← Chapters

အလိုအလျောက် ယင်ယန်နတ်ဆိုးဖောက်ထွင်းသေနတ်

Vol. 11-16 Ch. 195

အလိုအလျောက် ယင်ယန်နတ်ဆိုးဖောက်ထွင်းသေနတ်

Vol. 11-16 Ch. 195

အခန်း (၁၉၅) : အလိုအလျောက် ယင်ယန်နတ်ဆိုးဖောက်ထွင်းသေနတ်

ရှန်ထျန်းက ကြာပစ်ခွင်းသေနတ်ကို စီးနင်းကာ ကြာဖြူတောင်ဆီ ဦးတည်ပျံသန်းသွားသည်။

ယခုလက်ရှိတွင် ကြာဖြူတောင်ပေါ်တွင် အခြေတည်အဆင့် ကျင့်ကြံသူတပည့်များ အယောက် ၁၀၀ ဝန်းကျင်ခန့် ရောက်ရှိနေပြီး သူတို့၏ အရှိန်အဝါများကလည်း အားကောင်းလှသည်။

ထိုတပည့်များက အံ့ဖွယ်မိုးကောင်းကင်၏ အခြေတည်ကျင့်ကြံခြင်းစာရင်းမှ ထိပ်ဆုံး ၁၀၈ ယောက်ဖြစ်သည်။ သူတို့က တခြားချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများ၏ တပည့်များဖြစ်လာဖို့အတွက် အရည်အချင်း ပြည့်မှီကြသည်။

အနာဂတ်တွင် သူတို့က ရွှေအမြုတေ စံပြပုဂ္ဂိုလ်များ ဖြစ်လာနိုင်သည်။

သူတို့ထဲမှ အရည်အချင်း ပိုမြင့်သော သူများက ကနဦးဝိညာဉ်အဆင့်သို့ပင် ရောက်ရှိကာ အထွတ်အထိပ်ရှင်များ ဖြစ်လာနိုင်သည်။

သူတို့၏ အရည်အချင်းက ရှန်ထျန်း၏ အစ်ကို(၆) ရှန်အောင်းထက် ပိုပြီး သာလွန်ကြသည်။

ဒီအရေအတွက်က အရမ်းသေးငယ်တယ်လို့ မထင်ပါနဲ့။ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုက ငါးနှစ်နေတိုင်းတစ်ကြိမ် ရှိတဲ့အတွက် ပြီးခဲ့တဲ့တစ်ခေါက်က စစ်ဆေးမှုခံယူခဲ့တဲ့ တပည့်တွေက ကျော်ဖြတ်နိုင်သွားပြီလေ

ဤငါးနှစ်အတွင်းမှာပဲ ထိုပါရမီရှင် ၁၀၈ ယောက်က အခြေတည်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့ပြီး ဒီငါးနှစ်တာ၏ အခြေတည်အဆင့် ကျင့်ကြံသူအသစ်များ ဖြစ်လာကြသည်။

ကနဦးဝိညာဉ်အဆင့်သို့ ရောက်ဖို့ အလားအလာရှိသော တပည့်၁၀၈ ယောက်ရှိသည့် အရေးက အင်မတန် ရှားပါးသော ကိစ္စဖြစ်သည်။ အထွတ်အမြတ်မြေများမှ လွဲပြီး ချိုင့်ဝှမ်းအများစုတွင် ထိုကဲ့သို့ များပြားသော အရည်အချင်းရှိသည့် တပည့်များ မရှိကြပေ။

ထိုတပည့် ၁၀၈ ယောက်ထဲတွင် ရှေ့ဆုံးမှာ ရပ်နေသော ဆံပင်ရွှေရောင်ရှိပြီး မျက်လုံးမှေးမှေးနှင့် ချောမောသော လူငယ်တစ်ယောက်ရှိသည်။ ထိုသူက တခြားသူ မဟုတ်ဘဲ ချင်ယွင်တိ ဖြစ်သည်။ သူ့နောက်တွင် ကွေ့ကုန်းကုန်း၊ ချင်ကောင်း၊ စုန့်ဖူကွေ့နှင့် တခြားသူများ ရှိနေသည်။

