← Chapters

လက်ထပ်ခြင်း

Vol. 002 Ch. 148

လက်ထပ်ခြင်း

Vol. 002 Ch. 148

ဧကရာဇ်ရီက သူတို့အား ကန်ယီနိုင်ငံ၏ နန်းမြို့တော်ကို ပြန်လည် ခေါ်ဆောင် လာခဲ့ပြီးနောက် လူတိုင်းက မိမိတို့နေအိမ်သို့ ပြန်သွားကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့က ဧကရာဇ်ရီနှင့်အတူ နန်းတော်ထဲသို့ လိုက်လာကြ၏။

“နယ်မြေတစ်ရာဒေသက အလုပ်တွေ ရှုပ်နေတော့မှာပဲ... မင်းတို့တွေရဲ့ အစီအစဉ်ကရော... ဘာလဲ...” ဧကရာဇ်ရီက နန်းတော်ထဲတွင် လျှောက်နေရင်းက မေးလိုက်သည်။ သူတို့ကား အရင်ထက် ပိုမိုရင်းနှီး လာကြကာ စီနီယာနှင့် ဂျူနီယာအလား ဖြစ်လာကြပြီ ဖြစ်သည်။

“အရှင်မင်းကြီးက ရှေးဟောင်း မြေရိုင်းဒေသရဲ့ အထက်ဘုံကို ရောက်ဖူးတယ်မလား... အဲ့မှာ ဘာတွေ ရှိလဲ...” ရီဖူရှင်းက မေးသည်။

“ကျုပ်က ရှေးဟောင်းမြေရိုင်းဒေသရဲ့ အထက်ဘုံကိုပဲ ရောက်ဖူးပြီးတော့ အောက်ဘုံကို မရောက်ဖူးဘူး...” ဧကရာဇ်ရီက ပြောသည်။ “ကံစွမ်းအား။ အခွင့်အရေးနဲ့ လျှို့ဝှက် ဘုံဌာနတွေအပြင် အရာအားလုံးက ပြင်ပလောကကြီး အတိုင်းပဲ... သူတို့မှာ ကလန်တွေ။ အင်အားစုတွေနဲ့ မြို့တွေ ရှိတယ်... အဲဒီလူတွေက အရှေ့မြေရိုင်းဒေသက လူတွေပဲ... အဲဒီနေရာကို မင်းက အရှေ့မြေရိုင်းဒေသရဲ့ အသေးစားနေရာလို့ မြင်လို့ရတယ်... ဒါပေမဲ့ သူက ပိုပြီး အန္တရာယ်များပြီးတော့ ပြိုင်ဆိုင်မှုတွေက ပြင်းထန်တယ်... နေ့တိုင်း သတ်ဖြတ်နေကြတာပဲ... ဒါကြောင့် မင်းကို တန်ခိုးအဆင့်မြင့်မှ သွားဖို့ အကြံပေးနေတာပဲ...”

“အချိန်သိပ်မရှိဘူး...” ရီဖူရှင်းက တိုးတိတ်စွာ ပြောသည်။ “ဧကရာဇ်လျိုက ကန်ယီနိုင်ငံကို စစ်ကြေညာတာ အပြောပဲ မဟုတ်ဘူး... လျိုဂျင်လန်ကလည်း တော်ဝင်ချင်ကျောင်းတော်ကို သွားပြီး တန်ခိုးကျင့်ဦးမယ်...”

“ကျုပ်နိုင်ငံကလည်း နန်ဒူနိုင်ငံထက် အားမနည်းဘူး...” ဧကရာဇ်ရီကပြောသည်။ “သူက စစ်တိုက်ချင်တယ်ဆိုလည်း ကျုပ်ကလည်း လိုက်ပါပေးရတာပေါ့... မင်းကြောင့် မဟုတ်ရင်တောင် ဒါက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ... လျိုဂျင်လန်ကိစ္စကလည်း တကယ်ကို ပြဿနာပဲ... သူ့ကြောင့် တခြားဧကရာဇ်တွေက ဧကရာဇ်လျိုနဲ့ ပူးပေါင်းကြလိမ့်မယ်....”

