ခုနစ်စဉ်ကြယ်၏ သူတော်စင်လည်း… ကွဲအက်သွားသည်
Vol. 11-16 Ch. 191
အခန်း (၁၉၁) : ခုနစ်စဉ်ကြယ်၏ သူတော်စင်လည်း… ကွဲအက်သွားသည်
ခုနစ်စဉ်ကြယ်၏ သူတော်စင်က ရှန်ထျန်းကို မြင်လိုက်ရသည်။ ယခုလက်ရှိတွင် ရှန်ထျန်းက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို သတ်ထားသည့်အတွက် လူတိုင်းက သူ့ဘေးမှာ ဝန်းရံနေကြသည်။
လူငယ်များက ရှန်ထျန်းကို လေးစားသော အကြည့်များဖြင့် ကြည့်နေကြပြီး မိန်းမပျိုများက ရှန်ထျန်းကို ချစ်မြတ်နိုးသော အကြည့်များဖြင့် ကြည့်နေကြသည်။
ချန်ကျုံးထျန်း အရမ်းအားကျသွားရသည်။ ဤအောင်မြင်မှုနှင့် လေးစားမှုက သူ ရသင့်သော အရာ ဖြစ်၏။
ငါ နည်းနည်းလောက် နောက်ကျသွားလို့ ငါ့ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားရတာလား။ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ဖြစ်တဲ့ မင်းက ဘာလို့ ကိုယ့်အထွတ်အမြတ်မြေမှာ နေပြီးတော့ မကျင့်ကြံရတာလဲ …
ဘာလို့ ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေရဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ဒီနေရာကို ရုတ်တရက်ကြီး ရောက်လာရတာလဲ
ချန်ကျုံးထျန်းက မခံမရပ်နိုင် ဖြစ်လာမိသည်။
ရှန်ထျန်းဘေးရှိ ကျိုးအာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ သခင် … အဲဒီစွမ်းအားကြီးတဲ့သူဆီမှာ အငြိုးအတေးတွေ အများကြီးကို တွေ့နေရတယ်”
အငြိုးအတေးတဲ့လား
ရှန်ထျန်း ချန်ကျုံးထျန်းကို ကြည့်ကာ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
ချီးပဲ…မင်းက ငါ့ကာကွယ်ရေး အစီအရင်ဆီကို ရထားလုံး မောင်းလာတဲ့သူပေါ့။ အစီအရင်ကို ဖျက်စီးခဲ့တဲ့အတွက် တာဝန်လည်း မယူခိုင်းသလို လျော်ကြေးလည်း မတောင်းတာတောင် မင်းက ငါ့ကို အငြိုးထားတုန်းပေါ့လေ ဟုတ်လား
သို့သော်ချန်ကျုံးထျန်း၏ ရွှေရောင် ရောင်ဝါစက်ဝန်းက ယခုအနီရောင် သန်းနေသည့်အတွက် သူ သဘောထားကြီးပေးရမည်ဟု ရှန်ထျန်းတွေးလိုက်မိသည်။
စော်ကားတာမျိုး၊ အမုန်းတရားကြီးအောင် လုပ်တာမျိုးက အရမ်းကလေးဆန်လွန်းသည်။ အကောင်းဆုံးအပြုအမူက အကျိုးအမြတ်ရပြီးလျှင် နောက်ဆုတ်ပြီး တိတ်တိတ်လေး သန်မာလာအောင် လုပ်ခြင်းမျိုး ဖြစ်သည်။
တောင်နက်မြို့တော်၏ ကပ်ဘေးကိုလည်း ဖြေရှင်းပြီးသွားပြီဖြစ်သလို အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ကျမ်းစာကိုလည်း ရရှိထားပြီဖြစ်သည့်အတွက် ရှန်ထျန်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ထွက်မသွားခင် အားအင်ချိနဲ့သော ပုံရိပ်တစ်ခုက ချန်ကျုံးထျန်းဆီ အလျင်စလိုသွားတာကို မြင်လိုက်ရသည်။
“ ငရှုပ်ကောင်…အစတုန်းက အန္တရာယ်မရှိတော့တာကို အကာအကွယ်ကို ဖျက်စီးပစ်တယ်ပေါ့လေ။ အရှက်မရှိတဲ့ သစ္စာဖောက်ကောင်။ ငါ့အမေရဲ့ အသက်ကို ပြန်ပေး”
သူက အစောပိုင်း အခြေတည်အဆင့် ကျင့်ကြံသူ လူငယ်တစ်ယောက် ဖြစ်သည်။ တောင်နက်မြို့တော်တွင် ရှားပါးသော ကျင့်ကြံဆင့်ဟု ဆိုနိုင်သည်။ ရှန်အောင်းထက်လည်း အားမနည်းပေ။ သို့သော်ငြား ချန်ကျုံးထျန်းရှေ့တွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က အရမ်းအားနည်းသည်ဟု ပြောနိုင်သည်။
