ရှင်က စီနီယာအစ်ကို ရှန်အောင်း ဟန်ဆောင်ဖို့အတွက် မတန်ဘူး
Vol. 11-16 Ch. 197
အခန်း (၁၉၇) : ရှင်က စီနီယာအစ်ကို ရှန်အောင်း ဟန်ဆောင်ဖို့အတွက် မတန်ဘူး
ထိုက်ပိုင်ဓား စံအိမ်တော်၌
ကမ္ဘာဦး တိုက်ပွဲနယ်မြေ အပြင်ဘက်နား၌ ထိုက်ပိုင်ချိုင့်ဝှမ်း တပည့်များ နေထိုင်သော စံအိမ်တော်အတွင်း …
အနောက်ဖက် ဥယျာဉ်အတွင်း ဓားကို ဝေ့ယမ်းနေသော အမျိုးသားတစ်ယောက် ရှိနေသည်။
ဓားပေါ်တွင် အနီတောက်တောက် ဓားအငွေ့အသက်များ စုဝေးနေပြီး သုံးပေအကွာအထိ ထိုးဖောက်နိုင်စွမ်း ရှိလေသည်။ တိုက်ခိုက်စွမ်းက ပြိုင်ဖက်ကင်းကာ ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်း ရှိ၏။
ဓားသွားပေါ်၌ နေဝန်းနီ ပုံရိပ်ကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
“ ချောင်းယန် ဓားပညာ … နေဝန်းဖောက်ခွင်း သက်တံ့ဓားကျင့်စဉ် ”
ထိုအမျိုးသားက ရွတ်ဆိုလိုက်ပြီးနောက် နဂိုမူလ သုံးပေရှိသော ဓားအငွေ့အသက်က အဆများစွာ တိုးလာကာ ဆယ်ပေလောက် ဖြစ်လာသည်။ ဓားအငွေ့အသက်ဖြင့် ပိုင်းချလိုက်သည့်အခါ မြေကြီးပေါ်၌ အက်ကြောင်းရာကြီး ဖြစ်ပေါ်လာစေ၏။
ထိုဓားစွမ်းအားက သေမျိုးများအား သူ့ထံ ဦးညွှတ်စေနိုင်စွမ်း ရှိပေသည်။
ဓားကို ဝေ့ယမ်းလိုက်ပြီးနောက် ထိုအမျိုးသား၏ မျက်နှာလည်း အနည်းငယ် ဖြူဖျော့သွားလေသည်။ တိုက်ခိုက်မှု အားကုန်နှုန်းမှာ အတော်အတန်မြင့်ကြောင်း သိသာလှသည်။
သူက ခရမ်းဝတ်ရုံ ဝတ်ဆင်ထားသ့် ဓားသမားဆီ လျှောက်လှမ်းလာလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည် “ ဆရာ … တပည့် ဓားချက်ကို ကျွမ်းကျင်သွားပါပြီ ”
အထွတ်အထိပ်ရှင် ကျီယန်က ခေါင်းညိတ်ကာ ကျေနပ်သည့် အမူအယာဖြင့်
“ မဆိုးဘူး … မင်းက ဒီလဝက်လေးအတွင်း ချောင်းယန် ဓားပညာကို သင်နိုင်တယ်ဆိုတော့ တကယ် မဆိုးဘူးပဲ။ အောင်းအာ … မင်းက ဓားတာအိုအတွက် အလားအလာရှိတယ်။ ဂိုဏ်းတူအစ်ကိုကြီးချန်းဟယ်ကလည်း မင်းကို ကောင်းကောင်း သင်ပြပေးလိုက်တာတွေလည်း ပါတာပေါ့ ..