ရီဖူရှင်းက ပွဲတော်တုန်းက ဧကရာဇ်ချူနှင့် ဧကရာဇ်ယန်တို့၏ အပြုအမူများကို ပြန်တွေးမိကာ ရယ်မောလိုက်သည်...“သူတို့က လျိုဂျင်လန်ကြောင့် နန်ဒူနိုင်ငံ အင်အား ကြီးလာတာကို ကြောက်တယ်ဆိုတော့ ကျုပ်ဒေါသထွက်မှာတော့ မကြောက်ဘူးလို့ ဆိုလိုတာပေါ့...”

“မင်း...” ဧကရာဇ်ရီက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်သည်။ သည်ကောင်လေးကား အမှန်ပင် ရှားပါးလှသော ပါရမီရှင်ဖြစ်သော်လည်း ကောင်းကင်အဆင့် တန်ခိုးရှင်အနေဖြင့် ရှေ့တွင် လျှောက်ရမည့်လမ်းမှာ ရှည်လျားလွန်းလှပေသည်။ သို့သော် လျိုဂျင်လန်ကား ကွာခြားလွန်းလှသည်။ သူကား နိုဘယ်ကံစွမ်းအားကို ခိုးယူနိုင်ခဲ့ကာ တော်ဝင်ချင်ကျောင်းတော်ကို ဝင်ရောက်ခွင့် ရထားသည်။ သူကား နိုဘယ်တန်ခိုးအဆင့်ကို ခြေတစ်လှမ်း ဝင်နေပြီဖြစ်သည်။ သူတို့တွင် အခွင့်အရေး ရှိပါဦးမည်လော။ ရှေးဟောင်းမြေရိုင်းဒေသ ဖွင့်သည့်အကြောင်းနှင့် ပတ်သက်၍ သတင်း အချက်အလက်များပင် သူတို့တွင် များများစားစား မရှိပေ။

“ကျုပ်ကို အထင်သေးတာပဲ...” ရီဖူရှင်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

“သူတို့ နောင်တရလိမ့်မယ်...” ဘေးတွင်ရပ်နေသော ယူချင်းက လေးနက်စွာ ပြောသည်။ ဧကရာဇ်ရီက သူ့အား ကြည့်လိုက်သည်။ ရီဖူရှင်းနှင့် ပတ်သက်လာတိုင်း ယူချင်းမှာ အလွန်လေးနက်မှု ရှိကြောင်း သူသတိပြုမိသည်။ သူတို့နှစ်ယောက်၏ ပတ်သက်မှုကို သူအမှန်တကယ် စိတ်ဝင်စားမိသည်။

“ဟုတ်တယ်... သူတို့ နောင်တရလိမ့်မယ်လို့ ကျုပ်လည်း ယုံတယ်...” ဧကရာဇ်ရီက ခေါင်းညိတ်လျက် ပြောသည်။ “ကောင်းပြီ... မင်းတို့ သွားကြတော့...” သူတို့ နှုတ်ဆက်လိုက်ကြပြီး နန်းတွင်းအကြံပေးဆရာ နေထိုင်ရာ တောင်ထိပ်သို့ လမ်းလျှောက်လာကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ ပြန်ရောက်လာကြောင်း ကြားကြလျှင် အားလုံးက လာရောက်စုဆုံကြ၏။

ရီဖူရှင်း၏မျက်လုံးက ဟွာဖန်းလူထံ ရောက်သွားသည်။ သူက မျှော်လင့်တကြီး မေးလိုက်သည်... “ဆရာ... ဆရာ့ရဲ့ သက်စောင့်ဝိညာဉ်က ပြန်ကောင်းသွားပြီလား...”

“ဟုတ်တယ်... သူတို့ လုပ်ခဲ့သမျှတွေအတွက် ပြန်ပေးဆပ်ရအောင် ငါတို့လုပ်လို့ရပြီ... ဒါနဲ့ နောက်ဆုံးအကြိမ်က ငါ့တပည့် မလုပ်ချင်တော့တာ ဘယ်သူလဲ...” ဟွာဖန်းလူက ရီဖူရှင်းအား ပြုံးလျက် မေးသည်။

“ရီဖူရှင်းက စိတ်ထဲမှ ဆဲရေးလိုက်သည်။ အဖေနှင့် သမီးနဲ့ တစ်ထေရာတည်းပင်။ သည်အပြုံးက...။

