ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၊ မိတ်ဆွေဟောင်းတစ်ယောက် လာတွေ့ဆုံခြင်း
Vol. 11-16 Ch. 196
အခန်း (၁၉၆) : ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၊ မိတ်ဆွေဟောင်းတစ်ယောက် လာတွေ့ဆုံခြင်း
ဒိုင်း
ဒိုင်း ဒိုင်း
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း …
ရှန်ထျန်း၏ အခန်းအပြင်ဘက်တွင် ပြတ်သားကြည်လင်သော အသံများ ပဲ့တင်ထွက်ပေါ်နေလေသည်။
မျက်လုံးမှေးမှေး ချင်ယွင်တိက ပြုံးကာ
“ အစ်ကိုရှန် ဒီသေနတ်ကို ဘယ်လိုထင်လဲ။ အစ်ကိုရှန် ပြောသလိုမျိုး အမေက ဆူညံသံ လျော့ချရေး အစီအရင်ကို ထည့်သွင်းလိုက်တော့ အသံသိပ်မကျယ်တော့ဘူး ”
ရှန်ထျန်းက ခေါင်းညိတ်ကာ ပစ်ခတ်မှုများကြောင့် ပုံပျက်နေသည့် ဓမ္မဒိုင်းကာကို တစ်ချက်ကြည့်လိုက်ပြီး အလွန်ကျေနပ်သွားလေသည်။
ရှန်ထျန်းက ထိုဒိုင်းကာကို မြူခိုးမြို့တော်မှ ယူလာခြင်း ဖြစ်ပြီး ယခင်ပိုင်ရှင်က သေဆုံးသွားတာ ဖြစ်ဖို့များသည်။ ထို့ကြောင့် အလကားမဖြစ်စေရန်အတွက် ရှန်ထျန်းက ထိုဒိုင်းကာကို ယူခဲ့ခြင်း ဖြစ်၏။
လက်ရှိ ဒိုင်းပေါ်တွင် ကျည်ဆန်အပေါက်ရာများက ထင်ရှားနေပြီး တချို့ကျည်ဆန်များက ဖောက်ထွက်သွားလေပြီ။
ဤသည်မှာ ယင်ယန်ဆက်တိုက် ပစ်ခွင်းသေနတ်၏ စွမ်းအားမှာ အတော်လေး ကောင်းကြောင်း သိသာလှသည်။
ပို၍ ချီးကျူးစရာကောင်းသည်မှာ သေနတ်၏ ပြန်ကန်အားက သိပ်အားမပြင်းသောကြောင့် ရှန်ထျန်းအနေနှင့် သဘောကျမိသည်။
ရှန်ထျန်းက ဒိုင်းကာဆီ တစ်ခါတည်းဖြင့် ဆယ်ချက်လောက် ပစ်ခွင်းပြီးနောက် ပစ်ချက်တိုင်းက ဒိုင်းကာပေါ် ကျရောက်သွားပြီး ဘေးတွင် ရပ်နေသည့် ချင်ယွင်တိအား လုံးလုံး မထိခိုက်စေခဲ့ပေ။
ဒုတိယအကြိမ် ပစ်ဖို့ စောင့်ဆိုင်းနေရသည့် သာမာန် ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်နှင့် ယှဉ်လိုက်လျှင် ယခုယင်ယန် ဆက်တိုက်ပစ်ခွင်း သေနတ်၏ ကြာရှည်ခံခြင်းနှင့် အမှားခံနိုင်နှုန်းတို့က ပိုသာပေသည်။
ဤသေနတ်မှာ အစမ်းထုတ်ကုန်မျှသာ ဖြစ်သေးသောကြောင့် အကြမ်းဖျင်းမျှသာ ပြုလုပ်ရသေးသည်။
သို့သော်လည်း လုပ်ဆောင်ချက်ကို ပြောရမည်ဆိုလျှင် အဓိကစွမ်းဆောင်ချက်မှာ ရိုင်ဖယ်သေနတ်လောက် ဖြစ်နေလေပြီ။
ချင်ယွင်တိ၏ ပါရမီနှင့် ရွှေကြာ ကောင်းကင်အသျှင်၏ ကျွမ်းကျင်မှုတို့ ပေါင်းစပ်လိုက်သည့်အခါ သေနတ်အပေါ် သူတို့၏ လေ့လာနိုင်စွမ်းက ချောမွေ့နေလေသည်။
ရှန်ထျန်းက အဆင့်နိမ့် ကျင့်ကြံသူများ၏ တော်လှန်ပုန်ကန်မှုကို ကြိုတွေးမိသွား၏။
ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်နှင့် ယင်ယန် ဆက်တိုက်ပစ်ခွင်း သေနတ်တို့က အဆင့်နိမ့် ကျင့်ကြံသူများကြား အလွန်အားကောင်းသော်လည်း ကျင့်ကြံရေးလောကတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိလာစေဖို့တော့ မဖြစ်နိုင်ပေ။
အကြောင်းမှာ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နှင့် ဝိညာဉ်ချီတို့ မည်မျှပင် သိပ်သည်းထားစေကာမူ အများဆုံး ရွှေအမြုတေ ကန့်သတ်နယ်ပယ်ကိုသာ ချိုးဖောက်နိုင်လေသည်။
