ခင်ဗျား ထောင်ချောက်ထဲ ရောက်နေပြီ
Vol. 11-16 Ch. 188
အခန်း (၁၈၈) : ခင်ဗျား ထောင်ချောက်ထဲ ရောက်နေပြီ
မြို့ပြင်မှာ ခြင်တွေအများကြီး ရောက်လာပြီး နောက်ထပ်လည်း ထပ်ပြီး လာနေကြပြန်သည်။
အစတုန်းက အခြေတည်အဆင့် ခြင်နတ်ဆိုးများ အကောင်ရေ ၃၀မှ ၅၀ အထိသာ ရှိမည်ဟု တွေးထားခဲ့သည်။ သူတို့ တစ်ကောင်ပြီးတစ်ကောင် သတ်နေသော်လည်း နောက်ထပ် စွမ်းအားတူ ခြင်နတ်ဆိုးများ ထပ်ရောက်လာကြပြန်သည်။
ယခုလက်ရှိတွင် ခြင်နတ်ဆိုးအရေအတွက်က သူတို့ထင်ထားတာထက် ပိုများနေသည်။
ရှန်ထျန်းက အသက်ပြင်းပြင်းရှူသွင်းကာ သူ့စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ပြသဖို့ အချိန်ရောက်ပြီဟု တွေးလိုက်မိသည်။ သူ ကြာပစ်ခွင်းသေနတ်ကို ပျံထွက်လာစေကာ လေထဲမှာ အနည်းငယ် ဝဲပျံလိုက်ပြီးနောက် ခြင်တွေအများကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသေဆုံးသွားသည်။
ရွှေကြာ ကောင်းကင်အသျှင်ကိုယ်တိုင် ဒီကြာပစ်ခွင်းသေနတ်ကို ဖန်တီးထားသည့်အတွက် အရမ်းထူးခြားသည်။ ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်နှင့် သံမဏိအဆီအနှစ်များ ပါရှိသလို ရန်သူများကို သတ်ဖြတ်ရန်အတွက် ဓားပျံတစ်ခု အဖြစ်ပါ အသုံးပြုလို့ရသည်။ တခြားရွှေအမြုတေ ကျင့်ကြံသူများဆီမှာ ထိုကဲ့သို့သော စွမ်းအားပြင်းထန်သည့် လက်နက်မျိုး ရှာမတွေ့နိုင်ပေ။
ရှန်ထျန်းက မကောင်းဆိုးဝါးများထက် သာလွန်သော ကျင့်ကြံဆင့် ရှိသည့်အပြင် ဝိညာဉ်အသုံးအဆောင် ပစ္စည်းကောင်းများကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ရောက်ရှိလာသော ခြင်များအားလုံး သူ နှိပ်စက်တာကိုသာ ခံရသည်။
သို့သော် ရှန်ထျန်းက ခြင်အမြောက်အများကို သတ်ရင်း မျက်မှောင်ကြုတ်လာမိသည်။
ခြင်နတ်ဆိုးက အမှောင်ထဲမှာ ပုန်းအောင်းနေရင်း အရာအားလုံးကို လေ့လာအကဲခတ်နေဆဲ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် နောက်ထပ်နာရီအနည်းငယ်အတွင်း နေထွက်လာတော့မည် ဖြစ်သည့်အတွက် ရှန်ထျန်း အလျင်လိုနေမိသည်။
ထို့နောက် အကြံတစ်ခု ရသွားသည့်အတွက် မိုးကြိုးဖောက်ခွဲရေးအဆောင် ပစ်နေသော အရှိန်ကို လျှော့လိုက်သည်။
တစ်ချိန်တည်းမှာပဲ နဂါးပြာ ချပ်ဝတ်တန်ဆာကို မှိန်သွားစေရန်အတွက် ဝိညာဉ်ချီကို ထိန်းချုပ်လိုက်သည်။ သူက မြို့တံတိုင်း၏ အစွန်းသို့ ဒယီးဒယိုင်လမ်းလျှောက်သွားကာ နံရံကို လက်ဖြင့်ထောက်ပြီး မှီထားလိုက်သည်။ သူကြည့်ရတာ ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး အရမ်းမောပန်းနေပုံပေါ်သည်။
