တွေ့လား ဘယ်သူက စုပ်ယူပြီး ဘယ်သူက ခမ်းခြောက်သွားလဲဆိုတာ
Vol. 11-16 Ch. 189
အခန်း (၁၈၉) : တွေ့လား ဘယ်သူက စုပ်ယူပြီး ဘယ်သူက ခမ်းခြောက်သွားလဲဆိုတာ
တောင်နက်မြို့တော်၏ မြို့အရှင်က ရှန်ထျန်းဆီ အလွန်လေးစားသော အမူအယာဖြင့် လာကာ လေးလေးနက်နက် ပြောလိုက်သည်
“ထာဝရရှင်သန်သူ စီနီယာက ကျွန်တော်တို့ မြို့ကို ခြင်နတ်ဆိုးရဲ့ ရန်ကနေ ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်တော် အရိုအသေပေးတာကို လက်ခံပေးပါနော်”
မြို့အရှင်က ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှန်ထျန်းရှေ့တွင် ဒူးထောက်လိုက်သည်။
ရှန်ထျန်းက ပြုံးကာ မြို့အရှင်ကို ထူပေးရင်း ပြောလိုက်သည်
“ ဒူးမထောက်ပါနဲ့။ ဒူးထောက်မယ်ဆိုရင်တောင် ပိုက်ဆံပေးဖို့ လိုတယ်နော်”
ပိုက်…ပိုက်…ပိုက်… ပိုက်ဆံ ပေးရမယ်တဲ့လား
တောင်နက်မြို့အရှင် ဒယီးဒယိုင်ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျမလိုပင် ဖြစ်သွားသည်
“ထာဝရရှင်သန်သူ စီနီယာ ... ကျွန်တော်တို့ဆီမှာ ပေးဖို့အတွက် ပိုက်ဆံ အလုံအလောက် တကယ်ကို မရှိပါဘူး”
ခြင်နတ်ဆိုးကို နှိမ်နင်းပေးလို့ ထာဝရရှင်သန်သူ စီနီယာကို ပေးရမဲ့ တန်ကြေး ဘယ်လောက်မြင့်လဲဆိုတာ မပြောနဲ့ဦး။ ရှန်ထျန်း သုံးခဲ့တဲ့ မိုးကြိုးဖောက်ခွဲရေးအဆောင် တန်ဖိုးကတင် တောင်နက်မြို့ကို ဝယ်ဖို့ လုံလောက်နေပြီ
တောင်နက်မြို့တော်တစ်ခုလုံးကို ကယ်ခဲ့သည့်အတွက် တစ်မြို့လုံးက ရှန်ထျန်းအပေါ် ကျေးဇူးကြွေးတင်နေသည်။
ဒါပေမဲ့ မိုးကြိုးဖောက်ခွဲရေးအဆောင်တွေ ဆုံးရှုံးသွားတာအတွက်တော့ တကယ်ကို မတတ်နိုင်ပါဘူး ... မြို့အရှင်ဖြစ်တဲ့ ကျွန်တော်ကို ရောင်းစားမယ်ဆိုရင်တောင် လောက်မှာ မဟုတ်ဘူး …
တောင်နက်မြို့အရှင်၏ ထိတ်လန့်သွားသော မျက်နှာထားကြောင့် ရှန်ထျန်းလည်း မျက်နှာမကောင်းဖြစ်သွားရသည်။
“ မတတ်နိုင်ဘူး ဟုတ်လား။ အဲဒါဆိုရင် ဘာလို့ ငွေစတစ်သောင်း ပေးမယ်ဆိုပြီးတော့ ကြေညာထားရတာလဲ။ ဘာမဟုတ်တဲ့အရာအတွက် အကုန်လုပ်ပေးခဲ့မိတာလား”
ဟမ် ငွေစတစ်သောင်းလား
မြို့အရှင် ကြောင်အသွားရသည်။
“ ဘယ်လို … ငွေစတစ်သောင်းလား။ ဒါဆို ထာဝရရှင်သန်သူ စီနီယာပြောတဲ့ ပေးရမဲ့ ပိုက်ဆံက ငွေစတစ်သောင်းလား”
ရှန်ထျန်းက မြို့အရှင်ကို ငတုံးတစ်ယောက်လိုမျိုး ကြည့်ကာ ပြောလိုက်သည်
“ မြို့အရှင်က ဘာကို ပြောတယ်လို့ ထင်နေတာလဲ။ မြို့အရှင်က ပိုက်ဆံပေးမယ်ဆိုတဲ့ ကြော်ငြာကပ်ထားလို့။ ကျွန်တော်က အလုပ်ပြီးအောင် လုပ်ပေးခဲ့တယ်လေ အဲဒီတော့ အဲဒီအတွက် ပေးမဲ့ဆုကို လိုချင်တာ ပြဿနာရှိလို့လား”
မြို့အရှင် ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်ကာ ဆွံ့အသွားသည်။
ဒါဆို ထာဝရရှင်သန်သူ စီနီယာလိုချင်တဲ့ တန်ကြေးက ငွေစတစ်သောင်းပဲပေါ့…ဒီလောက်ပဲလား
ငွေစတစ်သောင်းက ဝိညာဉ်ကျောက်တုံး ဆယ်တုံးစာပဲ တန်ကြေး ရှိတာလေ။ ဒီပမာဏက မိုးကြိုးဖောက်ခွဲရေးအဆောင် တစ်ခုကိုတောင် ဝယ်လို့မရဘူးဆိုတာ သိရဲ့လား ... ခြင်နတ်ဆိုးနဲ့ အသေအလဲ တိုက်ခိုက်ခဲ့တာက ဒီလောက်နည်းတဲ့ ဆုငွေလေးအတွက်လား
မဖြစ်နိုင်ဘူး… ထာဝရရှင်သန်သူ စီနီယာက ငတုံးမှ မဟုတ်တာ…သေချာပေါက် လေးနက်တဲ့ အဓိပ္ပာယ်ရှိလိမ့်မယ်
ဟုတ်တယ် ... ထာဝရရှင်သန်သူ စီနီယာက ငါတို့တောင်နက်မြို့တော်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ပေးနေတာ ထင်တယ်။ စိုးရိမ်မှုတွေကို လျှော့ချပေးဖို့အတွက် ငွေစတစ်သောင်းပဲ ယူတာထင်တယ်