သူတို့က လူ ၁၀၈ ယောက်၏ ခေါင်းဆောင်များဖြစ်ပြီး ကောင်းချီးပေးခံရသူများအဖွဲ့တွင်လည်း ပထမဆုံးအသုတ်၏ စီနီယာများ ဖြစ်ကြသည်။ ထို အခြေတည်အဆင့် တပည့် ၁၀၈ယောက်ကလည်း ကောင်းချီးပေးခံရသူများအဖွဲ့ထဲသို့ ဝင်ပြီးကြပြီဖြစ်သည်။

သူတို့ အဖွဲ့ထဲသို့ ဝင်ရခြင်းအကြောင်းအရင်းကလည်း သူတော်စင်၏ ကိုယ်ပိုင်ဆွဲဆောင်မှုထံ အရှုံးပေးလိုက်ကြရ၍ ဖြစ်သည်။

သူတို့ အဖွဲ့ထဲကို ဝင်ရင် မိုးကြိုးဖောက်ခွဲရေးအဆောင်နဲ့ ချပ်ဝတ်ထိုးဖောက် ကျည်ဆန်ဝယ်တဲ့အခါ ၄၀ရာခိုင်နှုန်းလျှော့ပေးမယ်ဆိုတဲ့ ကိစ္စနဲ့ လုံးဝမဆိုင်ဘူးနော်

ဟုတ်တယ် လုံးဝ လုံးဝ မဆိုင်ဘူး ….

သူတို့က ရှန်ထျန်းကို မြင်သည်နှင့်တစ်ပြိုင်နက် တပည့် ၁၀၈ယောက်က လက်ဟန်များလုပ်လိုက်ကြသည်။ ထိုအခါ သူတို့ဓားများလည်း ဓားအိမ်မှ ထွက်သွားကြသည်။

ချွင်…

ရှန်ထျန်း ကြက်သီးမွေးညင်းများပင် ထသွားသည်။

သူတို့က စောင့်ရတာ စိတ်တိုလာပြီးတော့ ငါ နောက်ကျသွားလို့ ငါ့ကို သတ်ဖို့ ပြင်ဆင်ထားကြတာများလား

ငါ နာရီနည်းနည်းလောက်ပဲ နောက်ကျသွားတာပါ … အဲလိုဖြစ်ဖို့လည်း မရည်ရွယ်ပါဘူး။ သူတို့ဒီလိုမျိုးတော့ မလုပ်သင့်ဘူးလေ ဟုတ်တယ်မလား

ကံကောင်းစွာဖြင့် ထိုဓားများက ရှန်ထျန်းဆီ ထိုးစိုက်လာခြင်း မရှိပေ။

ဓားများအားလုံးက ကောင်းကင်တွင် “ထျန်း” ဆိုသော စကားလုံးကို ပုံဖော်ထားပြီး နေရောင်အောက်တွင် ဓားသွားများက တောက်ပနေသည့်အတွက် သေချာရှင်းလင်းစွာ မြင်ရပြီး စွမ်းအားကြီးပုံပေါ်သည်။

ထို့နောက် တပည့် ၁၀၈ယောက်လုံးက တညီတညွှတ်တည်း အော်လိုက်ကြသည် “ ထာဝရလောကရဲ့ထိပ်ဆုံးကို ရောက်ဖို့ နေ့တိုင်း ကျင့်ကြံကြမယ်။ စီနီယာအစ်ကိုကြီးနောက်ကို လိုက်ရင် သေချာပေါက် အထက်ဘုံကို တက်လှမ်းနိုင်လိမ့်မယ်”

သူတို့က စကားလုံး တစ်လုံးချင်းစီကို ပြတ်သားတိကျစွာ အားမာန်အပြည့်ဖြင့် ရွတ်ဆိုနေသည်က ကြက်သီးများပင် ထလာစေသည်။

သူတို့၏ စကားလုံးများက ကြာဖြူတောင်တစ်ခုလုံးတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်နေသည်။