မင်းအပေါ် အစ်ကိုကြီး သုံးသပ်ထားသလောက်ဆို မဆိုးဘူး။ မင်း အချိန်ရရင် တောင်တန်းဆီ သွားပြီး များများလေ့ကျင့်သင့်တယ်။ “ အနာမရှိဘဲ အသာမစံရဘူး” ဆိုတဲ့ စကားကိုလည်း ကြားဖူးတယ်မလား။ မင်း နောက်ဆုတ်လို့ မဖြစ်ဘူး ”
ရှန်အောင်းက နှလုံးခုန်ပင် မြန်မိသွားသည်။
ဘယ်လို … တောင်ဆီ ပြန်သွားပြီး များများလေ့ကျင့်သင့်တယ်တဲ့လား …
ဉာဏ်များလိုက်တာ … ဆရာ ပြန်မသွားချင်တာနဲ့ ကျွန်တော်ကို ကြားထဲက ဓားစာခံ လုပ်လိုက်တာမလား …
ရှန်အောင်းက ဤလဝက်အတွင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို မေ့မရသေးပေ။ ဤသည်မှာ ကျင့်ကြံခြင်းနှင့် တာအိုလမ်းစဉ် လျှောက်လှမ်းခြင်း မဟုတ်ဘဲ နှိပ်စက်မှုသာ ဖြစ်၏။
သို့သော်လည်း ယခုအထိ နှိပ်စက်ခံနေရသေးသည့် သူ့ဂိုဏ်းတူအစ်ကိုကြီး လီချန်းကောအကြောင်း တွေးမိသွားသောအခါ ရှန်အောင်းက ပို၍ နေလို့ကောင်းလာသည်။ သူက သနားစရာ အကောင်းဆုံး မဟုတ်သေးပေ။
သူက သူ့ဆရာကို ပြန်ပြောချင်သော်လည်း အဆုံးသတ်၌ ဆရာစကားအတိုင်းသာ နာခံလိုက်ရသည်။
ရှန်အောင်းက ပြုံးကာ “ ဟုတ်ကဲ့ပါ ဆရာ ”
အထွတ်အထိပ်ရှင် ကျီယန်က ခေါင်းညိတ်လိုက်သည်။ သူက သူ့တပည့်ကို အရမ်းကျေနပ်နေမိသည်။ သူက နန်းတော်အတွင်း ကြီးပြင်းလာသော်လည်း တော်ဝင်မိသားစု၏ အကျင့်ဆိုးများ ရှိမနေပေ။ သူက တည်ငြိမ်ကာ သတိရှိပြီး နှိမ့်ချတတ်သူ ဖြစ်၏။ ထို့အပြင် သူက ဓားပညာ လေ့ကျင့်ရာ၌ ခက်ခဲမှုများကို တောင့်ခံနိုင်စွမ်း ရှိပေသည်။ ဂိုဏ်းတူအစ်ကိုကြီးခန်းလန်၏ လေ့ကျင့်မှုကို တောင့်ခံနိုင်သော လူငယ်လေးများသာ အရေအတွက် အနည်းငယ်သာ ရှိ၏။
အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းသာ ဆက်လေ့ကျင့်နေသရွေ့ အလေးစားခံရသည့် ကနဦးဝိညာဉ်အဆင့်ကို ရောက်လာနိုင်ခြေ ရှိကြောင်း ယုံကြည်ထားသည်။ ထိုအခါ သူ့အနေနှင့် သူတော်စင်ညီလေးအား ရှုံးနိမ့်တော့မည် မဟုတ်ပေ။
ကျင့်ကြံရေးလမ်းစဉ်က ရှည်လျားလွန်းလေရာ နောက်ခံက အရာအားလုံး မဟုတ်ပေ။ မထင်မရှားနောက်ခံမိသားစုမှ ကြီးမြတ်သော ကျင့်ကြံသူ ဖြစ်လာသည့် အရေအတွက်မှာ မနည်းပေ။
အထွတ်အထိပ်ရှင် ကျီယန်ကဲ့သို့ သာမာန်မိသားစုမှ လာသော ကျင့်ကြံသူများစွာက ထိုအရာကို ခိုင်ခိုင်မာမာ ယုံကြည်ထားကြသည်။
ဤအထိ စဉ်းစားလိုက်ပြီးနောက် အထွတ်အထိပ်ရှင် ကျီယန်အနေနှင့် သူ့တပည့် ဖြစ်သူ ရှန်အောင်းအား ထပ်အားပေးဖို့ လိုသေးကြောင်း ခံစားမိလာသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏
“ အောင်းအာ … မင်းကို ဓားတာအိုအကြောင်း ပြောပြမယ်။ ငါတို့လို ဓားသမားတွေက ခိုင်မာတဲ့ ဂုဏ်သိက္ခာရှိကြတယ်။ ငါတို့ဓားတွေ ကွေးညွတ်သွားတာထက် ကျိုးပျက်သွားတာက ပိုကောင်းသေးတယ်။ ငါတို့ဓားတွေကို နှလုံးသားထဲ ထည့်ထားနိုင်သရွေ့ သူတို့ထက်ရှမှုက အရာအားလုံးကို ဖြတ်တောက်နိုင်သွားလိမ့်မယ်။
မင်းရဲ့ ပါရမီက သိပ်မမြင့်ပေမဲ့ မင်းသာ ကြိုးစားမယ်ဆိုရင် ဓားတာအိုလမ်းစဉ်ပေါ်မှာ အောင်မြင်ပြီးတော့ အဲဒီပါရမီရှင်ဆိုတဲ့ လူတွေအားလုံးကို ကျော်ဖြတ်နိုင်သွားလိမ့်မယ်။ မင်း နားလည်ရဲ့လား ”
အထွတ်အထိပ်ရှင် ကျီယန်၏ အမြင်၌ ရှန်အောင်း၏ ပါရမီမှာ ဆိုးရွားပြီး ပါရမီရှင်များနှင့် လုံးဝမနှိုင်းယှဉ်နိုင်ပေ။ ထို့အပြင် မီးတိုင်းပြည်လေးက အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံးနှင့် ယှဉ်ကြည့်လိုက်သည့်အခါ သေးနုပ်သွားသည် မဟုတ်ပါလော။