ချန်ကျုံးထျန်း၏ အကြည့်တို့တွင် သနားညှာတာမှု ကင်းမဲ့သော အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ သူ ကနဦးဝိညာဉ်အဆင့်သို့ ရောက်တာ မကြာသေးသည့်အတွက် သူ့စိတ်အခြေအနေကလည်း မငြိမ်မသက် ဖြစ်နေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူ့စိတ်ကို မငြိမ်မသက်ဖြစ်အောင် လုပ်ခဲ့သည့်အပြင် ဒီနေ့လည်း သူ့အခွင့်အရေးကို လုယူပြီး ဂုဏ်တက်အောင် လုပ်သွားသေးသည်။ သူကတော့ ရထားလုံးကိုပါ ဆုံးရှုံးလိုက်ရသေးသည်။
ချန်ကျုံးထျန်း နာကျင်ပြီး စိတ်မကောင်းဖြစ်နေဆဲ ဖြစ်သည်။ ပိုပြီးဆိုးသည်က သူ့စိတ်နတ်ဆိုးတွေလည်း ထွက်ပေါ်လာပေတော့မည်။
ဒီလိုအခြေအနေမျိုးမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကို တိုက်ခိုက်စော်ကားရဲတယ်တဲ့လား
မင်းက သေချင်နေတာပဲ။ ငါ လူတွေကို မသတ်ရဲဘူးလို့ မင်းက ထင်နေတာလား
ချန်ကျုံးထျန်း၏ ခေါင်းထဲတွင် သွေးတွေ ဆူပွက်နေလေပြီ။ သူ ညာဘက်လက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ ထိုလူငယ်ကို လက်ညှိုးထိုးလိုက်သည်။ ထိုအခိုက်အတန့်တွင် ဓားပျံစီးနင်းပျံသန်းမှုကို အသုံးပြုကာ ချန်ကျုံးထျန်းဆီ ဦးတည်လာနေသော လူငယ်က မမြင်နိုင်သော အားအင်တစ်ခုကြောင့် လေထဲတွင် ရပ်တန့်သွားသည်။
ချန်ကျုံးထျန်း လက်ဖျောက်တီးလိုက်သည့်အခါ ကြယ်ရောင်ဓား အရှိန်အဝါများထွက်လာပြီး ထိုလူငယ်၏ စွမ်းအင်ဗဟိုချက်ဆီသို့ ဦးတည်သွားနေသည်။ ဓားအရှိန်အဝါ ကျရောက်ပြီးနောက် ထိုလူငယ် အသက်ရှင်နိုင်လျှင်ပင် သူ့စွမ်းအင်ဗဟိုချက်ကတော့ ပျက်စီးသွားပြီး မသန်စွမ်းတစ်ယောက် ဖြစ်လာလိမ့်မည်။
ထိုလူငယ်ကလည်း သေခြင်းတရားကို မကြောက်သည့်အတွက် ချန်ကျုံးထျန်းကို စိုက်ကြည့်နေသည်။
သူနှင့် သူ့အမေက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မှီခိုပြီး နေလာခဲ့ကြသည်။ ထိုလူငယ်က အခက်အခဲများစွာကို ကြုံတွေ့ပြီးမှ ကျင့်ကြံဖို့ အခွင့်အရေးရရှိပြီး မိခင်ဖြစ်သူကို ဘဝကောင်းတစ်ခု ပေးနိုင်ခဲ့ခြင်း ဖြစ်၏။
ကံမကောင်းစွာဖြင့် ခြင်နတ်ဆိုးများ၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုလူငယ်က မြို့တံတိုင်းပေါ်မှာနေပြီး အသက်ကို စတေးကာ ရန်သူများနှင့် တစ်ချိန်လုံး တိုက်ခိုက်နေခဲ့ရသည်။ အခက်အခဲများစွာကို ရင်ဆိုင်ပြီးနောက် ရှန်ထျန်း အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကို ဖမ်းမိသွားသည်အထိ သူ တောင့်ခံနိုင်ခဲ့သည်။
သို့သော် ဤငတုံးက သူ့ ရထားလုံးကို စီးပြီး အံ့ဖွယ်မိုးကောင်းကင် နဂါးပြာ ကာကွယ်ရေးအစီအရင်ကို ဝင်တိုက်ခဲ့ပြီး ပျက်စီးသွားသည့်အတွက် ခြင်အုပ်စုလိုက်ကြီး မြို့ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုလူငယ်၏ မိခင်ကလည်း မြို့တံတိုင်းနားမှာ ရောက်ရှိနေသည့်အတွက် ခြင်နတ်ဆိုးအနေဖြင့် သူမတစ်ကိုယ်လုံး၏ သွေးတစ်ဝက်ကို ချက်ချင်းစုပ်ယူပစ်ဖို့ အချိန်သိပ်မလိုပေ။ သူ့မိခင် သေခါနီးဖြစ်နေပြီး လုံးဝ မကယ်နိုင်တော့တာကို မြင်လိုက်ရသည့်အတွက် ထိုလူငယ် မျှော်လင့်ချက် မဲ့သွားရသည်။
