← Chapters

ခံစားချက်အတိုင်း စီးမြောသွားလိုက် အဲဒီမှာ သေချာပေါက် ကံအပြောင်းအလဲ အခွင့်အရေးရှိတယ်

Vol. 11-16 Ch. 193

ခံစားချက်အတိုင်း စီးမြောသွားလိုက် အဲဒီမှာ သေချာပေါက် ကံအပြောင်းအလဲ အခွင့်အရေးရှိတယ်

Vol. 11-16 Ch. 193

အခန်း (၁၉၃) : ခံစားချက်အတိုင်း စီးမြောသွားလိုက် အဲဒီမှာ သေချာပေါက် ကံအပြောင်းအလဲ အခွင့်အရေးရှိတယ်

အချိန်ကြာလာသည့်အခါ ရှန်ထျန်း၏ ခန္ဓာကိုယ်မှာ အင်မတန်သိပ်သည်းသော ချီအရှိန်အဝါများ ထုတ်လွှတ်နေသည့်အတွက် မျက်နှာလည်း ပိုမိုနီရဲလာရသည်။

နောက်ဆုံးမှာတော့ ရှန်ထျန်း အချိန်ကျပြီဟု ခံစားလိုက်မိသည်။

သူ့ ဓားအရှိန်အဝါကို စုစည်းကာ ညာဘက်လက်ကောက်ဝတ်ကို လှီးလိုက်သည်။ သွေးများချက်ချင်းပန်းထွက်လာကာ မြက်ပင်လိုမျိုး သင်းပျံ့သည့်ရနံ့ကို ထုတ်လွှတ်နေသည်။

နတ်ဆိုးများသာ အနားမှာရှိပါက သူ့ကို ထန်ဆန်းကိုယ်တော်၏ အသား ဟုပင် အထင်မှားသွားနိုင်သည်။ ရှန်ထျန်း၏ သွေးထဲရှိ ဝိညာဉ်ချီ အရည်အသွေးက အရမ်းအဆင့်မြင့်သည့်အတွက် အထွတ်အထိပ်ရှင်များနှင့် စံပြပုဂ္ဂိုလ်များပင် သူ့ကို လိုချင်တပ်မက်ကြလိမ့်မည်။

သွေးစက်များက သေးငယ်သော လူနီလေးနှင့် ပေါင်းစည်းသွားသည်။

ရှန်ထျန်း သွေးနတ်ဘုရားကျမ်းစာ၏ ပညာရပ်ကို အသက်သွင်းပြီးနောက် သူ့သွေးတွေက လူနီလေးထဲသို့ အမြန်ပေါင်းစပ်သွားသည်။

အချိန်တိုအတွင်းမှာပင် သာမန်မျက်စိနှင့်မြင်ရဖို့ ခဲယဉ်းသော လူနီလေးက အလျင်အမြန် ကြီးထွားလာပြီး ထုတ်လွှတ်သော အရှိန်အဝါကလည်း ပိုမိုအားကောင်းလာသည်။ သူ့ ခန္ဓာကိုယ် အရောင်ကလည်း သာမန်လူတစ်ယောက်လိုမျိုး ဖြစ်လာသည်။ မူလက လက်ဖဝါးအရွယ်အစားသာ ရှိသော လူနီလေးက ယခု သာမန်လူတစ်ယောက် အရွယ်အစားသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ကိုယ်လုံးတီး ဖြစ်နေရှာသည်။

သူ ထုတ်လွှတ်သော အရှိန်အဝါက ရှန်ထျန်းနှင့် အတော်လေး တူလုနီးပါးဖြစ်နေသော်လည်း သူ့ခွန်အားက အားနည်းနေပြီး သူ့မှာ ဝိညာဉ်လည်း မရှိပေ။

“ အံ့ဩစရာပဲ”

ရှန်ထျန်းက သွေးညှစ်ထုတ်နေတာကို ရပ်လိုက်သည့်အခါ သူ့ညာဘက်လက်တွင် ရှိနေသော ဒဏ်ရာက မယုံကြည်နိုင်လောက်အောင် အမြန်နှုန်းဖြင့် ကုစားသွားသည်။

သူ့ကြည့်ရတာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး နာကျင်မှုကြောင့် မျက်နှာကို မဲ့ထားမိသည်။

