← Chapters

ခြေတစ်လှမ်းတည်းဖြင့် အရာအားလုံး ပြန်လည်လန်းဆန်းလာခြင်း

Vol. 11-16 Ch. 198

ခြေတစ်လှမ်းတည်းဖြင့် အရာအားလုံး ပြန်လည်လန်းဆန်းလာခြင်း

Vol. 11-16 Ch. 198

အခန်း (၁၉၈)  :  ခြေတစ်လှမ်းတည်းဖြင့် အရာအားလုံး ပြန်လည်လန်းဆန်းလာခြင်း

အံ့ဖွယ်မိုးကောင်းကင်၏ သင်္ဘောပျံကြီးက ကမ္ဘာဦးတိုက်ပွဲနယ်မြေ အစွန်းအဖျားသို့ ဆိုက်ရောက်လာလေရာ လူများစွာ၏ အာရုံကို ဖမ်းစားသွားလေသည်။ ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ တပည့်များက သင်္ဘောပျံကြီးကို ကြည့်ကာ အလွန်အားကျနေမိသည်။

ဤသို့သော ပစ္စည်းမျိုးမှာ အလွန်ရှားပါးသော နည်းစနစ်အရင်းအမြစ် တစ်ခုဖြစ်သောကြောင့် အထွတ်အမြတ်မြေများသာ အသုံးပြုနိုင်ဖို့ တတ်နိုင်ကြသည်။

တပည့်အများစုက အနီးဆုံး မြို့မှ ပို့ဆောင်ရေး စက်ဝန်းအထိ ရောက်အောင်လာပြီး ဤနေရာအထိ ဓားပျံစီးနင်းခဲ့ကြရသည်။ သူတို့က မိုးကြိုးမုန်တိုင်းနှင့် လေမုန်တိုင်းလိုမျိုး  ရာသီဥတု သဘာဝအမျိုးမျိုးကိုလည်း ကြုံတွေ့ခဲ့ရသောကြောင့် အင်မတန် ခက်ခဲကြမ်းတမ်းသော လမ်းခရီး ဖြစ်ခဲ့ရသည်။ သူတို့က အံ့ဖွယ်မိုးကောင်းကင်မှ တပည့်များကို သာမာန်လူများက ပြိုင်ကားပိုင်ရှင်များကို ကြည့်နေသလိုမျိုး အားကျတကြီး ကြည့်နေကြသည်။

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အချိန်ကိုက် ရောက်လာတာပဲ ”

“ အထွတ်အမြတ်မြေက ဘာတွေများ ကြီးကျယ်နေလို့လဲ။ ငါတို့တွေ စောင့်နေတာ ကြာလှနေပြီ ”

“ ရှုးတိုးတိုး …အသံကို တိုးဦး။ သူတို့ မကြားစေနဲ့ ”

“ ကိစ္စမရှိပါဘူးဟ … ငါတို့က အသံဆက်သွယ်ရေး သုံးနေတာလေ။ သူတို့ မကြားနိုင်ပါဘူး ”

“ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က အတော်လေး အံ့ဩဖို့ကောင်းတယ်တဲ့ ”

“ လခွမ်း … ငါတို့အားလုံးက အခြေတည်အဆင့် ကျင့်ကြံသူတွေချည်းပဲ။ သူက ဘယ်လောက် အံ့ဩဖို့ ကောင်းမှာမလို့လဲ။ ဒါတွေအားလုံး ကောလဟာလတွေချည်းပဲ ”

……….....