ထိုအရာကပဲ သူတို့၏ သွေးသားထဲမှ စိတ်အားတက်ကြွမှုကို ခံစားရစေသည်။

တပည့်များ၏ ငယ်ရွယ်သောမျက်နှာများတွင် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေပြီး ငယ်ရွယ်မှုဖြင့် တောက်ပနေသည်။

သူတို့ ကြွေးကြော်ခဲ့ကြသည့် ဆောင်ပုဒ်က မည်သို့အဓိပ္ပါယ်ရှိမှန်းပင် လုံးဝ သတိမထားမိကြပေ။ လူအုပ်ထဲတွင် သူဌေးစုန့်နှင့် လျှိုထိုက်ယီတို့၏ မျက်နှာတွင် ဂုဏ်ယူသော အပြုံးတို့ဖြင့် ပြည့်နှက်နေသည်။

အကြာကြီး အစမ်းလေ့ကျင့်ပြီးနောက် အရေးကြီးသည့်အချိန်တွင် အမှားမလုပ်မိတော့ပေ။

ဒီရက်ပိုင်းအတွင်း ဒီတပည့်တွေကို အယူအဆတွေ ခေါင်းထဲ ထည့်ပေးဖို့ ကြိုးစားတာ အလကား မဖြစ်လို့ တော်သေးတယ်

သူတော်စင်က ငါတို့ရဲ့ ကောင်းချီးပေးသူများအဖွဲ့ရဲ့ ဆောင်ပုဒ်ကို ကျေနပ်မယ်လို့ မျှော်လင့်တယ်

ရှန်ထျန်းကို ကိုးကွယ်သော၊ လေးစားသော၊ ပိုင်ဆိုင်လိုစိတ် ပြင်းပြသော အကြည့်များဖြင့် ကြိုဆိုခံလိုက်ရသည့်အတွက် ရှန်ထျန်း အားနာနေမိသည်။

ငါက ဘာလို့ မိစ္ဆာဝါဒရဲ့ ခေါင်းဆောင်လို့ ခံစားနေရတာလဲ။ ငါ့ကို သက်ဆိုင်ရာဌာနတွေကတော့ ခေါ်မသွားလောက်ဘူးလေ ဟုတ်တယ်မလား

ကြာဖြူ ကောင်းကင်အသျှင်က ဘေးမှာရပ်ပြီး ပြုံးနေသည်။  ဒီတပည့်ငယ်များ လုပ်လိုက်သည့်အရာက မကောင်းဘူးဟု မတွေးမိပေ။

သူတို့၏ စံပြပုဂ္ဂိုလ်ကို ကိုးကွယ်ခြင်းက ခေါင်းဆောင်အနေနှင့် ဦးဆောင်နိုင်စွမ်းနှင့် လက်အောက်ငယ်သားများအပေါ် ကြည့်ရှုလိုစိတ်တို့ တိုးမြင့်လာစေနိုင်သည်။

အရင်တုန်းက သူတို့ကိုယ်တိုင်လည်း ငယ်ရွယ်သော တပည့်များ ဖြစ်ခဲ့သည့်အတွက် ထိုလူနှစ်ယောက်ကို ကိုးကွယ်ပြီး နောက်မှ အရူးအမူး လိုက်ခဲ့ကြသည်။

အဲဒီဂိုဏ်းတူအစ်ကို နှစ်ယောက် ဖြစ်ပျက်သွားတာက သနားစရာပဲ

တစ်ယောက်ကတော့ ဝိဇ္ဇာအုပ်စု ဝိုင်းပြီး တိုက်ခိုက်တာကို ခံရပြီးတော့ ဒဏ်ရာအပြင်းအထန်ရခဲ့တာ။ အဲဒါကြောင့် သူလည်း ဘာမှရွေးချယ်စရာ မရှိတော့ဘဲ ကျိန်စာသဖွယ်ဖြစ်နေတဲ့ ကျင့်ကြံစဉ်ကို ကျင့်ကြံလိုက်ရတယ်။