ဒါကြောင့် ဘယ်လိုလုပ်ပြီးတော့ သူက ဆက်ပြီး သည်းခံနေနိုင်မှာလဲ
ငါ သေရင်လည်း သေပါစေတော့။ ငါက အရည်အချင်း မပြည့်ဝတော့ ငါ့အမေအတွက် လက်တုံ့ပြန်မပေးနိုင်ဘူး။ နောက်ဘဝသာရှိသေးရင် သေချာပေါက် လက်စားချေမယ်
လျန့်ချန်က မျက်လုံးကို မှိတ်ထားသော်လည်း နာကျင်မှုက ရောက်မလာခဲ့ပေ။
ရွှေရောင်မိုးကြိုးက လျန့်ချန်၏ ရှေ့တွင် ပေါ်လာပြီး ချန်ကျုံးထျန်း၏ ကြယ်ရောင်ဓားအရှိန်အဝါကို ဖျက်စီးပစ်လိုက်သည်။
လုံယွမ်နတ်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ရှန်ထျန်းက နူးညံ့စွာပြုံးပြရင်း ပြောလိုက်သည်
“ ခုနစ်စဉ်ကြယ် သူတော်စင် … ဒီလောက်ထိ ရက်စက်စရာမလိုဘူးလေ ဟုတ်တယ်မလား”
ရှန်ထျန်း၏ ဓာတ်နှောနတ်မိုးကြိုးလက်သီးက အရမ်းတိကျနေသည့်အတွက် ချန်ကျုံးထျန်း၏ မျက်နှာထားက ပိုပြီးတော့ လေးနက်လာရသည်။ လျင်မြန်သော ဓားအရှိန်အဝါကို လမ်းတစ်ဝက်မှာ ဖြတ်တိုက်ဖို့ဆိုတာ ရိုးရှင်းလွယ်ကူသည့်အရာ မဟုတ်ပေ။
အနည်းဆုံးတော့ ခိုင်မာသောဆုံးဖြတ်နိုင်စွမ်းလိုအပ်သည်။
ချန်ကျုံးထျန်းက အေးစက်စွာ ပြောလိုက်သည်
“ ဒီလူက ကနဦးဝိညာဉ်အဆင့်ဖြစ်တဲ့ ကျွန်တော်ကို တိုက်ခိုက်တာလေ။ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က သူ့ကို ကာကွယ်ပေးချင်နေတာတော့ မဟုတ်ဘူးမလား”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်
“ ဒီလူက သူ့ရဲ့ အရင်းနှီးဆုံးသူကို ဆုံးရှုံးထားရတာလေ။ သူ စိတ်တိုတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ အစ်ကိုချန်အနေနဲ့ ကျွန်တော်မျက်နှာကို ထောက်ပြီးတော့ သူ့အသက်ကို ချမ်းသာပေးလို့ မရဘူးလားဟင်”
အရှင်းဆုံး ပြောရလျှင် ချန်ကျုံးထျန်းလိုမျိုး အထက်တန်းကျတဲ့သူတွေ ထားသော စိတ်ထားမျိုးက နေရာတိုင်းမှာ ရှိသည်။ အဲလိုမျိုး အထက်တန်းကျသောသူများက အောက်ခြေ လူတန်းစားများကို ဂရုစိုက်စရာ မလိုပေ။
သို့သော် ရှန်ထျန်းက ဒီနေရာသို့ ရောက်လာသည် သိပ်မကြာသေးသည့်အတွက် သူ့တန်ဖိုးသတ်မှတ်ချက်က ချန်ကျုံးထျန်းနှင့် မတူပေ။
ဒါပေါ့ နောက်ထပ် အကြောင်းပြချက် တစ်ခုလည်း ရှိသေးတယ်။ လျန့်ချန်ရဲ့ ရောင်ဝါစက်ဝန်းက အနီရောင်နဲ့ အစိမ်းရောင် ရောယှက်နေတဲ့ အနေအထားပဲ။ ယခုလက်ရှိ ရှန်ထျန်းက အဲလို ရောင်ဝါစက်ဝန်းမျိုးကို ကံကြမ္မာ၏ ကောင်းချီးပေးမှုကို ရထားတယ်လို့ မသတ်မှတ်တော့ပေမဲ့ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် လက်လွှတ်ခံဖို့တော့ မလိုအပ်ဘူးလေ
ရှန်ထျန်းက ညာဘက်လက်ကို ဆန့်ထုတ်ကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို သုံးပြီး လေထဲတွင်ရပ်တန့်နေသော လျန့်ချန်ကို ဆွဲကာ လွှတ်ပေးလိုက်သည်။
ထို့နောက် ရှန်ထျန်းက မေးလိုက်သည်
“ မင်းကို ဘယ်လိုခေါ်ရမလဲ။ မင်းရဲ့ အမေ အသက်ရှူနေသေးလား။ သူမကို ကုသပေးနိုင်မယ်လို့ ထင်တယ်”
လျန့်ချန်က စိတ်လှုပ်ရှားသွားကာ မျက်ရည်များပင် ဝဲလာပြီး ပြောလိုက်သည်