အထွတ်အထိပ် သွေးခြင် နတ်ဆိုးလိုမျိုး ကနဦး ဝိညာဉ်အဆင့်နှင့် ရင်ဆိုင်ရာ၌ တစ်ချက်တည်းဖြင့် ပစ်သတ်ဖို့ရာ ခက်ခဲလှပေသည်။ ထိုလက်နက်များ၏ တိုက်ခိုက်နှုန်းက ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ရှောင်ရှားနိုင်နှုန်းနှင့် ကာကွယ်နှုန်းတို့နှင့် ယှဉ်၍ မရပေ။ အထွတ်အထိပ်ရှင်များက ထိုတိုက်ခိုက်မှုများကို အလွယ်တကူ ကိုင်တွယ်နိုင်ကြသည်။
အကယ်၍ တစ်ယောက်ယောက်က ကနဦးဝိညာဉ် အထွတ်အထိပ်ရှင် သို့မဟုတ် ကောင်းကင်အသျှင်တို့ကို ခြိမ်းခြောက်လိုလျှင် အနည်းဆုံး လေဆာလက်နက် သို့မဟုတ် နြူးကလီးယားလက်နက်မျိုးကိုပင် တီထွင်သင့်ပေသည်။
သို့သော်လည်း နြူးကလီးယား လက်နက်မျိုးပင် ကောင်းကင်အသျှင်ကို ခြိမ်းခြောက်နိုင်မလားဆိုတာတော့ ရှန်ထျန်းလည်း မသေချာပေ။ အကြောင်းမှာ ရှန်ထျန်းက မာတာနွယ်ပင်ကြီး လုကျီနှင့် ဓားအသျှင် ချန်းယန်တို့၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသောကြောင့် သူတို့ကို လူသဏ္ဌာန် ဒုံးကျည်ဟုပင် ခေါ်ဆိုနိုင်ကြောင်း ကောင်းကောင်းကြီး သိထားသည်။
သူတို့၏ တိုက်ခိုက်စွမ်းနှင့် ကာကွယ်နိုင်စွမ်းအရ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိကြသည်။
သူတို့သာ နြူးကလီးယား ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိမနေသရွေ့ ထွက်ပြေးလွတ်မြောက်နိုင်ကြလိမ့်မည်။ နြူးကလီးယား လက်နက်၏ ကြောက်စရာအကောင်းဆုံး ဖြစ်သော နြူးကလီးယား ရောင်ခြည်ကား ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ တချို့သော အားကောင်းသော အထွတ်အထိပ်ရှင်များက လေဟာနယ်အတွင်း ပုန်းအောင်းနိုင်ကြောင်း ပြောဖို့ပင် မလိုတော့ပေ။ ထို့ကြောင့် ရှန်ထျန်းက သေနတ်လေ့လာမှုအား ရပ်တန့်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။
အနာဂတ်၌ မတော်တဆဖြစ်ရပ်မျိုး မရှိလျှင် သူသည်လည်း ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကောင်းကင်အသျှင်တစ်ယောက် ဖြစ်လာမည် မဟုတ်ပါလော။
တကယ်လို့ သူသာ လူအများဆီမှ ကပ်၍ ကံကောင်းမှု ရခဲ့လျှင် အတိဒုက္ခလွန် စမ်းသပ်ချက်၌ အသက်ရှင်ပြီး ဝိဇ္ဇာတစ်ပါး ဖြစ်လာကာ အထက်ဘုံ တက်လှမ်းဖို့ ကိစ္စပင် မဖြစ်နိုင်ခြင်း မဟုတ်ချေ။
ဤသို့သော အခြေအနေမျိုး၌ နြူးကလီးယား လက်နက် တီထွင်နေဖို့ မလိုတော့ပေ။ ထိုအရာက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသေးသည် မဟုတ်ပါလော။ တစ်ချိန်တည်းတွင် အဆင့်မြင့် လက်နက်များ ပြုလုပ်ဖို့ရာ အချိန်အတော်အတန် လိုအပ်ပေသည်။
ကောင်းပြီ …
ရှန်ထျန်းက ဓာတုဗေဒ အသိပညာရပ်ထဲမှ လျှပ်စစ်သုံး ဓာတ်ခွဲခြင်းဖြင့် လက်နက်များကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံရပေမည်။ ဘယ်လူငယ်လေးကများ လေဆာလက်နက်တို့၊ နြူးကလီးယားလက်နက်တို့ ပြုလုပ်ပုံကို မည်သို့ သိမည်နည်း။
ထိုလျှပ်စစ်သုံး ဓာတ်ဖြိုခွဲခြင်းအကြောင်းကိုပင် ရှန်ထျန်းအနေနှင့် ချင်ယွင်တိ၏ ကံပြောင်းလဲမှု အခွင့်အရေးထဲမှ မြင်ကွင်းကို မြင်ပြီးမှ ပြန်သတိရလာခြင်း ဖြစ်၏။
အခြားသော ဗဟုသုတများကား သူ့ကို သင်ကြားပေးခဲ့သော အထက်တန်းကျောင်း ဆရာများဆီ ပြန်ပေးခဲ့လိုက်လေပြီ။
……………...
