အာကာပြင်ကျယ်ကျောင်းတော်မှ ခုခံခြင်း
Vol. 110 Ch. 1527
အာကာပြင်ကျယ်ဂြိုဟ်တစ်ဂြိုဟ်လုံး တုန်ရီနေသည်။ သဘာ၀နိယာမနှင့် မှော်ဥပဒေအားလုံး၊ အာကာသနှင့်အချိန်အားလုံး၊ တာအိုအားလုံး လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရသည်။
ကျဆင်းလာနေသော စိတ်ဆန္ဒသည်သာ အာကာပြင်ကျယ်ဂြိုဟ်တွင် တည်ရှိတော့၏။ အဆုံးမဲ့မြူများ ဖြာထွက်လာသဖြင့် ဂြိုဟ်အား အဝေးမှကြည့်လျှင် မြူများဖြင့် ဖွဲ့စည်းထားသယောင် မြင်ရလိမ့်မည်။ မြူများက တစ်ဂြိုဟ်လုံးအား လွှမ်းခြုံသွားခဲ့လေပြီ။
စိတ်ဆန္ဒသည် ကောင်းကင်တာအိုတစ်ပါးသဖွယ် စိမ့်၀င်ပျံ့နှံ့လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက တစ်ဝက်ဂြိုဟ်၏အပေါ်တွင် ပေါ်လာခဲ့ကာ နေရာရွှေ့ပြောင်းခြင်းစွမ်းအားအား ဟန့်တားဖို့ နေရာရွှေ့ပြောင်းခြင်းမုခ်၀ကို တိုက်ခိုက်လိုက်သည်။
ရှိရှိသမျှလူတိုင်း အံ့အားသင့်သွားကြပြီး ကြောက်မက်ဖွယ်ကပ်ဘေးကြီး ရောက်လာပြီဟု မခံစားလိုက်ရဘဲ မနေပေ။
အကုန်လုံး အလန့်တကြား အော်ကြတော့သည်။ “ဘာဖြစ်နေတာလဲ”
”ဘယ်သူက မန္တန်၀င်္ကပါ တိုက်ခိုက်နေတာလဲ”
“အာကာပြင်ကျယ်ကျောင်းတော်ကို စစ်တပ်တစ်တပ် တိုက်ခိုက်နေတာလား။ မဖြစ်နိုင်တာ”
မန်ဟို၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီး၀င်း၀င်းတောက်သွားသည်။ သိသိသာသာပင် လောကပါလနတ်မင်း၏စိတ်ဆန္ဒက သူ သင်္ချိုင်းထဲမ၀င်အောင် တားဖို့ ရောက်လာခဲ့လေပြီ။
ဤအခိုက်အတန့်မှာပင် မန်ဟိုနှင့် ကျန်အနှစ်သာရကိုးခုပါရာဂွန်များ၏ စိတ်အတွင်း၌ အသံတစ်သံ ပဲ့တင်ထပ်သွား၏။
“နေရာရွှေ့ပြောင်းခြင်းအားလုံး တားမြစ်တယ်”
အသံက အေးစက်ခက်ထန်၍ ခံစားချက်မဲ့နေသည်။ မန်ဟိုနှင့် ဂိုဏ်းချုပ်မှအပ တစ်ဖွဲ့လုံး တုန်ရီသွားကြ၏။ ရှကျုံတုန်း၊ ကျီယွင်ရှန်းနှင့် ပိုင်ဝူချိန်တို့အားလုံး သွေးအန်လိုက်ကြရသည်။ လူတိုင်းမှာ ပေါက်ကွဲတော့မည့်အလား ဖြစ်ကုန်၏။ စကားလေးတစ်ခွန်းတည်းကြောင့် သူတို့၏ခန္ဓာကိုယ်များမှာ စုတ်ဖြဲခံနေရကာ သေလုမျောပါး ဒဏ်ရာရသွားကြလေသည်။
ဂိုဏ်းချုပ်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး မန်ဟို၏မျက်လုံးများမှာ နီရဲသွားသော်လည်း သူ၏ဒဏ်ရာများက ဤမျှသာဖြစ်သည်။
“တာအိုရောင်ရင်းတို့ ကျုပ်တို့ မတိုက်ခိုက်ရင် အန္တရာယ်က ပိုပဲကြီးထွားလာလိမ့်မယ်” မန်ဟိုက လက်ဝှေ့ယမ်းရင်း ရက်စက်ကြမ်းကြုတ်စွာ ပြုံးသည်။ ကြေးမုံက အနက်ရောင်အမျှင်များအဖြစ် ချက်ချင်း ပြောင်းလျက် ပေါ်လာကာ သူ၏ချပ်၀တ် ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် လက်ထဲတွင် ဖြစ်တည်လာသော စစ်လက်နက်ဖြင့် မိုးကောင်းကင်အား ပိုင်းချလိုက်၏။