သူက ခုနစ်စဉ်ကြယ်မြို့တော်က ထာဝရရှင်သန်သူ စီနီယာဖြစ်နေတာ မအံ့ဩတော့ပါဘူး။ သူက ဉာဏ်ပညာကြီးမားတဲ့အပြင် မေတ္တာတရားလည်း ကြီးမားသေးတယ်။ သူ ဒီလိုလုပ်နေတာက ငါတို့ အရှက်မရအောင် လုပ်ပေးနေတာ ဖြစ်လိမ့်မယ်
ကျွန်တော် နားလည်ပြီ… နားလည်ပြီ
ထိုကဲ့သို့တွေးရင်း မြို့အရှင်က လေးစားစွာ ပြောလိုက်သည်
“ ဒီမှာ ခဏလေး စောင့်ပေးပါနော် ထာဝရရှင်သန်သူ စီနီယာ။ အခုချက်ချင်း ငွေစတစ်သောင်း သွားယူလာခဲ့ပါ့မယ်”
ရှန်ထျန်းက ခေါင်းယမ်းပြကာ မြို့အပြင်ကို ကြည့်ရင်း ပြောလိုက်သည်
“ လောဖို့ မလိုအပ်ပါဘူး။ အဲဒီနတ်ဆိုးက မသေသေးဘူး”
နတ်ဆိုးက မသေသေးဘူးတဲ့လား
မြို့အရှင်က စိတ်လှုပ်ရှားစွာဖြင့် မြို့အပြင်ကို ကြည့်လိုက်သည့်အခါ သွေးအခိုးအငွေ့များက မြို့အပြင်ဘက်ရှိ ကွင်းပြင်မှ မြင့်တက်လာသည်ကို မြင်လိုက်ရသည်။
ခြင်သေကောင်များဆီမှ သွေးစက်များ အလျင်အမြန်စုဝေးကာ တောင်နက်မြို့တစ်ခုလုံးကို ကြီးမားသော ဖိအားတစ်ခုဖြင့် လွှမ်းမိုးလိုက်သည့်အတွက် ခြင်နတ်ဆိုးထွက်ပေါ်လာတုန်းကထက် အနည်းဆုံး ၁၀ ဆလောက်ပိုပြီး ကြောက်ဖို့ ကောင်းသည်။
သွေးနီရောင် ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် နဂါးပြာ ကာကွယ်ရေး အစီအရင်၏ အပြင်ဘက်တွင် ပေါ်လာသည်။ သူက ကြက်သွေးနီရောင် လှံကိုကိုင်ထားပြီး လူသတ်ချင်စိတ်အပြည့် ဖြစ်နေပုံရသည်။ သူက သေဆုံးသွားသော ခြင်နတ်ဆိုးနှင့် ပုံသဏ္ဌာန်တူသော်လည်း သူ့အရှိန်အဝါက ပိုပြီးစွမ်းအားကြီးကြောင်း ခံစားလို့ရသည်။
သူက ရှန်ထျန်းကို အေးစက်စွာ စိုက်ကြည့်နေပြီး သတ်ချင်စိတ်ဖြစ်နေသည့်ပုံစံက အရမ်းကြောက်ဖို့ကောင်းသည်။
“ စက်ဆုပ်ဖို့ ကောင်းတဲ့လူသား။ မင်းက ငါ့ကလေးကို သတ်ရဲတယ်ပေါ့။ ဒီနေ့ မင်းကို သွေးတွေ ခမ်းခြောက်တဲ့အထိ သွေးစုပ်ပစ်မယ်”
အထွပ်အထိပ်ရှင် ခြင်နတ်ဆိုးက စကားပြောပြီးတာနဲ့ မြို့ဆီ ဦးတည်ပျံသန်းလာသည်။ သူလာသည့် လမ်းကြောင်းတစ်လျှောက်မှာလည်း သွေးရောင်တွေ ကျန်နေခဲ့သည်။
သူကိုင်ဆောင်ထားသော သွေးနီရောင်လှံဖြင့် နဂါးပြာ မိုးကြိုးအစီအရင်ကို ချက်ချင်း ထိုးဖောက်လိုက်သည်။ ကာကွယ်ရေး အစီအရင်က သူ့ကို တခဏတာလောက်ပင် မတားနိုင်ပေ။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ခွဲခြားသိမြင်တတ်သော မျက်လုံးရှိသည့်အတွက် ရှန်ထျန်းကို ရှာတွေ့ပြီး သေချာစိုက်ကြည့်နေသည်။ သူ ရှန်ထျန်းကို နှလုံးသားထဲကပါ မုန်းသည်။
ရှန်ထျန်း သတ်လိုက်သော ခြင်နတ်ဆိုးက သူ၏ သွေးသားတော်စပ်သော ကလေး မဟုတ်သော်လည်း ထိုအရာထက် ပိုပြီးအရေးကြီးသော ဖြစ်တည်မှုမျိုး ဖြစ်၏။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ခြင်အုပ်စုကို ရွှေအမြုတေအဆင့် ခြင်နတ်ဆိုးများကို အစာကျွေးဖို့အတွက် တောင်နက်မြို့တော်ရှိ ကျင့်ကြံသူများကို ဖမ်းခိုင်းသည်။
ပြီးခဲ့သော တိုက်ခိုက်မှုများတွင် ဒီလောက်ထိ မကြမ်းတမ်းခဲ့သည့်အတွက် ဒုက္ခလည်း သိပ်မများပေ။ ထို့ကြောင့် တောင်နက်မြို့တော်အနေဖြင့် စစ်ကူတောင်းခံသည့်အခါ ၃ဆင့်မြောက် ရွှေအမြုတေ ကျင့်ကြံသူကိုသာ ပို့ပေးခဲ့သည်။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ထိုစစ်ကူကို အလွယ်လေးသတ်ပြီး အာဟာရဖြည့်ဖို့အတွက်ပင် သွေးကို စုပ်ယူသည်။