အဲဒါကြောင့် သူလည်း ပိုပြီးတော့ ထူးဆန်းသထက် ထူးဆန်းလာတာ

နောက်တစ်ယောက်ကကျတော့ အထွတ်အမြတ်မြေကို ဦးဆောင်ဖို့အတွက် လေးလံသော တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ရတော့ သူ့ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေကို ဖြတ်တောက်ပစ်တဲ့ ကောင်းကင်တာအိုကျမ်းကို ကျင့်ကြံပြီးတော့ အဆင့်တက်အောင် အမြန်လုပ်ခဲ့ရတာ

ယခုနှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် ထိုဂိုဏ်းတူအစ်ကိုနှစ်ယောက်က သူတို့ငယ်စဉ်တုန်းကလိုမျိုး ငယ်ရွယ်ခြင်း၊ အလေးအနက် မထားခြင်း၊ ရဲတင်းခြင်းနှင့် တက်ကြွခြင်းတို့ မရှိတော့ပေ။

လူတိုင်းက အချိန်တွေကြာလာလျှင် တစ်ချိန်က သူတို့ မကြိုက်ခဲ့သောပုံစံမျိုး ဖြစ်လာသည်။

ယခု တပည့်များက ခေါင်းဆောင်ကို အရူးအမူး အသိအမှတ်ပြုနေသည့်အတွက် ယခင်အချိန်များကို ပြန်လည်မြင်ယောင်နေမိသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ဝိညာဉ်အသစ် ထွက်ပေါ်လာရမည့်အချိန် ဖြစ်သည်။

ရှန်ထျန်းက ကံကြမ္မာရဲ့ကောင်းချီပေးခြင်းလည်း ခံထားရပြီးတော့ သူမတူတဲ့ ချောမောမှုလည်းရှိတယ်ဆိုတော့ သူ့မှာ ထိုသို့လူတစ်ယောက်ဖြစ်လာရမဲ့ အရည်အချင်းရှိတယ်

ကြာဖြူ ကောင်းကင်အသျှင်က ပြုံးရင်း နို့နှစ်ရောင် ကျောက်စိမ်းအဆောင်ကို ထုတ်ယူလိုက်သည်။

သူက အဲဒါကို ရှန်ထျန်းဆီ ကမ်းပေးကာ ပြောလိုက်သည်

“ ဒါက အံ့ဖွယ်မိုးကောင်းကင် ပို့ဆောင်ရေးအဆောင်လေ။ ဒါက မိုင်တစ်ထောင်အကွာအဝေးရှိတဲ့ နေရာအထိ တပည့်တွေကို ပို့ဆောင်ပေးနိုင်တယ်။ ပြီးတော့ မင်းကို အလယ်ခေါင်မှာထားပြီး အတူတူ ပြန်လာလို့ ရတယ်။ ကမ္ဘာဦးတိုက်ပွဲနယ်မြေက မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ။ အန္တရာယ်နဲ့ ကြုံတွေ့တဲ့အခါ အတင်း ကိုယ့်ကိုယ်ကိုဖိအားပေးပြီးတော့ မရင်ဆိုင်ဘဲနဲ့ ဒီပို့ဆောင်ရေးအဆောင်ကိုသာ ဖိချေလိုက်နော်”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကျေးဇူးတင်ပါတယ် ဆရာဒေါ်လေး”

ကြာဖြူကောင်းကင်အသျှင်က ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် အဘိဓာန်လောက် ထူသော စာအုပ်တစ်အုပ်ကို ထုတ်ပေးကာ ပြောလိုက်သည်

“ ဒီစာအုပ်ထဲမှာ ကမ္ဘာဦးတိုက်ပွဲနယ်မြေနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာတွေကို မှတ်သားထားတယ်။ ဒါကို သွားတဲ့လမ်းမှာ ဖြည်းဖြည်းချင်း ဖတ်ကြည့်ကြည့် ”

ရှန်ထျန်း လေးလံသော စာအုပ်ကို ယူလိုက်ပြီး သူ ပြန်မမှတ်မိချင်သည့် အတိတ်ကို အမှတ်ရသွားသည်။

ကံကောင်းစွာဖြင့် ရှန်ထျန်းက အခြေတည်အဆင့်သို့ ရောက်ပြီးနောက် အချက်အလက်များကို မှတ်သားထားဖို့အတွက် နတ်ဘုရားအသိစိတ်ကို သုံးနိုင်နေပြီဖြစ်သည်။

