ခြင်နတ်ဆိုး
Vol. 11-16 Ch. 186
အခန်း (၁၈၆) : ခြင်နတ်ဆိုး
တောင်နက်မြို့တော်တွင် နေဝင်သွားကာ မှောင်နေပြီ ဖြစ်၏။
ရှန်ထျန်းက ဝိညာဉ်ကျောက်တုံးများ ပတ်လည်ဝိုင်းနေသော အိပ်ရာပေါ်တွင်ထိုင်နေသည်။
အစောင့်က ရှန်ထျန်းကို အားကျသော အကြည့်များဖြင့် ကြည့်နေသည်။
ငါက ဘယ်အချိန်လောက်မှများ ကျင့်ကြံဖို့အတွက် ဒီလိုဝိညာဉ်ကျောက်တုံးတွေကို သုံးနိုင်မှာလဲ။ စိတ်ကူးနဲ့တောင် တွေးကြည့်လို့မရဘူး
အထွတ်အမြတ်မြေ၏ တပည့်တစ်ယောက်အနေဖြင့် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းသုံးတာ ပြဿနာမရှိသော်လည်း ကျင့်ကြံသူအများစုက များပြားသော ပမာဏဟု သတ်မှတ်ကြသည်။
ဝိညာဉ်ကျောက်တုံးတစ်တုံးက ငွေစ ၁ထောင်တန်တယ်ဆိုတာ အံ့ဩစရာ မဟုတ်ပေ။ အရမ်းချမ်းသာသော ကျင့်ကြံသူများသာ ဝိညာဉ်ကျောက်တုံးများကို စိတ်ပူပန်ခြင်းမရှိ သုံးစွဲနိုင်သည်။
အစောင့်က သာမန်မိသားစုမှ မွေးဖွားလာသည့်အတွက် ဝိညာဉ်ကျောက်တုံးတိုင်းကို သေချာဂရုပြုပြီး သုံးဖို့ လိုအပ်သည်။ သူက တောင်နက်စစ်တပ်၏ အဖွဲ့ခေါင်းဆောင် ဖြစ်သည့်အတွက် အလယ်အလတ်တန်းစား အဆင့် ဖြစ်သည်။ သို့သော် သူ၏ တစ်လစာ လစာက ဝိညာဉ်ကျောက်တုံး တစ်တုံးတန်ဖိုး၏ တဝက်စာသာ ရှိသည့်အတွက် ငွေစ ၅၀၀ သာ တန်ဖိုး ရှိသည်။ မြို့ပြင်မှာ တပ်ဖွဲ့က တစ်ခုခုကို အမဲလိုက်လို့ ရလာပါက သူလည်း ဆုချခံရမည် ဖြစ်၏။
သို့သော် ခြင်နတ်ဆိုးက မြို့ကို မကြာခဏ ရောက်လာတတ်သည့်အတွက် သူတို့အနေဖြင့် မြို့ကို နေ့တိုင်းစောင့်ရှောက်နေရပြီး အမြဲတမ်း အသင့်ဖြစ်နေဖို့ လိုအပ်သည်။
ရှန်ထျန်း ဒီနေ့ည ကျင့်ကြံဖို့အတွက် အသုံးပြုလိုက်သည့် ဝိညာဉ်ကျောက်တုံးတွေကို သူ့လစာနှင့် နှိုင်းယှဉ်လိုက်မယ်ဆိုရင် နှစ်ပေါင်းရာချီပြီးတော့ အလုပ်လုပ်တာနှင့် ညီမျှပေမည်။ ချမ်းချမ်းသာသာ ကျင့်ကြံသူတစ်ယောက် သုံးလိုက်သော ပိုက်ဆံက ဆင်းရဲသူတစ်ယောက်ကို တစ်ဘဝလုံးစာ ထောက်ပံ့ပေးနိုင်သော ပမာဏ ဖြစ်၏။
တဖြည်းဖြည်းဖြင့် ရှန်ထျန်း၏ ဘေးမှာရှိသော ဝိညာဉ်ကျောက်တုံးများ၏ အရောင်လည်း မှေးမှိန်သွားရသည်။
ရှန်ထျန်း ကုန်ခမ်းသွားသော စွမ်းအားကို ပြန်လည်ရရှိလာပြီးသည့်အတွက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
သူက အစောင့်ကို ကြည့်ကာ မေးလိုက်သည်