ခုနစ်စဉ်ကြယ်ရဲ့ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတွေက ဈေးကွက်ထဲက ဂေါ်ဖီထုပ်တွေလိုမျိုး ပေါများနေတာမှ မဟုတ်တာ။ သူတို့က ‘ရွှေအမြုတေနီးပါးအဆင့်ရှိတဲ့’ ခြင်နတ်ဆိုးကို နှိမ်နင်းဖို့အတွက်နဲ့တင် သူတို့ကို တောင်နက်မြို့တော်ဆီ ဘယ်လိုလုပ်ပြီးတော့ ပို့ပေးနိုင်ပါ့မလဲ
သို့သော် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေဖြင့် ရှန်ထျန်း ရုတ်တရက်ထွက်ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရှန်ထျန်း၏ ကျင့်ကြံဆင့်က ရွှေအမြုတေအဆင့်သို့ မရောက်သေးသော်လည်း သူ့မှာ အထွတ်အထိပ်အဆင့် မိုးကြိုးဖောက်ခွဲရေးအဆောင်ကဲ့သို့သော ရတနာတွေ အများကြီး ရှိနေသည်။ ကျင့်ကြံသူအများစုက သူတို့အသက်အတွက် အရေးပေါ်လိုအပ်သည့်အချိန်မျိုးမှသာ ထိုကဲ့သို့ ရတနာတွေကို ထုတ်သုံးလိမ့်မည်။
ဤလူသား ကျင့်ကြံသူက သာမန်တိုက်ခိုက်မှုများမှာ ထိုကဲ့သို့သော ရတနာမျိုးကို အသုံးပြုသည့်အပြင် တစ်ခါသုံးတိုင်းလည်း အရေအတွက် အမြောက်အများ ဖြစ်းသည်။ ဒီလိုမျိုး တိုက်ခိုက်မှုမျိုးနှင့် ကြုံတွေ့ရပါက ရွှေအမြုတေကျင့်ကြံသူများပင် ကြောက်ရွံ့သွားနိုင်သည်။
သို့သော် ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် ခြင်နတ်ဆိုး ချက်ချင်း သေသွားခြင်း မဟုတ်ပေ။ ရှန်ထျန်း၏ ဉာဏ်များမှုအပေါ်မှာ အများကြီး မူတည်သည်။
အစပိုင်းတွင် သူက ခြင်နတ်ဆိုးကို ကြာပစ်ခွင်းသေနတ်ဖြင့် ရုတ်တရက် တိုက်ခိုက်ခဲ့ပြီးတော့ သူ့ကို ထိန်းချုပ်ဖို့အတွက် အံ့ဖွယ်ဝါးမျိုနွယ်ပင်ကိုလည်း အသုံးပြုခဲ့သည်။ နွယ်ပင်၏ ကြံ့ခိုင်မှုကြောင့် ရွှေအမြုတေအဆင့် ခြင်နတ်ဆိုးပင် လွတ်မြောက်အောင် ရုန်းမထွက်နိုင်ခဲ့ပေ။ ထို့ကြောင့် မိုးကြိုးဖောက်ခွဲရေးအဆောင်ပါ ထပ်ပေါင်းထည့်လိုက်သည့်အခါ သေဆုံးသွားခြင်း ဖြစ်သည်။
သေဆုံးသွားတာ အရမ်းမြန်ဆန်လွန်းသည့်အတွက် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးပင် လာရောက်ကယ်တင်ဖို့ မမှီလိုက်ပေ။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ရှန်ထျန်းကို စိုက်ကြည့်ကာ ထိုနွယ်ပင်က သာမန် မဟုတ်ကြောင်း ခံစားမိသည်။
ဒါက ဒဏ္ဍာရီလာပစ္စည်းဖြစ်တဲ့ ဝိညာဉ်သစ်ပင်ပဲ
ထိုအတွေးကြောင့် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးတွင် စိတ်အားထက်သန်သော အတွေးတစ်ခု ရှိလာသည်။
ဒါကသာ တကယ်ပဲ ဝိညာဉ်သစ်ပင်ဖြစ်ပါက ဒီကောင်စုတ်လေးကို သတ်လိုက်ရင် ငါ့ဆုံးရှုံးမှုအတွက် အတိုးချပြီး ပြန်ယူလို့ရပြီ
ထိုကဲ့သို့စဉ်းစားပြီးနောက် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက မြို့ထဲသို့ ဝင်လာကာ ရှန်ထျန်းရှေ့သို့ ရောက်လာပြီးနောက် ကြက်သွေးရောင်လှံကို သူ့ဆီသို့ ချိန်ရွယ်ထားသည်။
ထိုအခိုက်အတန့်တွင် သွေးအခိုးအငွေ့များက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားကာ နံရံများပေါ်မှာလည်း ပြင်းသော သွေးနံ့များ တောက်လျှောက်ပျံ့နှံ့နေသည်။ ထိုအနံ့ကို ရှုရသောသူအဖို့ အန်ချချင်သည်အထိ ဖြစ်စေသည်။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ရှန်ထျန်း သူ၏ သွေးနတ်ဘုရားလှံတံဖြင့် ထိုးစိုက်ခံရပြီးနောက် ညည်းညူကာ သနားညှာတာကို တောင်းဆိုနေသော မြင်ကွင်းမျိုးကို မြင်ရတော့မည်ဖြစ်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းသော အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။