“ဆရာ... ကျွန်တော်က ဆရာ့ကို စိတ်ထဲမှာ ဦးထိပ်ထားပြီး လုပ်နေတာ မသိဘူးပေါ့... ပြီးတော့ ကျွန်တော်က ဆရာကတော်ကို ဆရာ့အတွက် ပြန်ခေါ်လာတာပဲလေ...” ရီဖူရှင်းက နန်ဒူဝန်ယမ်အား ကြည့်လျက် ပြောသည်...  “ဒါနဲ့ နေပါဦး... ကျွန်တော့်ရဲ့ ဇနီးဘယ်မှာလဲ...” ဟွာဖန်းလူက သူ့အား ကြည့်နေဆဲဖြစ်ရာ ရီဖူရှင်းက စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒီကိစ္စကို ငါသဘောတူသေးလို့လား...” ဟွာဖန်းလူက ရယ်မောလိုက်သည်။

“ရှင့်ရဲ့ ကျန်းမာရေး ပြန်ကောင်းလာတာနဲ့ ရှင့်တပည့်ကို အနိုင်ကျင့်တော့မလို့လား... ဒီလို ကောင်းတဲ့ တပည့်ရတာ စိတ်မကျေနပ်ဘူးပေါ့... ပြီးတော့ ကျွန်မက ဂျီယူကို ရီဖူရှင်းကို ပေးပြီးပြီ... ရှင် သဘောမတူဘူးလား...” နန်ဒူဝန်ယမ်က ဘေးမှနေ၍ ပြောသည်။

ဟွာဖန်းလူက သူမအား ကြည့်ကာ အသာအယာ ပြောသည်...“မင်းပြောသလိုပါပဲ...”

ရီဖူရှင်း မျက်လုံးပြူးသွားကာ နန်ဒူဝန်ယမ်၏အနီးသို့ ရွှေ့သွားလိုက်သည်... “ဆရာကတော်ပဲ ကောင်းတယ်...” ကြည့်ရသည်မှာ ယခုမှစ၍ ဆရာကတော်အနီးတွင်သာ ကပ်နေရတော့မည်ထင်၏။

“ဖူရှင်း... ဂျီယူက သီးသန့် တန်ခိုးကျင့်နေတယ်... နန်းတွင်းအကြံပေးဆရာက မင်းဆရာကို ကုပေးပြီးကတည်းက သူက ဂျီယူရဲ့ တန်ခိုးကျင့်တဲ့ နေရာမှာပဲ မြှုပ်နှံထားတော့တာ...” နန်ဒူဝန်ယမ်က ညင်သာစွာ ပြောသည်။ ဟွာဖန်းလူကား ရီဖူရှင်းကို မျက်မှောင်ကုတ်လျက် ကြည့်နေဆဲပင်။ သူတို့နှစ်ယောက်၏ ဆက်ဆံပုံကား ကွာခြားလွန်းလှသည်။

ရီဖူရှင်းက နန်းတွင်းအကြံပေးဆရာ မိုဟီကို ကြည့်လိုက်သည်။ သူကား  ယခင်ကထက် ပိုမို အိုမင်းသွားဟန်ရ၏။ ရီဖူရှင်းက မေးလိုက်သည်...“စီနီယာ... ဘာဖြစ်တာလဲ...”

“အဲဒါက ဂျီယူကြောင့်ပဲ... မင်းဆရာကို ကုတုန်းကတောင် သူက ဒီလို မဟုတ်ဘူး...” နန်ဒူဝန်ယမ်က အနည်းငယ် စိတ်မကောင်းစွာ ပြောသည်။

“မင်းသမီး... မစိုးရိမ်ပါနဲ့... တော်ဝင်မိသားစုရဲ့ သက်စောင့်ဝိညာဉ်က အရမ်း စွမ်းအားမြင့်တယ်... တကယ်လို့ ဂျီယူသာ ဒီထက် ဆင့်ကဲတိုးတက် ပြောင်းလဲနိုင်မယ်ဆိုရင် သူမရဲ့ ထူးခြားတဲ့ ပါရမီကြောင့် ကျွန်တော်က ဘာမဆိုလုပ်မှာပဲ.....” မိုဟီက သက်ပြင်းချလျက် ပြောသည်... “ဒီထက် စောစောတွေ့ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ...”

