တန်ခိုးရှင်အဆင့် တက်မည့်နေရာ
Vol. 110 Ch. 1526
မန်ဟို၏အသံ ပဲ့တင်ထပ်နေစဉ် မရေမတွက်နိုင်သောလူများ စိတ်နှလုံး လှုပ်ရှားကုန်ကြသည်။ ရှုချင်သည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ သူမမျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာပြီး ဝမ်းသာမျက်ရည်များသည် သူမပါးပြင်တစ်လျှောက် လိမ့်ဆင်းကျလာတော့သည်။
နှစ်ပေါင်းရာချီ စောင့်ခဲ့ရပြီးနောက်တွင်တော့ ..... မိစ္ဆာဘုရင်ကား ပြန်လာပေတော့မည်။
တောင်ပင်လယ်လိပ်ပြာကမ္ဘာထဲတွင် .... အရေးပါသောဂိုဏ်းတစ်ဂိုဏ်း၏ အရှင်သခင်ဖြစ်နေသော ဖက်တီးသည် လူတချို့ကို ဆူပူကြိမ်းမောင်းနေရင်းတန်းလန်း တုန်ရီသွား၏။ ထို့နောက် သူကား မျက်ရည်များစီးကျလာသည့်တိုင်အောင် တဟားဟားရယ်တော့ရာ အရှေ့ရှိလူတိုင်းအား ကြောင်တောင်တောင်ဖြစ်သွားစေသည်။
တောင်ပင်လယ်လိပ်ပြာကမ္ဘာ၏အတွင်းတစ်နေရာတွင် ... အဆုံးမဲ့အေးစိမ့်နေသော နေရာတစ်နေရာရှိသည်။ ထိုနေရာ၌ သက်လတ်ပိုင်းလူတစ်ယောက်သည် အအေးငွေ့များအလယ်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူက အလွန်အန္တရာယ်များပုံရပြီး မျက်လုံးများပိတ်ထားလေသည်။
ရုတ်တရက် သူ့တစ်ကိုယ်လုံးတုန်ရီသွားပြီး မျက်ခွံများပွင့်လာကာ ဗလာကျင်းနေသော မျက်တွင်းနက်များကို ဖော်ပြလိုက်သည်။ သူကား မျက်မမြင်ပေ။ သူမျက်လုံးများဖွင့်လိုက်သည့်အခါ လေပွေတစ်ချက်က သူ့ကို ဝိုက်လျက်တိုက်ခတ်သွားကာ သူ၏မျက်နှာအပေါ်၌ အပြုံးတစ်စဖြစ်ထွန်းလာသည်။
တောင်ပင်လယ်လိပ်ပြာကမ္ဘာ၏အထဲ နောက်တစ်နေရာ၌ ... ပါရာဂွန်ပင်လယ်အိပ်မက်၏ နောက်ဆုံးဆန္ဒများကို ဆက်လက်ဖြည့်ဆည်းပေးနေသော လီလင်းအာရှိသည်။ ပင်လယ်အိပ်မက်၏အမွေကို လက်ခံပြီးနောက် လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာအတောအတွင်း အင်အားကြီးထွားလာခဲ့သော ပင်လယ်အိပ်မက်အစည်းအရုံးကို သူမ ရှာတွေ့ခဲ့၏။
အစည်းအရုံး၏ တရားပိတ်ကျင့်ကြံရာအဆောင်ထဲ၌ တင်ပျဉ်ခွေထိုင်နေစဉ် လီလင်းအာသည် ရုတ်တရက် တုန်ရီသွားပြီး မျက်လုံးများ ပွင့်လာ၏။ ထို့နောက် ကောင်းကင်ကို မော့ကြည့်ကာ ပြုံးသည်။ ဇရာကြောင့် ဆံပင်များဖြူနေသည့်တိုင် သူမအပြုံးကား လှမြဲတိုင်း လှနေဆဲပင်။
နောက်တစ်နေရာတွင် .... မန်ဟို့အစ်မဖန်မု စွန်းဟိုက်နှင့်အတူ နေထိုင်သော တောင်ပေါ်အိမ်လေးတစ်လုံး ရှိ၏။ သူတို့နှစ်ယောက် လက်ထပ်ခဲ့သည်မှာ ကြာပြီဖြစ်သည့်အပြင် သားတစ်ယောက်၊ သမီးတစ်ယောက်လည်း ထွန်းကားခဲ့သည်။ သူတို့၏ကလေးများမှ မြေးများလည်း မွေးဖွားလာခဲ့သည့်အတွက် သူတို့၏မိသားစုမှာ မျိုးနွယ်စုသေးသေးလေးသဖွယ် ဖြစ်နေတော့သည်။
“မောင်လေး ပြန်လာနေပြီ” ဖန်ယုသည် လွမ်းဆွေးနေသောမျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။