ယင်ယန် ဆက်တိုက်ပစ်ခွင်း သေနတ်ကို ချင်ယွင်တိဆီ ပြန်ပေးလိုက်ပြီးနောက် ရှန်ထျန်းက အေးအေးဆေးဆေး ပြောလိုက်သည်
“ ညီလေးယွင်တိ ကောင်းကောင်း လုပ်ခဲ့တာပဲ။ ဒီယင်ယန် ဆက်တိုက်ပစ်ခွင်း သေနတ်က ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်ထက် ပိုအသုံးဝင်တယ်။ နောင်ကျ ဒီဟာကို ဆက်လေ့လာလို့ ရပေမဲ့ ဆရာဒေါ်လေး ရွှေကြာကို ဒီပင်မနည်းပညာရဲ့ လျို့ဝှက်ချက်တွေ မပေါ်ကြားစေရအောင် အာရုံစိုက်ဖို့ ဘေးကနေ သတိပေးလိုက်ဦးနော် ”
မျက်လုံးမှေးမှေး ချင်ယွင်တိက ပြုံးကာ “ အစ်ကိုရှန် စိတ်ချနေလိုက်ပါ။ ကျွန်တော် သိပါပြီ ”
ရှန်ထျန်းက ခေါင်းညိတ်ကာ
“ ပြီးတော့ ငါတို့တွေ နောင်ကျ ယင်ယန် ဆက်တိုက်ပစ်ခွင်း သေနတ်ကို တိုးတက်ဖို့ အာရုံစိုက်ထားကြတာပေါ့။ ပြီးတော့ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်နဲ့ ယင်ယန် ဆက်တိုက်ပစ်ခွင်း သေနတ်ကို ရောင်းဖို့ အလျှင်မလိုနဲ့ဦး။ ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင်နဲ့တင် လုံလောက်နေပါပြီ ”
လက်နက်များက အားနည်းသည့် ရွှေအမြုတေ ကျင့်ကြံသူများကိုသာ ခြိမ်းခြောက်နိုင်သော်လည်း အရှေ့ပိုင်းလွင်ပြင်၌ ရွှေအမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူများက လူအများစု ဖြစ်ကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ဖန်တီးခဲ့သော ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်များက ကျင့်ကြံဆင့် နိမ့်သည့် ကျင့်ကြံသူများအတွက် အဓိကဈေးကွက်လို ဖြစ်လာသည်။
ဒီလောက်ဆို လုံလောက်ပြီ …
အကယ်၍ သူတို့သာ ယင်ယန် နတ်ဆိုးဖောက်ထွင်း သေနတ်များကို မဆင်မခြင် ရောင်းချခဲ့လျှင် အရှေ့ပိုင်းလွင်ပြင်ရှိ ကျင့်ကြံသူများဆီမှ တုံ့ပြန်မှုအကြီးကြီး သေချာပေါက် ရရှိလာလိမ့်မည်။
အခြားသူများက ရွှေအမြုတေအဆင့် ရောက်ရှိဖို့ရာ နှစ်ရာချီ ကြိုးစားခဲ့ကြသော်လည်း အခြေတည်အဆင့် အားနည်းသူများက သူတို့အား တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်နေသည်ကို စဉ်းစားကြည့်လိုက်ပါလေ … သူတို့တွေ မည်သို့ တွေးကြမည်နည်း။
နောင်အနာဂတ်၌ ပါရမီနည်းပါးသည့် ကျင့်ကြံသူများက သူတို့ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး အသက်ရှည်စေဖို့ ဆွဲဆန့်ထားရုံသာ လိုအပ်တော့မည် မဟုတ်ပါလော။
အချိန်တစ်ခု၌ အံ့ဖွယ်မိုးကောင်းကင်၏ တပည့်များလည်း အယူအဆကွဲလွဲသူများအဖြစ် ဆက်ဆံခံရမည် မဟုတ်ပါလော။
ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကြီးထွားတိုးတက်မှုအတွက် သိပ်မကောင်းချေ။
................