“ လူငယ်လေး .. မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ”
ထိုအမျိုးသားက သတိထားပြီး ဖြေလိုက်သည်
“ ကျွန်တော်နာမည်က ကျန်းပေါင်ပါ”
ကျန်းပေါင်တဲ့လား
ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှာ အနီရောင် တောခုတ်ဓားတစ်ချောင်းကို ထုတ်ကာ ပြောလိုက်သည်
“ ဒါက အဆင့်နိမ့် ဓမ္မအသုံးအဆောင် ပစ္စည်းပဲ။ မင်းကို မေးခွန်းတချို့ မေးမယ်။ မင်းရဲ့အဖြေကို သဘောကျရင် ဒါက မင်းအပိုင်ပဲ”
ရှန်ထျန်းက ထိုတောခုတ်ဓားကို မြူခိုးမြို့တော်တွင် ရုန်းရင်းဆန်ခတ် ဖြစ်သည့်အချိန် မြေပြင်ပေါ်မှာ ကောက်တွေ့ခဲ့ခြင်း ဖြစ်သည်။ သူ့ဆီမှာ ဝိညာဉ်အသုံးအဆောင် ပစ္စည်းတွေလည်း အများကြီး ရှိသလို နတ်အသုံးအဆောင် ပစ္စည်းတွေလည်း တစ်ဆင်စာ ရှိနေသည့်အတွက် ထိုကဲ့သို့သော ဓမ္မအသုံးအဆောင် ပစ္စည်းက သူ့အတွက် တကယ် အသုံးမဝင်ပေ။
သို့သော် အဆင့်နိမ့် ဓမ္မအသုံးအဆောင် ပစ္စည်းတစ်ခုက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ရာကျော်တန်ဖိုး ရှိသည်။
ကျန်းပေါင်အတွက်တော့ ထိုပမာဏကို ရဖို့အတွက် မစားမသောက်ဘဲ စုလျှင်ပင် နှစ်ပေါင်းများစွာ ကြာနိုင်ချေ ရှိသည်။ ထို့အပြင် သူက အလယ်အလတ်အဆင့်နှင့် အထွတ်အထိပ်အဆင့် လက်နက်များကို မကိုင်တွယ်နိုင်သေးသည့်အတွက် အဆင့်နိမ့် လက်နက်သာလျှင် သူ့အတွက် ကိုက်ညီပြီး အဆင်ပြေသည်။
အဆင့်မြင့် လက်နက်ဆိုလျှင် တခြားကျင့်ကြံသူတွေက သူ့ကို ပြန်ပေးဆွဲသွာနိုင်ချေ ရှိသည်။
ထိုအဆင့်နိမ့် ဓမ္မအသုံးအဆောင်ပစ္စည်းနှင့်သာဆိုလျှင် ကျန်းပေါင်၏ စွမ်းအားက ၅၀ ရာခိုင်နှုန်းလောက် တိုးတက်သွားနိုင်သည့်အတွက် ရှေ့လျှောက် အမဲလိုက်ထွက်သည့်အခါ ပိုပြီးတော့ လုံခြုံလာနိုင်သည်။
ထို့ကြောင့် ကျန်းပေါင်က အမြန် ပြန်ပြောလိုက်သည်
“ ကျွန်တော် သိသမျှ အကုန်ဖြေပေးပါ့မယ်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ဆက်ပြောလိုက်သည်
“ ခြင်နတ်ဆိုးနဲ့ ပတ်သက်ပြီးတော့ မင်း သိထားသမျှ အရာအားလုံးကို ပြောပြ”
ခုနစ်စဉ်ကြယ်၏ ကံအပြောင်းအလဲ အခွင့်အရေးမြင်ကွင်းမှ နတ်ဆိုး ထွက်ပေါ်လာမည့် အချိန်နှင့်နေရာကို သိထားသော်လည်း မြူခိုးဟင်းလင်းပြင်မှာဖြစ်ခဲ့သော မတော်တဆမှုကြောင့် လုံခြုံမှု မရှိသလို ခံစားနေရဆဲ ဖြစ်သည်။ ထို့ကြောင့် အလားတူ မတော်တဆမှုမျိုး ထပ်မဖြစ်ရန်အတွက် ခြင်နတ်ဆိုးအကြောင်း အကုန်သိထားမှ အဆင်ပြေမည်။