အချိန်တိုအတွင်းမှာပင် လက်ဆေးဇလုံတစ်ခုစာ သွေးတွေကို ထုတ်လိုက်ရသည့်အတွက် သွေးပြန်လည်ဖြည့်တင်းဖို့အတွက် နိဗာနတော်ဝင်ရေစင်ကို သုံးထားသော်လည်း ရှန်ထျန်းတစ်ယောက် သွေးအားနည်းသောသူလိုမျိုး မူးဝေနေဆဲ ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် နိဗာနတော်ဝင်ရေစင် တစ်ငုံစာ ထပ်သောက်လိုက်ပြီးနောက် ကျင့်ကြံစဉ်ကို လည်ပတ်ကာ စုပ်ယူလိုက်သည်။

“ ဟင်း…ငါ့အနေနဲ့ သွေးတွေကို ထုတ်မပစ်လိုက်သင့်ဘူး။ ငါ့ဆီမှာ နိဗာနတော်ဝင်ရေစင် ရှိနေရင်တောင်မှ ဆုံးရှုံးသွားတဲ့သွေးကို ချက်ချင်း ပြန်ဖြည့်လို့မရဘူး”

နိဗာနတော်ဝင်ရေစင်က သေသူကို ပြန်ရှင်အောင် လုပ်သည့်နေရာ၊ ဒဏ်ရာများကို ကုစားသည့်နေရာတွင် အရမ်းကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိသော်လည်း စုပ်ယူပြီးနောက် အကျိုးသက်ရောက်မှု ဖြစ်လာဖို့အတွက် အချိန်လိုအပ်နေသေးသည်။

ရှန်ထျန်းသာ ကိုယ်ပွားနှင့်ပေါင်းစပ်ဖို့ သွေးကို အနည်းသာ ထုတ်မည်ဆိုပါက နိဗာနတော်ဝင်ရေစင်က အမြန်ကုစားပေးနိုင်သည်။ သို့သော် ပြဿနာက ရှန်ထျန်း ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်သည့်အတွက် အမှုမဲ့အမှတ်မဲ့ဖြင့် သွေးတွေအများကြီး ထုတ်မိသွားသည်။

ရှန်ထျန်း၏ ခန့်မှန်းချက်အရ သူ ဆုံးရှုံးသွားသော သွေးကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် နိဗာနတော်ဝင်ရေစင်ကို ရက်အနည်းငယ်ကြာ စုပ်ယူမှ ဖြစ်မည်။

ထို့ကြောင့် သူ့အနေဖြင့် သွေးအားနည်းသောသူလိုမျိုး ခံစားမှုကို ရက်အနည်းငယ်ကြာ ခံစားနေရဦးမည်ဖြစ်သည်။

ဟင်း…ငါ တကယ်ကို အဲလိုကြီး မနေချင်ဘူး

သွေးနတ်ဘုရားကျမ်းစာကျင့်စဉ်က ကျင့်ကြံစဉ်အားလုံးထဲတွင် အခက်ခဲဆုံး ဖြစ်သည်။

သူ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်ရန်အတွက် ရက်အနည်းငယ် ကုန်ဆုံးခဲ့သည်။

ရှန်ထျန်း၏ အမြင်အရ ထိုခန္ဓာကိုယ်က သူ့ကိုယ်ပိုင်စွမ်းအား၏ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။

ထူးကဲပစ္စည်းများ၏ စွမ်းအားတချို့တဝက်နှင့် လက်နက်များဖြစ်သော လိပ်နက်ဒိုင်းကာ၊ လိပ်နက်ချပ်ဝတ်တန်ဆာနှင့် ခရမ်းရွှေတူတို့၏ စွမ်းအားကိုလည်း ရရှိထားသည်။ ထိုကိုယ်ပွားက သာမန်ရွှေအမြုတေကျင့်ကြံသူကို သတ်နိုင်သည်။

ရှန်ထျန်းသာ ကိုယ်ပွားကို ပိုပြီးသန်မာစေချင်ပါက သွေးထပ်တိုက်ရမည် ဖြစ်သည်။ သူ့ကန့်သတ်ချက်က ပင်မခန္ဓာကိုယ် စွမ်းအား၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်မှာ ဖြစ်သည်။