ချင်ယွင်တိက ရှန်ထျန်း၏ ဆုံးဖြတ်ချက် အကြောင်းအရင်းကို မသိသော်လည်း သူ့အနေနှင့် အစ်ကိုရှန် ပြောသမျှ မှန်ကန်သည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။
ယင်ယန် ဆက်တိုက်ပစ်ခွင်း သေနတ်ကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် ချင်ယွင်တိက ခေါင်းညိတ်ကာ “ ဟုတ်ကဲ့ပါ အစ်ကိုရှန် … ကျွန်တော် နားလည်ပါပြီ ”
ရှန်ထျန်းက ခေါင်းညိတ်ကာ “ ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ နေရာတိုင်းက အန္တရာယ်ဆိုတော့ ငါတို့ အထွတ်အမြတ်မြေရဲ့ တပည့်တွေကို ကောင်းကောင်း ပြင်ဆင်ပေးထားရဲ့လား ”
ချင်ယွင်တိက ပြန်ဖြေလိုက်သည်
“ ဟုတ်ကဲ့ အစ်ကိုရှန် စိတ်မပူပါနဲ့။ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးပွဲအတွက် ဂိုဏ်းချုပ်က ဒီစစ်ဆေးပွဲမှာ ပါဝင်တဲ့သူတိုင်းကို ချေးဌားခွင့် ချပေးထားပါတယ်။ အားလုံးက ဝိညာဉ်ကျောက်တုံး ချေးပြီးတော့ ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်နဲ့ ယင်ယန် ဖောက်ထွင်း နတ်မိုးကြိုးကို ဝယ်ယူနိုင်အောင် လုပ်ပေးထားတယ်။
အခု အားလုံးက သူတို့ဘာသာ တစ်ဒါဇင်လောက်လောက်ကို အနိုင်ယူပစ်နိုင်လောက်တဲ့အထိ ပြင်ဆင်ပြီးကြပါပြီ ”
ဂုဏ်ယူမှုအပြည့် ဖြစ်နေသည့် ချင်ယွင်တိကို မြင်ကာ ရှန်ထျန်းတစ်ယောက် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်တော့သည်။
ရှန်ထျန်းက ခေါင်းဆောင် မဖြစ်ချင်သော်လည်း သူ့ဆရာက တပည့်များကို သူ့လက်ထဲ အပ်နှံ့လိုက်ပြီ ဖြစ်သောကြောင့် ကောင်းကောင်း စောင့်ရှောက်ပေးရတော့မည်။ ထိုလူများက အန္တရာယ်ကြုံတွေ့ပြီး ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ကြလျှင် မည်သို့ ဖြစ်မည်နည်း။ ထိုအခါ ခေါင်းဆောင်ဖြစ်သည့်သူက တာဝန်ယူရမည် မဟုတ်ပါလော။
ခံရသူများ၏ မိသားစုအကုန်နီးပါးက ရှေးခေတ် ဖြစ်စေ၊ ခေတ်သစ် ဖြစ်စေ အကျိုးအကြောင်း ပြောပြ၍ ရမည် မဟုတ်ကြပေ။
ရှန်ထျန်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် သူတို့က လုံလုံလောက်လောက် ဘေးကင်းလုံခြုံမှု မရှိသေးကြောင်း ခံစားလာရသည်။ ထို့ကြောင့် သူက နိဗာနတော်ဝင်ရေစင်ကို ထုတ်ကာ ပုလင်းငယ် တစ်ရာထဲ ခွဲထည့်ပေးလိုက်သည်။