ရှန်အောင်းက လဝက်အတွင်း ထိုအချက်ကို နားလည်သဘောပေါက်ပြီးသား ဖြစ်၏။ ထိုအကြောင်းကြောင့် ကြီးကြီးမားမား စိတ်ထိခိုက်ကာ စိတ်ဓာတ်ကျခဲ့ရသေးသည်။ သို့သော်လည်း ယခု ဆရာ၏ အားတက်စကားလေးများ ကြားလိုက်ရသည့်အခါ ရှန်အောင်းအနေနှင့် တဖန်စိတ်ဓာတ်တက်ကြွလာပြန်သည်။ သူက အတွေးထဲ နစ်မြောနေကာ မျက်ဝန်းများပင် လင်းလက်လာလေ၏။
“ ဆရာ သင်ပြပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ တပည့် နားလည်ပါပြီ။ ဓားပညာကို ဆက်တိုက် လေ့ကျင့်နေပါ့မယ်။ တစ်ရက်ကျ တပည့်ရဲ့ ဓားချက်က အရာအားလုံးကို ပိုင်းဖြတ်နိုင်သွားတဲ့အထိ ကြိုးစားပါ့မယ် ”
ထိုစဉ် ရှန်အောင်းက နက်နဲမှုသဘောတရားတစ်ခု ဉာဏ်အလင်းပွင့်သွားဟန်ပေါ်သည်။
ထိုအခိုက်အတန့်၌ တပည့်တစ်ယောက်က အပြေးအလွှား ရောက်လာပြီး “ ဂိုဏ်းတူဦးလေးကျီယန်ကို တင်ပြစရာလေး ရှိလို့ပါ။ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက တပည့်တစ်ယောက် ရောက်လာလို့ပါ ”
အထွတ်အထိပ်ရှင် ကျီယန်က မျက်မှောင်ကြုတ်ကာ “ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက တပည့်လား။ ငါတို့ဂိုဏ်းက တစ်ယောက်ယောက်ကများ ပြဿနာသွားရှာထားတာလား ”
ထိုတပည့်က ခေါင်းခါကာ
“ မဟုတ်ပါဘူး … ရောက်လာတဲ့သူက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ နတ်မိမယ်ရှောင်လင်းပါ။ သူမက ဂိုဏ်းတူအစ်ကိုရှန်အောင်းနဲ့ တွေ့ချင်လို့ပါတဲ့။ ပြီးတော့ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက ဂျူနီယာညီမတစ်ယောက်ဆီက ကြားလာတာတော့ နတ်မိမယ်ရှောင်လင်းကလည်း မီးတိုင်းပြည်ကတဲ့။
သူမက ဂိုဏ်းတူအစ်ကိုရှန်အောင်းကို အရမ်းလေးစားနေတာ … ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေဆီ ဝင်ပြီးတဲ့နောက်တောင် ဂိုဏ်းတူအစ်ကိုရှန်အောင်းရဲ့ အကြောင်းကို အမြဲတမ်းမေးနေတာတဲ့လေ ”
အထွတ်အထိပ်ရှင်ကျီယန်က မျက်လုံးမှေးကြည့်လိုက်ပြီး “ မင်း ပြောချင်တာ နတ်မိမယ်ရှောင်လင်းက ရှန်အောင်းအပေါ် သဘောကျနေတာလား ”
တပည့်က ခေါင်းကုတ်ကာ ပြုံးဖြီးလိုက်ပြီး “ ကောလဟာလတွေဆိုပေမဲ့ ယုံကြည်လို့ရမယ် ထင်ပါတယ်ဗျ ”
အထွတ်အထိပ်ရှင် ကျီယန်က မုတ်ဆိတ်မွေးသပ်ကာ ပြုံးလိုက်ပြီး “ နတ်မိမယ်ရှောင်လင်းနဲ့ သူမရဲ့ ဂိုဏ်းတူညီအစ်မတွေကို ဧည့်တွေ့ဆောင် ခန်းမထဲ ခေါ်သွားပြီး ဧည့်ဝတ်ကျေအောင် ပျူပျူဌာဌာ ဆက်ဆံလိုက်ကြ … သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေနဲ့ ”
တပည့်က ခေါင်းညိတ်ပြီးနောက် ထွက်သွားလေသည်။
ရှန်အောင်းက မျက်မှောင်ကြုတ်မိလိုက်သည်။ သူက ရှောင်လင်း အမည်ရှိ ကောင်မလေးမျိုးကို မမှတ်မိပေ။ သို့သော်လည်း မီးတိုင်းပြည်အတွင်း သူ့ဂုဏ်သတင်းအရ သူ့ကို တိတ်တခိုး လေးစားမြတ်နိုးနေသည့် မိန်းကလေးများ ရှိသည်မှာ ပုံမှန်သာ ဖြစ်၏။ ထိုအတွေးဖြင့် ရှန်အောင်း၏ နှုတ်ခမ်းဖျားလေး အနည်းငယ် ကွေးညွှတ်သွားကာ “ဆရာ … နတ်မိမယ်ရှောင်လင်းကို တပည့် ဘယ်လိုဆက်ဆံသင့်လဲ ”
အထွတ်အထိပ်ရှင် ကျီယန်၏ မျက်ဝန်းများက တက်ကြွမှုအပြည့်ဖြင့် “ မျက်နှာရအောင်သာလုပ် … သူမကို ဖားလိုက် ”
ရှန်အောင်းက ကြောင်အမ်းသွားလေသည် “ သူမကို ဖားရမှာလား … ဘာကြီးလဲ။ ဘာလို့ သူမကို ဖားရမှာလဲ ”
အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်း၏ မသိတတ်မှုကြောင့် ဒေါသတကြီး ကြည့်လိုက်မိသည်
“ သူမက ဘယ်သူလဲ သိရဲ့လား။ နတ်မိမယ် ရှောင်လင်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက လတ်တလော တွေ့ထားတဲ့ မွေးရာါပါ စိတ်ဝိညာဉ်ဖွဲ့စည်းတည်ဆောက်ပုံ ရှိတဲ့သူပဲ။ သူမက ပြိုင်ဖက်ကင်း ပါရမီရှင်တစ်ဦး … သူမက အခြေခံခိုင်မာတော့ ကျောက်စိမ်းရေကန်ရဲ့ သူတော်စင်မ ဖြစ်လာနိုင်တယ်။
နောင်ကျ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တောင် ရောက်နိုင်ခြေရှိတယ်။ တကယ်လို့ သူမသာ ကံကောင်းရင် အတိဒုက္ခလွန်စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ဝိဇ္ဇာတစ်ပါး ဖြစ်လာနိုင်တယ်။ နောင်နှစ်ပေါင်းတစ်ထောင်ကြာပြီးတဲ့နောက်မှာ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ ဂိုဏ်းချုပ်သခင်မတောင် ဖြစ်လာနိုင်တယ်။
အဲဒီလိုပါရမီရှင်မျိုးက မျက်လုံးစုံကန်းပြီး မင်းကို ကြိုက်နေတာလေ … စိတ်မလှုပ်ရှားမိဘူးလား ”
ရှန်အောင်းက အနည်းငယ် ကြောင်သွားကာ “ ဒါပေမဲ့ ဆရာပြောတော့ ကျွန်တော်သာ ကြိုးစားမယ်ဆိုရင် ပါရမီရှင်အားလုံးကို ဖိနှိပ်နိုင်လိမ့်မယ်ဆို … ”
အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်း ပခုံးကို ပုတ်ကာ
“ငါ့ဆရာလည်း အတိတ်တုန်းက အဲဒီလို ပြောခဲ့တာပဲ။ အဲလိုစကားတွေက ဘာမှမဟုတ်ဘူး။ အလေးနက်ကြီး မထားနဲ့ … မဟုတ်ရင် မင်း တကယ့်ပါရမီရှင်နဲ့ တွေ့တဲ့အခါ ကြေကွဲနေရလိမ့်မယ်။ တကယ်လို့ အရင်တုန်းကသာ ဒီလိုပါရမီရှင်မျိုးကသာ ငါ့ကို သဘောကျခဲ့ရင် ငါ ဒီလောက်ကြိုးစားနေဖို့ လိုပါ့မလား။
ဘာဖြစ်ဖြစ် ငါ့အကြံကို နားထောင် … သူမက ပါရမီရှင်တွေကို မတွေ့ရသေးတာကို အခွင့်ကောင်းယူပြီး မြန်မြန် ရအောင် လိုက် … အကောင်းဆုံးက ကလေးတန်းယူပစ်လိုက်ကြ။ ဖြစ်ပျက်ပြီးသမျှ ပြန်ပြင်လို့ မရတော့ဘူးလေ။ မဟုတ်ရင် မင်း ဒီလိုဟာမျိုးကို သွားရှုပ်မိရင် သေချာပေါက် နောင်တရနေရလိမ့်မယ် ”
ရှန်အောင်း “ … ”
စောစောလေးက ယုံကြည်ချက်အပြည့်နှင့် သူ့ဆရာက “ မင်း ကြိုးစားသရွေ့ ပါရမီရှင်တွေကိုတောင် ဖိနှိပ်ကျော်ဖြတ်နိုင်တယ်” လို့ ပြောခဲ့ကာ ယခုအခါ အမျိုးသမီးတစ်ယောက်ကို အားကိုးရန် ပြောနေပြန်သောကြောင့် ရှန်အောင်းအနေနှင့် ကြောင်အမ်းအမ်း ဖြစ်နေမိလေသည်။
ပြောရလျှင် သူ သံသယဖြစ်နေမိ၏။
အကယ်၍ သူသာ ကြိုးကြိုးစားစား ကျင့်ကြံလျှင် ပါရမီရှင်တွေကို တကယ်ကြီး ကျော်တက်နိုင်မှာလား … ပါရမီရှင်တွေကလည်း ကြိုးကြိုးစားစား ကျင့်ကြံနေရင်ရော …
ဒါမှမဟုတ် သူ ဆက်ရုန်းကန်စရာ မလိုတော့အောင် သူတော်စင်မနဲ့ အတူတူ နေဖို့ ရွေးချယ်လိုက်ရမလား …
ရှန်အောင်းက အတွေးများစွာဖြင့် ဧည့်တွေ့ဆောင် ခန်းမဆီ သွားလိုက်သည်။ သူက ခံစားချက်များ ရောပြွန်းနေလေ၏။ သူ့ကျင့်ကြံရေး အိပ်မက်နှင့် လက်တွေ့တို့မှာ ပဋိပက္ခဖြစ်နေကြသည်။ သူ့စိတ်အတွင်း အသံနှစ်သံက အချင်းပွားနေကြသည်။ အသံတစ်သံမှာ သူ့ကိုယ်သူ ရောင်းစားမည့်အရေးကို အပြင်းအထန် ကန့်ကွက်သည့်ဘက်မှ ဖြစ်ပြီး နောက်တစ်ဖက်မှာ သူ့အား ဖြားယောင်းနေလေသည်။
“ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ ပါရမီရှင် သူမနဲ့ အဆင်ပြေသွားတာ ပိုမကောင်းဘူးလား … ”
………....