ထို့ကြောင့် ရှန်ထျန်း ထိုအရာကို ကိုယ့်ဘာသာကို ထိန်းချုပ်ဖို့ လိုအပ်သည်။

အတော်အတန်ကြာ စဉ်းစားပြီးနောက် ရှန်ထျန်းက ဒုတိယကျင့်စဉ်ဖြစ်သည့် ဝိညာဉ်ကျင့်စဉ်ကို စတင်ကျင့်ကြံတော့သည်။

အပွင့်လင်းဆုံးပြောရလျှင် ရှန်ထျန်းက သူ့ဝိညာဉ်ကို ပိုင်းဖြတ်ကာ ထိုကိုယ်ပွားထဲ ထည့်နိုင်မည့် ဆန်းကြယ်ပညာရပ်အကြောင်း အတော်လေး သိချင်နေမိသည်။

ဒီကျင့်စဉ်ကို   မဟာဝိညာဉ်ခွဲ ပညာရပ်လို ပေးပြီးတော့ ဘာလို့များ မဟာဝိညာဉ်ဖြတ်တောက် ပညာရပ်လို့ မပေးရတာလဲ … ပြီးတော့ အတိုချုပ်က ဝိညာဉ်ကျင့်စဉ် ဖြစ်ပြီးတော့ ခွဲထုတ်ရေး ကျင့်စဉ် မဟုတ်ရတာလဲ …

ဒါပေမဲ့ သွေးနတ်ဘုရားကျမ်းစာ ရေးသူက အဲလိုနာမည်ပေးခဲ့မှတော့ သူလည်း ဒီလိုပဲခေါ်ရတော့မှာပေါ့

ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ကျင့်စဉ် ဆိုတာက ခွဲထုတ်ရေး ကျင့်စဉ်ထက်တော့ နားထောင်လို့ ပိုကောင်းပါတယ်

အစက ရှန်ထျန်း သူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီးနောက် သေခြင်းထက် ဆိုးရွားသည့် ခေါင်းကိုက်မှုမျိုးကို ခံစားရမည်ဟု တွေးထားခဲ့သည်။ အဆုံးတွင် သူ့စိတ်ကို အသင့်ပြင်ပြီး အံကြိတ်ကာ ထိုကျင့်စဉ်ကို စကျင့်ကြံသော်လည်း လုံးဝ မနာကျင်သည်ကို သိလိုက်ရသည်။

သွေးအများကြီး ဆုံးရှုံးထားသည့် ခန္ဓာကိုယ်က ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကိုပါ ခွဲထုတ်လိုက်သည့်အတွက် ပိုပြီးတော့ အားနည်လာသည်။

ရှန်ထျန်းလည်း သူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်း ကိုယ်ပွား၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည့်အတွက် အားအင်ချိနဲ့သည့်ဒဏ်ကို ကြိတ်ပြီး သည်းခံနေရသည်။

ကိုယ်ပွား၏ ခန္ဓာကိုယ်က အသက်ဝင်လာသလိုမျိုး ဖြည်းညင်းစွာ လှုပ်သွားသည်။ ထိုအရာက အွန်လိုင်းဂိမ်း တစ်ခုကစားနေရသလိုမျိုး အံ့ဩဖွယ် ခံစားချက်ကို ပေးစွမ်းသည်။

ရှန်ထျန်း ထိုဝိညာဉ်အစိတ်အပိုင်းကို ထိန်းချုပ်နိုင်မှ ကိုယ်ပွားကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်၏။

သွေးနတ်ဘုရားကျမ်းစာထဲတွင် ရေးသားချက်အရ ဓမ္မအုတ်မြတ်ကို ကိုယ်ပွားကလည်း ပင်မခန္ဓာကိုယ်နှင့် အာရုံငါးပါးကို ခွဲဝေနိုင်သည်ဟု ပြောထားသည်။

ကိုယ်ပွားနှင့် ပင်မခန္ဓာကိုယ်ကြားမှ ဆက်နွယ်မှု မပြတ်တောက်သွားသရွေ့ ရှန်ထျန်းက ကိုယ်ပွားမြင်နေရသောအရာများကို အချိန်မရွေးမြင်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဆက်နွယ်မှု ပြတ်တောက်သွားပါက ကိုယ်ပွားအတွင်းရှိ ဝိညာဉ်တစ်စိတ်တစ်ပိုင်းလည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး ကိုယ်ပွားက လုံးဝ မရွေ့လျားသော ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သွားလိမ့်မည်။