“ထာဝရရှင်သန်သူ စီနီယာ… ကျွန်တော်အမေက အခုထိ အသက်ရှူနေပါသေးတယ်။ ထာဝရရှင်သန်သူ စီနီယာသာ ကျွန်တော်ရဲ့ အမေကို ကယ်ပေးနိုင်မယ်ဆိုရင် ကြင်နာမှုအတွက် ထာဝရရှင်သန်သူ စီနီယာရဲ့ အစေခံ လုပ်ပါ့မယ်”
ရှန်ထျန်းက ချပ်ဝတ်တန်ဆာကို သိမ်းကာ လျန့်ချန်နောက်သို့ လိုက်သွားသည်။ မြို့တံတိုင်းဘေးတွင် အသက်၅၀အရွယ်ရှိသော အမျိုးသမီးတစ်ယောက် လဲလျောင်းနေပြီး မျက်နှာကလည်း ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ်တွင်း ဖောက်ထွင်းဒဏ်ရာ တစ်ခုရှိနေပေမဲ့ သွေးအနည်းသာ ထွက်နေသည်။
အဘယ်ကြောင့်ဆိုသော ခြင်နတ်ဆိုးက သွေးအများကြီး စုပ်ယူလိုက်သည့်အတွက် ဒဏ်ရာကျန်နေခဲ့ခြင်း ဖြစ်သည်။ သတ်လတ်ပိုင်းအမျိုးသမီးက အင်မတန် အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် အချိန်မရွေး အသက်ရှူရပ်သွားနိုင်သည်။
ထိုမြင်ကွင်းက ရှန်ထျန်းကို စိတ်မကောင်းဖြစ်သွားစေသည်။ သူက သက်လတ်ပိုင်းအမျိုးသမီးအနားသို့ အမြန်သွားကာ ဝိညာဉ်ချီဖြင့် သူမ၏ အသက်ရှူနှုန်းကို ငြိမ်အောင် လုပ်ပေးလိုက်သည်။
လျန့်ချန်က ရှန်ထျန်းနှင့် သက်လတ်ပိုင်း အမျိုးသမီးကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူ့မိခင်က သွေးတွေအများကြီး ဆုံးရှုံးထားပြီးပြီဆိုတာကို သူ ကောင်းကောင်းသိသည်။ ရှန်ထျန်းက သူ့ဝိညာဉ်ချီကို ဆက်တိုက် အသုံးပြုနေလျှင်ပင် သူ့မိခင်က အချိန်တိုလေးတစ်ခုသာ အသက်ရှင်ခွင့်ရလိမ့်မည်။
သူ့မိခင်ကို ကယ်ဖို့အတွက် အဖိုးတန် ဝိညာဉ်ဆေးပင်များကို အသုံးပြုဖို့ လိုအပ်သည်။
ဒါပေမဲ့ အဲလိုမျိုး အဆင့်မြင့် ဝိညာဉ်ဆေးပင်ကို အချိန်တိုအတွင်း ဘယ်လိုလုပ်ပြီးတော့ ရနိုင်မှာလဲ
သူ ရှန်ထျန်းအပေါ်သာ မှီခိုရမည်။
ရှန်ထျန်းက သူ၏ ဝိညာဉ်ချီကို သက်လတ်ပိုင်းအမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည့်အတွက် သူမ၏ ဒဏ်ရာအကြောင်းကို အကြမ်းဖျင်း နားလည်သွားပြီး သက်ပြင်းချလိုက်သည်။
ခြင်နှာမောင်းက သက်လတ်ပိုင်းအမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထိုအရာက သေမျိုးတစ်ယောက်အတွက် သေစေနိုင်သည့် ဒဏ်ရာဖြစ်သော်လည်း ရှန်ထျန်းအတွက် သူမကို ကယ်တင်ဖို့ မခဲယဉ်းပေ။
သူက ကျောက်စိမ်းပုလင်းငယ်လေး၏ ဖော့အဆို့ကို ဖယ်ကာ နိဗာနတော်ဝင်ရေစင် တစ်စက်ကို ယူလိုက်ပြီး ထိုအမျိုးသမီးကို တိုက်ကျွေးလိုက်သည်။
ချန်ကျုံးထျန်းက အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ တွေ့နေရသည့်အတွက် ကိုယ့်ကိုယ်ကို သံသယဝင်လာသည်။
သိပ်မကြာခင်မှာပင် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှ အစိမ်းရောင်တောက်တောက် လင်းလက်လာကာ မူလက အကျည်းတန်သော ဒဏ်ရာက သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကုစားသွားသည်ကို မြင်လိုက်နိုင်သည်။
ဖြူဖပ်ဖြူလျော်ဖြစ်နေသော သူမ၏ မျက်နှာသည်လည်း အခုမှ သွေးရောင် ပြန်လွှမ်းလာသည်။ မူလက ဖြူနေသော ဆံပင်များလည်း အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားကာ အသက်၂၀ အရွယ်သို့ ချက်ချင်းပြန်ရောက်သွားသလို ဖြစ်နေသည်။