ဧည့်တွေ့ဆောင်ကို မြင်နေရပြီ ဖြစ်၍ ရှန်အောင်း စိတ်ပူလာမိသည်။ သူ့လက်ဖဝါးမှ ချွေးများပင် ထွက်လာပြီး အင်မတန် စိတ်လှုပ်ရှားနေလေသည်။
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ နတ်မိမယ်လေးက အရပ်ဘယ်လောက်လဲ … အသက်ကရော … လှရော လှရဲ့လား …
တကယ်လို့ ငါ ကြိုက်တဲ့ ပုံစံမျိုး မဟုတ်ရင် သူမနဲ့ အတူတူ ရှိနေနိုင်ပါ့မလား … ဒါပေမဲ့ ဒီလိုဆိုရင် မပျော်ရွှင်ရလောက်ဘူး …
ရှန်အောင်းက ခန်းမအတွင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကာ အထဲဝင်လိုက်သည်နှင့် လုံးဝ အံ့ဩမှင်သက်သွားလေသည်။
သူက ခန်းမဘေးဘက်တွင် ဝတ်ရုံစိမ်းနှင့် မိန်းမပျိုလေး ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူမအသားရည်တို့မှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးဆွတ်နေပြီး မျက်နှာလေးမှာလည်း မက်မွန်ပွင့်လေးလိုမျိုး လှပလျက် ရှိသည်။ ထို့အပြင် သူမဆီမှ ကြော့ရှင်းတင့်တယ်သည့် စွဲဆောင်မှုမျိုး ထုတ်လွင့်နေသေး၏။
အကယ်၍ ကောင်းကင်ဘုံမှ ကောင်းချီးပေးခံထားရပြီး အလှပရေးရာ စကားလုံးတိုင်းကို ညွှန်းဆိုဖို့ သုံးရမည့် မိန်းကလေးဆိုလျှင် သူမသာ ဖြစ်လိမ့်မည်။
သူမကို မြင်လိုက်သည်နှင့် ရှန်အောင်း စိတ်ထဲမှ ဆန့်ကျင်နေသည့် စိတ်ဝိညာဉ်မှာ ဖိနှိပ်ခံလိုက်ရတော့သည်။
ကပ်ပါးရပ်ပါးလည်း မဆိုးပါဘူး …
ရှန်အောင်းက အသာအယာ ချောင်းဟန့်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ကြေးမုံတစ်ချပ် ထုတ်ကာ ဆံပင်ကို သေချာသပ်သပ်ရပ်ရပ် ပြင်လိုက်သည်။
သူက ဓားကို နောက်ကျောတွင် သယ်ကာ ပြုံးစစဖြင့် ဧည့်တွေ့ဆောင်ဆီ ဝင်သွားလိုက်သည်။ သူက သူ့ကိုယ်သူ သဘာဝကျကျ ဖြစ်စေရန် အကောင်းဆုံး ကြိုးစားထားရှာသည်။
အမှန်တော့ သူက နတ်မိမယ် ရှောင်လင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်သည်။
သို့သော်လည်း ထိုမိန်းမပျိုလေးက ဖြည်းဖြည်းချင်း ထရပ်လာကာ လက်နှစ်ဖက်ကို ရှေ့မှာ ကွေးထားလိုက်ပြီး မေးလိုက်သည် “ စီနီယာအစ်ကို ကျွန်မ စောင့်နေတာ တော်တော်ကြာနေပြီ။ အစ်ကိုရှန်နဲ့ ဘယ်တော့မှ တွေ့လို့ရမှာလဲ ”
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ အမျိုးသမီး တပည့်များက တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။ သူတို့၏ ဂိုဏ်းတူအစ်မလင်းအာက ထိုသူအား အရူးအမူး စွဲလမ်းနေလေပြီ။ သူတော်စင်မ ရာထူး ရနိုင်ခြေရှိသော တပည့်ရင်းတစ်ယောက်အနေနှင့် ရှန်အောင်းကို လာရှာဖို့အတွက် သူမအနေနှင့် ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ကျိုးကျိုးနွံ့နွံ့ လာခဲ့ရသည်။