ဒါပဲလား
ကျန်းပေါင်က ရိုးရှင်းလှသော မေးခွန်းကြောင့် ကြောင်အသွားသည်။
ဒါက ငါ့အတွက် တောခုတ်ဓားကို အလကား ပေးလိုက်သလိုပဲ။ သူ့ကို ရုပ်အရမ်းချောတယ်ဆိုပြီး ပြောထားလို့ ဆရာနတ်မင်းက ဝမ်းသာနေလို့ ထင်တယ်။ သူ ရုပ်အရမ်းချောကတည်းက အခုလိုမျိုး ရက်ရောမယ်ဆိုတာကို သိနေတယ်လေ
ကျန်းပေါင် ရှန်ထျန်းကို တားမြစ်ခဲ့မိသည့်အတွက် ထိတ်လန့်နေရင်း ခြင်နတ်ဆိုးအကြောင်းကို စတင်ပြောပြလိုက်တော့သည်
“ပြီးခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ခြင်နတ်ဆိုး ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့တာ။ အစတုန်းကတော့ တောင်နက်မြို့တော်ရဲ့ အပြင်ဘက်မှာရှိတဲ့ သိုးနဲ့နွားတွေကိုပဲ တိုက်ခိုက်ခဲ့တာ။ သူက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားလောက်ပဲ ရှိတယ်ဆိုတော့ မြို့တော်ကနေ ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်ရှိတဲ့ အစောင့်တွေကို လွှတ်ပြီး သုတ်သင်ရှင်းလင်းစေခဲ့တယ်။ ဒါပေမဲ့ ခြင်နတ်ဆိုးက အရမ်းဉာဏ်များတော့ အစောင့်တွေပဲ သေသွားခဲ့ရတယ်။
အဲဒါပြီးတော့ ခြင်နတ်ဆိုးက ရုတ်တရက် ပျောက်သွားပြန်ရော နောက်ပိုင်းလည်း ဆက်ပြီး မတွေ့ရတော့ဘူး။ နှစ်လလောက်ကြာတော့ ခြင်နတ်ဆိုးက တောင်နက်မြို့တော်ကို ပြန်ရောက်လာတယ်။ သူ့ခွန်အားက ၉ ဆင့်မြောက် ချီသန့်စင်ခြင်းဖြစ်ပြီးတော့ အရွယ်ရောက်ပြီးသား သူတစ်ယောက်ကိုတောင် တစ်ခဏအတွင်းမှာပဲ သွေးတွေ ခမ်းခြောက်သွားအောင် လုပ်ပစ်နိုင်တယ်။
သူက လမ်းမှာ မြင်တဲ့သူတွေအကုန်လုံးကို သတ်ပြီးတော့ သွေးတွေကို စုပ်ပြီးတော့ မကြာခင်မှာပဲ အခြေတည်အဆင့်ကို ရောက်သွားခဲ့တာ။ နောက်ထပ် အခြေတည်အဆင့် ကျင့်ကြံသူ အနည်းငယ်ကိုလည်း အနိုင်ယူပြီးတော့ သွေးတွေခမ်းခြောက်သွားတဲ့အထိ စုပ်ပစ်ခဲ့သေးတယ်။
နောက်ဆုံးကျမှ မြို့အရှင်ဖြစ်တဲ့ ရွှေအမြုတေကျင့်ကြံသူ ရောက်လာတော့လည်း ခြင်နတ်ဆိုးကို သတ်မပစ်နိုင်ခဲ့ဘဲ မောင်းထုတ်ဖို့ပဲ တတ်နိုင်ခဲ့တာ။ အဲဒီအချိန်တုန်းက အဲဒီနတ်ဆိုး ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ပဲ ထင်ထားခဲ့ကြတာ။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းမှုက