ရှန်ထျန်းက ပုလင်းတစ်ခုချင်းစီတွင် နိဗာနတော်ဝင်ရေစင် ၁ မီလီမီတာစီ ထည့်ပေးပြီး ပိတ်ပေးလိုက်သည်။ ရှန်ထျန်းရှေ့တွင် ထိုပုလင်းတစ်ရာက ချက်ချင်းဆိုသလို အစိမ်းရောင်အလင်းလေး တောက်ပလာလေသည်။
“ ညီလေးယွင်တိ … ဒီနိဗာနတော်ဝင်ရေစင် ပုလင်းတွေကို ငါတို့ ညီတွေ၊ ညီမတွေဆီ ခွဲပေးလိုက်ပါဦး။ ဒါက ကောင်းချီးပေးခံထားရသူများအဖွဲ့ကနေ အားလုံးကို ပေးတာလို့ပဲ ပြောလိုက်ပါ။ တပည့်တိုင်း တစ်ယောက်ကို တစ်ပုလင်းစီပဲ ရမယ်။ ပိုမယူရဘူး။ အခြားသူအတွက်လည်း ယူမပေးရဘူး။ ပြန်မရောင်းရဘူး။ အခြားသူကို ပြန်လက်ဆောင် မပေးရဘူး။
စည်းကမ်းဖောက်တဲ့သူကို အဖွဲ့ကနေ ထုတ်မယ်။ ပြီးတော့ အပြင်းအထန် စည်းကမ်းဖောက်တဲ့သူတွေကို အထွတ်အမြတ်မြေဆီ ပြောပြီးတော့ ဂိုဏ်းကနေ ထုတ်ပယ်ခိုင်းမယ်။ ဒီနိဗာနတော်ဝင်ရေစင် ပုလင်းကို လူတိုင်းစေ့ ရအောင် အသေအချာလေး လုပ်ပေးနော် … အားလုံး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာဖို့ မျှော်လင့်တယ် ”
နိဗာနတော်ဝင်ရေစင်အား ဖန်ချန်း၏ ကံပြောင်းလဲမှု အခွင့်အရေးမှ ရရှိထားပြီး ရှန်ထျန်းက သူတို့၏ ကံတိုးတက်လာစေရန် နိဗာနတော်ဝင်ရေစင်ကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်၏။
နိဗာနတော်ဝင်ရေစင်က ရှန်ထျန်းအတွက် ဘာမှမဟုတ်သော်ငြား ပုလင်းတစ်ရာမှာ ၁၀၀ မီလီမီတာနှင့် ညီမျှပေသည်။ အခြေတည်အဆင့် ကျင့်ကြံသူများတွက် ရေစက်တစ်စက်တည်းဖြင့် အသက်ကယ်တင်နိုင်ပေသည်။
သူတို့လက်ထဲမှာ နိဗာနတော်ဝင်ရေစင် ပုလင်းလေး ရှိထားလျှင် အရေးကြုံလာသည့်အခါ များစွာ အသုံးဝင်လာလိမ့်မည်။
ထို့အပြင် ရှန်ထျန်းက ထည့်စဉ်းစားထားသည်များမှာ ရှိပေသည်။ ယခု သူတို့က ကမ္ဘာဦး တိုက်ပွဲနယ်မြေထဲ ဝင်ရတော့မည် ဖြစ်ရာ ဤသည်မှာ ကံကြမ္မာကို စမ်းသပ်သည့် အခိုက်အတန့်လည်း ဖြစ်နေသေးသည် မဟုတ်ပါလော။
နိဗာနတော်ဝင်ရေစင် ရရှိထားသော တပည့်များ၏ ကံကြမ္မာက အနည်းငယ် တိုးတက်လာလိမ့်မည်။
ကံကောင်းမှု အနည်းငယ်မျှ တိုးတက်လာခြင်း ဖြစ်သော်လည်း သူတို့အား သေခြင်းတရားမှ လွတ်မြောက်စေနိုင်သလို ကံပြောင်းလဲမှု အခွင့်အရေးနှင့်လည်း တွေ့ကြုံသွားစေနိုင်သည်။
ထို့အပြင် သူတို့၏ ယုံကြည်မှုကို ပုလင်းငယ်လေး လက်ဆောင်ပေးခြင်းဖြင့် ရရှိနိုင်သေးလေသည်။ ရှန်ထျန်းအနေနှင့် တပည့်တချို့၏ ကံပြောင်းလဲမှု အခွင့်အရေးကို အလကား မျှဝေယူနိုင်သောကြောင့် နှစ်ဖက်လုံးအတွက် အခြေအနေကောင်းပေသည်။