တောင်ပင်လယ်လိပ်ပြာပေါ်ရှိ လူတိုင်း အံ့အားသင့်နေကြလေသည်။ မျှော်လင့်မှုတို့ဖြင့် ပြုံးနေသော ကျင်ရှင်းဆိုသည့် အမျိုးသမီးတစ်ယောက်လည်း ပါဝင်၏။
လေကိုခွင်းလျက် ပျံသန်းနေသော ဝေလငါးကြီးတစ်ကောင်၏ ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူငယ်တစ်ယောက်ရှိသည်။ လူငယ်သည် အခေါင်းတစ်ခေါင်းကို မှီ၍ အရက်သောက်နေ၏။ အပြုံးတစ်ခုက သူ့မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။
“ညရေ သူ ပြန်လာနေပြီ” လူငယ်က ပြောသည်။ သူသည် ခဲကျုံစစ်ဖြစ်ပြီး ဝေလငါးကြီးကတော့ အစစ်အမှန်စိတ်ဝိညာဉ်ညဖြစ်၏။
တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာထဲ၌ ခွန်လွန်အစည်းအရုံးဟု ခေါ်သော ဂိုဏ်းတစ်ဂိုဏ်းရှိသည်။ တောင်ပင်လယ်လောက အဖျက်စီးခံခဲ့ရတုန်းက ခွန်လွန်အစည်းအရုံးသည် အထိမနာအောင် ထိန်းသိမ်းနိုင်ခဲ့၏။ သူတို့ဂိုဏ်းထဲမှ အရေးအပါဆုံးအရာဝတ္ထုများစွာကိုပင် သိမ်းဆည်း၍ တောင်ပင်လယ်လိပ်ပြာအပေါ် ယူဆောင်လာနိုင်ခဲ့လေသည်။
ထိုအရာဝတ္ထများအနက် တစ်ခုကား .... အင်မော်တယ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး မန်ဟို၏နတ်ဘုရားအာရုံတို့ လွှမ်းခြုံနေသော အခေါင်းတစ်ခေါင်း ဖြစ်ချေသည်။
ခွန်လွန်အစည်းအရုံး၏ အမြင့်ဆုံးတောင်ထိပ်သည် ချွန်ထွက်နေသော တောင်ထိပ်မဟုတ်ပေ။ ထိုအစား ထိပ်တွင် ခွက်နေ၏။ ထိုချိုင့်ခွက်ထဲ၌ အင်မော်တယ်ကျောက်စိမ်းပုံများနှင့်အတူ မန္တန်ဝင်္ကပါများစွာ ရှိသည်။ အားလုံး၏အလယ်တွင်တော့ ... ထိုခေါင်းတလား တည်ရှိလေသည်။
အခေါင်းထဲ၌ အလွန်လှပသောမိန်းကလေးတစ်ဦး လှဲလျောင်းနေသည်။ သူမသည် အိပ်ပျော်နေသည့်အလား မျက်လုံးများကို ပိတ်ထား၏။ သူမကား ချူယွီယန်၏ကိုယ်အစစ်မှတစ်ပါး အခြားမဟုတ်ပေ။ မန်ဟို့နတ်ဘုရားအာရုံနှင့် ခွန်လွန်အစည်းအရုံးမှ ခင်းကျင်းထားသော အကာအကွယ်ဝင်္ကပါများကြောင့် သူမသည် ယနေ့ထက်ထိတိုင်အောင် မယိုမယွင်းဘဲ ပကတိအတိုင်းရှိခဲ့၏။
တောင်ပင်လယ်လိပ်ပြာထဲရှိ လူတိုင်း မန်ဟို ပြန်လာနေပြီဖြစ်ကြောင်း ခံစားလိုက်ရသောအခါ ဆံဖြူအဘိုးကြီးတစ်ယောက်သည် အခေါင်းထဲရှိ မိန်းကလေးကို ငုံ့ကြည့်ရင်း ဘေး၌ ရပ်နေ၏။ သူကား မန်ဟို့ဆရာလည်းဖြစ်သလို၊ ချူယွီယန်၏ဆရာလည်း ဖြစ်သည့် ဆေးလုံးမိစ္ဆာပင်။
ဆေးလုံးမိစ္ဆာသည် ချူယွီယန်အား အတန်ကြာငေးကြည့်နေပြီးနောက် သက်ပြင်းချ၏။ လှည့်ထွက်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူက ချူယွီယန်ကို ပြန်လှည့်ကြည့်လိုက်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် သူမမျက်ခွံများ လှုပ်သွားသည်ကို မြင်ခဲ့ရကြောင်း ယုံကြည်လေသည်။
ဆေးလုံးမိစ္ဆာ ပင့်သက်ရှိုက်မိသွားသည်။ “ဒါက...”