“ဒွန်ဟိုင်မြို့မှာ တော်ဝင်သက်စောင့်ဝိညာဉ်ကို နားလည်တဲ့သူ ဘယ်သူမှ မရှိဘူး... ဂျီယူရဲ့ သက်စောင့်ဝိညာဉ်ဆို ပိုဆိုးတယ်... ကျုပ်တို့က ဆရာကြီးကို တွေ့ရတာ တကယ် ကံကောင်းတယ်...” ဟွာဖန်းလူက ပြောသည်။ မိုဟီကား ယခင် နန်ဒူခေတ်မှ တော်ဝင်မှော်ပညာရှင် ဖြစ်ကာ ဧကရာဇ်နှင့်အတူ လက်တွဲတိုက်ခိုက်ခဲ့သူ ဖြစ်သည်။ သူကား တော်ဝင် သက်စောင့်ဝိညာဉ်ကို အများဆုံး နားလည်သူဟု ပြောလျှင် မှားမည်မဟုတ်ပေ။ သူ၏တန်ခိုးကျင့်သည့် စွမ်းရည်မှာလည်း ထူးခြားကောင်းမွန်လှသည်။

သူတို့၏စကားအား နားထောင်ကာ ရီဖူရှင်း ပြုံးလိုက်သည်။ ကြည့်ရသည်မှာ မြေခွေးမ၏ ပါရမီမှာ သူထင်ထားသည်ထက် ပိုမိုကောင်းမွန်နေပုံရ၏။ သူမက ဆရာကောင်းနှင့် တွေ့ရသည်မှာက ောင်းသော အရာတစ်ခုပင်။

“နန်ဒူနိုင်ငံမှာ ဘယ်လိုလုပ်ခဲ့လဲ... တန်ဖန်းပွဲတော်မှာ ပြဿနာ မရှာခဲ့ဘူးလား....” ဟွာဖန်းလူက ရီဖူရှင်းကို မေးသည်။

“ကျွန်တော်က တစ်ပွဲပဲ တိုက်ခဲ့တယ်...” ရီဖူရှင်း ပခုံးတွန့်လိုက်သည်။ သူကား သည်ကဲ့သော ကြွားဝါတတ်သောသူ မဟုတ်ပေ။

“ကျောင်းအုပ်ယိရဲ့ သတင်းမရဘူးလား...” ဟွာဖန်းလူက ထပ်မေးသည်။

“ဆရာကြီးယိက ဒွန်ဟိုင်မြို့ တိုက်ပွဲပြီးနောက် ရှောင်နေတယ်... သူက နန်ဒူနိုင်ငံထဲမှာ ရှိနေသေးမယ် ဆိုရင်တော့ ကျွန်တော်တို့ အကြောင်းကို သေချာပေါက် ကြားမှာပဲ...” ရီဖူရှင်းက ပြောသည်။ ယူချင်း၏ ပေါက်ကွဲမှုက တစ်နိုင်ငံလုံးကို သတင်းပြန့်သွားရန် လုံလောက်ပေသည်။

“တကယ်လား...” ယိချိန်ချန်က သူ့အား ကြည့်ကာ ပြောသည်။

“တန်ဖန်းပွဲတော်ရဲ့ ပြိုင်ပွဲစင်မြင့်ကိုးခုမှာ အနိုင်ရတဲ့သူ တစ်ယောက်စီရှိတယ်... နင့်လူက စင်ထက် တက်သွားပြီးတော့ တစ်ယောက်ကို တက်နင်းတယ်... နောက်တစ်ယောက်ကို လက်ဝါးတစ်ချက် ရိုက်ပြီးတော့ စင်ထက်က ဆင်းပြေးစေတယ်... နောက်တစ်ယောက်က ဓမ္မအဆင့်ကပဲ... သူ့ရဲ့ ဓမ္မအသိကို ဆွဲဖြဲပစ်လိုက်ပြီးတော့ သူက အော်ဟစ်လိုက်တယ်လေ... ကျုပ်နာမည်... ယူချင်း... ယိချန်ရဲ့တပည့်ဆိုပြီးတော့... နင် ဘယ်လိုထင်လဲ.....” ရီဖူရှင်းက ယိချိန်ချန်အား မေးလိုက်သည်။