ထို့ကြောင့် စာအုပ်ကို တစ်ခေါက်ဖတ်ပြီးနောက် အဓိကအချက်များကို မှတ်မိရန် မခဲယဉ်းလှပေ။

အားလုံးအဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် တပည့်များအားလုံးက အံ့ဖွယ်မိုးကောင်းကင် သင်္ဘောပျံထဲသို့ ဝင်သွားကြသည်။

သင်္ဘောပျံစတင်မပျံသန်းခင် တပည့်များက သူတို့ဆီမှာ ဝိညာဉ်ကျောက်တုံး အလုံအလောက် ပါ မပါကို ဝိညာဉ်ကျောက်တုံး သိုလှောင်ခန်းကို ဖွင့်ကာ အထူးစစ်ဆေးခဲ့ကြသည်။

အံ့ဖွယ်မိုးကောင်းကင်သင်္ဘောပျံက ကမ္ဘာငယ်လေးမှ ထွက်ခွာလာသည်။ ကာကွယ်ရေး အလွှာကို ဖွင့်လိုက်သည့်အခါ လေညှင်းက ဖြတ်တိုက်သွားသည်။

ကြာဖြူ ကောင်းကင်အသျှင်က တိတ်ဆိတ်တာကို ကြိုက်သည့်အတွက် သင်္ဘောပျံ၏ အတွင်းဆုံးအပိုင်းသို့ ဝင်သွားကာ ကျင့်ကြံပြီး ဆေးလုံးဖန်တီးဖို့သာ ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် အခြေတည်အဆင့် ညီလေး၊ ညီမလေးများက ရှန်ထျန်းအနားသို့ ကပ်သွားကြသည်။

“ အစ်ကို အစ်ကို…ညီမ အစ်ကို့ကို လေးစားလာတာ ကြာပြီ။ လက်မှတ်လေး ရနိုင်မလားဟင်”

“ အစ်ကို ညီမက ပုံရိပ်မှတ်တမ်းတင် ပညာရပ်ကို သင်ယူတာ အောင်မြင်သွားပြီ။ အစ်ကိုနဲ့ ပုံလေး အတူတူ ရိုက်လို့ရမလားဟင်”

“ အစ်ကို…အစ်ကို…အသားအရည်ကို ဘယ်လိုထိန်းသိမ်းလဲဟင်။ ကျွန်တော်ကို သင်ပေးလို့ရမလား။ ဝိုး…ထိဖို့တောင် အရမ်းချောမွေ့လွန်းနေတယ်”

“ အစ်ကို့ဆီမှာ နိဗာနတော်ဝင်ရေစင်တွေ ရေကန်ငယ်တစ်ကန်စာ ရှိပြီးတော့ အဲဒါကို မကြာခဏ ရေချိုးဖို့သုံးတယ်ဆိုတာ အမှန်ပဲလားဟင်။ ရေချိုးဖို့ သုံးလိုက်တော့ ဘယ်လိုခံစားရလဲဟင်”

“ အစ်ကို…အစ်ကို…အစ်မယွင်ရှီးနဲ့ နှစ်ကိုယ်တူကျင့်စဉ်ကို ကျင့်ပြီးသွားတော့ အစ်ကိုက ၈ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်သွားတယ်လို့ ကြားထားတယ်။ ညီမလေးနဲ့ဆိုရင်ရော ဘယ်လိုလဲဟင်”

အမလေး….