အနားကပ်ကြည့်လိုက်သည့်အခါ ချူယွီယန် နိုးမလာသည်မှာ ထင်ရှားသော်လည်း .... အသက်ငွေ့များကို မြင်လိုက်ရသည်။
တောင်ပင်လယ်လိပ်ပြာထဲရှိ လူတိုင်း တုန်လှုပ်နေကြစဉ် အာကာပြင်ကျယ်ဂြိုဟ်၏ ပထမမြေထုအပေါ်တွင် မန်ဟိုသည် နက်နဲသိမ်မွေ့သောအလင်းရောင်ဖြင့် မျက်လုံးများတောက်ပနေလျက် ရှေ့လျှောက်သွား၏။
သွေးခွေးကြီးက သူ့ဘေးမှ လိုက်ပါလာပြီး အချိန်အနည်းငယ်ကြာသော် ကြက်တူရွေး ပျံထွက်လာသည်။ ၎င်းသည် သွေးခွေးကြီးကို မြင်သည်နှင့် ဝမ်းသာအားရ ဝူးဝူးဝါးဝါး အော်တော့၏။
“ဝါးးးးး မင့်အမွှေးတွေက သိပ်လန်းတာပဲကွာ။ ငါတော့ ထန်လာသလိုပဲ။ လခွမ်း ဘာလို့ငိုချင်သလို ခံစားနေရတာပါလိမ့်”
မန်ဟိုက ဘာမှမပြော။ သူသည် နဝမမြေထုသို့ ပြန်သွားပြီး မြေကြီးအောက်ရှိ တစ်ဝက်ဂြိုဟ်ဆီ ဆင်းသွား၏။ နဝမပါရာဂွန်မြို့သို့ ပြန်ရောက်သည်နှင့် တံခါးပိတ်ကျင့်ရာအဆောင်ထဲ တန်းဝင်သွားလေသည်။
ကံဆိုးစွာနှင့် မန်ဟိုမှာ ချူယွီယန်နှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကြောင့် နှလုံးသားကို ဖြစ်ညစ်နေသည့် လွမ်းဆွေးမှုကို ဖယ်မထုတ်နိုင်ပေ။ အချိန်တချို့ကြာသော် သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ နတ်ဘုရားအာရုံကို အလိုလိုဖြန့်ကျက်လိုက်မိ၏။ ပြည့်ပြည့်လေး ကောင်းမွန်စွာ နေထိုင်နေကြောင်း ကြည့်ရှုပြီးနောက် ဘဝပြန်ဝင်စားခြင်းသံသရာထဲတွင် ချူယွီယန်၏အငွေ့အသက်များအား လိုက်ရှာတော့သည်။
“သူ .... လူပြန်မဝင်စားဘူးလား” မန်ဟိုသည် အဝေးသို့ ငေးကြည့်ရင်း တွေးလိုက်၏။
မန်ဟိုသည် နှလုံးသားမရှိသောလူတစ်ယောက်မဟုတ်ပေ။ သူ့နှလုံးသားထဲတွင် လက်စားချေလိုစိတ်တို့သာ နေရာယူထားသော်လည်း သူ လျစ်လျူမရှုနိုင်သည့် ခံစားချက်တချို့လည်း ရှိသေး၏။ ဤဘဝတွင် သူ အကြွေးတင်နေခဲ့ တစ်ယောက်တည်းသောလူမှာ ... ချူယွီယန်ဖြစ်လေသည်။
အကြောင်းတစ်စုံတရာကြောင့် တောင်ပင်လယ်လိပ်ပြာနားနေသည့် ဝဲထဲ၌ တည်ရှိသော မြစိမ်းရောင်ခေါင်းတလားအကြောင်း သူ ပြန်တွေးမိလိုက်သည်။ ထိုအခေါင်းပေါ်၌ ရေးသားထားခဲ့သော စာသားတစ်ကြောင်း ရှိသည်။
‘ကြယ်တာရာကောင်းကင်ဟာ ငါ့အပေါ် အကြွေးတင်နေသလို... ငါလည်း မင်းအပေါ် အကြွေးတင်နေတယ်။ မင်းဟာ အိပ်စက်နေရာကနေ နိုးထလာနိုင်ပေမယ့် မထလာခဲ့ဘူး။ ဒါကြောင့် ... ဒီကြယ်တာရာကောင်းကင်ကို ... အာကာပြင်ကျယ်စကြဝဠာအဖြစ် ပြောင်းလဲပြီး အိပ်ပျော်နေတဲ့မင်းကို အဖော်ပြုစေမယ်’