ထိုကဲ့သို့သော အတွေ့အကြုံမျိုးက အရမ်းအံ့ဩဖို့ကောင်းသည်။

ရှန်ထျန်း အလွန်အမင်းပင်ပန်းနေပြီ ဖြစ်သော်လည်း ကိုယ်ပွားနှင့် စမ်းသပ်ကစားကြည့်ချင်စိတ်က ထိန်းမရပေ။

သူ ကိုယ်ပွားကို အဝတ်အစား ဝတ်ပေးရဦးမယ်

မဟုတ်ရင် သူနဲ့ တစ်ပုံစံထဲတူတဲ့သူကို ကိုယ်လုံးတီးပုံစံနဲ့ မြင်နေရမှာဆိုတော့ အတော်လေး ကို့ရို့ကားရားနိုင်တယ်

လေထိုးထားတဲ့ အရုပ်နဲ့တော့ မတူဘူး

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ပန်းပွင့်ထိုးထားသော နဂါးဖြူအဝတ်အစားများကို ထုတ်ကာ သွေးနတ်ဘုရားသားတော်နှင့် တိုင်းထွာကြည့်ပြီး ဝတ်ဆင်ပေးလိုက်ပြီးနောက် မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်

“ ကျစ်…ကျစ်…နံပါတ်တစ်ပဲ…မင်းက တကယ်ကို ချောမောတဲ့ ယောက်ျားတစ်ယောက်ပဲ”

သူ့ရှေ့မှာ မတ်တပ်ရပ်နေသော သွေးနတ်ဘုရားသားတော်က သူတော်စင်မများနှင့် နတ်မိမယ်လေးများ ကြွေကြစေလောက်သော အပြုံးဖြင့် ပြုံးကာ ပြောလိုက်သည်

“ ငါ့ကို မြှောက်ပြောနေပြန်ပါပြီ။ ဒါတွေကလည်း ပင်မခန္ဓာကိုယ်ရဲ့ ဗီဇက ကောင်းလို့ပါ။ ငါ့ရဲ့ ချောမောမှုတွေက မင်းဆီက ရထားတာတွေပဲလေ”

ရှန်ထျန်း ခေါင်းယမ်းပြကာ ခါးသီးစွာ ရယ်လိုက်ပြီး ပြောသည်

“ တကယ်ကို ကိုယ်ပွားတွေက မလိမ်တတ်ဘူးပဲ”

ဘေးဖက်ရှိ ဟာရီတီပုတီးစေ့ပေါ်တွင် အနီရောင် ဝတ်စုံဝတ်ဆင်ထားသော သရဲမက ရှန်ထျန်းနှင့် သူ့ကိုယ်ပွားတို့ စကားပြောနေသည်ကို အဝေးတစ်နေရာမှ ရပ်ကြည့်နေသည်။

“ ဒီမှာ တစ်ယောက်ယောက်… အဲ … သရဲတစ်ကောင်…ကြည့်နေသေးတယ်” ဟု သူမ သူ့ကို သတိပေးလိုက်ချင်သည်။

ဒါပေမဲ့…သခင်ရဲ့ ကိုယ်ပွားက.. အရမ်းကြည့်လို့ ကောင်းတာပဲ အထူးသဖြင့် အဝတ်အစားမပါတဲ့ အခါမျိုးမှာပေါ့။ ငါကလွဲပြီးတော့ တခြားဘယ်မိန်းကလေးမှ သခင်ရဲ့ ခန္ဓာကိုယ်ကို မမြင်ဖူးလောက်သေးဘူး ဟုတ်တယ်မလား

အား… ငါ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ

ထိုအခိုက်အတန့်တွင် ဟာရီတီပုတီးစေ့များ အနည်းငယ် တုန်ခါသွားသည်။

ရှန်ထျန်းကတော့ ကျိုးအာ ဘာတွေစဉ်းစားနေလဲဆိုတာကို မသိပေ။

သူက သွေးနတ်ဘုရားသားတော်ကို ထိန်းချုပ်နိုင်မည့် ရိုးရှင်းသော စမ်းသပ်မှုလုပ်ခဲ့ပြီး အရမ်းစိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားနေမိသည်။ အတော်လေး ပျော်စရာကောင်းသော်လည်း ရှန်ထျန်း အရမ်းပင်ပန်းနေပြီဖြစ်သည့်အတွက် ကောင်းကောင်းအိပ်ဖို့ လိုအပ်လာသည်။