ရှန်ထျန်း သူတို့ပြောသော စကားများကို ကြားပြီး ကြက်သီးထနေမိသည်။

လက်မှတ်တွေ ပုံတွေအတွက်တော့ ငါက ရုပ်ချောလို့ အဆင်ပြေပါတယ်။ လက်ခံပေးလိုက်မယ်

ဒါပေမဲ့ မင်းတို့တွေက ဘာလို့ ငါ့ကို ထိတွေ့နေကြတာလဲ ... ပြီးတော့ ငါက နိဗာနတော်ဝင်ရေစင် ရေကန်ငယ်တစ်ကန်စာရှိပြီးတော့ နေ့စဉ်ရေချိုးဖို့ အသုံးပြုတယ်ဆိုတာကရော ဘာလဲ

ဘယ်သူက ဒီလိုမျိုး ယုံစရာမကောင်းတဲ့ ကောလဟာလကို ဖြန့်ရတာလဲ … ငါ လူမြင်ကွင်းမှာ ထုတ်ပြခဲ့တဲ့ နိဗာနတော်ဝင်ရေစင်က ၁၅၀၀ လီတာပဲ ရှိတယ်လေ ဟုတ်ပြီလား။ ၂၀ ကီလိုလီတာဆိုရင် ရေကန်တစ်ကန်စာ ရှိပေမဲ့ နေ့တိုင်းအဲဒါနဲ့ ရေချိုးတာဆိုတာကတော့ လုပ်ကြံပြီးတော့ ပြောတာ ဖြစ်သွားပြီ

ငါ မလုပ်ခဲ့တဲ့အရာအတွက် တခြားသူတွေ စွပ်စွဲတာကိုခံနေရတာ အရမ်းလွန်သွားပြီ။ အဲလိုစွပ်စွဲတာကို ဒီအတိုင်း ခံမနေနိုင်ဘူး။ ဒီနေ့ညပဲ နိဗာနတော်ဝင်ရေစင်ကို သုံးပြီးတော့ ရေချိုးပစ်ရမယ်

ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို ရေချိုးဖို့အတွက် အသုံးပြုပြီးရင် ကုစားနိုင်စွမ်းက နည်းသွားမှာ မဟုတ်တဲ့အတွက် အသက်တွေ ကယ်တင်ဖို့ အသုံးပြုနိုင်တုန်းပဲ

အသက်ကယ်တင်ဆိုမှ ခုနစ်စဉ်ကြယ် သူတော်စင်ရော ဘယ်လိုနေလဲမသိဘူး …. ဟင်း…ဒီကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုသာ ပြီးသွားပြီဆိုရင် ယွင်ဖုန်းကို စေလွှတ်ပြီးတော့ မေးခိုင်းရမယ်။ သူက စူးစမ်းတဲ့နေရာမှာ အရမ်းတော်တဲ့သူ တစ်ယောက်ပဲ။

ငါ့ စမ်းသပ်မှုအဆင့်တက်ဖို့အတွက် သူ့အပေါ်မှာ မူတည်တယ် … ကျေးဇူးပြုပြီး သေတော့ မသေလိုက်ပါနဲ့

ရှန်ထျန်းက စိတ်အားထက်သန်စွာ မေးမြန်းနေသော မေးခွန်းများကို ဖြေဆိုနေရသည့်အတွက် အတွေးများနေသည်။

သူတို့အချင်းချင်း ပျော်ရွှင်စွာ အပြန်အလှန်ပြောဆိုနေခြင်းက အချိန်က မြန်မြန်ကုန်သွားသည်။

တစ်နာရီကြာ မေးမြန်းပြီးနောက် ကြာဖြူကောင်းကင်အသျှင် ဝင်ပါမှ ရှန်ထျန်းဆီ မေးခွန်းမေးတာ ရပ်တန့်သွားသည်။

အခုမှသာ ရှန်ထျန်းလည်း သူ့အခန်းထဲ ဝင်ပြီး ရှားရှားပါးပါး တိတ်ဆိတ် အချိန်လေးကို ခံစားခွင့်ရသည်။

ထိုအခိုက်အတန့်တွင် ချင်ယွင်တိက တံခါးကို ညင်သာစွာ ဖွင့်လိုက်သည်။

ရှန်ထျန်းက တည်ငြိမ်စွာ မေးမြန်းလိုက်သည်

“ ကိစ္စတစ်ခုခုရှိလို့လား ညီလေးယွင်တိ”

ချင်ယွင်တိက နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်

“ အစ်ကို ယင်ယန်နတ်ဆိုးဖောက်ထွင်းသေနတ်နဲ့ ပတ်သက်လို့ပါ”