ဂိုဏ်းတူအစ်မကြီး စွဲလမ်းနေတဲ့ ခန့်ချောချော အမျိုးသားက ဘယ်လိုလူများလဲ … သူတို့အားလုံး သိချင်စိတ် ပြင်းပြနေကြသည်။
လှပသောအရာများအတွက် လိုချင်တပ်မက်မှု စိတ်ဆန္ဒမှာ အကုန်လုံးအတွက် အတူတူသာ မဟုတ်ပါလော။
ထိုစဉ် မိန်းမပျိုလေးများက ရှန်အောင်းကို ကြည့်လိုက်ကြပြီး သူ့အဖြေကို စောင့်ဆိုင်းနေကြသည်။ ထိုအခိုက်အတန့် ရှန်အောင်းက ကြောင်အမ်းသွားလေသည်။
အကြာကြီး စောင့်နေတာက ဘာတုန်း … ရှန်အောင်းကို ဘယ်အချိန်မှ တွေ့နိုင်မှာလဲက ဘာတုန်း … ဒီမှာ ရှေ့တည့်တည့် ရောက်နေပြီလေ
ကန်းနေတာများလား …
နတ်မိမယ်ရှောင်လင်းက အမှန်တကယ် မိန်းမလှလေး ဖြစ်ကြောင်း မြင်ပြီးနောက် ရှန်အောင်း သည်းခံနိုင်ပေသည်။
သူက သူ့ကိုယ်သူ ယောကျ်ားဆန်ဆန်ဟု ထင်ကာ ဖျစ်ညှစ်ပြုံးလိုက်ရင်း “ နတ်မိမယ်ရှောင်လင်း … ကျွန်တော်က ရှန်အောင်းပါ ”
သူက ရှန်အောင်းလား …
ထိုအခိုက်အတန့် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ တပည့်မ အားလုံးက ကြောင်အမ်းအံ့ဩကုန်ကြသည်။
ဒါက ဂိုဏ်းတူအစ်မ ပြောပြောနေတဲ့ ပြိုင်ဖက်ကင်း ချောမောတယ်ဆိုတဲ့သူလား …
အလှတရားက ကြည့်တဲ့သူပေါ် မူတည်တယ်ဆိုပေမဲ့ ဒါကြီးက နည်းနည်း လွန်လွန်းသွားပြီ မဟုတ်ဘူးလား … ဒီလူရဲ့ရုပ်ရည်က သာမာန်သာသာပဲ ရှိတာလေ …
မိန်းမပျိုလေးများက ရှောင်လင်းအား ကြည့်လိုက်ကြသည်။
ထိုစဉ် ယခင်ပြုံးနေခဲ့သည့် ရှောင်လင်းလည်း အမူအယာကင်းမဲ့သွားကာ “ စီနီယာအစ်ကိုက ရှန်အောင်းလို့ ပြောနေတာလား ”
ရှန်အောင်းက ခေါင်းညိတ်ကာ “ ကျွန်တော့်နာမည်က ရှန်အောင်းပါ ”
ရှောင်လင်းက အသက်ပြင်းပြင်းရှုကာ “ မီးတိုင်းပြည်ရဲ့ မင်းသား(၆) လား ”
ရှန်အောင်းက ပြန်ဖြေလိုက်သည် “ ဟုတ်ပါတယ် ”
ရှောင်လင်းက ခေါင်းခါကာ “ မဟုတ်ဘူး … ရှင်က သူ မဟုတ်ဘူး။ ရှင်က ရှန်အောင်း မဟုတ်ဘူး ”
ရှန်အောင်း “ … ”
ရှောင်လင်းက ရှန်အောင်းအား ကြည့်လိုက်ပြီး သူမ အပြုအမူတို့က ခက်ထန်လာလေသည် “ ရှန်အောင်းက ဘယ်မှာလဲ ”
ရှန်အောင်း “ … ”
“ ထိုက်ပိုင်ချိုင့်ဝှမ်းက မလေးမစား လုပ်နေတာပဲ။ ကျွန်မက မိတ်ဆွေဟောင်းနဲ့ တွေ့ချင်ရုံလေးပါ။ ဘာလို့များ အစ်ကိုရှန်အောင်းကို ဝှက်ထားကြရတာလဲ ”
ရှန်အောင်း “ … ”
“ ကျွန်မ သိပြီ။ အဲဒါ လီလျန်အာ ဟိုမိန်းမ လက်ချက်ပဲ ဖြစ်ရမယ်။ လီလျန်အာက ကျွန်မကို အစ်ကိုရှန်အောင်းနဲ့ ပေးမတွေ့ချင်တာမလား ”
ရှန်အောင်း “ … ”
“ လွန်လွန်းသွားပြီ … ဘာဖြစ်ဖြစ် ဒီနေ့ အစ်ကိုရှန်အောင်းနဲ့ သေချာပေါက်ကို တွေ့ကို တွေ့ရမယ်”
ရှန်အောင်းက ပြောလိုက်သည် “ မိန်းကလေး ကျွန်တော်က တကယ်ရှန်အောင်းပါ ”
ရှောင်လင်းက ပြန်ပြောလိုက်လေ၏