နှစ်လပဲ ခံလိုက်တယ်။ ခြင်နတ်ဆိုး ထပ်ပေါ်လာတော့ သူက ဒီတစ်ခေါက် အမြုတေ ဖန်တီးခြင်းအဆင့် ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ရာကျော်ကတည်းက ရွှေအမြုတေ ရရှိခဲ့တဲ့ မြို့အရှင်တောင် အဲဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားတယ်။ နတ်ဆိုးက သူ့ထက် အသာစီးရပြီးတော့ သူ့ကို သွေးစုပ်တော့မဲ့အချိန် သူ့ ဓမ္မအသုံးအဆောင်ပစ္စည်းတွေ အားလုံးကို သုံးပြီးတော့ ထပ်ပြီး မောင်းထုတ်နိုင်ခဲ့တယ်။
ဟင်း…သူ ဒဏ်ရာအပြင်းထန်ရပြီးတော့ အဲဒီတိုက်ပွဲအပြီး နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ဆုံးပါးသွားခဲ့တာ။ အဲဒါကြောင့် မြို့ထဲမှာ ရွှေအမြုတေ ကျင့်ကြံသူတွေ မရှိတော့တာ။
ညီအစ်ကို သိတဲ့အတိုင်းပဲ တောင်နက်မြို့တော်က ခုနစ်စဉ်ကြယ် မြို့တော်ကို မှီခိုပြီးတော့ နေရတဲ့ မြို့လေ။ အဲဒါကြောင့် အခွန်အခတွေ အများကြီး ပေးဖို့ လိုအပ်တယ်။ အပြန်အလှန်အနေနဲ့ တောင်နက်မြို့တော်က အကူအညီ လိုအပ်တဲ့အခါ ခုနစ်စဉ်ကြယ် မြို့တော်က ပြန်ပြီးတော့ ကူညီတာပေါ့။
တောင်နက်မြို့တော်မှာရှိတဲ့သူတွေက ခြင်နတ်ဆိုးကြောင့် စိတ်ပူပန်နေရပေမဲ့လည်း ခုနစ်စဉ်ကြယ် မြို့တော်ဆီကို လူလွှတ်ပြီးတော့ အကူအညီ တောင်းခံထားတော့ ကျွန်တော်တို့ မကြောက်ပါဘူး။ နည်းလမ်းကျကျပြောရရင် ခြင်နတ်ဆိုးက သူ လုပ်နေကျအတိုင်း နှစ်လနေရင် ပြန်ရောက်လာမှာပဲလေ”
တခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင် ခုနစ်စဉ်ကြယ်ရဲ့ ထာဝရရှင်သန်သူ စီနီယာကြီးတွေသာ အဲဒီကို အချိန်ကိုက်ရောက်လာရင် စိတ်ပူစရာ မရှိတော့ဘူးလို့ ပြောချင်တာ
သို့သော် အားလုံး၏ အတွေးက မှားယွင်းနေကြောင်း ရှန်ထျန်း သိသည်။ ထိုခြင်နတ်ဆိုးက သူတို့ ထင်ထားသလိုမျိုး မရိုးရှင်းပေ။ မြို့ထဲမှာ နှစ်လကြာမှ ပေါ်လာမှာမဟုတ်ပဲ မနက်ဖြန် အရုဏ်တက်ချိန်တွင် ရောက်လာလိမ့်မည်။
ခုနစ်စဉ်ကြယ်၏ သူတော်စင်က တောင်နက်မြို့တော်တစ်ခုလုံး သတ်ဖြတ်ခံရပြီး နောက်နေ့မနက်မှသာ ရောက်ရှိလာပေမည်။
အဲလိုမျိုး သတ်ဖြတ်ခံရတာကလည်း သေချာပေါက် ခြင်နတ်ဆိုးကြောင့်ပဲပေါ့