ထိုစကားလုံးများက မန်ဟို့အဖြစ်နှင့် တူသည်။ သူ့မှာ ခါးသီးစွာဖြင့် တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေ၏။ နောက်ဆုံးတော့ လက်ဝှေ့ယမ်းလိုက်ရာ နဝမမန္တန်၏သစ်သားရုပ် ပေါ်လာသည်။ ၎င်းကို အတန်ကြာလေ့လာပြီးနောက် စိတ်ပိုင်းဖြတ်လိုက်သောအမူအရာက သူ၏မျက်လုံးများတွင် ပေါ်လာပြီး သူသည် ၎င်းကို စုပ်ယူဖို့ နတ်ဘုရားအာရုံအား ဖြန့်ကျက်လိုက်၏။
သို့သော် ထိုသို့လုပ်လိုက်သောအခိုက်အတန့်၌ ယခုလေးတင် နှင်ထုတ်ခံခဲ့ရသော လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် အမျက်ဒေါသအပြည့်ဖြင့် သူ့အပေါ် ဆင်းသက်လာ၏။
သူ၏မျက်လုံးများ လင်းလက်သွားပြီး သူက မထီမဲ့မြင်ပြုံးလျက် နဝမမန္တန်ကို ဆက်လက်စုပ်ယူကာ တစ်ချိန်တည်းမှာပင် လောကပါလနတ်မင်း၏စိတ်ဆန္ဒအား ခုခံလိုက်သည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် မျက်ထောင့်နီများဖြင့် မြေကြီးအပေါ် လှမ်းဖိလိုက်၏။ လေလှိုင်းတစ်ချက် လိမ့်ထွက်သွားပြီး ပတ်ဝန်းကျင်ရှိ မည်သည့်အရာမှ မပျက်စီးမထိခိုက်သွားသော်လည်း လေလှိုင်းက လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ပို၍ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။ နောက်ဆုံးတော့ မန်ဟို၏မျက်လုံးများ လုံးလုံးလျားလျား နီရဲလာ၏။
နဝမမန္တန်ကို အေးအေးဆေးဆေး စုပ်ယူချင်လျှင် ဤနေရာ၌ မဖြစ်နိုင်မှန်း မန်ဟို သဘောပေါက်လိုက်လေပြီ။ သူ့အနေဖြင့် အတင်းအကြပ် စုပ်ယူနိုင်ကောင်းစုပ်ယူနိုင်လိမ့်မည်၊ သို့သော် အရာအားလုံးကို ပျက်စီးသွားစေနိုင်သည်။
နဝမမန္တန်ကို စုပ်ယူခြင်းမှာ သူ့အတွက် အလွန်အရေးပါလွန်းသည့်အတွက် အမှားမခံနိုင်ပေ။ အတန်ငယ်တွေးပြီးသည့်အခါ သူ၏မျက်လုံးများသည် လင်းလက်တောက်ပလာ၏။
“လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒ မသွားနိုင်တဲ့ နေရာတစ်နေရာကို လိုအပ်တယ်။ အဲဒီလိုနေရာမျိုးမှာပဲ နဝမမန္တန်ကို အဆင်ပြေပြေစုပ်ယူနိုင်မှာ.... ငါ သိတဲ့ တစ်ခုတည်းသော အဲဒီလိုနေရာကတော့ .... သင်္ချိုင်းပဲ
“သင်္ချိုင်းထဲ သွားကြည့်တာတော့ ကောင်းမယ်ထင်တယ်။ လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒ အဲဒီကိုဝင်လာချင်ရင် သင်္ချိုင်းကိုရော၊ သင်္ချိုင်းထဲက အရာအားလုံးကိုရော တိုက်ခိုက်ရလိမ့်မယ်....” မန်ဟိုသည် သင်္ချိုင်းထဲ ပထမဆုံးဝင်ရောက်ခဲ့တုန်းကအချိန်ကို ပြန်တွေးကြည့်လိုက်၏။ ထိုစဉ်တုန်းက နဝမမြေထုမှ အသံတစ်သံက စကားတစ်ခွန်းတည်းဖြင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ခြိမ်းခြောက်ခဲ့လေသည်။