ရှန်ထျန်း ကျင့်စဉ်ကို အသက်ပြန်သွင်းလိုက်သည့်အခါ သွေးနတ်ဘုရားသားတော်ဆီမှာ ဝိညာဉ်တစ်စိတ်တစ်ပိုင်းက သူ့ဆီ ပြန်ရောက်လာသည်။ ထို့နောက် ကိုယ်ပွားကို ခန်းမင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်သည်။

ခန်းမင်လက်စွပ်က သက်ရှိများကို မသိမ်းဆည်းနိုင်သော်လည်း ဝိညာဉ်ကို ဖယ်ရှားပြီးနောက် ကိုယ်ပွား၏ ခန္ဓာကိုယ်ကို ခန်းမင်လက်စွပ်ထဲတွင် သိမ်းဆည်းလို့ ရသွားသည်။ သွေးနတ်ဘုရားသားတော် ကိုယ်ပွားကို ဖန်တီးလိုက်ခြင်းက ဒုတိယခန္ဓာကိုယ် တစ်ခု ရရှိလိုက်ခြင်းနှင့် ညီမျှသည့်အတွက် ကောင်းမွန်သော ဖန်တီးမှုဟု ဆိုနိုင်သည်။

အနာဂတ်တွင် ရှန်ထျန်း ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပါက တခြားသူများ၏ ခန္ဓာကိုယ်ကို ခိုးယူစရာပင် မလိုတော့ပဲ ကိုယ်ပိုင် ခန္ဓာကိုယ်အပိုတစ်ခု ရှိနေပြီဖြစ်သည်။

သူ့ဆီမှာ ကိုယ်ပွားတစ်ခုတည်း အပိုင်ရှိမည် မဟုတ်ဘဲ ကနဦးဝိညာဉ်အဆင့်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းအသုံးပြုလို့ရနိုင်မည့် ခန္ဓာကိုယ်အပိုများ အနည်းငယ် ထပ်ရှိနိုင်ပေဦးမည်။

နေပါဦး…ငါ့ရဲ့ခန္ဓာကိုယ် ဖျက်စီးခံရမယ်ဆိုပြီးတော့ ဘာလို့ တွေးနေမိပါလိမ့်

သူတို့က ငါ့ရဲ့ကနဦးဝိညာဉ်ကို တိုက်ထုတ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ။ ဒါဆို ငါ့အတွက် လုံးဝ အဆုံးသတ်သွားမှာများလား

ဒီအကြံက အရမ်းအန္တရာယ်များတာပဲ

ထားလိုက်ပါ…ဒါမျိုးက ဖြစ်မလာနိုင်ဘူး။ မသိမသာလေးနေပြီးတော့ ဘေးကင်းတာက ပိုကောင်းပါတယ်

ရှေ့လျှောက် အန္တရာယ်ရှိတဲ့နေရာတွေဆိုရင် ငါ့အစား ဒီသွေးကိုယ်ပွားလေးကို စေလွှတ်ပြီးတော့ စွန့်စားခိုင်းရမယ်

ရှန်ထျန်းက တိတ်တိတ်လေး ဆုံးဖြတ်ပြီးနောက် ခန်းမင်လက်စွပ်ထဲမှ ကြီးမားနူးညံ့သော အိပ်ရာတစ်ခုကို ထုတ်ယူလိုက်သည်။

အိပ်ရာပေါ်လှဲပြီးနောက် ဟာရီတီပုတီးကို ပြန်လည်ဆင့်ခေါ်လိုက်သည်။ ပုတီးစိပ်ရင်း သိုးတွေကို ရေတွက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

သူက တစ်ခါထဲ သွေးအများကြီးကို ဆုံးရှုံးလိုက်ရသည့်အတွက် သူ့အခြေအနေက အရမ်းအားနည်းနေသည်။ အားအင်ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် နိဗာနတော်ဝင်ရေစင်ကို အသုံးပြုထားသော်လည်း စုပ်ယူရန်အတွက် အချိန်လိုအပ်နေသေးသည်။