ထို့အပြင် ကောင်းချီးပေးခံထားရသူများ အဖွဲ့၏ စည်းလုံးမှုလည်း သိသိသာသာ တိုးတက်လာလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်မိလိုက်သလို ဖြစ်၏။
အနည်းဆုံးတော့ သူတို့အနေနှင့် မြူခိုးမြို့တော်ကဲ့သို့ ကပ်ဘေးမျိုးနှင့် ကြုံတွေ့ခဲ့ပြီး သေကြေပျက်စီးမှုများ ရှိခဲ့လျှင်ပင် ရှန်ထျန်းအနေနှင့် အပြစ်တင်ခံစရာ မလိုတော့ပေ။ သူက ဤမျှရင်းနှီးမြှပ်နှံထားပြီး နိဗာနတော်ဝင်ရေစင် အများအပြားကိုလည်း မျှဝေပေးထားသေးသည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက အပြစ်တင်ခြင်း ခံယူမည် မဟုတ်ပေ။ ထိုအခိုက်အတန့်လေးအတွင်း ရှန်ထျန်းက အားလုံး တွက်ချက်ပြီးသွားလေပြီ။
သို့သော်လည်း ချင်ယွင်တိက ရှန်ထျန်း၏ အတွေးများကို မသိဘဲ ရင်ထဲ ထိသွားလေသည်။
အစ်ကိုရှန်က တကယ်ကို ကောင်းလိုက်တာ … သူ့အကျင့်စာရိတ္တက အရမ်းမြင့်မားတာပဲ …
နိဗာနတော်ဝင်ရေစင် အများကြီးကို တပည့်တွေ ဘေးကင်းကင်း ပြန်လာနိုင်အောင်ဆိုပြီး ထုတ်ပေးနေတယ် … ဒါက နိဗာနတော်ဝင်ရေစင် ပုလင်းတစ်ရာလေ …
ချင်ယွင်တိက တွေးနေရင်း ရှန်ထျန်း၏ စွန့်လွှတ်အနစ်နာခံမှုကို ညီလေး စုန့်ဖူကွေ့နှင့် ညီလေး လျိုထိုက်ယီတို့အား ပြောပြရမည်ဟု ဆုံးဖြတ်လိုက်သည်။
ဟုတ်တယ် … ငါ အထွတ်အမြတ်မြေကို ပြန်ရောက်တာနဲ့ အစ်ကိုလီယွင်ဖုန်းကိုလည်း ပြောပြရမယ်…
သို့သော်လည်း … တကယ်တော့ လီယွင်ဖုန်းကိုတော့ ပြောစရာ မလိုလောက်တော့ပေ။
အစ်ကိုလီယွင်ဖုန်းက အထွတ်အမြတ်မြေမှာ ဖြစ်သမျှ သတင်းပျံ့လိုက်တာနဲ့ သိနေပြီးသားလေ
“အစ်ကိုရှန် ဘာမှမပူနဲ့။ ကျွန်တော် အကုန်လုံးကို လူစေ့အောင် သေချာပေါက် ဝေပေးလိုက်ပါ့မယ်။ ဒါက နိဗာနတော်ဝင်ရေစင်တင် မကဘူး။ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ပေးချင်တဲ့ အစ်ကိုရဲ့ စေတနာတွေပါ … ကျွန်တော်တော့ ရင်ထဲ ထိသွားပြီ ”
သူ့မျက်လုံးမှေးမှေးလေးများ၌ မျက်ရည်များ ဝဲနေလေသည်။
ချင်ယွင်တိက နိဗာနတော်ဝင်ရေစင် ပုလင်းတစ်ရာကို ကိုင်ထားရင်း အပြင်ဘက် ထွက်လာလိုက်သည်။ ရှန်ထျန်းက ချင်ယွင်တိ၏ နောက်ကျောကို ကြည့်ကာ ဒီကောင်လေး ဆိုင်ရှင်စုန့်နှင့် အခြားလူများ၏ လွှမ်းမိုးမှု ခံနေရကြောင်း ခံစားလာရသည်။
………….....