လူများစွာက သင်္ဘောပျံနား ယောက်ယက်ခတ်နေကြသည်။

ထိုက်ပိုင်ချိုင့်ဝှမ်း၏ မင်းသမီးလေး လီလျန်အာပင် သူတို့ကြား  ရောက်နေလေ၏။ ဝိညာဉ်နတ်မိမယ်လေးက သူမနောက်မှ မကြည်မသာ မျက်နှာထားဖြင့်လိုက်ပါလာသည်။

“ လီလျန်အာ … ငါ့အစ်ကိုရှန်အောင်းက ဘယ်မှာလဲ ”

လီလျန်အာက သူမကို လျစ်လျူရှုထားလေသည်။ သူမ၏ ရှေ့ဆံမွေးလေး တက်လိုက်ကျလိုက် လှုပ်ခတ်နေသည်။ အိုးထဲရှိ နတ်ဘူးစေ့ အပင်ပေါက်လေးပင် ပျော်ရွှင်စွာ ခုန်ပေါက်နေလေသည်။ ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေများမှ ပင်မတပည့်များလည်း စုဝေးလျက် ရှိနေကြသည်။ အားလုံးက ဂိုဏ်းကြီးနှစ်ခု တွေ့ဆုံသည့်အခါ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုမှာ တရားဝင် စတင်တော့မည် ဖြစ်ကြောင်း သိကြသည်။

ဝုန်း …

သင်္ဘောပျံ ဆင်းသက်လာကာ သက်ရောက်မှုအားကြောင့် ဖုန်တလုံးလုံး ထသွားရသည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းသားများက တစ်ယောက်ချင်းစီ ဖြည်းဖြည်းချင်း ဆင်းလာကြသည်။ အသက်ကြီးသူများလည်း ပါဝင်နေသေး၏။

အဟွတ် … အသက်ကြီးသူများ ပါလာခြင်းမှာ ဆိုင်ရှင်စုန့်နှင့် ကွေ့ကုန်းကုန်းတို့လည်း လိုက်လာဖို့ တောင်းဆိုခံလိုက်ရခြင်းကြောင့် ဖြစ်ပေသည်။

သူတို့က ငယ်ငယ်ရွယ်ရွယ် တပည့်များကြား နေရာပျောက်နေဟန် ပေါ်သည်။

“ အိုး … အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အခြေတည်အဆင့် တပည့်ထဲမှာ ဘာလို့ လူအိုကြီးတွေ ပါနေတာလဲ ”

“ အံ့ဖွယ်မိုးကောင်းကင်က ဒီလူတွေကို ဘယ်ကနေများ သွားရှာလာတယ် မသိဘူး။ သူတို့က အခု လူအင်အား ပြတ်လပ်နေတာလား ”

“ ငါ ကြားတာတော့ ဒါတွေက သူတော်စင်အသစ်ရဲ့ မီးတိုင်းပြည်မှာတုန်းက ဆွေမျိုးတွေတဲ့ … သူတို့ အထွတ်အမြတ်မြေထဲ ဝင်တာနဲ့ အတွင်းစည်းတပည့် ချက်ချင်း ဖြစ်သွားကြတာ ”

“ ဝိုး … သူတစ်ယောက်တည်းကြောင့်ပေါ့လေ ”

“ စိတ်ပျက်စရာကြီးပါကွာ … အထွတ်အမြတ်မြေနဲ့ သေချာပေါက် အဆက်အသွယ်ကောင်းရသွားတာပဲ ”

“ ကြည့်ရတာ အဲဒီအံ့ဩဖို့ ကောင်းတယ်ဆိုတဲ့ သူတော်စင်က သူ့မိသားစုအတွက် ကိုယ်ကျိုးရှာပေးနေတာပဲ … ”

.............

ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေမှ တပည့်များက တီးတိုးပြောဆိုနေကြသည်။

သူတို့က သူတို့ဂိုဏ်း၌ ထိပ်တန်း အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် ကိုယ့်ဘာသာ အထင်ကြီးနေသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့ကြောင့် သူတို့ထက် တော်သည့်တတ်သည့်သူကို တွေ့လျှင် မနာလိုဖြစ်ကြလေသည်။

“ ငါက အရမ်းကောင်းနေပေမဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ငါ့ကို ငြင်းပယ်ခဲ့တယ်။ အခုတော့ သူတို့က ငါ့အစား လူအိုကြီးတွေကို လက်ခံထားတာလား ” ဆိုပြီး စိတ်ထဲ၌ အတွေးများနေကြသည်။