မြေအောက်ထဲတွင် ရှန်ထျန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

သူ့ရင်ဘတ်ပေါ်တွင် တင်ထားသော ပုတီးက မူလတုန်းက အနက်ရောင်ဖြစ်သော်လည်း ယခုအနည်းငယ် အနီရောင် သန်းနေသည်။

ရှန်ထျန်း အိပ်ပျော်သွားတာ မည်မျှကြာမြင့်သွားကြောင်း မသိပေ။ သူ အကြောဆန့်လိုက်ပြီးနောက် သူ့အခြေအနေ နဂိုအတိုင်း ပြန်ကောင်းနေပြီဟု ခံစားလိုက်မိသည်။ သူဆုံးရှုံးထားသော သွေးများကိုလည်း ပြန်လည်ဖြည့်တင်းပြီးပြီဖြစ်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ထားသည့်အတွက် လုံးဝ လန်းဆန်းနေသည်။

သူ့လက်ထဲတွင်ရှိသော ဟာရီတီပုတီးလည်း အနည်းငယ် ပူနေသည်။

ရှန်ထျန်းက ပုတီးကို ဘေးထားကာ မေးလိုက်သည်

“ ကျိုးအာ … ငါ အိပ်ပျော်သွားတာ ဘယ်လောက်ကြာသွားပြီလဲ”

ဟာရီတီပုတီးစေ့မှ အသံလေးတစ်သံထွက်လာသည်

“ သခင်က ကျိုးအာနဲ့အတူ သုံးရက်သုံးည အိပ်ခဲ့ပါတယ်”

ဟင်း…

ဒါက လွန်ကဲနေပြီမဟုတ်လား။ ငါ သုံးရက်သုံးညတောင် အိပ်ခဲ့တာတဲ့လား။ ငါ ကမ္မာဦးတိုက်ပွဲနယ်မြေ စမ်းသပ်ချက်အတွက် နောက်ကျတော့မလို့ပဲ

အပွင့်လင်းဆုံးပြောရလျှင် သွေးနတ်ဘုရားကျမ်းစာကို မရရှိခင်က မသွားရဖို့ မျှော်လင့်နေခဲ့သည်။

သို့သော် ယခု ကမ္ဘာဦးတိုက်ပွဲနယ်မြေက ဘယ်လောက်ထိ အန္တရာယ်များနေပါစေ သူကိုယ်တိုင် သွားမှာ မဟုတ်သည့်အတွက် ပြဿနာမရှိပေ။

သွေးနတ်ဘုရားသားတော်ကို ဂိမ်းဇာတ်ကောင်တစ်ခုလိုမျိုး ထိန်းချုပ်ပြီး ကံကြမ္မာ ကောင်းချီးပေးခံရသူများနောက်လိုက်ကာ ကံအပြောင်းအလဲ အခွင့်အရေးကို မျှဝေပြီး မယူသင့်သည့် အကြောင်းအရင်းလည်း မရှိပေ။

ဟုတ်တယ်

သွေးနတ်ဘုရားသားတော်အနေဖြင့် ရောင်ဝါစက်ဝန်းများ၊ ကံအပြောင်းအလဲ အခွင့်အရေးများကို မြင်ရလား မမြင်ရဘူးလားဆိုတာ မသိနိုင်သေးပေ။

အခွင့်အရေးရှိရင်တော့ ကြိုးစားကြည့်ကြတာပေါ့

ခဏတာ စဉ်းစားပြီးနောက် ရှန်ထျန်းက ဂူထဲရှိ ပစ္စည်းများကို သိမ်းကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသုံးပြုပြီး မြေပြင်ပေါ်သို့ ပြန်တက်ရန်အတွက် မြေလျိုးပညာရပ်ကို အသက်သွင်းလိုက်သည်။

သူက ကြာပစ်ခွင်းသေနတ်ကို ခန်းမင်လက်စွပ်ထဲမှ ထုတ်ကာ ဦးတည်ရာကို တွက်ချက်ပြီးနောက် သေနတ်ပျံစီးနင်းခြင်းကို အသက်သွင်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် မိုင် ၉၀၀ ကို အရှိန်ဖြင့် ပျံသန်းလာခဲ့သည်။