လျန့်ချန်အရမ်းကို ပျော်ရွှင်နေသည်။ သူ ရှန်ထျန်းရှေ့တွင် ဒူးထောက်ကာ အရိုအသေပေးရင်း ပြောလိုက်သည်
“ ကျွန်တော်ရဲ့ အမေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ထာဝရရှင်သန်သူ စီနီယာ။ ပြန်ပြီးတော့ ကျေးဇူးကြွေးဆပ်ဖို့အတွက် ရှေ့လျှောက် ထာဝရရှင်သန်သူ စီနီယာရဲ့ အစေခံ လုပ်ချင်ပါတယ်”
ရှန်ထျန်းက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်
“ မင်းရဲ့ ကျေးဇူးသိတတ်စိတ်က ငါ့ကို စိတ်လှုပ်ရှားစေပါတယ်။ မင်းတစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုပဲ ကျေးဇူးတင်လိုက်ပါ။ အရာအားလုံးက ကံကြမ္မာပေါ်မှာ မူတည်ပြီး ဖြစ်ပျက်တာလေ။ ကြည့်ရတာ မင်းက ငါနဲ့ ကံစပ်တယ် ထင်တယ်”
သူက စကားပြောရင်း မမြင်နိုင်သောစွမ်းအားဖြင့် ဒူးထောက်နေသော လျန့်ချန်ကို ထူပေးလိုက်သည်။
အမှန်အတိုင်းပြောရရင် ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်လိုမျိုး ဟန်ဆောင်ရတာက အရမ်းကို ကောင်းတာပဲ
သို့သော် ထိုအချိန်တွင် ချန်ကျုံးထျန်း၏ ခါးသီးသောအသံ ပေါ်ထွက်လာသည်
“ အစ်ကိုရှန်…ဒီနိဗာနတော်ဝင်ရေစင်ဆိုတာ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း ကျင့်ကြံသူတစ်ယောက် ခက်ခဲစွာ ရရှိလာတဲ့အရာလေ။ အဲဒါကို သေမျိုးတစ်ယောက်ကို တိုက်ကျွေးနေတာလား”
ရှန်ထျန်းက ချန်ကျုံးထျန်းကို ငတုံးတစ်ယောက်လိုမျိုး သဘောထားကာ ကြည့်လိုက်သည်။
“ ဒီနိဗာနတော်ဝင်ရေစင်က ဆေးတစ်မျိုးပဲလေ။ ဆေးဆိုတာက ဒဏ်ရာတွေနဲ့ ဖျားနာတာကို ကုသဖို့မဟုတ်လား”
ဒီ ရင်းနှီးတဲ့ အကြည့်၊ ရင်းနှီးတဲ့ စကားနဲ့ ရင်းနှီးတဲ့ ရိုက်ချက်…
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဖြစ်ပျက်ခဲ့သော အရာများ ချန်ကျုံးထျန်း တစ်ခေါက်ပြန်လည် စဉ်းစားမိသွားသည်။ သူ့ ဦးခေါင်း နာကျင်လာသည့်အတွက် သူ့ကနဦးဝိညာဉ် ပျက်စီးတော့မည် ထင်သည်။
ဘယ်လို ကံကြမ္မာသားတော်လဲ။ သူက အရမ်းစိတ်အလိုလိုက်တတ်တယ်…ငါက အရမ်းမနာလို ဖြစ်တယ်
ထိုအခိုက်အတန့်တွင် နောက်ထပ် များပြားသောလူများ ရှန်ထျန်းဘေးသို့ ဝိုင်းအုံလာကာ ဒူးထောက်ပြီး ပြောကြသည်
“ သနားကြင်နာပေးပါ ထာဝရရှင်သန်သူ စီနီယာ။ ကျွန်တော်အဖေကို ကယ်တင်ပေးပါဦး။ ကျွန်တော်လည်း အစေခံ ဖြစ်လာချင်ပါတယ်…အမိန့်ပေးသမျှ လုပ်ပေးဖို့အသင့်ပါပဲ”
“ ကျွန်တော်ကို အရင် အခွင့်အရေးပေးပါ။ ကျွန်တော့် သမီးလေးက အခုသေတော့မယ်။ ကျွန်တော် တောင်းပန်ပါတယ် သူမကို ကယ်တင်ပေးပါနော်။ ကျွန်တော်ရဲ့ အသက်နဲ့ လဲလှယ်ရမယ်ဆိုရင်တောင် ရပါတယ်”
“ထာဝရရှင်သန်သူ စီနီယာ … ကျွန်တော်ရဲ့ ခွေးလေးကို ကယ်တင်ပေးပါဦး။ သူက ကျွန်တော်အစား ဝင်ခံပေးလိုက်တာပါ”
ရှန်ထျန်း သက်ပြင်းချလိုက်သည်။
အမှန်အတိုင်းပြောရလျှင် လူအများကြီးက သူ့အကူအညီကို တောင်းခံနေသည့်အတွက် စိတ်ပျော့လာရသည်။
ပြဿနာမရှိပါဘူးလေ။ နိဗာနတော်ဝင်ရေစင်လည်း အများကြီး ကုန်သွားမှာမှ မဟုတ်တာ … ကောင်းမှုကုသိုလ်လုပ်တယ်လို့ပဲ တွေးလိုက်ပါ့မယ်လေ ...