ထိုကျင့်ကြံသူများက အခြားသူများထက် သူတို့က ပိုကောင်းကြောင်း ယုံကြည်ထားကြသောကြောင့် မမျှတကြောင်း ခံစားနေမိသည်။ သူတို့က သူတော်စင်နှင့် မတွေ့ဖူးသေးသော်လည်း အမြင်သိပ်မကြည်ကြချေ။ ထိုတပည့်များက ဤအကြောင်းအရာများကို တိတ်တဆိတ်သာ ခိုးပြောရဲကြ၏။

သူတို့က အထွတ်အမြတ်မြေရှိ အကြီးအကဲများနှင့် သူတော်စင်များရှေ့မှောက်တွင် ကောင်းကောင်း ပြုမူနေထိုင်ကြရသည်သာ ဖြစ်၏။

ချင်ယွင်တိက အခြေတည်အဆင့် တပည့် ၁၀၈ ဦးကို ဦးဆောင်ကာ သင်္ဘောပျံမှ ထွက်လာသည်။ သို့သော်လည်း အားလုံးစောင့်မျှော်နေကြသည့် ရှန်ထျန်းက ပါမလာသေးပေ။

လျိုထိုက်ယီနှင့် ဆိုင်ရှင်စုန့်တို့က အချင်းချင်း မျက်စပစ်ကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ငါတို့အစ်ကိုကြီး အတွက် သိပ်မကြီးကျယ်သေးဘူးမလား …

သူတို့က အချင်းချင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အလံတစ်ခုစီ ထုတ်လိုက်ကြပြီ တပည့်များရှေ့ ဝေ့ယမ်းလိုက်ကြသည်။ ထိုအခိုက်အတန့် အံ့ဖွယ်မိုးကောင်းကင် တပည့်များက ဓားများကို လေထဲ မြှောက်လိုက်ကြသည်။ သိပ်မကြာခင် ဓားများမှ “ ထျန်း ” စာလုံး ပေါ်လာလေ၏။ ကြည့်ရသည်မှာ ခမ်းနားထည်ဝါလှသည်။

“ ကမ္ဘာမြေမှ ထာဝရအရှင်များနှင့် ဂုဏ်ကျက်သရေဆောင်တို့ကြားရှိ ထိပ်ဆုံး … သူ့နောက်ကို လိုက်ရင် ငါတို့လည်း အထက်ဘုံကို တက်လှမ်းနိုင်လိမ့်မယ်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ကောင်းချီးပေးခံရသူများအဖွဲ့မှ သူတော်စင်အစ်ကိုကို ကြိုဆိုပါတယ် … ”

ဝုန်း …

လေထုထဲ ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်ကိုးရွက်က ပေါက်ကွဲသွားကာ မီးပန်းများ ထွက်ပေါ်လာသည်။

ဤသည်မှာ လျိုထိုက်ယီနှင့် ဆိုင်ရှင်စုန့်တို့ အကြံပြုပြီးနောက် ချင်ယွင်တိ ဖန်တီးထားသော အခမ်းအနား ပေါက်ကွဲရေးအဆောင် ဖြစ်၏။ သူတို့က သူတော်စင် ပေါ်ထွက်လာဖို့အတွက် ကြီးကျယ်ခမ်းနားမှုတစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။

မီးပန်းများပြီးဆုံးနောက် သူတော်စင်က ပေါ်ထွက်လာလိမ့်မည်။ ထိုအခါ အားလုံးက သူ့အား ချီးမွန်းထောပနာ ပြုကြလိမ့်မည်။ ဤသည်မှာ သူတို့ ပြောနေသည့် ကြီးကြီးကျယ်ကျယ် ဖွင့်ပွဲလိုမျိုး ဖြစ်၏။

အံ့ဖွယ်မိုးကောင်းကင် တပည့်များက အစပိုင်းတွင် မလုပ်ချင်ကြောင်း ငြင်းခဲ့ကြသည်။ တခြားဂိုဏ်းများရှေ့၌ လုပ်ရသည်မှာ အလွန်ရှက်စရာကောင်းသည် မဟုတ်ပါလော။