မန်ဟိုသည် ထိုင်နေစဉ် သူ့ကိုယ်ထဲရှိ ကြေးမီးအိမ်ကို အကဲခတ်လိုက်၏။ တစ္ဆေများမှ သူ့အပေါ် ထားရှိသော ကြည်ညိုလေးစားမှုကို သူ တစ်ဖန်ပြန်ခံစားလိုက်ရသည်။ သူ့မျက်လုံးထဲရှိ ခိုင်မာပြတ်သားသောစိတ်ဆန္ဒသည် ပိုမိုအားကောင်းလာ၏။
“သင်္ချိုင်းကို သွားမယ်” သူက ထရပ်ရင်း ပြောသည်။ ထို့နောက် သစ်သားရုပ်ကို သိမ်း၍ တစ်ဝက်ဂြိုဟ်၏ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထံ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ထိုနေရာရောက်သည်နှင့် သူသည် မုခ်ဝကို အသက်သွင်းလိုက်ရာ နေရာရွှေ့ပြောင်းခြင်းစွမ်းအား စတင်စုဝေးလာ၏။
မန္တန်ဝင်္ကပါအပြည့်အဝ အသက်မဝင်ခင် အလင်းတန်းတချို့ လေကို ခွင်းလာကြသည်။ ကျင်ယွင်ရှန်း၊ ရှကျုံတုံး၊ ပိုင်ဝူချိန်၊ ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခု ပါရာဂွန်များ။ တစ်ယောက်မှ မကျန်ခဲ့ပေ။
ဤလူများသည် မြေခွေးများလို ဉာဏ်များသည့်အပြင် မန်ဟို့ကို အနီးကပ်စောင့်ကြည့်နေခဲ့သည်မှာလည်း ကြာချေပြီ။ သူ နေရာရွှေ့ပြောင်းခြင်းမုခ်ဝအား အသက်သွင်း၍ သင်္ချိုင်းထဲသွားဖို့ ပြင်ဆင်သည်ကို သူတို့ ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရောက်လာကြခြင်းဖြစ်သည်။
သူတို့သည် တုန်လှုပ်နေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်နေကြ၏။ ဂိုဏ်းချုပ်က အသက်ဝဝရှူပြီးနောက် လက်ယှက်ကာ အရိုအသေပေးသည်။
“တာအိုရောင်ရင်းမန်၊ ကျုပ်တို့ကိုလည်း ခင်ဗျားနဲ့အတူ လိုက်ခွင့်ပြုနိုင်မလား။ နဝမမြေထုထဲ ဝင်ဖို့ ကျုပ်တို့ ကြိမ်ဖန်မနည်း ကြိုးစားခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး။ တာအိုရောင်ရင်းမန်သာ ဖွင့်နိုင်မယ်ဆို၊ ကျုပ်တို့ကိုလည်း အတူလိုက်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ဂိုဏ်းချုပ် လိမ်နေခြင်းမဟုတ်ပေ။ လွန်ခဲ့သည့်နှစ်ပေါင်းရာချီအတွင်း သူတို့အားလုံး အဋ္ဌမြေထုထက်ပို၍ မသွားနိုင်ခဲ့ကြပေ။ စဉ်းစား၍ရသမျှ နည်းလမ်းပေါင်းစုံစမ်းကြည့်ခဲ့သော်လည်း အောင်မြင်မှုမရှိ။ နောက်ဆုံးတော့ သူတို့ ဘယ်တော့မှ ကျော်ဖြတ်နိုင်မည်မဟုတ်သည့် အတားအဆီးကဲ့သို့ တစ်စုံတစ်ခုက သူတို့ကို နဝမမြေထုထံမှ ပိုင်းခြားထားကြောင်း သုံးသပ်နိုင်ခဲ့ကြသည်။