ရီဖူရှင်း၏စကားကိုကြားလျှင် လူတိုင်းက ယူချင်းအား ကြည့်လိုက်ကြသည်။ သူကား အမှန် ကြမ်းတမ်းလှ၏။ ယိချိန်ချန်က မျက်လုံးများနီရဲလျင် ယူချင်းကို ကြည့်နေစဉ်မှာ သူက ခေါင်းကုတ်ကာ နေရထိုင်ရ ခက်နေပုံရသည်။

ယိချိန်ချန်က ထရပ်ကာ ယူချင်း၏ရင်ဘတ်အား သူမ၏ သေးသွယ်သော လက်များဖြင့် ထုလိုက်သည်။

“မင်းတို့က ဒီလိုတွေ လုပ်နေမယ်ဆို ငါတို့ မျက်ကွယ်ရာကို သွားဖို့လိုတယ်...” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။

“ဒါပေါ့...” ယိချိန်ချန်က ပြုံးလျက် ယူချင်းအား ဆွဲခေါ်သွားသည်။

တခြားလူများက နန်ဒူနိုင်ငံမှ ကိစ္စများကို ပြောနေကြသော အချိန်တွင် ရီဖူရှင်းကလည်း တန်ခိုးကျင့်ရန် သွားနေသည်။

ရှေးဟောင်း မြေရိုင်းဒေသကား ဖွင့်လှစ်တော့မည် ဖြစ်သည်။ လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်ကို သွားရောက် တန်ခိုးကျင့်တော့မည် ဖြစ်သလို နန်ဒူနိုင်ငံနှင့် ကန်ယီတိုင်းပြည်အကြား စစ်ပွဲမှာလည်း စတင်တော့မည် ဖြစ်၏။ အချိန်ကား သိပ်မရှိတော့ပေ။

***

မကြာမီ နှစ်နိုင်ငံ နယ်စပ်အကြား အကြမ်းဖက်မှု ဖြစ်ပေါ်လာသည်။ မှန်သည်... နန်ဒူနိုင်ငံက ကန်ယီတိုင်းပြည်အား စတင် ကျူးကျော်ခြင်းဖြစ်၏။ ကန်ယီတိုင်းပြည်ကလည်း ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူတို့က နန်ဒူနိုင်ငံအား စောင့်ကြည့်နေခြင်းဖြစ်ရာ စစ်ပွဲကြီး စတင် ဖြစ်ပေါ်လာတော့သည်။ ရက်များစွာ အကြာ ကန်ယီနန်းတော်ကို တစ်စုံတစ်ယောက် ရောက်ရှိလာကာ သူက ယူချင်း၏ဆရာဟု ပြောသည်။ ရီဖူရှင်း၊ ယူချင်း၊ ယိချိန်ချန်၊ တန်လန်၊ ဟွာဖန်းလူနှင့် တခြားလူများ အားလုံးက ဧည့်သည်အား သွားရောက်ကြိုဆိုကြရာ ယိချန်အား တွေ့ကြရသည်။

“အဖေ...” ယိချိန်ချန်က မျက်ရည်များ စီးကျလျက် ယိချန်၏ လက်မောင်းများ အကြားသို့ ပြေးဝင်သွားသည်။

“ဘာလို့ငိုနေတာလဲ... မင်းက ပျော်ရွှင်သင့်တယ်...” ယိချန်က သူ့သမီး၏ဆံပင်များအား ပွတ်သပ်လျက် ညင်သာစွာ ပြောသည်။

“ဆရာ...” ယူချင်းနှင့် တန်လန်တို့ လျှောက်လာကြသည်။

“ဆရာကြီးယိ...” ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်တို့က ခေါ်လိုက်ကြသည်။ ယိချန်ကား ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကြောင့် နန်ဒူမိသားစုသို့ လိုက်ပါခဲ့သည်။ တခြားလူများ လွတ်မြောက်အောင် သူ့အသက်အားရင်း၍ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းအုပ်နှင့် ယှဉ်တိုက်ခဲ့ရ၏။

ယိချန်က အားလုံးကို ကြည့်လျက်ကပင် တန်လန်အား ပြောသည်...“သူတို့တွေ အကုန်လုံးက မိသားစုတွေမို့ ထားပါတော့... နင်က ဒီမှာ ဘာလုပ်နေတာလဲ....”