သို့သော်လည်း ယခုအခါ အားလုံးက လိုလိုလားလား ဖြစ်ကုန်ကြသည်။ အကြောင်းအရင်းမှာ အလွန်ရိုးရှင်းလှသည်။ သူတို့၏ ဂိုဏ်းတူအစ်ကိုက အလွန်ရက်ရောလွန်း၍ ဖြစ်၏။

သင်္ဘောပျံက ကမ္ဘာဦးတိုက်ပွဲနယ်မြေဆီ မရောက်ခင် ဂိုဏ်းတူအစ်ကိုယွင်တိက သူတော်စင်၏ ညွှန်ကြားချက်ဖြင့် သူတို့အား နိဗာနတော်ဝင်ရေစင် တစ်ပုလင်းစီ ပေးခဲ့သည်။ နိဗာနတော်ဝင်ရေစင်သည် ဒဏ်ရာတိုင်းကို ပျောက်ကင်းကုသနိုင်သော ဒဏ္ဌာရီလာ ပစ္စည်းဖြစ်၏။

တစ် မီလီမီတာဆိုလျှင်ပင် အလွန်အဖိုးတန်နေသေးသည်။ ဤသည်မှာ ပိုက်ဆံဖြင့် တိုင်းတာ၍ ရသည့်အရာ မဟုတ်ပေ။ သူတော်စင်က သူတို့အားလုံးကို စစ်ဆေးမှုမတိုင်ခင် နိဗာနတော်ဝင်ရေစင် တစ်ပုလင်းစီ ပေးခဲ့သည်မှာ ရက်ရောလွန်းနေလေပြီ။

အားလုံးက ထိုသို့သော ခေါင်းဆောင်မျိုးကို သဘောကျကြပြီး ရှက်စရာကောင်းသော အလုပ်များပင် သူတို့အတွက် လုပ်ပေးနိုင်ကြသည်။

……….....

ကိစ္စများက ဤသို့အမူပိုသွားခြင်း ဖြစ်၏။

အခြားသောဂိုဏ်းများမှ ပါရမီရှင်တပည့်များက ပို၍ မနာလိုဖြစ်လာကြလေသည်။ အထူးသဖြင့် သူတို့ဂိုဏ်းအတွင်း ထိပ်သီး အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ဂိုဏ်းတူညီများကို စိုက်ကြည့်လိုက်ကြသည်။

တခြားဂိုဏ်းက ညီငယ်တွေ ဘယ်လိုတွေလုပ်ပေးနေတာကို ကြည့်လိုက်စမ်းပါဦး … သူတို့က သူတို့ရဲ့ သူတော်စင်အစ်ကိုအတွက် အများကြီး ကူညီပေးနေတာလေ

မင်းတို့ကို ကြည့်စမ်း … ငါ့အတွက် ဘာများလုပ်ပေးခဲ့တုန်း

ငါ အရမ်းကို မနာလိုဖြစ်ပြီး အားကျနေပြီ

သူတို့က “ သရုပ်ဖော်မှု” ကို မြင်တွေ့ပြီးနောက် ပိုမို ခံစားချက်ဆိုးလာကာ တပည့်များစွာက စတင်အတင်းတုပ်ကြတော့သည်။

“ သူက အခြေတည်အဆင့် ကျင့်ကြံသူလေးပဲကို … သူ့ကိုယ်သူ ဘာများထင်နေတုန်း။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူကို ကြိုဆိုတာထက်တောင် ခမ်းနားနေသေးတယ် ”

“ အံ့ဖွယ်မိုးကောင်းကင်က ဒီနှစ်တွေမှာ နိမ့်ကျလာတာ မဆန်းတော့ပါဘူး။ သူတို့လုပ်နေတာကို ကြည့်ကြပါဦး ”

“ သူတော်စင်ကတောင် ဒီလောက် လေလုံးထွားနေမှတော့ စိတ်ပျက်စရာပဲ ”

“ ကြည့်ရတာ ဒီသူတော်စင်က ဘာမှမထူးခြားလောက်ပါဘူးအေ ”

……….....