ရှန်ထျန်းက ကျန်းပေါင် ပြောပြသော နတ်ဆိုးအကြောင်းကို သေချာမှတ်သားထားလိုက်ပြီးနောက် ကျန်းပေါင်ကို အဆင့်နိမ့် တောခုတ်ဓား ပေးလိုက်သည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက တောခုတ်ဓားပညာရပ်ကို ကျန်းပေါင်ဆီ လွှဲပြောင်းပေးလိုက်သည်။ ထိုအရာက ရှန်ထျန်း မီးတိုင်းပြည်မှာနေခဲ့စဉ်က သင်ယူခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာက အထွတ်အမြတ်မြေ၏ အမွေအနှစ်ပညာရပ်များနှင့် နှိုင်းယှဉ်လို့ မရသော်လည်း သူ့ဘာသူတော့ အဆင်ပြေလှသည်။
မင်းသား၁၃ က ဒီပညာရပ်ကြောင့် ချီဖောက်ပြန်ခြင်း ခံစားခဲ့ရတယ်ဆိုတာကလည်း ဒီပညာရပ်ကြောင့် မဟုတ်ဘဲ သူ့ကံကြမ္မာကိုက ချို့တဲ့နေလို့ပါ
ရှန်ထျန်းက ကျန်းပေါင်သည် အရမ်းကြင်နာတတ်ပြီး အမြင်ရှိခြင်း (သူ့ကို ချောမောသူဟု ပြောသည့်အတွက်)ကြောင့် ဆုချဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုပညာရပ်က ယခု သူ ကျင့်ကြံနေသော ကျင့်စဉ်ထက် အများကြီးပိုပြီး အားကောင်းသည့်အတွက် ကျန်းပေါင်က အရမ်းကျေးဇူးတင်နေသည်။ ဤပညာရပ်ဖြင့် အနာဂတ်တွင် ပိုမိုကြီးမားသော ဂုဏ်ပုဒ်ကို ရရှိလာနိုင်သည်။ ထိုအရာက သူ့အတွက်တော့ အရမ်းကြီးမားသော ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်သည်။
ရှန်ထျန်းက အိပ်ရာပေါ်ထိုင်ပြီး တိုက်ပွဲအတွက် ပြင်ဆင်နေချိန် ကျန်းပေါင်ကို အိမ်ပြန်ခိုင်းပြီး ဤပညာရပ်အသစ်ကို ကျင့်ကြံခိုင်းလိုက်သည်။
ရန်သူက ဒီနေရာသို့ အချိန်မရွေး ရောက်လာနိုင်ကြောင်း ရှန်ထျန်း သိထားသည်။ သူ ထိုအရာအတွက်လည်း အဆင်သင့် ဖြစ်နေရမည်။
ညဘက်၌…
ကောင်းကင်တစ်ခုလုံးမှာ လှပသော ကြယ်များ ပြည့်နှက်နေပြီး တောင်နက်မြို့တော်ရှိ လူအများစုက အိပ်ပျော်နေကြလေပြီ။
ရှန်ထျန်းက မြို့အရှင်၏ နေအိမ်တွင် နိုးကြားနေဆဲ ဖြစ်သည်။ ရွှေရောင်မိုးကြိုးက ကောင်းကင်ပေါ်သို့ တက်သွားကာ တောင်နက်မြို့တော်၏ အပေါ်တွင် ပေါက်ကွဲသွားသည်။
မိုးခြိမ်းသံက မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး အားလုံးကို နှိုးလိုက်သည်။
အခြေတည်အဆင့် ကျင့်ကြံသူများက အဖြစ်အပျက်ကို သိရဖို့အတွက် ရှန်ထျန်း၏ အခန်းရှေ့သို့ ရောက်လာကြသည်။
ရှန်ထျန်းက အသက်ပြင်းပြင်းရှူကာ လျှောက်ထွက်လားပြီးနောက် အိမ်၏ အမိုးပေါ်သို့ ခုန်တက်ကာ အဝေးတစ်နေရာကို စိုက်ကြည့်နေသည်။
ခြင်အုပ်စုလိုက်ကြီးက သူတို့လမ်းကြောင်းအတိုင်း လာနေလေပြီ