မန်ဟို ဘာကြောင့်သင်္ချိုင်းထဲ သွားလိုမှန်း သူတို့အတိအကျ မသိသော်လည်း သူစိတ်ပိုင်းဖြတ်ထားသည်ကတော့ သိသာသည်။ နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ပြီး သင်္ချိုင်းထဲ၌ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကြောင့် မန်ဟိုက ပထမမြေထုပေါ်တွင် သူတို့ခံစားခဲ့ရသော ကြောက်မက်ဖွယ်အရှိန်အဝါနှင့် တစ်နည်းနည်းပတ်သက်နေကြောင်း သူတို့အားလုံး ရိပ်စားမိလိုက်ကြသည်။
ယခုအခွင့်အရေးမှာ သူတို့အလွယ်တကူ စွန့်လွှတ်နိုင်မည့်အခွင့်အရေးမဟုတ်ပေ။ ဂိုဏ်းချုပ်သာ လက်ယှက်အရိုအသေပေးခြင်းမဟုတ်၊ ရှကျုံတုံးနှင့် ပိုင်ဝူချိန်တို့အပါအဝင် အကုန်လုံး အရိုအသေပေးနေကြသည်။
ပိုင်ဝူချိန်မှာ မကျေနပ်သော်လည်း တန်ခိုးရှင်အဆင့်တက်လိုစိတ်က သူမအား မာန်လျှော့စေသည်။
ကျင်ယွင်ရှန်းတစ်ယောက်တည်းသာ မာနကြီးတစ်ခွဲသားနှင့် ရပ်နေသည်။ သူက လက်ဝှေ့ယမ်းလိုက်ကာ ပြီးခဲ့သည့်နှစ်များအတွင်း သူ စုဆောင်းထားခဲ့သော စည်းစိမ်ချမ်းသားအားလုံးကို ကိုယ်စားပြုသည့် သိုလှောင်လက်ကောက်အကွင်းသုံးဆယ်အား ပေါ်လာစေ၏။ ထို့နောက် ရင်နာနေသော်လည်း အံတင်းတင်းကြိတ်၍ အင်္ကျီလက်စခါလိုက်ရာ သိုလှောင်လက်ကောက်များသည် မန်ဟို့ဆီ ပျံသန်းသွား၏။
“အဲ့ဒါ ငါ့ရဲ့ဝင်ကြေးပဲ” သူက မေးကိုမော့လျက် အေးစက်စက်ဆိုသည်။ ကျင်ယွင်ရှန်းသည် အလွန်ယုံကြည်ချက်ရှိနေသည့်အပြင် မန်ဟို့ကို သူ့လောက် မည်သူမှနားမလည်ကြောင်း သေချာ၏။ မန်ဟိုကား ငွေနည်းနည်းပါးပါးပေးလိုက်လျှင် မည်သည့်အရာကိုမဆို လက်ခံနိုင်မည့် လူစားမျိုးဖြစ်လေသည်။
မန်ဟိုမှာ သူ့ဆီ ပျံသန်းလာသော သိုလှောင်လက်ကောက်အကွင်းသုံးဆယ်ကို ကြည့်ရင်း မျက်နှာမဲ့သွားသည်။ ယခုလို စော်ကားနေသော တံစိုးလက်ဆောင်ကို ငြင်းလိုပါသော်လည်း သူ့လက်က သိုလှောင်လက်ကောက်များအား အင်္ကျီလက်စထဲ စုပ်ယူလိုက်သည်။ ထို့နောက် ချောင်းဟန့်လိုက်၏။ အသက်ကြီးလာပြီး သွေးအေးလာခဲ့သည့်တိုင် ... ယခုလိုစော်ကားမှုမျိုးကိုတော့ ဝမ်းသာအားရလက်ခံနိုင်ကြောင်း မန်ဟို ဝန်ခံရလိမ့်မည်။
ကျန်ပါရာဂွန်များသည် အဖြစ်အပျက်ကို မြင်လျှင် ဉာဏ်အလင်းပွင့်သွားကြ၏။ အကုန်လုံး အဖိုးတန်သိုလှောင်ပစ္စည်းများအား မဆိုင်းမတွထုတ်ကာ မန်ဟို့ဆီ ပေးကြသည်။ အများစုက ဆယ်ခုကျော်ပေးပြီး တချို့က တစ်ဒါဇင်ကျော် ကမ်းလှမ်းလေသည်။