“ဆရာ...” တန်လန်က အနည်းငယ် ရှက်ရွံ့စွာ ပြန်ပြောသည်။

“ဆရာကြီးရီ...” နန်ဒူဝန်ယမ်က ထလာရင်းက ခေါ်လိုက်သည်။ “ကျွန်မက ဟွာဖန်းလူနဲ့ တန်လန်တို့ရဲ့ လက်ထပ်ပွဲကို စဉ်စားနေတာ... အခု ဆရာကြီး ရောက်လာမှတော့ ဆရာကြီးကိုယ်တိုင် စီစဉ်သင့်တယ်...”

“လူတိုင်းက နန်ဒူဝန်ယမ်အား ကြည့်လိုက်သည်။ ဟွာဖန်းလူပင်လျှင် သည်ကိစ္စကို မသိပေ။

“ဝန်ယမ်... မင်း...” ဟွာဖန်းလူက ပြောသည်။

“ရှင်က တန်လန်ကို အရင်က စိတ်ပျက်စေခဲ့ပြီ... အခု ထပ်လုပ်ချင်လို့လား...” ဟွာဖန်းလူက မချိန်ပြုံးပြုံးလိုက်သော အချိန်တွင် နန်ဒူဝန်ယမ်က မေးသည်။

“နင်က အဓိပ္ပာယ်မရှိတာ ပြောနေပြန်ပြီ...” တန်လန်က နန်ဒူဝန်ယမ်အား စိုက်ကြည့်လျက် ပြောသည်။

“သိပ်ပြီးတော့ ခေါင်းမမာနဲ့... ဒီနှစ်တွေမှာ နင်ဘယ်လောက် ခက်ခဲခဲ့လဲ.... ဘယ်လောက်တောင် ခက်ခဲပါစေ နင် လက်လွှတ်ပေးနိုင်ခဲ့လား... ဘာလို့ ကု့ချင်းဥယျာဉ်ကို ဝယ်ခဲ့လဲ... ပြီးတော့ သူ့ကိုခေါ်ပြီး ဘာလို့ဂရုစိုက်ခဲ့လဲ... နင်အများကြီး ပေးဆပ်ပြီးပြီ...” နန်ဒူဝန်ယမ်က ပြောသည်။ တန်လန်က မည်သို့ ပြောရမည် မသိတော့ပေ။

ရီဖူရှင်းက ထိုဖြစ်စဉ်အား ထိတ်လန့်တကြား ကြည့်နေသည်။ သူ၏ဆရာကတော်က သူ့ဆရာအတွက် တခြား မိန်းမတစ်ယောက် ရှာပေးနေသည်။ သူက ဂျီယူအား သူ့အမေထံမှ သင်ယူသင့်ကြောင်း ပြောသင့်သလား သူ စဉ်းစားကြည့်သည်။

တန်လန်က နန်ဒူဝန်ယမ်၏စကားအား ငြင်းပယ်ခြင်း မရှိသည်ကို မြင်လျှင် ယိချန်က ဟွာဖန်းလူအား ကြည့်ကာ ပြောသည်...“ဒါလည်း ဖြစ်တာပဲ...”

“ဆရာ...” တန်လန်က ယိချန်အား ကြည့်လိုက်သည်။

“အရင်တုန်းက နင်က သူ့အတွက် ငါ့ကိုတောင် ဆန့်ကျင်ရဲခဲ့သေးတာပဲ... အခု နင့်သတ္တိတွေ ဘယ်မှာလဲ...” ယိချန်က သူမအား ကြည့်လျက် ပြောသည်။ “စိတ်မပူနဲ့... ငါရှိနေမှတော့ နင့်ကို ဘယ်သူမှ မတရားမလုပ်ရဲဘူး... ငါကိုယ်တိုင် ကြီးကြပ်မယ်... ဒါအလုပ်ဖြစ်တယ်...” သူ့တပည့်၏အကြောင်းကို သူအသိဆုံးဖြစ်သည်။ အကယ်၍ သူမကသာ ဟွာဖန်းလူအပေါ် ခံစားချက်မရှိလျှင် သူမက ဟွာဖန်းလူဘေးတွင် ရှိနေမည် မဟုတ်ပေ။ သို့သော်လည်း ခေါင်းစဉ်တစ်ရပ် မရှိလျှင် သူမကား အနှေးနှင့်အမြန် သည်နေရာမှ ထွက်ခွာရတော့မည် ဖြစ်ကာ တစ်ယောက်တည်း အထီးကျန်စွာ နေ့ရက်များအား ဖြတ်သန်းရတော့မည် ဖြစ်သည်။