ထို့နောက်…

သူ လမ်းပျောက်သွားရသည်။

ဓားပျံစီးနင်းပျံသန်းခြင်းကို အသုံးပြုတဲ့အခါ ဦးတည်ရာက အမှားမရှိ တိကျမယ်လို့ ဘယ်သူက အာမခံခဲ့လို့လဲ

ရှန်ထျန်းက မြေပုံပေါ်မှာ မှတ်သားထားသည့် လမ်းကြောင်းအတိုင်း သွားဖို့ စဉ်းစားနေသော်လည်း သူ့ဘေးပတ်လည်တွင် တောင်တန်းများ၊ သစ်ပင်များနှင့် ကျောက်တုံးများက နေရာတိုင်းမှာ ရှိနေသည်ဟု ခံစားရသည်။ ထူးထူးခြားခြား အရာဝတ္ထု မရှိလျှင် နေရာတိုင်းက အတူတူဖြစ်နေသည့်အတွက် သူ့အနေဖြင့် ဦးတည်ရာကို ခွဲခြားလို့မရနိုင် ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ သူတော်စင် အမှတ်အသားပြားက အသာ တုန်ခါသွားသည်။

ရှန်ထျန်း အရမ်းပျော်ရွှင်သွားကာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဂိုဏ်းချုပ်နှင့် ဆက်သွယ်နိုင်ရန်အတွက် သူတော်စင် အမှတ်အသားပြား၏ ကာကွယ်ရေး အစီအရင်ကို အလျင်အမြန် အသက်သွင်းလိုက်သည်။

မိုးကြိုးအရှိန်အဝါဖြင့် လွှမ်းခြုံထားသော ဂိုဏ်းချုပ်က ရှန်ထျန်းရှေ့တွင် ပေါ်လာသည်။

သူ ရှန်ထျန်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်

“ ထျန်းအာ … မင်း ငါ့ကို ဂုဏ်ယူရအောင် လုပ်ခဲ့တယ်။

ခုနစ်စဉ်ကြယ်အထွတ်အမြတ်မြေရဲ့ ပိုင်နက်ထဲမှာရှိတဲ့ သေမျိုးတွေနေတဲ့ မြို့တော်ကို မင်းက ကယ်တင်ပေးလိုက်တယ်လို့ ကြားတယ်။ မင်းက ခုနစ်စဉ်ကြယ် သူတော်စင်ကိုတောင် မျက်နှာပျက်အောင် လုပ်ခဲ့သေးတယ်ဆို။

အရမ်းကောင်းတယ်။ အဲဒီသတင်းက ယွင်ဖုန်းရဲ့ နားထဲရောက်သွားပြီမလို့။ တခြားဂိုဏ်းတွေဆီ သတင်းဖြန့်ဖို့အတွက် သူ့ကို စေလွှတ်လိုက်ပြီ။ မင်း လုပ်ခဲ့တာ ကောင်းတယ်။ ငါတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေနဲ့ ဖြစ်တည်မှုအားလုံးကို ဂရုစိုက်တတ်တဲ့ နှလုံးသားရှိသင့်တယ်။

မင်း ခုနစ်စဉ်ကြယ်အထွတ်အမြတ်မြေဆီက ဖိအားတွေအတွက် ဘာမှဂရုစိုက်စရာ မလိုဘူးနော်။ ဆရာတစ်ယောက်လုံး ရှိတယ်။ မင်းအတွက် အကုန်တာဝန်ယူပေးမယ်။

မှတ်ထားနော်…အထွတ်အမြတ်မြေက မင်းဘေးမှာ အမြဲတမ်း ရှိတယ်”

ရှန်ထျန်း ကြောင်အသွားရသည်။

အမလေး…

ရက်ပိုင်းအတွင်းမှာတင် တောင်နက်မြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအထိတောင် သတင်းရောက်သွားပြီတဲ့လား

ချန်ကျုံးထျန်း ဒေါသထွက်ပြီး သေသွားလောက်လား

ဒါဆို သူ သေရတဲ့အကြောင်းအရင်းက တောင်နက်မြို့တော်မှာ ရင်ဆိုင်ခဲ့ရတဲ့ ကပ်ဆိုးက နေရာတိုင်းကို ချက်ချင်းပျံ့နှံ့သွားလို့ပေါ့

ဟင့်အင်း…ဒါ မဖြစ်နိုင်ပါဘူး…မဟုတ်ရင် ငါက ချန်ကျုံးထျန်းကို မျက်နှာပျက်အောင် လုပ်ခဲ့တယ်လို့ ဂိုဏ်းချုပ် မပြောသင့်ဘူး