သူ့ဘေးရှိ အခြေတည်အဆင့် ကျင့်ကြံသူများက အရမ်းစိုးရိမ်စွာဖြင့် ပြောလိုက်သည်
“ထာဝရရှင်သန်သူ စီနီယာကြီး ခဏလောက် အနားယူသင့်တယ်ထင်တယ်”
“ ဟုတ်တယ် … ညီအစ်ကိုက ကျွန်တော်တို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ”
“ ခံတပ်ကို ကျွန်တော်တို့ စောင့်ကြည့်ထားလိုက်ပါ့မယ်။ နည်းနည်းလောက် သွားနားလိုက်ပါနော်”
“ ခြင်နတ်ဆိုးက ရောက်မလာသေးဘူးဆိုတော့ အားအင်ကို နဂိုအတိုင်း ပြန်ဖြစ်အောင် လုပ်ထားဖို့ လိုအပ်တယ်”
“ ဒါကို ကျွန်တော်တို့ဆီမှာ အပ်ထားခဲ့လိုက်ပါ။ ဒီခြင်တွေအကုန်လုံးကို ရှင်းလိုက်ပါ့မယ်”
ရှန်ထျန်း ခေါင်းညိတ်ပြကာ ဝိညာဉ်ကျောက်တုံးအစုအပုံပေါ်တွင် ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။ သူက ခြင်များကို တိုက်ခိုက်ဖို့အတွက် ကြာပစ်ခွင်းသေနတ်ကို မိနစ်အနည်းငယ်တိုင်း အသုံးပြုနေသည်။
ခြင်တွေက လျင်မြန်သော တုံ့ပြန်မှုမျိုး ရှိသည့်အတွက် သာမန်အခြေတည်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုများက လွဲချော်နေတာက များသည်။ ချီသန့်စင်ခြင်းအဆင့် အစောင့်များ၏ မြားများက သူတို့အတွက် ခြိမ်းခြောက်မှုဟုပင် မခေါ်နိုင်ပေ။
ရှန်ထျန်းကတော့ သူ့သေနတ်က ပစ်မှတ်ကို ဘယ်တော့မှ မလွဲနိုင်အောင် အရမ်းတိကျသည်။
ရှန်ထျန်း တစ်ချက်ပစ်လိုက်တိုင်း အခြေတည်အဆင့် ခြင်တစ်ကောင် သေဆုံးသွားသည်။ ကြာပစ်ခွန်းသေနတ် အနက်ရောင်က မကြာခင် ခြင်များ၏ သွေးစွန်းပါများပြီး အနီရောင်သို့ ပြောင်းတော့မည်။ ရှန်ထျန်း ပိုပြီးတော့ တိုက်ခိုက်လေလေ မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်လာလေလေ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်တွင် ဓမ္မစွမ်းအားနှင့် ဝိညာဉ်ချီပမာဏက အကန့်အသတ် ရှိသည်။
ဂိုဏ်းအများစုက အားနည်းသော ကျင့်ကြံသူများကို သူတို့၏ အားကောင်းသော ပစ်မှတ်ကို အရင်တိုက်ခိုက်ခိုင်းသည်။ ထိုအခါ သူတို့ အဓိကတိုက်ခိုက်မှု လုပ်သည့်အခါ ပြိုင်ဘက်က အားနည်းနေပေမည်။