တစ်ဖက်တွင်လည်း အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ဖြည်းဖြည်းချင်း နီးကပ်လာတာကို မြင်သော်လည်း ရှန်ထျန်းက ကြောက်ပြီး ကြောင်အနေသလိုမျိုး လုံးဝ မလှုပ်မယှက် နေနေသည်။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ရှန်ထျန်းကို လှောင်ရယ်လိုက်သည်။
သူက တကယ်ကို အပျံသင်စ ငှက်ငယ်လေးအတိုင်းပဲ ဘာအတွေ့အကြုံမှ မရှိဘူး။ သေရေးရှင်ရေး အခြေအနေမျိုးနဲ့ ကြုံနေရတာတောင် အကြောက်လွန်ပြီးတော့ ရှောင်ဖို့ မေ့နေသေးတယ်
ဟား…ဟား…ဟား…ငတုံးလူသား…သေပေတော့…မင်းကို ခမ်းခြောက်သွားတဲ့အထိ သွေးစုပ်ပစ်မယ် …
သွေးနီရောင် လှံဖျားက လေဟုန်ခွင်းလာကာ အာကာပြင်ကို ဖြတ်သန်းလာသည်။
ထိုလှံတံ၏ စွမ်းအားက အမှန်တကယ် ကြောက်မက်ဖွယ်အတိ …
အထွတ်အထိပ်ရှင် သွေးနတ်ဆိုး၏ အကြည့်အောက်တွင် သွေးနတ်ဘုရားလှံတံက ရှန်ထျန်း၏ ရင်ဘတ်ထဲ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ သို့သော် သူ့စိတ်ထဲမှာ တစ်ချိန်လုံးစဉ်းစားနေသည့် သူ့သွေးနတ်ဘုရားလှံတံက ရှန်ထျန်းကို ထိုးစိုက်သွားသော မြင်ကွင်းက အမှန်တကယ် ဖြစ်မလာခဲ့ပေ။
ရွှေရောင်ရှစ်မြှောင့်သင်္ကေတက ရုတ်တရက် ရှန်ထျန်း၏ ရင်ဘတ်တွင် ပေါ်လာကာ ရစ်ပတ်ရင်း ဆွဲဆောင်မှု ကောင်းသော စွမ်းအားတစ်ခုကို ဖန်တီးနေသည်။
ထိုစွမ်းအားက လှံတံ၏ ထိုးသွင်းချက်ကို တားဆီးနိုင်ရုံသာမက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ကိုင်ဆောင်ထားသော သွေးနတ်ဘုရားလှံတံကိုပါ စုပ်ယူသွားသည့်အတွက် လှံတံကို ပြန်လည်ဆွဲယူပြီး မတိုက်ခိုက်နိုင်တော့ပေ။
စုပ်ယူခံလိုက်ရပြီ
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး အံ့ဩမှင်သက်သွားသည်။
ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ဘယ်လို အခြေတည်အဆင့် ကျင့်ကြံသူမျိုးက ရင်ဘတ်ကို အသုံးပြုပြီးတော့ သူ့သွေးနတ်ဘုရားလှံတံကို တားဆီးနိုင်မှာလဲ။ ဒီကောင်လေးရဲ့ ရင်ဘတ်က ထာဝရသတ္တုနဲ့ လုပ်ထားတာလား
ရွှေချပ်ဝတ်တန်ဆာ အစိတ်အပိုင်းများက ရှန်ထျန်း၏ ဘေးပတ်လည်တွင် တစ်ခုပြီးတစ်ခုပေါ်လာပြီးနောက် သူ့ကို ခေါင်းမှ ခြေဖျားအထိ ဖုံးအုပ်သွားကာ သူ့ကိုရဲစွမ်းသတ္တိနှင့် ပြည့်ဝပြီး အထင်ကြီးစရာကောင်းသူ တစ်ယောက်လိုမျိုး ပုံပေါက်သွားစေသည်။
ယခုလက်ရှိ ရောင်နီသန်းလာပြီဖြစ်သည့်အတွက် ကောင်းကင်တစ်ခုလုံးလည်း ကြက်သွေးရောင်သန်းနေသည်။ သူ့ချပ်ဝတ်တန်ဆာပေါ် ပထမဆုံး အလင်းတန်းကျရောက်လာသည့်အခါ ရှန်ထျန်းလည်း နေရောင်အောက်မှာ တောက်ပနေသည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်းကို စစ်ပွဲနတ်ဘုရားတစ်ပါးဟုပင် ထင်မှတ်မိစေ၏။
ရှန်ထျန်းက စိတ်ရှုပ်စရာကောင်းသော အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ နောက်ဆုံးတော့ ခင်ဗျား ထွက်လာပြီပေါ့လေ”
ရှန်ထျန်းက စကားပြောရင်း သွေးနတ်ဘုရားလှံတံကို အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ပြန်မယူနိုင်အောင် ဆွဲယူထားလိုက်သည်။
တစ်ချိန်တည်းမှာပဲ အစိမ်းပုတ်ရောင်နွယ်ကြိုးက ရှန်ထျန်းဆီမှ ပျံသန်းထွက်လာကာ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခန္ဓာကိုယ်ကို အလျင်အမြန် ရစ်ပတ်ထားလိုက်သည်။ ထိုအရာက ကနဦးဝိညာဉ် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ဖြင့် ပြုလုပ်ထားသော အံ့ဖွယ်ရစ်ပတ်နွယ်ကြိုး ဖြစ်သည်။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများကိုသာ ရစ်ပတ်ချုပ်နှောင်ထားနိုင်သည့်အတွက် လွတ်အောင်ရုန်းခြင်းက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေလိမ့်မည်။