ထိုအတွေးကြောင့် ရှန်ထျန်းက ကျောက်စိမ်းပုလင်းကို ဖွင့်ကာ နိဗာနတော်ဝင်ရေစင်ကို ထုတ်လိုက်ပြီးနောက် ဒဏ်ရာရနေသော လူများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပေးလိုက်သည်။
ခြင်နတ်ဆိုးများ မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် မြို့တံတိုင်းနှင့် အနီးဆုံးမှာ နေခဲ့သောသူများက နတ်ဆိုးများကို ခုခံနေသော စစ်သည်တော်များနှင့် သူတို့၏ မိသားစုကို ကာကွယ်နေသူများ ဖြစ်သည်။
ရှန်ထျန်းက ဒီနိဗာနတော်ဝင်ရေစင်ကို အသုံးပြုခြင်းက သူ့အတွက် ဆုံးရှုံးမှု ရှိသော်လည်း သူ အဆိုးနှင့်အကောင်းကို ကောင်းကောင်းခွဲခြားနိုင်သေးသည်။
ရှန်ထျန်း၏ ထိန်းချုပ်မှုအောက်တွင် ဒဏ်ရာရသောသူများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသော နိဗာနတော်ဝင်ရေစင်များက သူတို့၏ ဒဏ်ရာများကို ကုသပေးနေသည်။ ဒဏ်ရာရထားသည့် လူတိုင်းကို အသက်ဓာတ်ပြန်လည် ကြွယ်ဝလာစေ၏။
ထိုအချိန်အတွင်းမှာပဲ ကျေးဇူးတင်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်
“ သူက ခုနစ်စဉ်ကြယ်မြို့တော်က ထာဝရရှင်သန်သူ စီနီယာဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ သူက တကယ်ကို ရက်ရောတာပဲ”
“ မဟုတ်သေးဘူး…မဟုတ်သေးဘူး။ အခုလေးတင် မကြားလိုက်ဘူးလား။ ထာဝရရှင်သန်သူ စီနီယာက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ဖြစ်ပြီးတော့ အကာအကွယ်ကို ဖျက်စီးလိုက်တဲ့သူကသာ ခုနစ်စဉ်ကြယ်ရဲ့ သူတော်စင်တဲ့”
“ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ဟုတ်လား။ ဒါဆို ထာဝရရှင်သန်သူ စီနီယာက ခုနစ်စဉ်ကြယ် အထွတ်အမြတ်မြေက မဟုတ်ဘူးလို့ ဆိုလိုချင်တာလား။ သူက ငါတို့ကို ကူညီဖို့အတွက်နဲ့တင် နတ်ဆိုးတွေကို တိုက်ထုတ်ပြီး ငါတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးခဲ့တာလား။ ပြီးတော့ သူ သုံးလိုက်တဲ့ ရတနာတွေရဲ့ကုန်ကျစရိတ်ကလည်း တော်ရုံ မဟုတ်လောက်ဘူးမလား”
“ ငါ စိတ်လှုပ်ရှားတယ် အရမ်းကို စိတ်လှုပ်ရှားမိသွားပြီ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တချို့အထွတ်အမြတ်မြေတွေနဲ့ မတူပဲ အရမ်းကြင်နာပြီး သဘောကောင်းတာပဲနော်”
“ ငါ သဘောတူတယ်…သဘောတူတယ်။ ခြင်နတ်ဆိုးတွေ တိုက်ခိုက်တဲ့အချိန် ထာဝရရှင်သန်သူ စီနီယာ ကူညီပေးခဲ့လို့သာပေါ့။ ခုနစ်စဉ်ကြယ်သူတော်စင် ရောက်တဲ့အထိ စောင့်နေရင် ငါတို့ အလောင်းတွေတောင် အေးခဲပြီး တောင့်နေလောက်ပြီ”
ရှန်ထျန်းကို ချီးကျူးသည့်စကားထက် ချန်ကျုံးထျန်းကို အပြစ်တင်ပြောဆိုနေသူက ပိုမိုများပြားသည်။
“ အထင်နဲ့ အမြင် တခြားစီပဲ။ ငါတို့ရဲ့ ဝင်ငွေတစ်ဝက်လောက်ကို ခုနစ်စဉ်ကြယ်မြို့တော်ဆီ ပေးဆောင်ထားရတာတောင် ပြဿနာတွေ ရှိလာတဲ့အခါ သူတို့ကို အားကိုးလို့ မရဘူး”
“ မင်းကို ဟာသတစ်ခု ပြောပြမယ်…ခုနစ်စဉ်ကြယ်ကို ယုံကြည်ပါ”
“ ခုနစ်စဉ်ကြယ်သူတော်စင်သာ အစီအရင်ကို မဖျက်စီးပစ်ခဲ့ဘူးဆိုရင် တစ်ယောက်မှ သေမှာမဟုတ်ဘူး”
“ ငါ့ရဲ့ သနားစရာကောင်းတဲ့ လောအာလေး…ခြင်နတ်ဆိုးက သူမကို သွေးကုန်ခမ်းအောင် စုပ်ယူသွားတော့ ထာဝရရှင်သန်သူ စီနီယာရဲ့ ကုသမှုနဲ့တောင် သူမကို မကယ်တင်နိုင်လိုက်ဘူး။ ခုနစ်စဉ်ကြယ်မြို့တော်ဆီ သွားပြီးတော့ မတရားမျှကို ဖြေရှင်းရမယ်”
“ ငါတို့ အတူတူသွားရအောင်။ အရင်ကတည်းက ခုနစ်စဉ်ကြယ်ရဲ့ သူတော်စင်က ငတုံးဆိုပြီးတော့ ငါတို့ဆရာ ပြောတာကို ကြားဖူးတယ်။ သူက ခရမ်းစံအိမ်သူတော်စင်နောက်ကို တကောက်ကောက် လိုက်ပြီးတော့ ကပ်ဖားဖို့ပဲ သိတယ်တဲ့။ သူက အထွတ်အမြတ်မြေအတွက် အရှက်ရစရာပဲ”
“ သူက အရည်အချင်းမရှိရုံတင် မကသေးဘူး။ ပြဿနာကိုပါ ထပ်ပြီးတော့ သယ်လာတတ်တယ်။ ဒီတစ်ခေါက် ဆုံးရှုံးများ တစ်ဝက်ကျောက်က သူ့ကိုယ်ပိုင်လုပ်ရပ်ကြောင့် ဖြစ်လာတာပဲ”
“ ဟုတ်တာပေါ့…ရုပ်ဆိုးတဲ့သူတွေက အမြဲတမ်း ပိုပြီးတော့ ပြဿနာရှာကြတယ်လေ။ ကောင်းကင်ထာဝရနတ်အရှင်လိုမျိုး ချောမောတဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တောင်ပဲ မြို့ဂိတ်ပေါက်ကို ဖြတ်ပြီးတော့ မြို့ထဲကို လမ်းလျှောက်ဝင်လာတာလေ။ အဲဒါကို အဲဒီလူကတော့ ရထားလုံး စီးလာတယ်တဲ့လား”
“ နှိုင်းယှဉ်ရတာ မုန်းဖို့ကောင်းလိုက်တာ။ သူတို့နှစ်ယောက်လုံးက သူတော်စင်တွေဆိုပေမဲ့ ဘာလို့ ငါတို့ သူတော်စင်က ဒီလောက်ထိ အသုံးမကျရတာလဲ”
“ ငါ့မိန်းမနဲ့ ကလေးတွေက အကုန်လုံးသေကုန်ပြီ။ အသက်ရှင်ရတာ ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ ငါ ခုနစ်စဉ်ကြယ်မြို့တော်ကို သွားပြီးတော့ ဒီနေ့ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သတင်းဖြန့်ပစ်မယ်။ အထွတ်အမြတ်မြေရဲ့ တခြားတပည့်တွေ ဒီအရည်အချင်းမရှိ ရုပ်ဆိုးတဲ့ သူတော်စင်ကို ထုတ်ပယ်တဲ့ နေရာမှာ ထောက်ခံပေးမယ်”
“ ငါရောပဲ..”