ရှန်ထျန်းက သူ ခြင်များနှင့် တိုက်ခိုက်ရသည့်အတွက် မောပန်းသွားသည်ဟု ခြင်နတ်ဆိုးကို ယုံသွားစေချင်သည်။ သူက မိုးကြိုးဖောက်ခွဲရေးအဆောင် သုံးခုကို ကိုင်ထားဆဲ ဖြစ်သော်လည်း အသုံးပြုဖို့အတွက် အရမ်းပင်ပန်းနေသည်။ တစ်ချိန်တည်းမှာပဲ နဂါးပြာ ချပ်ဝတ်တန်ဆာလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ရှန်ထျန်းကို ကြည့်ရတာ ဂိတ်ဆုံးရောက်သွားပြီ ဖြစ်သည့်အတွက် ခြင်များက ကိုယ့်သေတွင်းကို တူးသော တိုက်ပွဲကို မတိုက်ခိုက်တော့ပဲ ဘေးသို့ကပ်ပြီး လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် သူတို့အလယ်၌ ဧရာမ ခြင်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။
သူ့ကျောကုန်းပေါ်တွင် တောင်ပံသုံးစုံရှိပြီး တောင်ပံခတ်နှုန်းကလည်း အရမ်းအားကောင်းသည်။ သူက တောင်နက်မြို့တော်ကို တစ်ချက် ကြည့်ပြီးနောက် ရှန်ထျန်း၏ မျက်ဝန်းထဲ စိုက်ကြည့်နေသည်။
အထူးသဖြင့် မြို့ထဲရှိလူတိုင်း အခြေတည်အဆင့် ကျင့်ကြံသူများက ခြင်နတ်ဆိုးကို မြင်ပြီးနောက် မျှော်လင့်ချက်မဲ့သလို ခံစားလာရသည်။ နတ်ဆိုးက ယခုပိုပြီးတော့ သန်မာလာသည်ကို သူတို့ ခံစားသိရှိနိုင်သည်။
သူ ဒီလိုအချိန်တိုအတွင်းမှာ ဘယ်လိုလုပ်ပြီးတော့ လုပ်နိုင်ရတာလဲ။ အခု သူ့ဆီမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားတွေ ရှိနေပြီ
အစတုန်းက ထာဝရရှင်သန်သူ စီနီယာကြီးက နတ်ဆိုးကို ပြဿနာမရှိ နှိမ်နင်းနိုင်ခဲ့သော်လည်း ယခုတော့ သူက အရမ်းမောပန်းနေပြီ ဖြစ်သည်။
ဒီသွေးစုပ်တဲ့ မကောင်းဆိုးဝါးကို တားမြစ်နိုင်ဖို့အတွက် ဘယ်သူ့ကို သူတို့ မှီခိုရမှာလဲ
ခြင်က လူအားလုံးကို ငုံ့ကြည့်ကာ လူသား ဘာသာစကားဖြင့် ပြောလိုက်သည်
“ ငါ လက်စားချေဖို့ ပြန်လာပြီ။ မင်းတို့အားလုံး သေရမယ်”
သူက နဂါးပြာ ကာကွယ်ရေး အစီအရင်ကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
သူ့ပါးစပ်ကို ဖွင့်ကာ ခြင်နှာမောင်းတံလိုမျိုး အနီရောင်လှံတံ တစ်ခု ရှိနေသည်။ ထိုအရာက သူ့သွေးဖြင့် ပုံသွင်ထားသည့် ထူးခြားသော လက်နက်တစ်ခု ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လက်နက်အတွက် ပုံစံငယ်များအဖြစ် အသုံးပြုခြင်းက နတ်ဆိုးများအတွက် ဖြစ်လေ့ဖြစ်ထရှိသော လေ့ကျင့်မှုမျိုး ဖြစ်သည်။ သို့သော် ခြင်နတ်ဆိုးမှာ ဘာလို့ အထူးလက်နက် ရှိနေရလဲဆိုတာကို ဘယ်သူမှ နားမလည်နိုင်ဖြစ်နေကြသည်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကတောင် ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာလေ
သူက ဘယ်လိုလုပ်ပြီးတော့ အထူးလက်နက်ကို ပုံသွင်းသွားနိုင်ပြီးတော့ အချိန်တိုအတွင်းမှာ ရွှေအမြုတေအဆင့်ကို ရောက်ရှိသွားနိုင်ရတာလဲ။ ဒါဆိုရင် သူက နတ်ဆိုးမျိုးနွယ်ရဲ့ ပါရမီရှင်တွေထဲက တစ်ယောက် မဟုတ်ဘူးလား။ အခု သူက သူတို့နဲ့ လာပြီးကစားနေတာလား
သူတို့ အဖြေကို သေချာမစဉ်းစားနိုင်ခင် နတ်ဆိုးက အကာအကွယ်ကို စတင်တိုက်ခိုက်တော့သည်။ လှံတံတွင် စည်းမျည်းမျာနှင့် ပတ်သတ်သည့် စွမ်းအားရှိသည့်အတွက် ဓားရွေ့လျားခြင်းထက် ပိုကြောက်ဖို့ကောင်းသည်။
လှံတံဖြင့် အကာအကွယ်ကို ဖျက်စီးလိုက်သည့်အခါ အပေါက်ဖြစ်သွားပြီး ချက်ချင်း ပျက်စီးသွားသည်။ နတ်မိုးကြိုးက လှံကို ဖျက်စီးဖို့ ကြိုးစားသော်လည်း ရှုံးနိမ့်သွားပြီး ခြင်နတ်ဆိုးက ကာကွယ်ရေးအစီအရင်အတွင်းသို့ ရောက်ရှိသွားသည်။
မြို့ထဲသို့ ဝင်လာပြီးနောက် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး လက်ထဲမှာ လှံကိုင်ထားသော အမျိုးသားတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းကာ ရှန်ထျန်းကို မဲ့ပြုံးပြုံးပြကာ ပြောလိုက်သည်
“ မဆိုးပါဘူး…မဆိုးပါဘူး…မင်းက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ဆိုရင် အများကြီး စွမ်းအားကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ လူသားတွေက အရမ်းအားနည်းကြတာပဲ။
မင်းတို့တွေမှာက ငါတို့ထက် အထူးအခွင့်အရေးတွေ ပိုပြီးတော့ ရှိပေမဲ့ ငါတို့ထက် ပိုပြီးတော့ တုံးအကြတယ်။ ဒီလို အသုံးမကျတဲ့သူတွေကို ကယ်ဖို့အတွက် ဘာလို့ မိုးကြိုးဖောက်ခွဲရေး အဆောင်တွေကို ဖြုန်းတီးပစ်ရတာလဲ။ ဒီလူတွေ အကုန်လုံးက ငါ ပိုင်ဆိုင်တာပဲ။ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ထို့နောက် ထိုအမျိုးသားက ခြိမ်းခြောက်သော အသံဖြင့် ပြောလိုက်သည်
“ မင်းကတော့ ပထမဆုံး ဖြစ်လိမ့်မယ်”
သူက အနီရောင်အရိပ်အဖြစ် ပြောင်းလဲကာ ရှန်ထျန်းဆီ သွားလိုက်သည်။
တခြားသော အခြေတည်အဆင့် ကျင့်ကြံသူများက နတ်ဆိုးကို တားဖို့ကြိုးစားသော်လည်း သူတို့က အရမ်းနှေးနေသည်။
ထိုအမျိုးသားက ရှန်ထျန်းရှေ့သို့ တစ်စက္ကန့်တောင် မကြာလိုက်ဘဲ ရောက်သွားလေသည်။ သူ့လှံက ရှန်ထျန်းနှင့် တစ်လက်မလောက်သာ ကွာဝေးတော့သည့်အတွက် သူ့ကို အချိန်မရွေး ထိုးဖောက်သွားနိုင်သည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်းက မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး သူ၏ ကြာပစ်ခွင်းသေနတ်က တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သည်။