ဤကနဦးဝိညာဉ်အဆင့် ခြင်နတ်ဆိုးကို ရှန်ထျန်း၏ ထိန်းချုပ်မှုအောက်တွင် အကြာကြီး ချုပ်နှောင်မထားနိုင်သော်လည်း ဤခဏတာ အခိုက်အတန့်လေးကိုသာ ရှန်ထျန်း လိုအပ်ခြင်း ဖြစ်သည်။
အစတုန်းက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ လျင်မြန်မှုကြောင့် သူသာ သူ့လှံတံကို လက်လွတ်ဆုံးရှုံးခြင်း မရှိပါက သူ့ကို အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးဖြင့် ချုပ်နှောင်ထားဖို့က မလွယ်ကူနိုင်ပေ။
သို့သော် ဆုံးဖြတ်ချက်အမှားကြောင့် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေနှင့်လည်း လွယ်ကူစွာ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
ကနဦးဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ လက်များကို ချုပ်နှောင်ထားစဉ် ကျောက်စိမ်းရောင် အံ့ဖွယ်ဝါးမျိုနွယ်ပင်က မြေကြီးထဲမှ ထိုးထွက်လာကာ သူ့ ခြေထောက်များကို ချည်နှောင်ထားလိုက်သည်။
ယခင်တစ်ခါ လုပ်သလိုမျိုး ကုန်ကျစရိတ်အတွက် ဂရုမစိုက်ဘဲ ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်များကို အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးဆီ ပစ်လွှတ်နေသည်။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက လှောင်ရယ်လိုက်သည်။
“ တူညီတဲ့လှည့်ကွက်မျိုးက ငါ့ဆီမှာ အလုပ်ဖြစ်မယ်များ ထင်နေတလား။ ရယ်ရတယ်။ သွေးနတ်ဘုရားနယ်မြေ…”
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ဒေါသထွက်စွာ အော်ဟစ်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး အနီရင့်ရောင် တောက်ပသွားသည်။
မရေတွက်နိုင်သော ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်က အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ပေါက်ကွဲနေသော်လည်း သွေးနတ်ဘုရားနယ်မြေက အကုန်လုံးကို ဟန့်တားလိုက်သည့်အတွက် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး လုံးဝ မထိခိုက်ပေ။
ဤ မိုးကြိုးဖောက်ခွဲရေးအဆောင်များက အခြေတည်အဆင့် ကျင့်ကြံသူများကို သတ်ဖို့သာ ရည်ရွယ်ပြီး ထုတ်လုပ်ထားသည့်အတွက် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို သတ်ချင်လျှင်ပင် အရေအတွက် အများအပြား အသုံးပြုရသည်။ ထို့ကြောင့် ကနဦးဝိညာဉ်အဆင့် ခြင်နတ်ဆိုးအတွက် လုံလောက်မှုမရှိ ဖြစ်နေသည်။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ့ကိုရစ်ပတ်ထားသော အံ့ဖွယ်ရစ်ပတ်နွယ်ပင်လည်း ကြာကြာမထိန်းနိုင်တော့ပဲ ပြေလျော့သွားသည်။
“ လူသား…မင်းက အရမ်းဉာဏ်များပြီး ရတနာတွေ အများကြီး ရှိတယ်ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်”
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ရှန်ထျန်းကို လောဘကြီးစွာ ကြည့်ကာ ပြောလိုက်သည်
“ မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်နေတော့ သနားစရာပဲ။ မင်းမှာ ဒီလိုမျိုး အထွတ်အထိပ်အဆင့် ရတနာတွေရှိနေလည်း အလကားပဲ။
ပြန်ခုခံမနေပဲနဲ့ သေလိုက်တော့။ မင်းက ငါ့ကို ဒီလောက်ထိများပြားတဲ့ အထွတ်အထိပ်အဆင့် ရတနာတွေ ပေးတဲ့အတွက် မင်းရဲ့အလောင်းကို အကောင်းပကတိအတိုင်း ထားပေးပါမယ်။