အားလုံးက သူတော်စင်အပေါ် အဆိုးမြင်ဝါဒများ ရှိသွားကြသည်။ ထိုစဉ် သင်္ဘောပျံတံခါး ပွင့်လာကာ ဝတ်ရုံဖြူနှင့် အမျိုးသားတစ်ယောက် လျှောက်လှမ်းထွက်လာသည်။

အတင်းတုပ်သံအားလုံး ရုတ်ချည်း ငြိမ်ကျသွားလေသည်။

ဝိုး .. ဘယ်လိုလူလဲ …

သူ့မျက်ဝန်းများက ကောင်းကင်မှ ကြယ်တာရာများသဖွယ် လင်းလက်နေပြီး ဆံပင်ရှည်ရှည်နှင့် ခန့်ညားချောမောလှပေသည်။ သူက သူတို့ကမ္ဘာဆီ အလည်လာသည့် ထာဝရအရှင်တစ်ပါးကဲ့သို့ ဖြစ်၏။

သူက ရိုးရိုး နဂါးဝတ်ရုံကိုသာ ဝတ်ဆင်ထားသော်လည်း သူ့ရုပ်ရည်မှာ ကျက်သရေရှိလှသည်။ မည်သူကမှ သူ့ရုပ်ရည်ကို မေးခွန်းမထုတ်နိုင်ပေ။ မည်သူမှ သူ့ဆွဲဆောင်မှုကို သံသယမဝင်နိုင်ပေ။

ဤနေရာရှိ အရှက်မဲ့ဆုံး တပည့်ပင် သူက ထိုဝတ်ရုံဖြူ အမျိုးသားထက် ပိုကောင်းကြောင်း ပြောရဲမည် မဟုတ်တော့ပေ။ ဂုဏ်သရေအရှိဆုံး မိန်းမပျိုလေးပင် ထိုအမျိုးသားဆီမှ အကြည့်လွဲနိုင်တော့မည် မဟုတ်ပေ။

ထိုအမျိုးသားက လူအုပ်ဆီ တစ်လှမ်းချင်း လျှောက်လှမ်းလာလေ၏။ သူ့ဆီမှ ရနံ့သင်းသင်းလေး ထွက်နေပြီး အားလုံးက အာရုံဖမ်းစားခံလိုက်ကြရသည်။ ထိုအမျိုးသား ပတ်လည်တွင် လိပ်ပြာများပင် ဝေ့ဝဲလာပြီး ရစ်သီရစ်သီ ပျံသန်းနေကြသည်။

သူက သင်္ဘောပျံပေါ်မှ ဆင်းလာပြီး ခြေချလိုက်သည့်အခါ ညိုးနွမ်းနေသော မြက်ပင်များပင် တစ်မဟုတ်ချင်း  ပြန်လည်လန်းဆန်းလာလေ၏။ အဝါရောင် မြက်ပင်များက ချက်ချင်းဆိုသလို စိမ်းလန်းလာကာ ပန်းများလည်း စတင် ပွင့်လန်းလာသည်။

သူ လျှောက်လာလေလေ ပန်းများက ပိုပွင့်လာလေလေ ဖြစ်ပြီး လိပ်ပြာများလည်း ပိုမို စုရုံးလာကြသည်။ သူက ကမ္ဘာမြေထံ အသက်ဓာတ် ဆောင်ကျဉ်းပေးလာသည့် ထာဝရအရှင်တစ်ပါးနှယ် လျှောက်လှမ်းလာသည်။

တပည့်အားလုံးက ကြောင်အမ်းမှင်သက်သွားကြသည်။

ဒီခန့်ချောချော အမျိုးသားက ဘယ်သူလဲ …

…………....