“ ရှင်က ထိုက်တန်တယ်များ ထင်နေလား။ ကျွန်မရဲ့ အစ်ကိုရှန်အောင်းက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ကံစပ်သူတွေအတွက် လမ်းညွှန်ပေးဖူးတယ်။ သူ့ရုပ်ရည်က အလွန်တရာကို ချောမောလွန်းတော့ အမျိုးသမီးအများအပြားက အရူးအမူး ဖြစ်ခဲ့ကြရတယ်။ ဒီအစ်ကိုကြီး ကိုယ့်ဘာသာ မှန်လည်း ဘာလေး ကြည့်ပါဦး … အစ်ကိုရှန်အောင်း ဟန်ဆောင်လို့ရမယ် ထင်နေလား ”
ရှန်အောင်းက ရေရွတ်လိုက်သည် “ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲမှာ ကံစပ်သူတွေအတွက် လမ်းညွှန်ပေးတယ်လား ”
ရှန်အောင်းက ရုတ်ချည်း တစ်ခုခုကို ပြန်လည် အမှတ်ရသွားလေသည်။
သူပဲ … ငါ့ညီတော် (၁၃) ပဲကိုး … ထပ်ပြီး သူပဲကိုး ...
ထိုစဉ် ရှန်အောင်းက ငိုချင်လုမတတ် ဖြစ်နေလေပြီ။
...............
“ ဟတ်ချိုး ”
တစ်ချိန်တည်းတွင် အံ့ဖွယ်မိုးကောင်းကင် သင်္ဘောပျံကား ထိုက်ပိုင်ဓားစံအိမ်တော်နှင့် မိုင်ဆယ်ချီမျှသာ ကွာဝေးတော့လေသည်။
နိဗာနတော်ဝင်ရေစင်များဖြင့် ဖြည့်ထားသော သစ်သားစည်ပိုင်းအတွင်း ရှန်ထျန်းက ရေစိမ်နေသည်။ အသက်ဓာတ်စွမ်းအားများက သူ့ခန္ဓာအတွင်း ဝင်ရောက်သွားသောကြောင့် တိမ်ပေါ် မျှောလွင့်နေသလိုမျိုး သက်တောင့်သက်သာ ဖြစ်နေမိသည်။
မိုက်တယ် … သောက်ရမ်းမိုက်တယ်
နိဗာနတော်ဝင်ရေစင်နဲ့ ရေချိုးတယ်ဆိုပြီး သတင်းဖြန့်ခဲ့တဲ့ ညီအစ်ကိုကိုတောင် ကျေးဇူးတင်ရတော့မှာပဲ … သူက ငါ့အတွက် လောကအသစ်တစ်ခု ဖွင့်ဟပေးလိုက်သလိုမျိုးပဲ … နိဗာနတော်ဝင်ရေစင်နဲ့ ရေချိုးလို့ရတာ ဒီလောက် မိုက်လိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲ …
ပို၍ အရေးကြီးသည်က ရှန်ထျန်းက သူ့ရုပ်ပိုင်းဆိုင်ရာမှာ ပို၍ အားကောင်းလာကြောင်း သိသိသာသာ ခံစားမိလိုက်ရသည်။ အင်အား တိုးပွားလာခြင်းသာမကဘဲ ခန္ဓာကိုယ် တစ်ခုလုံးကို သန့်စင်ပေးလိုက်ပြီး အတွင်းပိုင်းမှ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသလိုမျိုး ဖြစ်၏။
နိဗာနတော်ဝင်ရေစင်၏ စွမ်းအားများကို စုပ်ယူလေလေ ရှန်ထျန်းအနေနှင့် သူ့အခြေတည်အဆင့်မှာ ဖြည်းဖြည်းချင်း တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။ ဝိညာဉ်ချီ ဓမ္မစွမ်းအားများက သူ့အတွင်း လှည့်ပတ်နေပြီး လှည့်ပတ်မှုက ကိုယ့်လက်ကို လှုပ်ရှားရသကဲ့သို့ ချောချောမွေ့မွေ့ ရှိလှသည်။
ထိုစဉ် သူက သူ့ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာကြောင်း ခံစားမိလိုက်သည်။ သူ့စွမ်းအင်ဗဟိုချက်ပေါ် ထိုးထွင်းထားသော နတ်သားရဲငါးကောင်၏ အခြေခံအုတ်မြစ်မှာလည်း ဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည်။ ဤသည်မှာ ရှန်ထျန်း၏ ကျင့်ကြံဆင့်မှာ အလယ်အလတ် အခြေတည်အဆင့်မှ နောက်ပိုင်း အခြေတည်အဆင့်သို့ ရောက်သွားကာ သိသိသာသာ တိုးတက်လာကြောင်း ညွှန်ပြနေလေသည်။