“ ငါလည်း တူတူပဲ”
“ ငါရောပဲ…”
လူသားများက ခံစားချက်၏ အလွယ်တကူ လွှမ်းမိုးခြင်းကို ခံရသော သတ္တဝါများ ဖြစ်ကြသည်။
အကာအကွယ်ပျက်စီးသွားပြီးနောက် ခြင်နတ်ဆိုးများကြောင့် လူအများ ဒဏ်ရာရ သေဆုံးခဲ့ရသည်။ တရားခံဖြစ်သော အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက သေဆုံးသွားပြီဖြစ်သည့်အတွက် ကျန်ရှိနေသောဒေါသများကို ချန်ကျုံးထျန်းအပေါ် ပုံချနေကြခြင်း ဖြစ်၏။
ခြင်နတ်ဆိုးကြောင့် မိသားစုဆုံးရှုံးလိုက်ရပြီး ရှန်ထျန်း၏ ကုသမှုဖြင့်လည်း အချိန်မမှီလိုက်သည့် လူများက ချန်ကျုံးထျန်းကို မုန်းတီးနေကြသည်။ သူတို့က ခံပြင်းဒေါသထွက်နေကြသော်လည်း ထုတ်မပြောရဲ ဖြစ်နေကြသည်။ လူအများစုကတော့ လက်စားပြန်ချေဖို့အတွက် နည်းလမ်းတွေကို စဉ်းစားနေကြလေပြီ။
သူတို့က ဒီနေ့ဘာတွေဖြစ်ခဲ့လဲဆိုတာကို အကောင်းဆုံး ကြိုးစားပြီး သတင်းဖြန့်ကာ ခုနစ်စဉ်ကြယ်သူတော်စင်က ဘယ်လောက်ထိ အရည်အချင်းမရှိသူ ဖြစ်ကြောင်း လူအများကို သိစေချင်သည်။ ချန်ကျုံးထျန်း တန်ရာတန်ကြေးအများကြီး ပြန်ပေးအောင် မလုပ်နိုင်လျှင်ပင် သူ့ကို ရွံရှာမုန်းတီးရမည် ဖြစ်သည်။
တောင်နက်မြို့တော်ရှိ လူများက ရှန်ထျန်းကို ချီးကျူးပြီး ချန်ကျုံးထျန်းကို ကျိန်ဆဲနေကြသည်။
အဲဒီလူတွေက သူတို့ တိုးတိုးလေး ပြောနေတယ်လို့ ထင်ပေမဲ့ ချန်ကျုံးထျန်းရဲ့ ကျင့်ကြံဆင့်က ဘာမလို့လဲ
ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သူ၏ အာရုံခံနိုင်စွမ်းက အင်မတန် ကောင်းသည်။ သူ သိချင်စိတ်ဖြစ်သည့်အတွက် နတ်ဘုရားအသိစိတ်ကို အသုံးပြုကာ သူတို့ စကားပြောနေတာကို နားထောင်ကြည့်လိုက်သည့်အခါ လူအများက သူ့ကို “ငတုံး”၊ “ရုပ်ဆိုးတဲ့ သူတော်စင်” ၊ “ အရည်အချင်းမရှိတဲ့ သူတော်စင်” ၊ “ ခရမ်းစံအိမ်သူတော်စင်ကို ကပ်ဖားနေတဲ့ကောင်” စသည်ဖြင့် ကြားလိုက်ရသည်။
သူတို့က ပြင်းထန်သောစကားလုံးများဖြင့် ကျိန်ဆဲနေကြသည်။
သူ မကြားချင်လေလေ ပိုပြီးပြောလေလေ ဖြစ်သည်။
ပိုပြီးတော့ ဆိုးရွားတာက သူတို့ အပြစ်တင်လေလေ ပိုပြီးတော့ စိတ်လှုပ်ရှားလာတာပဲ
ချန်ကျုံးထျန်း ဒေါသထွက်လွန်းသည့်အတွက် တစ်ကိုယ်လုံး တုန်လှုပ်လာကာ သွေးပါ အန်ထွက်ကုန်သည်။
သိပ်မကြာခင်မှာပဲ သူ၏ မူလကတည်းက မတည်မငြိမ်ဖြစ်နေသော ကနဦးဝိညာဉ်တွင် အက်ကြောင်း ပေါ်လာသည့်အတွက် မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။
ထိုအခိုက်အတန့်တွင် ချန်ကျုံးထျန်း၏ ကနဦးဝိညာဉ်လည်း အက်ကွဲသွားသည်။
အမ်…ဘာလို့ “လည်း” ဆိုတဲ့စကားကို သုံးရတာလဲ…