ဟုတ်တယ်…မင်းရဲ့ ချပ်ဝတ်တန်ဆာက ငါ့ရဲ့တိုက်ခိုက်မှုတွေ အကုန်လုံးကို ဟန့်တားနိုင်ခဲ့တယ်။ အဲလိုမျိုး အထွတ်အထိပ်အဆင့် ရတနာကို ငါလိုလူနဲ့ပဲ ထိုက်တန်တယ်။ မင်း သေသွားပြီးရင် ငါ အဲဒါကို ကောင်းကောင်း အသုံးချမှာပါ ”
ရာချီနေသော မိုးကြိုးဖောက်ခွဲရေး အဆောင်များဖြင့် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အကာအကွယ်ကို ပစ်နေသည်။ ထို့ကြောင့် အကာအကွယ်လည်း အများကြီး ပါးလွှာသွားသည်။
သို့သော် အကာအကွယ်က အရမ်းအားကောင်းသည့်အတွက် သွေးနတ်ဘုရားနယ်မြေကို အပြည့်အဝ မဖျက်ဆီးနိုင် ဖြစ်နေသည်။
သူ အံ့ဖွယ်ရစ်ပတ်နွယ်ပင်မှ လုံးဝ လွတ်မြောက်ကာ ရှန်ထျန်းကို သတ်နိုင်တော့မည်ဖြစ်သည့်အတွက် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ရှန်ထျန်းကို ဂုဏ်မောက်စွာ ကြည့်လိုက်သည်။
ထို့နောက် သိပ်မကြာခင်မှာပဲ ထိုဂုဏ်မောက်နေသော အပြုံးလည်း အေးစက်သွားရသည်။
“သောက်ခွေးနဲ့မှ သေစမ်း … ”
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ရှန်ထျန်း၏ နောက်တွင် ကြာပစ်ခွင်းသေနတ်နှင့်အတူ သူ့ကို ချိန်ထားသော အနက်ရောင်သေနတ်တို ရှစ်လက်ကိုလည်း တွေ့လိုက်ရသည်။
မလုံလောက်သေးပါက ကုန်ကျစရိတ်အတွက် စိတ်မပူဘဲ ရှန်ထျန်း မိုးကြိုးဖောက်ခွဲရေးအဆောင်များကို သုံးပစ်ဦးမည် ဖြစ်၏။ အကြမ်းဖျင်း တွက်ချက်ကြည့်ပါက အဆောင် ၃၀၀မှ ၅၀၀ အထိ ရှိနိုင်သည်။
သို့သော် သူတို့က သေစေလောက်သည်အထိ မပြင်းထန်ပေ။ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို ကာကွယ်ပေးထားသည့် သွေးနတ်ဘုရားနယ်မြေကိုသာ အားနည်းလာအောင် လုပ်နိုင်သည်။
သေစေလောက်သည့် တိုက်ခိုက်မှုကား ရှန်ထျန်းနောက်တွင် ပေါ်လာသည့် လျှော်အဝတ်အစား ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ပေါ်လာသည့်အခါ ဖြစ်၏။ ထို လူလတ်ပိုင်းအမျိုးသားက ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး ဖြည်းဖြည်းချင်း ခုတ်ချလိုက်သည်။
ချန်းဟယ် ဓားအသျှင်၏ ဓားကို လွှဲယမ်းလိုက်သည့်အခါ ပြိုင်ဘက်ကင်း ဓားအရှိန်အဝါက ကောင်းကင်မှာ ထွက်ပေါ်လာသည်။
ထို့နောက် နှစ်ခု၊ သုံးခု ကွဲသွားရာမှ သန်းချီပြီး ကွဲသွားသည်။ ဓားအရှိန်အဝါက ရှည်လျားသော မြစ်တစ်စင်းလိုမျိုး အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးဆီသို့ ဦးတည်သွားနေသည်။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးသာ အသင့်အနေအထားမှာ ရှိပါက ထိုတိုက်ခိုက်မှုကို ဟန့်တားဖို့အတွက် အခွင့်အရေး ရပြီး အများဆုံး ဒဏ်ရာအပြင်းအထန်သာ ရသွားနိုင်ချေရှိသည်။
ကံမကောင်းစွာဖြင့် သူ့ကို ချုပ်နှောင်ထားသည်မှ လွတ်မြောက်အောင် ရုန်းမထွက်နိုင်သေးသည့်အပြင် သွေးနတ်ဘုရားနယ်မြေကလည်း ဖောက်ခွဲမှုများကြောင့် အရမ်းအားနည်းနေလေပြီ။
ထိုကြောင့် ဓားသခင်အမှတ်အသားပြား၏ ဓားဝိညာဉ်မှ ထုတ်လွှတ်သော ချန်းဟယ်ဓားအသျှင်၏ ဓားနှင့် ရင်ဆိုင်ရသည့်အခါ သူ့အနေနှင့် မည်သို့ ခံနိုင်ရည် ရှိတော့မည်နည်း။ ဓားအရှိန်အဝါက သူ့အား ချက်ချင်း ဝါးမျိုသွားလေသည်။
ရှန်ထျန်းလည်း ဓားအရှိန်အဝါ စက်ကွင်းအတွင်းမှာ ရှိသော်လည်း သူ၏ လုံယွမ်နတ်ချပ်ဝတ်တန်ဆာက ထူသောကြောင့် သူ့အား မတော်တဆ ထိခိုက်သွားမှာကို စိုးရိမ်စရာမလိုပေ။
ရှန်ထျန်း၏ ဓမ္မစွမ်းအား မကုန်ခမ်းသွားသ၍ လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ပြီး အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး တိုက်ခိုက်တာကို ခံလျှင်ပင် ခြင်နတ်ဆိုးက သူ့ကို လုံးဝ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