အပင်လေးတစ်ပင်က အံ့ဩနေရာမှ ချက်ချင်း အသိဝင်လာသည်။ ထိုအရာမှာ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ အပင်ပေါက်လေး ဖြစ်၏။ ထိုအရာလေးက ရှန်ထျန်းကို မမြင်ခင်အထိ လီလျန်အာ၏ ခေါင်းပေါ်တွင် နေနေခြင်း ဖြစ်သည်။ သို့သော်လည်း အေးအေးဆေးဆေး မနေနိုင်တော့ဘဲ ရုတ်ချည်းဆိုသလို ရိုးတံကို ကွေးချပစ်လိုက်ပြီး ပန်းအိုးနှင့်အတူ ရှန်ထျန်းဆီ ပျံသန်းသွားလေသည်။

ရှန်ထျန်းက ရောက်လာသည့် ပန်းအိုးအား မိုးကြိုးလက်သီးဖြင့် ထိုးချလုမတတ် ဖြစ်သွားခဲ့ရသည်။

ရှန်ထျန်းက အပင်ကို ဂရုတစိုက် ကိုင်တွယ်လိုက်သည်ကို မြင်ပြီး လီလျန်အာက ပျော်ရွှင်လာမိသည်။ ဤမိန်းကလေးတွင် ဤသို့သော အမူအယာ ရှိလိမ့်မည်ဟု မည်သူမျှ မသိကြပေ။ သူမအနေနှင့် ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့က ရှန်ထျန်းနှင့် ရင်းနှီးနေသည်ကို ကြည့်ပြီး အမှန်တကယ် စိတ်ပျော်လာမိသည်။

ဒါလေးက တို့နှစ်ယောက်ရဲ့ အချစ်သက်သေလေးလေ … အဲဒါကြောင့် အစ်ကိုရှန်ကို ခင်တွယ်နေတာ ဖြစ်ရမယ်

သူမက ဘူးပင်ပေါက်လေးသည် ရှန်ထျန်းကို တစ်ခါမှ မမြင်တွေ့ဖူးသည့်အတွက် ရှန်ထျန်းအား သဘောမကျမည်ကို စိုးရိမ်နေမိခဲ့သည်။ သို့သော်လည်း ထိုအပင်ပေါက်လေးက ရှန်ထျန်းအား အရမ်းသဘောကျနေပြီး ရင်ခွင်ထဲ ပစ်ဝင်သွားသေး၏။

လီလျန်အာက ရှန်ထျန်းဆီ ပြေးသွားကာ ပြောလိုက်သည်  “ အစ်ကိုရှန် နောက်ဆုံးတော့ လျန်အာကို လာတွေ့ပြီပဲ … လျန်အာ အရမ်းကို လွမ်းနေတာ ”

လူအုပ်ကြား ထိုစကားကို ကြားပြီး ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြသည်။

“ ရှန်ထျန်းလား … သူက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် အသစ်မလား။ အရမ်းအံ့ဩဖို့ ကောင်းလိုက်တာ ”

“ ရုပ်ရည်ရော ဆွဲဆောင်မှုရော … သူက လူသားရော ဟုတ်ရဲ့လား။ ထာဝရရှင်သန်သူမျိုးနွယ် မဟုတ်တာ သေချာရဲ့လား ”

“ သူက အားမာန်အပြည့် ဖြစ်နေတာပဲ … လိပ်ပြာတွေတောင် သူ့နား ပျံဝဲကုန်ကြပြီ။ ပြီးတော့ သူ လမ်းလျှောက်လိုက်တိုင်း ကမ္ဘာမြေက ပြန်လည်စိမ်းစိုလာတယ်။ ငါ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး ”

“ ဒီတပည့်တွေက အရမ်းကို သောက်ပိုတွေ လုပ်တယ် ထင်နေတာ … အခုတော့ ငါ မှားသွားခဲ့တာပဲ ”

“ ဒီတပည့်တွေက ဒီလောက်ထောက်ခံပေးနေတာ မထူးဆန်းတော့ပါဘူး။ သူက ဖန်ချန်းတို့၊ ကျန်းယွင်ထင်တို့ထက် ပိုသာတယ် ”