ထို့အပြင် ရှန်ထျန်း၏ ခန္ဓာကိုယ်အတွင်း ပုန်းလျိုးနေသော စွမ်းအားများက ဖြည်းဖြည်းချင်း ကြေပျက်သွားကာ စုပ်ယူခံလိုက်ရသည်။
ဤသည်မှာ ရှည်လျားသော ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။
ထိုစဉ် ရှန်ထျန်းက မနေနိုင်ဘဲ ပြောမိသွားသည် “ ကြိုးကြိုးစားစား ကျင့်ကြံရုံလေးနဲ့တင် မဖြစ်သေးဘူး။ ပိုက်ဆံဖြုန်းပြီး အရင်းအမြစ်တွေကို သုံးတာကလည်း လိုသေးတာပဲ ”
တချို့လူများက သူတို့ကျင့်ကြံဆင့် တိုးမြင့်လာဖို့အတွက် နှစ်ရာချီ ဆက်တိုက် လေ့ကျင့်ခဲ့ကြရသည်။ သို့သော်လည်း တချို့လူများက ရေလေးချိုးရုံဖြင့် အဆင့်တက်လှမ်းသွားနိုင်သည်။
နှမြောစရာကောင်းသည်က ရှန်ထျန်းတစ်ယောက် နိဗာနတော်ဝင်ရေစင်ထဲ ရေချိုးပြီးနောက် နိဗာနတော်ဝင်ရေစင်ထဲမှ စွမ်းအားပမာဏသည် သိသိသာသာ လျော့ကျသွားလေသည်။
အကယ်၍ ရှန်ထျန်းသာ ကြာကြာချိုးမိပါက နိဗာနတော်ဝင်ရေစင်သည် အာနိသင်လျော့သွားလောက်လေ၏။
အာနိသင်လျော့ကျသွားပြီးတော့ လိမ်းရင် ဒဏ်ရာတွေကို ကုစားနိုင်ပါ့ဦးမလား …
ဟူး … တကယ်လို့ အခွင့်အရေးကြုံရင် ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ စမ်းသပ်ကြည့်ကြတာပေါ့ …
ဘာဖြစ်ဖြစ် အဆိပ်မှ မဟုတ်တာလေ … အများဆုံး အာနိသင် လျော့ကျသွားရုံလောက်ပါပဲ …
အကယ်၍ ပန်းကန်သုံးလုံးကို တစ်ခုတည်းအဖြစ် စုစည်းလိုက်လျှင် အာနိသင်သက်ရောက်မှုက သိပ်ကွာခြားမှု ရှိမည် မဟုတ်ပေ။
ငါက ဒါကို အသက်စတေးပြီး ယူလာရတာဆိုတော့ သိမ်းထားလိုက်မယ် … ဖြုန်းတီးပစ်ဖို့ မတန်ဘူး … နှမြောစရာကြီး
ရှန်ထျန်းက အတွေးနက်နေစဉ် အပြင်ဘက်မှ ဗုံသံများ ပျံ့လွှင့်လာလေသည်။
ရှန်ထျန်းက ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် သင်္ဘောပျံက ကမ္ဘာဦးတိုက်ပွဲနယ်မြေဆီ ရောက်တော့မည် ဖြစ်ကြောင်း အချက်ပေးသံမှန်း သိလိုက်သည်။ သူက ရေစည်ပိုင်းအတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။ သူက အရောင်ဖျော့သွားသည့် နိဗာနတော်ဝင်ရေစင်ကို ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
ရှန်ထျန်းလက်ထဲ ကျောက်စိမ်းနီ ပုလင်းလေးများ ပေါ်လာလေသည်။ ဤသည်မှာ အခြားသော ကျောက်စိမ်းပုလင်းများနှင့် မတူပေ။
ရှန်ထျန်းက လက်ဟန်များလုပ်ကာ နိဗာနတော်ဝင်ရေစင် အားလုံးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အဖြူရောင် နဂါးဝတ်ရုံ ဝတ်ဆင်ကာ သင်္ဘောကုန်းပတ်သို့ လျှောက်လှမ်းလာလိုက်သည်။
ဤတစ်ကြိမ် ထိုက်ပိုင်ချိုင့်ဝှမ်းလည်း ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုတွင် ပါဝင်မည် ဖြစ်၏။
လီလျန်အာနဲ့ အစ်ကို (၆) ရော ပါလာလောက်လား … သူတို့နဲ့ မတွေ့ရတာ အရမ်းကြာနေပြီဆိုတော့ လွမ်းမိသလိုလိုပဲ