ရှန်ထျန်းက ရုတ်ချည်းဆိုသလို မျက်မှောင်ကြုတ်လိုက်မိသည်။
မကောင်းတော့ဘူး … ငါ အရမ်းအလျှင်စလို လုပ်လိုက်မိပြီ
ငါ နိဗာနတော်ဝင်ရေစင်ကို အလျှင်စလို ဝေမပေးလိုက်သင့်ဘူး … လူတစ်ယောက်ကို တစ်မီလီမီတာဆိုတော့ အရမ်းကပ်စေးနှဲနေသလိုပဲ
တကယ်လို့ စောစောစီးစီးသာ သိခဲ့ရင် နိဗာနတော်ဝင်ရေစင်နဲ့ ရေချိုးပြီးမှ ဝေပေးလိုက်ပါတယ်
အဲဒီအခါကျ ဂိုဏ်းတူညီတွေ၊ ညီမတွေအနေနဲ့ တစ်ခွက်လောက်တော့ ရမှာ … ဘာဖြစ်ဖြစ်ပါ အရင်ဆုံး ဒီတော်ဝင်ရေစင်တွေနဲ့ မတော်တဆ ရေချိုးလိုက်မိလို့ဆိုပြီး ပြောပြလိုက်မယ်။ သူတို့ အသုံးပြုတဲ့အခါကျ မသောက်ဘဲ လိမ်းဖို့ပဲ မှာရမှာပဲ …
စိတ်ထဲမထားတတ်တဲ့ ညီငယ်တွေကတော့ ငါ ရေချိုးထားတဲ့ နိဗာနတော်ဝင်ရေစင် များများ ပိုရမှာပေါ့ .. အသန့်ကြိုက်တဲ့သူတွေကတော့ အသန့်လေးကို နည်းနည်းပဲ ရမှာပေါ့
ဘာဖြစ်ဖြစ် ယောက်ျားသားတွေပဲဆိုတော့ စိတ်ထဲ မထားလောက်ဘူးမလား …
မိန်းကလေးတွေကတော့ အသန့်ကြိုက်တယ်ဆိုတော့ သိပ်ကြိုက်မှာ မဟုတ်လောက်ဘူး … ဒါပေမဲ့ ဂိုဏ်းတူညီတွေက မလိုလားဘဲနဲ့ ဂိုဏ်းတူညီမတွေက လုနေကြတာမျိုးလည်း ဖြစ်နိုင်တာပဲ …
စစ်ဆေးပွဲ နီးကပ်လာပြီ ဖြစ်၍ ရှန်ထျန်းလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ထိုစဉ် အံ့ဖွယ်မိုးကောင်းကင်၏ သင်္ဘောပျံကြီးက အလျှင်အမြန် ရွေ့လျားနေဆဲ ဖြစ်၏။
………….
မီးတိုင်းပြည်အနားရှိ ကမ္ဘာဦးတိုက်ပွဲနယ်မြေ အစွန်အဖျား၌ …
စစ်ဆေးပွဲအတွက် တည်ဆောက်ထားသော ယာယီမြို့ငယ်လေးအတွင်း ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေနှင့် အခြားဂိုဏ်းများမှ တပည့်များ အများအပြား ရှိနေကြသည်။ သူတို့က ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ဝင်ရောက်ဖို့ အသင့်ဖြစ်နေကြလေပြီ။
စစ်ဆေးမှု စတင်ဖို့ နှစ်နာရီမျှသာ လိုတော့သည်။
သို့သော်လည်း အဓိက အထွတ်အမြတ်မြေနှစ်ခုထဲမှ တစ်ခုဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ယခုအထိ ရောက်မလာသေးပေ။
ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ ပါရမီရှင်များစွာက အတွန့်တက်လာကြသည်။
“ စစ်ဆေးမှုက စတော့မယ်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘာလို့ ရောက်မလာသေးတာလဲ။ သူတို့က အရမ်းလွန်လွန်းတယ် ”
“ ဟူး … သူတို့ထက် အဆင့်ပိုမြင့်တဲ့ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေတောင် ရောက်နေတာ ကြာလှပြီ။ ဒီတစ်ခေါက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ကိုယ့်ဘာသာ အထင်ကြီးနေတာပဲ ”
“ တခြားရွေးချယ်စရာလည်း မရှိဘူးလေ။ ဒီကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်ဖို့ လမ်းကို ဖွင့်ဖို့ အနည်းဆုံး နတ်ဧကရာဇ် အသုံးအဆောင်နှစ်မျိုး လိုအပ်နေတာကိုး … တကယ်လို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသာ မလာခဲ့ရင် ဘယ်လိုဖွင့်ကြမလဲ ”
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဖန်ချန်းနဲ့ ကျန်းယွင်ထင် မဟုတ်ဘဲ သူတော်စင် အသစ်တစ်ယောက် ရွေးထားတယ်တဲ့ ကြားပြီးကြပြီလား ”
“ ဒါပေါ့ ကြားပြီးပြီ … လူမသိသူမသိကောင်လေးဆို … နာမည်က ရှန်ထျန်းဆိုလားဘာလားပဲ ”
“ လူမသိသူမသိတဲ့လား လာနောက်နေတာလားဟဲ့ … လတ်တလောလေးက မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ ကြေညာချက်ကို မသိသေးဘူးလား”
“ ဘာကြေညာချက်လဲ ”