“ သူ့ကို မြင်ပြီးတဲ့နောက် ဘယ်ယောက်ျားမှ တို့အာရုံကို မဖမ်းစားနိုင်တော့ဘူး။ တို့ ရှန်ထျန်းကိုပဲ လက်ထပ်မယ် ”

“ငါလည်း တခြားသူရဲ့ ဇနီးဖြစ်မဲ့အစား ရှန်ထျန်းရဲ့ ကိုယ်လုပ်တော်ပဲ လုပ်လိုက်မယ်။ ဘယ်သူမှ ငါ့ကို အတင်းကျပ် ဖိအားမပေးနိုင်ဘူး။ မဟုတ်ရင် ငါ့ဘာသာ သတ်သေပစ်မယ် ”

“ ဒီအရှေ့ပိုင်းလွင်ပြင်မှာ ငါက အခန့်ညားဆုံးလို့ ထင်ထားတာ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလောက် ဆွဲဆောင်မှု ရှိနေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ … ငါ ရှုံးနိမ့်သွားပြီ။ ငါက ဒုတိယနေရာ ရောက်သွားတာကို ဝန်ခံတယ်ကွာ ”

“ ငါက တတိယ ”

“ ငါက စတုတ္ထ ”

“ ငါက ၁၀၀၈၆ ယောက်မြောက် ”

“ အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်က တကယ်အံ့ဩဖို့ ကောင်းလိုက်တာ .. ငါတော့ ချစ်မိသွားပြီ ”

…………....

အားလုံးက ရှန်ထျန်းရုပ်ရည်ကြောင့် မှင်သက်သွားသောကြောင့် အခြေအနေ ပြောင်းပြန်ဖြစ်သွားလေသည်။ သို့သော်လည်း ရှန်ထျန်းက ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ အပင်ပေါက်လေးကြောင့် ကြောင်ကြောင်အမ်းအမ်း ဖြစ်မိနေဆဲ ဖြစ်၏။

ငါက ဘာလို့ တော်ဝင်ရေစင်အနံ့ ထွက်နေတာတုန်း … ငါ ရေလေးပဲ ချိုးခဲ့တာလေ …

လိပ်ပြာတွေ ပျံဝဲတာကို နားလည်နိုင်ပါသေးတယ် နကျယ်ကောင်တွေက ဘာလုပ်နေတာလဲ …  ငါ့ကို တုပ်မလို့လား … အဲလိုဖြစ်လာရင်တော့ ငါ့ဓာတ်နှော နတ်မိုးကြိုးနဲ့ မိတ်ဆက်ပေးပစ်လိုက်မယ် …

ဒီမြက်ပင်တွေနဲ့ ပန်းတွေကရော ဘာဖြစ်နေတာလဲ … ငါက သူတို့အပေါ် တက်နင်းဖို့ လုပ်ရတာ မဟုတ်ရပါဘူး … သူတို့က ငါ ခြေချတိုင်း လိုက်ကြီးထွားနေကြတာလေ

ဘာလဲ … ငါက ရုပ်ချောလွန်းလို့ သဘာဝတရားကြီးကိုတောင် အလှဆင်ပေးနိုင်နေပြီလား …

ငါက နိဗာနတော်ဝင်ရေစင် စွမ်းအားကို အပြည့်အဝ မစုပ်ယူမိခဲ့တာများလား … အဲဒါကြောင့် လေထဲ အငွေ့ပျံသွားတာလား …

ရှန်ထျန်းက ထိုအတွေးဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ပိုက်ဆံအမြောက်အမြား ဖြုန်းတီးမိသလို ခံစားနေရလေသည်။

သို့သော်လည်း သူ့အမူအယာကို အခြားလူများက အထင်လွဲသွားကြ၏။

သူတော်စင်က မျက်မှောင်ကြုတ်လိုက်တယ် … ဘာလို့ မျက်မှောင်ကြုတ်လိုက်တာလဲ … သူက အနာဂတ်ကို မြင်တွေ့နိုင်တယ်လို့ ပြောသံကြားဖူးတယ်။