ဤအရာက သူ ယုံကြည်မှုရှိနေပြီး အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးနှင့် ရင်ဆိုင်ဖို့ မကြောက်ရွံ့သော အချက်ပင် ဖြစ်သည်။
ဓားအရှိန်အဝါ ပျောက်ကွယ်သွားသည့်အခါ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ အပိုင်းပိုင်းဖြတ်ခံထားရသော သွေးလွှမ်းနေသည့် ခန္ဓာကိုယ် ပေါ်ထွက်လာသည်။ ခေါင်းကိုတော့ ရွှေနီရောင် စာရွက်အပိုင်းအစလေးက ကာကွယ်ပေးထားသည့်အတွက် အကောင်းအတိုင်း ရှိနေသေးသည်။ သူက ရှင်သန်ဖို့အတွက် အတင်းကြိုးစားရုန်းကန်နေသည်။
ဓားအရှိန်အဝါ ပျောက်ကွယ်သွားသည့်အခါ ထိုဦးခေါင်းက ရွှေနီရောင် စာရွက်အပိုင်းအစလေးကို သိမ်းပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေသည်။
ဒါပေမဲ့ ရှန်ထျန်းက သေချာနေတဲ့အရာကို ဘယ်လိုလုပ်ပြီးတော့ ရှုပ်ထွေးအောင် လုပ်ပါ့မလဲ
သူ့ညာဘက်လက်ထဲတွင် ခရမ်းရွှေတူ ရုတ်တရက် ပေါ်လာသည်။ ထို့နောက် တူကို ၁၀ ဆလောက် ကြီးအောင်လုပ်ပြီး တူဖြင့် ထုချလိုက်သည်။
ဒုန်း…
လေထဲတွင် ရှန်ထျန်းက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခေါင်းကို ထုလိုက်သည့်အတွက် သူ့တစ်ခေါင်းလုံး ဖရိုဖရဲ ဖြစ်သွားသည်။
ရှန်ထျန်း၏ ဘယ်ဖက်လက်မှ ကျောက်စိမ်းရောင်နွယ်ပင်တစ်ခု ထွက်လာပြီး အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခေါင်းကို ဆန်မုန့်လိုမျိုး ချည်နှောင်ထားသည်။
ထို့နောက် ရှန်ထျန်းက အရမ်းလေးလံနေသော ရွေနီရောင် စာရွက်အပိုင်းအစကို ဖမ်းဆုပ်လိုက်သည်။ အကြမ်းဖျင်းခန့်မှန်းချက်အရ ရွှေနီရောင် စာရွက်အပိုင်းအစ၏ အလေးချိန်က အနည်းဆုံး ကီလိုဂရမ်တစ်ရာနှင့် အထက် ရှိသည်။
ရှန်ထျန်းက ရွှေနီရောင် စာရွက်အပိုင်းအစကို ကြည့်ကာ ကျေနပ်စွာ ပြုံးမိသည်။
သူ တောင်နက်မြို့တော်ကို လာခဲ့တာလည်း ဒါအတွက်ပဲလေ
အခု ရတနာက သူ့လက်ထဲမှာ ရောက်နေပြီးတော့ ခုနစ်စဉ်ကြယ်ရဲ့ သူတော်စင်ကလည်း အခုထိ ရောက်မလာသေးဘူးဆိုတော့ သူ အောင်မြင်တယ်လို့ ပြောလို့ရတယ်
ထိုအထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ခေါင်းကို သူ့လက်ထဲရောက်လာဖို့ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို စေခိင်းလိုက်ပြီးနောက် ခေါင်းကို အသာအယာ ကိုင်မထားလိုက်သည်။
အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက နာကြည်းမှုဖြင့် ပြည့်နှက်နေပြီး မခံမရပ်နိုင် ဖြစ်နေသည်။
“ အလှောင်ခံရတာထက် အသေခံလိုက်မယ်။ လူသား…မင်းက ဒီလိုမျိုး မလေးမစား ပြုမူရဲတယ်ပေါ့လေ”
မလေးမစားပြုမူတယ် ဟုတ်လား။ ခင်ဗျားက နတ်ဆိုးဖြစ်ပြီးတော့ လေးစားမှုအကြောင်းကို ပြောချင်နေသေးတာလား။ ခင်ဗျားလည်း ကျွန်တော်ကို လှံနဲ့ထိုးချင်ခဲ့တာ မဟုတ်ဘူးလား
ရှန်ထျန်းက ပြုံးကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
“ ခင်ဗျား စောစောတုန်းက ကျွန်တော်ကို သွေးခမ်းအောင် စုပ်ပစ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။
အခု သွေးစုပ်ခွင့်ပေးမယ်လေ။ ခင်ဗျားကပဲ ကျွန်တော်ကို သွေးခမ်းအောင် စုပ်နိုင်မလား ကျွန်တော်ကပဲ ခင်ဗျားကို သွေးခမ်းအောင် စုပ်နိုင်မလားဆိုတာ မြင်ချင်သေးတယ်”
ဟင်း…
အဟင့်…ဟင့်…
အထွတ်အထိပ်ရှင်က လှောင်ခံရခြင်း၊ ရုန်းကန်ရခြင်းကြောင့် မျက်ရည်များပင် ကျနေလေပြီ။
.................