“ဒါ ကောင်းတယ်လို့ ထင်တယ်... တန်အဒေါ်... အာ... အခု တန်အဒေါ်ကို ဒုတိယ ဆရာကတော်လို့ ခေါ်ရတော့မှာပဲ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူကား သူတို့၏ပတ်သက်မှုကို အသိနားလည်ဆုံး ဖြစ်သည်။ ဆရာကတော်က တိုက်တွန်းနေမှတော့ သည်ကိစ္စ မဖြစ်လာစရာ အကြောင်းမရှိတော့ပေ။

ယိချန်က ရီဖူရှင်း၏စကားအား သဘောကျသွားကာ ခေါင်းညိတ်လိုက်သည်။

ထိုစဉ် မင်းသမီး ရီလင်းဇီ ရောက်ရှိလာသည်။

“မင်းသမီး... ကိစ္စရှိလို့လား...” ရီဖူရှင်းက မေးလိုက်သည်။

“ဆရာကြီးယိ ရောက်လာတယ် ကြားလို့... ဒါကြောင့် တွေ့ရအောင် ရောက်လာတာ...” ရီလင်းဇီက ပြုံးလျက် ပြောသည်။

ယိချန်က အနည်းငယ် နားမလည်စွာ ပြောသည်... “မင်းသမီးက ကိုယ်တိုင်လာတယ် ဆိုတော့...”

“မဟုတ်ပါဘူး... အခု ဆရာကြီးယိက ဒီနေ့မှာ တကယ့်ကို ဒဏ္ဍာရီတစ်ပုဒ် ဖြစ်နေတာ... အဖေကလည်း ဆရာကြီးကို တွေ့ချင်နေတာ... အားလုံး ဆုံကြတာကို မနှောင့်ယှက်ချင်လို့  ... အဖေက ဆရာကြီးယိကို ကြိုဆိုဖို့ ညစာစားပွဲ ပြင်ဆင်နေတယ်...” ရီလင်းဇီက ပြောသည်။

“ကောင်းပြီ... ကျုပ်လာခဲ့မယ်...” ယိချန်က ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကျွန်မ သွားတော့မယ်...” ရီလင်းဇီက ပြုံးလျက် ပြောကာ ထွက်သွားသည်။

“မဆိုးဘူး...” ယိချန်က ရီဖူရှင်းကို ကြည့်လျက် ပြောသည်။ မင်းသမီးကိုယ်တိုင် လာရောက် ဖိတ်ခေါ်ကာ ဧကရာဇ်ကိုယ်တိုင်က ညစာစားပွဲကျင်းပ ပြင်ဆင်ထားခြင်းမှာ သူ့ကြောင့် မဟုတ်သည်ကို သိသည်။ ဧကရာဇ်ရီက ရီဖူရှင်းအား ကာကွယ်ရန် နန်ဒူနိုင်ငံနှင့်ပင်လျှင် စစ်ဖြစ်ရဲသည်ကို သူထပ်ကြားထားသည်။

“ဒါပေါ့... လာဘ်လာဘ ကျောင်းဆောင်ရဲ့ တပည့်အနေနဲ့ ဆရာကြီးကို ဘယ်စိတ်ပျက်စေလို့ ရပါ့မလဲ...” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။

“ဒါက ယုတ္တိရှိတယ်...” ယိချန်က ခေါင်းညိတ်ကာ သူတို့အုပ်စု နန်းတော်ရှိရာဘက်သို့ လျှောက်သွား လိုက်ကြသည်။ သူတို့အားလုံး ဆုံကြပြီဖြစ်ရာ လူတိုင်း၏မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လင်းနေကြ၏။  ဧကရာဇ်ရီ၏ညစာစားပွဲမှာလည်း ကောင်းမွန်သော ညနေခင်းတစ်ခု ဖြစ်လိမ့်မည်မှာ သေချာလှပေတော့သည်။

***

All Chapters