
စွမ်းအားကြီးတဲ့သူကို အမဲလိုက်ဖို့ တုံးအချင်ယောင်ဆောင်တယ်…စွမ်းအားကြီးတဲ့သူကို အမဲလိုက်ဖို့က အဓိကသော့ချက်ပဲ
ရှန်ထျန်းက ဆန်းကြယ်သော အပြုံးမျိုး ပြုံးကာ ပြောလိုက်သည်
“ ဒီလိုမျိုး ပျူငှာဖော်ရွေဖို့အတွက် မလိုအပ်ပါဘူး။ ကျွန်တော်က ဒီမှာ နတ်ဆိုးတွေကို နှိမ်နင်းဖို့အတွက် ရောက်လာတာပါ။ ရတနာတွေ၊ သီချင်းတွေ၊ အကတွေနဲ့ မိန်းမပျိုလေးတွေဆိုတာက အပိုတွေပါ … အဲဒါကြောင့် သူတို့ကို မလိုအပ်ပါဘူး”
ရှန်ထျန်းက ပြုံးကာ ထိတ်ထိတ်ပျာပျာဖြစ်နေသည့် အစောင့်ဆီ သွားကာ ပြောလိုက်သည်
“ ညီအစ်ကိုက သိပ်ကို ကြင်နာတတ်တာပဲ။ ကျွန်တော်က နှစ်ပေါင်း ၈၀၀ ကျင့်ကြံလာတဲ့ အတော်အတွင်းမှာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူရဲ့ တွန်းထုတ်ခြင်းကို ခံရတာ ပထမဆုံးအကြိမ်ပဲ။ ညီအစ်ကိုက သိပ်ကိုရဲတင်းလွန်းတာပဲနော်”
ရှန်ထျန်း၏ စကားကို ကြားပြီးနောက် ထိုအစောင့်၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
“အင်…ထာဝရရှင်သန်သူ စီနီယာကြီး ကျေးဇူးပြုပြီး သနားညှာတာပေးပါနော်”
အစောင့်က ပတ်ဝန်းကျင်ရှိ အခြေတည်အဆင့် ကျင့်ကြံသူများ၏ သတ်ဖြတ်သည့်ပုံစံများကို တွေ့မြင်ထားသည့်အတွက် စိတ်အားငယ်သွားရသည်။ စွမ်းအားကြီးသော ကျင့်ကြံသူများကို သွားရှုပ်မိလျှင် အဆုံးသတ်က ဘယ်လောက်အထိ ဆိုးရွားသွားနိုင်သည်ကို သူ ကောင်းကောင်းသိသည်။
ချွေးပျံပြီး ပျာပျာသလဲဖြစ်နေသော ထိုအမျိုးသားကို ကြည့်ရင်း လေးရက်ကြာ လမ်းပျောက်ခဲ့သော ရှန်ထျန်း၏ ဒေါသက အတော်လေး ကွယ်ပျောက်သွားပြီဖြစ်သည်။
ဟွန်း…ဘယ်သူက ငါ့လို ချောမောတဲ့သူကို အနိုင်ကျင့်ပြီးတော့ မြို့ထဲဝင်မရအောင် တားဖို့ ပြောလို့လဲ
ပြီးတော့ ငါ့ကို တွန်းတောင် တွန်းလိုက်သေးတယ်။ ဒီနေ့ သင်ခန်းစားပေးပြီး ကြောက်အောင် မလုပ်လို့ နောက်တစ်ခါ တကယ်မကောင်းတဲ့ ကျင့်ကြံသူနဲ့တွေ့ပြီး အကောင်းပြောပေးရင်တောင် သူတို့က အငြိုးထားပြီးတော့ လက်စားချေမှာ သေချာတယ်
ဟုတ်တယ်…ငါက ဒါကို အကောင်းဆုံးရည်ရွယ်ချက်တွေနဲ့ လုပ်ပေးတာပါ
အစောင့်က ကြောက်လန့်နေသည့်အတွက် ရှန်ထျန်းက သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်
“ ထားလိုက်ပါ။ ညီအစ်ကို ကျွန်တော်နဲ့ ကံစပ်တယ်လို့ သတ်မှတ်ပြီးတော့ ဒီရက်ပိုင်းအတွင်း ကျွန်တော်ရဲ့ နောက်လိုက် လုပ်ပေးပါ။ ခြင်နတ်ဆိုးနဲ့ ပတ်သက်လို့လည်း အကုန်ပြောပြပါ။ ကောင်းကောင်းလုပ်ပေးမယ်ဆိုရင် ကံအပြောင်းအလဲ အခွင့်အရေး ရလာနိုင်ပါတယ်”
ရှန်ထျန်း၏ အသံက အေးစက်တည်ငြိမ်နေသော်လည်း တခြားအစောင့်များ၊ ရာထူးကြီးသူများက ထိုအစောင့်ကို ဝိုင်းကြည့်နေကြသည်။
ရှန်ထျန်းက “ခုနစ်စဉ်ကြယ် မြို့တော်”ဆီမှ ရောက်ရှိလာသော စွမ်းအားကြီးသည့် ထာဝရရှင်သန်သူ စီနီယာကြီးဆိုကတည်းက သူတို့အကြည့်ထဲမှာ အားကျမှုတွေ ပြည့်နှက်နေခဲ့သည်။
ထာဝရရှင်သန်သူ စီနီယာကြီး သူတို့ကို သဘောကျပြီး အခွင့်အရေး သေးသေးလေးတစ်ခုပဲ ပေးမည်ဆိုလျှင်တောင် ကျေနပ်သည်။
ဒီအစောင့်က ထာဝရရှင်သန်သူ စီနီယာကြီးကို သွားရှုပ်မိသည့်အတွက် သေချာပေါက် သေရလိမ့်မည်ဟု သူတို့ ထင်မှတ်ထားကြသည်။
ဒီလိုမျိုး လှည့်ကွက်ရှိလာမယ်ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ သူက ထာဝရရှင်သန်သူ စီနီယာကြီးအတွက် အမှုထမ်းနိုင်တော့မယ်
ထိုကဲ့သို့သော ကံကောင်းမှုမျိုးက အားလုံးကို မနာလိုဖြစ်လာစေ၏။ အကုန်လုံးက အားကျနေသော အကြည့်များဖြင့် ထိုအစောင့်ကို ကြည့်နေကြသည်။
ရှန်ထျန်း ပြုံးလိုက်မိသည်။
တစ်ခါတစ်လေတော့လည်း စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရတဲ့ ပျော်ရွှင်မှုက…
ဒီလောက်ထိ ရိုးရှင်းပြီးတော့ ပျင်းစရာကောင်းတာလား