တစ်ချိန်တည်းမှာပဲ တောင်နက်မြို့တော်မှ ၅၀ ကီလိုမီတာအဝေးတွင်…
ခုနစ်စဉ်ကြယ်၏ သူတော်စင်က ကြယ်ရထားလုံးပေါ်တွင် ခြေချိတ်ထိုင်နေသည်။
သူ၏ ကနဦးဝိညာဉ် ကျင့်ကြံဆင့်က မတည်မငြိမ်ဖြစ်နေသည့်အတွက် နှိမ်နင်းဖို့အတွက် နတ်ဆိုးအချို့ကို ရှာဖွေချင်သည်။ ပြီးခဲ့သော ရက်အနည်းငယ်တွင် ခုနစ်စဉ်ကြယ်၏ သူတော်စင်က ကနဦးဝိညာဉ်အဆင့် နတ်ဆိုးများကို နှိမ်နင်းသည့် အလုပ်အများစုကို လက်ခံခဲ့သည်။ ထို့ကြောင့် ဒီနေ့လည်း ခြင်နတ်ဆိုးကို သုတ်သင်ရှင်းလင်းဖို့အတွက် တောင်နက်မြို့တော်ဆီသို့ ခရီးနှင်လာခြင်း ဖြစ်၏။
အပွင့်လင်းဆုံး ပြောရလျှင် ရွှေအမြုတေအဆင့်သို့ ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည့် ခြင်နတ်ဆိုးကို ကိုယ်တိုင်သွားရောက်နှိမ်နင်းဖို့အတွက် မထိုက်တန်ဘူးဟု သူ စဉ်းစားမိသည်။ ဒီတစ်ခေါက် အထူးအနေနဲ့ ကိုယ်တိုင်နှိမ်နင်းဖို့သွားသည့် အကြောင်းအရင်းက ခြင်နတ်ဆိုး၏ ကျင့်ကြံဆင့်က ပုံမှန်မဟုတ် မြန်ဆန်နေခြင်းကြောင်း ဖြစ်သည်။
အချိန် သုံးလ၊ လေးလအတွင်းမှာ ချီသန့်စင်ခြင်းအဆင့် နတ်ဆိုးက ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခါနီးအထိ ဖြစ်ခဲ့သည်။ ထိုအရာကပဲ ခုနစ်စဉ်ကြယ်သူတော်စင်ကို သိချင်စိတ် များပြားစေသည်။
အဲဒီနတ်ဆိုးက ကံအပြောင်းအလဲ အခွင့်အရေးကြုံတွေ့ခဲ့တာ ဖြစ်နိုင်လို့လား
ခုနစ်စဉ်ကြယ်သူတော်စင်က အားနေသည့်အတွက် တောင်နက်မြို့တော်ဆီသို့ ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ တောင်နက်မြို့တော်အနား နီးကပ်သွားသည့်အခါ ခုနစ်စဉ်ကြယ်၏ သူတော်စင်က တစ်ခုခုမှားနေကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။ ပြင်းထန်သော မုန်းတီးခြင်းစွမ်းအား တစ်ခုကို ခံစားမိပြီး ထိတ်လန့်သွားသည်။
ကိစ္စဆိုးတစ်ခုခုဖြစ်တော့မလိုမျိုး ခံစားနေရပြီး ထိုခံစားချက်ကလည်း အရမ်းကို ရင်းနှီးသည်။
ခုနစ်စဉ်ကြယ် သူတော်စင်လည်း သတိကပ်ထားလိုက်သည်။
သေချာလေ့လာအကဲခတ်ပြီးနောက်….ရွှေအမြုတေအဆင့်နတ်ဆိုးက သူ့ကို ဘာများလုပ်နိုင်မှာမလို့လဲ
ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ပါရမီရှင်သူတော်စင်ရဲ့ လှုံ့ဆော်မှုကြောင့် သူ့စိတ်အခြေအနေက ပုံမှန်အတိုင်းပြန်မရောက်သေးတာ ဖြစ်လိမ့်မယ်
ငါ အနိုင်ကျင့်ဖို့အတွက် အားနည်းတဲ့ နတ်ဆိုးတွေကို ရှာရမယ်။ ဒါမှ စွမ်းအားတွေ တိုးလာမှာ။ ဒါမှ “ပြိုင်ဘက်ကင်း စိတ်နှလုံးသား” မြန်နိုင်သမျှ မြန်မြန် ကုသလို့ ရနိုင်မှာ
ဟုတ်တယ်…အဲလိုလုပ်ရမယ်
ထိုနေရာအထိသာ စဉ်းစားပြီးနောက် ခုနစ်စဉ်ကြယ်၏ သူတော်စင်က အထူးဂါထာ ရွတ်ဆိုလိုက်သည့်အခါ ကြယ်ရထားလုံး၏ အရှိန်က အဆမတန် မြန်ဆန်သွားသည်။