မန်ဟိုသည် ၎င်းတို့ကို လှမ်းကြည့်ပြီး နတ်ဘုရားအာရုံဖြင့်ပင် စစ်ဆေးကြည့်၏။ လက်ရှိအတိုက်အခိုက်စွမ်းရည်ကိုပင် အားမနာနိုင်ဘဲ သူ့မှာ မြင်လိုက်သောအရာများကြောင့် အင်မတန် တုန်လှုပ်မိသွားလေသည်။
စိတ်ဝိညာဉ်ကျောက်တုံးများသာမက တခြားအဖိုးတန်ပစ္စည်းများ၏ ပမာဏမှာ ရေတွက်မရလောက်အောင် များပြား၏။ မန်ဟိုမှာ ရင်ခုန်မလာဘဲ မနေတော့ပေ။
“ငါက အနှစ်သာရ ၉ ခုအဆင့်ရဲ့ အထွတ်အထိပ်မှာလေ” သူက တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်နေသည်။ “တန်ခိုးရှင်အဆင့်အောက်မှာဆို အစွမ်းအထက်ဆုံး။ ဒီလူတွေ ...ဘယ်လိုလုပ် ဒီလောက်စော်ကားနိုင်ရတာလဲ” အဖိုးထိုက်သိုလှောင်ပစ္စည်းပေါင်းများစွာကို ကြည့်ပြီးနောက် မန်ဟိုသည် အသက်ပြင်းပြင်းရှူကာ ပြုံးလိုက်၏။ သူက အင်္ကျီလက်စခါလျက် သိမ်းပြီးနောက် ခြောက်ကပ်ကပ် ရယ်သည်။
“တာအိုရောင်ရင်းတို့” သူက မျက်နှာထားတည်တည်ဖြင့် ပြောလေသည်။ “ကျုပ် အာကာပြင်ကျယ်ကျောင်းတော်မှာ ရှိနေတဲ့အတောအတွင်း ကျုပ်ကို ခင်ဗျားတို့ ကောင်းကောင်းမွန်မွန် ဂရုစိုက်ခဲ့တာကို ထောက်ထားလိုက်ရင် ကျုပ်အနေနဲ့ ခင်ဗျားတို့ကို သင်္ချိုင်းထဲ ခေါ်သွားဖို့ တာဝန်ရှိပါတယ်
“ဒါပေမဲ့ ဒီခရီးက အန္တရာယ်များလိမ့်မယ်။ ဒါတောင် သွားချင်သေးတယ်ဆိုရင်တော့ ကျုပ် ခင်ဗျားတို့ကို နဝမမြေထုဆီ ခေါ်သွားပေးဖို့ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်”
လူတိုင်း ပြုံး၍ ခေါင်းညိတ်လိုက်ကြသည်။ အန္တရာယ်များနှင့်ပတ်သက်ပြီး သူတို့စိတ်မပူပေ။ သင်္ချိုင်းထဲ ကြိမ်ဖန်မနည်းသွားခဲ့ရ၍ အသားကျနေချေပြီ။
နောက်ဆုံးတစ်ချက် မျက်လုံးဝေ့ကြည့်ပြီးနောက် မန်ဟိုသည် လူတိုင်း၏အကူအညီဖြင့် မန္တန်ဝင်္ကပါကို ဆက်လက်အသက်သွင်း၏။ နေရာရွှေ့ပြောင်းခြင်းစွမ်းအားက လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။
အသက်ရှူချိန်အနည်းငယ်ကြာသော် မန္တန်ဝင်္ကပါသည် ဂျိန်းခနဲ မြည်ဟည်းသွားပြီး နေရာရွှေ့ပြောင်းခြင်းအလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွား၏။ ထိုသို့ဖြစ်ပျက်နေစဉ်မှာပင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ အရာအားလုံး တုန်ခါလာသည်။ အင်အားကြီးမားသော စိတ်ဆန္ဒတစ်ခု သက်ဆင်းလာသဖြင့် မြေငလျင်များ လှုပ်ခတ်ကာ ပင်လယ်များ အုံကြွလှိုင်းထန်လာတော့၏။