“ ရုန်းချင်သေးတာလား”
ခြင်နတ်ဆိုးက လှောင်ရယ်ကာ သူ့လှံကို လွှဲယမ်းပြီး ကြာပစ်ခွင်းသေနတ်ကို ရိုက်ချလိုက်သည်။ ခဏအကြာတွင် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ကြာပန်းက ကြာပစ်ခွင်းသေနတ်၏ ထိပ်တွင်ထွက်လာပြီး အစိမ်းရောင်နွယ်ပင်က မြေအောက်မှ ထိုးထွက်လာကာ နတ်ဆိုး၏ ခြေထောက်များကို တင်းကြပ်စွာ ရစ်ပတ်ထားသည်။ ထို့နောက် ကြာပန်းမှ အင်မတန် မြင်ဆန်သော ပစ္စည်းတစ်ခုကို လွှတ်ထုတ်လိုက်သည်။
ခြင်နတ်ဆိုးကလည်း မြန်မြန်တုံ့ပြန်ကာ သူ့လှံဖြင့် လေဆာကဲ့သို့ မြန်သော တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။
ချွင်…
တိုက်ခိုက်မှုကို ဟန့်တားပြီးနောက် တစ်ခုခုမှားနေပြီဆိုတာကို ခြင်နတ်ဆိုး ထပ်မံ ခံစားလိုက်ရပြန်သည်။
ဒီဖောက်ထွင်းလက်နက် ကျည်ဆန်၏ စွမ်းအားက သူ တွေးထားတာထက် လွန်ကဲနေသည်။ ပထမဆုံးကျည်ဆန်ကို ဟန့်တားပြီးနောက်တွင် တစ်ကိုယ်လုံးတုန်ခါသွားပြီးနောက် လှံလည်း လွတ်ကျသွားသည်။
သူ အံ့ဩနေစဉ် ကြာပန်းက နောက်ထပ်တစ်ခါ ထပ်လည်သွားပြီး ကျည်ဆန် နောက်တစ်တောင့် ထွက်လာပြန်သည်။
သေစမ်း…ဒါက ဘယ်လိုလက်နက်မျိုးလဲ။ ဘာလို့ အရမ်းမြန်နေရတာလဲ။ မတရားလိုက်တာ
ခြင်နတ်ဆိုးက အာရုံစိုက်ကာ ဒုတိယတစ်ခေါက် တိုက်ခိုက်မှုကို ဟန့်တားဖို့ ပြင်ဆင်လိုက်သည်။
ရပါတယ်။ ငါ ပထမတစ်ခါတောင် တားနိုင်ခဲ့သေးတာပဲ။ ဒုတိယတစ်ခါလည်း တားနိုင်မှာ သေချာပါတယ်
ကံမကောင်းစွာဖြင့် ခြင်နတ်ဆိုးက ရှန်ထျန်း၏ လက်ထဲမှ မိုးကြိုးဖောက်ခွဲရေး အဆောင်တွေကို မြင်ပြီးနောက် ကူကယ်ရာမဲ့သွားသည်။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ မင်း…က… ငါ့…ထောင်ချောက်ထဲ…မှာ ရောက်နေတာလေ”
ဝုန်း…
တစ်ချိန်တည်းမှာပဲ အဆောင်အားလုံး ပျံထွက်ကာ ပေါက်ကွဲကုန်သည်။ နေရာတစ်ခုလုံး မီးဟုန်းဟုန်း တောက်သွားကာ ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။
အံ့အားသင့်သွားသော ကျင့်ကြံသူများက ဘာတွေဖြစ်သွားလဲဆိုတာကို သေချာစဉ်းစားမိသွားသည့်အခါ အရမ်းပျော်သွားကြသည်။
သို့သော် ခြင်များက မြို့ပြင်မှာ ရှိနေသေးသည့်အတွက် အရာအားလုံး မပြီးဆုံးသေးကြောင်း ရှန်ထျန်း သိထားသည်။