ရှန်ထျန်း အဖြစ်အပျက်တစ်ခုကို သတိရသွားသည်

“ ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်လား။ အော်…ငါကလည်း မေ့တတ်လိုက်တာနော်။ မင်းကို အရင်တစ်ခေါက်တုန်းက ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ် ရှစ် လက်ကို ပေးဖို့ မေ့သွားခဲ့တယ်”

သူ့ခန်းမင်လက်စွပ် တောက်ပလာကာ ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်ရှစ်လက် လေထဲတွင် ပေါ်လာသည်။

ရှန်ထျန်းပြုံးကာ ပြောလိုက်သည်

“ ညီလေး သေနတ်အရေအတွက်ကို စစ်လိုက်ပါဦး။ ဒီယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်ရှစ်လက်ကို ပိုင်ရှင်ဆီ ပြန်ပေးလိုက်ပြီနော်”

ချင်ယွင်တိ၏ မျက်နှာနီရဲသွားကာ မြန်မြန်ခေါင်းခါပြီးနောက် ပြောလိုက်သည်

“ အစ်ကို ကျွန်တော်ကို အထင်လွဲနေပြီ ထင်တယ်။ ကျွန်တော် ဒီကိုလာတာက သေနတ်တွေ ပြန်တောင်းဖို့ မဟုတ်ပါဘူး”

ရှင်းပြဖို့ ခက်ခဲသည့်အတွက် သိုလှောင်လက်စွပ်ထဲမှ သေနတ်တိုအနက်တစ်လက်ကို ထုတ်ယူလိုက်သည်။

ထိုသေနတ်တိုက ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်နှင့် တူသော်လည်း သေနတ်ထိပ်တွင် အရမ်းသေးသော ကြာပန်းနှင့်တူသည့် အဝိုင်းပြားလေး တစ်ခု ပါရှိသည်။

ချင်ယွင်တိက ရှင်းပြလိုက်သည်

“ အစ်ကိုက အရင်တစ်ခေါက်တုန်းက အလိုအလျောက် ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်အကြောင်း ပြောထားတယ်လေ။

ကျွန်တော်အမေနဲ့ ကျွန်တော် ဒီရက်ပိုင်းအတွင်း လေ့လာပြီးတော့ ပထမဆုံးအနေနဲ့ ဖန်တီးထားတဲ့ ယင်ယန်ဆက်တိုက်ပစ်ခွင်း သေနတ်ပဲ …

ဒီသေနတ်ထဲမှာ ဝိညာဉ်ရွှေကျည်ဆန် အတောင့် ၃၀ ပါတယ်။ သူတို့က အသက်သုံးခါ ရှူသွင်းသလောက်အချိန်အတွင်းမှာ ပစ်ထုတ်နိုင်တယ်။ တိကျမှုကလည်း အတော်လေး မြင့်မားတယ်။

သူ့စွမ်းအားက သာမန်ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်ထက် အများကြီး အားနည်းပေမဲ့လည်း ကျည်ဆန်များများ သုံးပေးရင် ရပါတယ်။

တစ်ချက်ပစ် ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်နဲ့ နှိုင်းယှဉ်လိုက်ရင် အမှားခံနိုင်ရည်ကလည်း အရမ်းမြင့်ပြန်တယ်”

ချင်ယွင်တိ၏ ပျော်ရွှင်သော ရှင်းပြမှုက ရှန်ထျန်းကို အံ့ဩမှင်သက်သွားစေသည်။

အံ့ဩဖို့ကောင်းတဲ့ ညီလေးပဲ … အချိန်ဘယ်လောက်ပဲ ရှိသေးလို့ အလိုအလျောက်ပစ် ရိုင်ဖယ်သေနတ်ကို တီထွင်လိုက်နိုင်ရတာလဲ

မင်းနဲ့မင်းအမေက အချိန်ပိုပြီးပေးနိုင်ရင် ဖောက်ခွဲရေးကျည်ဆန်နဲ့ ဒုံးကျည်တွေတောင် တီထွင်နိုင်လောက်တယ်

မင်းတို့နှစ်ယောက်လုံးက လုံးဝ ရူးသွပ်နေပြီပဲ

All Chapters