“ ဟာ … မိုးကြိုးလှိုင်း အထွတ်အမြတ်မြေက သူတို့ရဲ့ ဗုဒ္ဓအရှင် တစ်ကိုယ်တော် ကျင့်ကြံအားထုတ်တော့မှာလေ။ အဲဒီမတိုင်ခင် သူက မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ အကြီးအကဲတွေကို မိုးကြိုးလှိုင်း ဗုဒ္ဓအမှတ်အသားပြားကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းဆီ ပေးခိုင်းခဲ့တာတဲ့လေ ”
“ ဘယ်လို ဘယ်လို … မိုးကြိုးလှိုင်း ဗုဒ္ဓအမှတ်အသားပြားလား။ အဲဒါက မိုးကြိုးလှိုင်း အထွတ်အမြတ်မြေရဲ့ အထွတ်အထိပ် ရတနာ မဟုတ်ဘူးလား။ သူတို့က အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ဆီ ပေးပစ်တယ်ပေါ့လေ ”
“ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အတော်လေး အံ့ဩဖို့ ကောင်းမဲ့ပုံပဲ။ သူ့ကျင့်ကြံဆင့် အရမ်းမြင့်နေတာများလား။ သူက ကနဦးဝိညာဉ်အဆင့်လောက် ရောက်နေပြီ ထင်တယ် ”
“ ငါ ကြားတာတော့ သူက အခြေတည်အဆင့်ပဲ ရှိသေးတာဆို … ပြီးတော့ သူက ငါတို့နဲ့အတူတူ စစ်ဆေးမှုမှာ ပါဝင်မှာတဲ့ ”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … တကယ်ပြောနေတာလား ”
…………….....
တပည့်များက ပြောဆိုကြနေစဉ် မိန်းမငယ်လေးတချို့ လျှောက်လှမ်းလာကြ၏။
ရှေ့ဆုံးမှ မိန်းမပျိုလေးမှာ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်မိမယ်တစ်ပါး ဆင်းသက်လာသလို ကြော့ရှင်းလှပလွန်းပေသည်။
သူမ ခြေလှမ်းတိုင်း၌ ဝိညာဉ်ချီများ စုစည်းသွားပြီး ကြာပန်းသဏ္ဌာန် ပေါ်လာလေ၏။ သူမက အခြေတည်အဆင့်မျှသာ ရှိသေးသော်လည်း အံ့ဩမှင်သက်ရလောက်အောင်အထိ ကျက်သရေရှိလွန်းလှသည်။ သူမ ပေါ်လာသည့်အခါ အားလုံးက စကားပြောရပ်သွားကာ သူမကိုသာ ငေးမောလိုက်ကြည့်နေမိကြသည်။
သူမက အသက်ရှုမှားလောက်အောင်အထိ အရမ်းလှလွန်းနေသည် မဟုတ်ပါလော …
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေအကြောင်း နားလည်ထားကြသည့် ကျင့်ကြံသူတချို့က စိတ်ဖြင့် ဆက်သွယ်ကာ ဤမိန်းမပျိုလေးသည် လတ်တလောလေးမှ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေဆီ ဝင်ရောက်လာသော တပည့်သစ် ဖြစ်ကြောင်း ရှင်းပြနေကြသည်။
သူမတွင် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ ကျင့်စဉ်နှင့် ကိုက်ညီသည့် ထူးခြားသော ခန္ဓာဖွဲ့စည်းပုံ ရှိသောကြောင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်၏ တပည့်အဖြစ် လက်ခံထားခြင်းခံရသည်။
ရဲရဲနီ ကကြိုးကောင်းကင်အသျှင်က ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရှိ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိ အကြီးအကဲများအနက် တစ်ဦး ဖြစ်ကာ သူမ အင်အားမှာ အလွန်ထူးခြားလှသည်။
ထို့ကြောင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်၏ တပည့် ဖြစ်လာသည့် ဤမိန်းမပျိုလေး၏ အနာဂတ်အောင်မြင်မှုမှာ အထင်သေး၍ မရပေ။
ထိုစဉ် သူမ ဦးတည်နေသည့် နေရာမှာ ထိုက်ပိုင်ချိုင့်ဝှမ်းရှိ တပည့်များ စုစည်းရာနေရာသို့ ဖြစ်နေလေသည်။ သူမက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး အဝင်ဝကို စောင့်ကြပ်နေသည့် ထိုက်ပိုင်ချိုင့်ဝှမ်း၏ တပည့်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
သူမက ညင်ညင်သာသာ ပြုံးလိုက်ကာ
“ ကျွန်မက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ တပည့်ပါ။ စီနီယာအစ်ကိုရှန်အောင်းနဲ့ တွေ့ချင်လို့ပါ။ မိတ်ဆွေဟောင်းတစ်ယောက် .. လာတွေ့တယ်လို့ သတင်းပါးပေးလို့ ရမလားဟင် ”