အဲဒီအစား ခုနစ်စဉ်ကြယ်သူတော်စင်ကို ဒေါသထွက်ပြီး သေအောင်လုပ်နိုင်ခဲ့လို့ဆရာ မင်းအတွက် ဂုဏ်ယူတယ်လို့ ပြောရမှာလေ

ဒါက လီယွင်ဖုန်းကြောင့်ပဲ ဖြစ်လိမ့်မယ်…အဲဒီကောင်လေး သတင်းဖြန့်တဲ့နှုန်းက တော်ရုံမှမဟုတ်တာ

လီယွင်ဖုန်းက အဝေးတစ်နေရာမှာရှိတဲ့ နယ်မြေအကြောင်းတောင် သိနေတယ်ဆိုတော့ အတော်လေး အရည်အချင်းရှိတယ်လို့ ပြောလို့ရတယ်

သူက အံ့ဖွယ်မိုးကောင်းကင်ရဲ့ “အားလုံးသိ” လို့ ပြောရဲတာ မဆန်းတော့ပါဘူး…အရှေ့ပိုင်းလွင်ပြင်တစ်ခွင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတစ်ဝက်ကိုလည်း သူသိသေးတယ်

သို့သော် အရေးကြီးဆုံးအရာက ပြန်သွားဖို့ ဖြစ်သည့်အတွက် ရှန်ထျန်း ပြောလိုက်သည်

“ ဆရာ…ကျွန်တော် လမ်းပျောက်နေပြီ ထင်တယ်။ ကျွန်တော်တို့အထွတ်အမြတ်မြေနဲ့ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေတို့ရဲ့ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုက စပြီးနေပြီလားဟင်”

သူ လမ်းပျောက်တယ် ဟုတ်လား

ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ အနည်းငယ် လှုပ်ခတ်သွားသည်။

မိုးကြိုးအရှိန်အဝါထဲမှ အသံပဲ့တင်ထွက်လာသည်

“ ကိစ္စမရှိဘူး။ ထျန်းအာ … မင်းက ကံကြမ္မာသားတော်ပဲလေ။ မင်းက ကံကြမ္မာကောင်းရဲ့ ကောင်းချီးပေးမှုကို ခံထားရတာဆိုတော့ မင်း လမ်းပျောက်နေရင်လည်း လောစရာ မလိုဘူး။ မြေပုံလိုအရာမျိုးကို မယုံနဲ့ … စိတ်ခံစားချက်အတိုင်းသာ သွား။

မင်း လမ်းမှန်းရှာတွေ့မယ်လို့ ယုံကြည်သလို ကံအပြောင်းအလဲ အခွင့်အရေးကိုပါ ကြုံနိုင်ပါသေးတယ်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုအတွက် စိတ်ပူစရာ မလိုအပ်ဘူး။ သူတို့ကို စောင့်ခိုင်းထားလိုက်မယ်။

မင်း ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ကြုံပြီဆိုရင် သူတော်စင် အမှတ်အသားပြားသုံးပြီးတော့ ငါ့ဆီကို တိုက်ရိုက် ဆက်သွယ်လိုက်နော်။

မင်း ပြန်လာဖို့အတွက် ချက်ချင်း အာကာပြင် မုခ်ဝကို ဖွင့်ပေးလိုက်မယ်နော်”

စကားအဆုံးတွင် ဂိုဏ်းချုပ်၏ ပုံရိပ်က ပျောက်ကွယ်သွားကာ ရှန်ထျန်းကတော့ သူတော်စင်အမှတ်အသားပြားကို စိုက်ကြည့်ပြီး ကျန်နေခဲ့ပြီး နဖူးမှလည်း ချွေးစေးများ ထွက်နေသည်။

ငါ့ရဲ့ စိတ်စေရာအတိုင်း လိုက်သွားရင် ကံအပြောင်းအလဲ အခွင့်အရေးက ငါ့ကို သေချာပေါက် စောင့်နေမှာတဲ့လား

ဆရာ တကယ်ကြီး ပြောနေတာလား

ကျွန်တော်…  ကံကြမ္မာသားတော် မဟုတ်ပါဘူးဆို

All Chapters