ဒီမှာ ရှိနေတဲ့ တပည့်တွေရဲ့ သနားစရာကောင်းတဲ့ ကံကြမ္မာကို မြင်လိုက်တာများလား … အဲဒါကြောင့် စိတ်မကောင်းဖြစ်သွားတာ ဖြစ်ရမယ်

သူက တကယ်ကို အံ့ဩဖို့ ကောင်းတဲ့ သူတော်စင်ပဲ … သူက ဆွဲဆောင်မှု ရှိတဲ့အပြင် ဂရုလည်း စိုက်တတ်သေးတယ် … ငါတော့ ကြွေမိပြီ ..

ရှန်ထျန်း၏ သွင်ပြင်က အားလုံးကို သိမ်းပိုက်စိုးမိုးသွားလေသည်။

……….....

“ အစ်ကိုရှန် … လျန်အာလေးက အပင်ပေါက်လေးကို သေချာဂရုစိုက်ထားပေးတယ်နော် ” လီလျန်အာက ပြုံးကာ  “ အညှောင့်လေးတောင် ဖြစ်နေပြီ တွေ့လား ”

ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ သူက  ဒီလိုလီလေးကို သဘောကျမိ၏။

သူမ အဖေ အနားမှာ မရှိရင်ပေါ့ …

“ ကြီးထွားလာပြီပဲ … ချစ်ဖို့ ကောင်းတယ် ”

ရှန်ထျန်းက သစ်ရွက်လေးကို လက်လေးနှင့် ထိလိုက်သည့်အခါ သူ့စိတ်ထဲ တစ်စုံတစ်ခု ပေါ်လာလေ၏။

သူက ခန်းမင်လက်စွပ်ထဲမှ အဖြူရောင် အရည်များ ပါဝင်နေသည့် ကျောက်စိမ်းနီ ပုလင်းကို ထုတ်လိုက်သည်။

ဘူးပင်ပေါက်လေးက ပို၍ ယိမ်းယိုင်ခုန်ပေါက်လာသည်။

ထိုအရည်ကို လိုချင်နေသည်မှာ သိသာလှသည်။

ရှန်ထျန်းက ရယ်လိုက်မိ၏။ ဤသည်မှာ သူ ရေချိုးထားသော နိဗာနတော်ဝင်ရေစင် ဖြစ်၏။

သူက အပင်ပေါက်လေးဆီ ရေတစ်စက် ချပေးလိုက်သည့်အခါ ချက်ချင်း စုပ်ယူသွားလေသည်။ ယခင်ထက် ပိုမို စိမ်းစိုလာလေ၏။

“ စိတ်ဝင်စားစရာပဲ ”

ရှန်ထျန်းက လီလျန်အာခေါင်းပေါ် ပန်းအိုးလေး ပြန်တင်ပေးလိုက်သည်။ ထို့နောက် သူက အရည် ဆယ်မီလီမီတာလောက် ထုတ်ကာ အပင်ပေါက်လေးအား တိုက်ကျွေးလိုက်သည်။

အပင်ပေါက်လေးက မြန်မြန် သောက်သုံးလိုက်ပြီး အစိမ်းရောင် အလင်းတန်းလေး ဖြာထွက်လာကာ ကခုန်ပေါက်နေသည်။ အပင်ပေါက်တစ်ပင်လုံးက ဆေးယစ်မူးနေသကဲ့သို့ ယိမ်းယိုင်လှုပ်ရှားနေသည်။

ပလွတ်…

အဆုံးသတ်၌ နွယ်ပင်ကို အသုံးပြုကာ ပန်းအိုးမှ ထွက်လာလေသည်။

ရှန်ထျန်းက သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားလေသည်။

ဘာတွေဖြစ်နေတာလား … အပင်ပေါက်က မူးနေတာလား …

သူ့ကိုယ်သူ အကခန်းမ ရောက်နေတယ် ထင်နေတာလား …

All Chapters