“ ညီအစ်ကိုရှန် … ကျွန်တော်ဆီမှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ အရင်သွားနှင့်မယ်နော်။ ရှေ့လျှောက် အခွင့်အရေးရမှ ဧည့်ခံဦးမယ်နော် ”
ကနဦးဝိညာဉ်၏ အက်ကြောင်းက အရေးမပါသည့် အရာမဟုတ်ပေ။ သူ့ကို စိတ်ကစဉ့်ကလျားဖြစ်စေသည့်အပြင် အဆိုးဆုံးအနေဖြင့် အသက်ပါ ဆုံးရှုံးသွားစေနိုင်သည့် စိတ်နတ်ဆိုးများ ထွက်ပေါ်လာစေလိမ့်မည်။ ထို့ကြောင့် သူ ကနဦးဝိညာဉ်ကျင့်ကြံဖို့အတွက် လုံခြုံသည့်နေရာရှာပြီးနောက် အက်ကြောင်းကို ပြန်လည်ပြုပြင်ရမည်။
အနည်းဆုံးတော့ အက်ကြောင်းကို ပိုပြီးကြီးမလာအောင် ကာကွယ်မှရမည်။
ရှန်ထျန်းကို အလျင်အမြန် နှုတ်ဆက်ပြီးနောက် ချန်ကျုံးထျန်းက ခုနစ်စဉ်ကြယ်ဓားကို စီးနင်းကာ ထွက်သွားသည်။
ရှန်ထျန်းက ချန်ကျုံးထျန်း ထွက်ခွာသွားသောပုံရိပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေပြီးနောက် သူ ကံအပြောင်းအလဲ အခွင့်အရေး လုယူလိုက်ပါက မူလပိုင်ရှင်အနေဖြင့် ကံကြမ္မာကောင်း လျော့နည်းသွားတတ်သည်ကို သူ အတည်ပြုနိုင်လိုက်သည်။
ကံကြမ္မာကောင်း ကျဆင်းသွားသည့်အတွက် မကြာခင်မှာပဲ ကံဆိုးမှုကျရောက်လာလိမ့်မည်။
ချင်ကောင်းနှင့် ဖန်ချန်းလည်း ယခု ချန်ကျုံးထျန်း ဖြစ်သလိုမျိုး ဖြစ်ခဲ့ဖူးသည်။
ရှန်ထျန်းသာ သွေးနတ်ဘုရားကျမ်းစာ ကူးရေးထားသည်ကို ချန်ကျုံးထျန်းဆီ ပေးလိုက်ပါက ချန်ကျုံးထျန်း၏ ကံကြမ္မာ သေချာပေါက် မြင့်တက်လာမည်ဆိုတာကို ရှန်ထျန်း သိသည်။
သို့သော် သူသာ သွေးနတ်ဘုရားကျမ်းစာကို ချန်ကျုံးထျန်းဆီ မပေးပါက ဘာတွေဖြစ်လာမလဲဆိုတာကို ရှန်ထျန်း သိချင်နေမိသည်။
နောက်ထပ် ဘာတွေဖြစ်လာနိုင်မလဲ
ချန်ကျုံးထျန်းက ဆက်ပြီးတော့ ကံဆိုးနေမှာလား ဒါမှမဟုတ် ဖြည်းဖြည်းချင်း ကံပြန်ကောင်းလာမှာလား
အင်း…ဒါက အရေးကြီးတဲ့ လေ့လာမှုတစ်ခုပဲ
စမ်းသပ်မှုလုပ်နေဆဲ ဖြစ်သည့်အတွက် ရှန်ထျန်းက ရှေ့လျှောက် ချန်ကျုံးထျန်းကို သေချာစောင့်ကြည့်ဖို့အတွက် လီယွင်ဖုန်းကို မှာထားသည်။
ဟုတ်တယ် ဒါတွေအားလုံးက အနာဂတ်အတွက်ပဲ
ယခုလက်ရှိတွင် အရေးကြီးသည့်အချက်က သွေးနတ်ဘုရားကျမ်းစာကို မြန်နိုင်သလောက် မြန်မြန်ရနိုင်ဖို့ပင် ဖြစ်သည်။ ဒီစွမ်းအားက ကျင့်ကြံသူ၏ သွေးနှင့်စိတ်ဝိညာဉ်ကို ခွဲပေးပြီး သွေးနတ်ဘုရားကိုယ်ပွားဖန်တီးနိုင်သည့်အပြင် ကိုယ်ပွားနှင့်အစစ်ကိုလည်း အလွယ်တကူ ခွဲခြားလို့ မရနိုင်ပေ။
ကမ္ဘာဦးတိုက်ပွဲနယ်မြေကို သွားတော့မည့် ရှန်ထျန်းအတွက်တော့ အရမ်းအသုံးဝင်သည့်အရာပင် ဖြစ်၏။