သက်ဆင်းလာနေသော လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ အုန်းခနဲ တုန်ရီသွားလေသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဖိအားကြီးတစ်ခုက စတင်သက်ရောက်လာ၏။ နေရာရွှေ့ပြောင်းခြင်းမုခ်၀ပင် အက်ကွဲစပြုလာသည်။
လူတိုင်းမှာ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်လွှတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ သူတို့အားလုံး လောကပါလနတ်မင်း၏စိတ်ဆန္ဒကို စတင်တိုက်ခိုက်လိုက်ကြသဖြင့် စွမ်းအားလှိုင်းပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။
အဆုံးမဲ့အနှစ်သာရစွမ်းအားများ ပေါ်ထွက်လာ၏။ ဖိအားဖြင့် ဖိချေခံနေရသော်လည်း ဤလူများသည် အနှစ်သာရကိုးခုအဆင့်၏အထွတ်အထိပ်သို့ ရောက်နေသော ကျင့်ကြံသူများ ဖြစ်ကြ၏။ ထိုမျှသာမက သူတို့အားလုံးသည် တန်ခိုးရှင်စင်မြင့်များပေါ်၌ တရားထိုင်ရာမှ အကျိုးအမြတ်များရရှိခဲ့၏။ သူတို့အားလုံး၏ကိုယ်ပေါ်တွင် တန်ခိုးရှင်အငွေ့အသက်များလည်း ရှိနေရာ ခြယ်လှယ်နေသော လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ခုခံနိုင်သေးလေသည်။
ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး မန္တန်၀င်္ကပါမှာ တုန်ရီနေသည်။ အလင်းရောင်များ လိမ်ဖယ်ကုန်ကာ မြေပြင်များ ကြေမွကုန်သည်။ တစ်၀က်ဂြိုဟ်မှာ တုန်ခါနေပြီး နေရာရွှေ့ပြောင်းခြင်းမုခ်၀၏မျက်နှာပြင်တစ်လျှောက် အက်ကွဲကြောင်းများစွာ ဖြာထွက်သွား၏။ ၎င်း ပြိုကွဲသွားလျှင် အာကာပြင်ကျယ်ကျောင်းတော်သားများအတွက် သင်္ချိုင်းထဲသို့ ၀င်ရောက်ရန် လွန်စွာ ခက်ခဲသွားလိမ့်မည်။ ၀င်ပေါက်ကား ပိတ်ထားခံရလိမ့်မည်။
ဤအခိုက်အတန့်တွင် ကျဆင်းလာနေသော စိတ်ဆန္ဒသည် လက်တစ်ဖက်အသွင် ပြောင်းသွား၏။ လက်ကြီးက မိုးကောင်းကင်ကို အုပ်စိုး၍ မန္တန်၀င်္ကပါအပေါ် ကျဆင်းလာသည်။
ကျီယွင်ရှန်းအပါအ၀င် လူတိုင်း စိတ်ပျက်အားလျော့စွာ မော့ကြည့်လိုက်ကြ၏။ ၎င်းက သူတို့ တန်ပြန်မတိုက်ခိုက်နိုင်သော လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ စိတ်ဆန္ဒမဟုတ်ပါလော။
လက်ကြီးသည် အရာအားလုံးကို ပိတ်ဖုံးကွယ်ထားသော်လည်း မန်ဟို မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများ လင်းလက်သွားသည်။ သူသည် သစ်သားရုပ်ကို ထုတ်ဖို့ တွေးလိုက်သော်လည်း မထုတ်ချင်ပေ။ န၀မမန္တန်ကို စုပ်ယူဖို့ တံခါးပိတ်ကျင့်ကြံနေစဉ် လောကပါလနတ်မင်း၏စိတ်ဆန္ဒ ၀င်ရောက်နှိပ်စက်ခဲ့တုန်းကလည်း သူသည် တန်ပြန်တိုက်ခိုက်ဖို့ သူ့အစွမ်းအစကိုသာ အားကိုးခဲ့၏။
မန်ဟို ပြောနိုင်ရသလောက် ... နဝမမန္တန်ကို အပြည့်အဝမပြီးမြောက်ခင် အသုံးပြုခြင်းသည် ပြုပြင်မရသောဆုံးရှုံးမှုများကို ဖြစ်ပွားစေမည့်အပြင် နောက်နောင် ထိရောက်မှုကျဆင်းသွားမည်ဖြစ်သည်။
သို့သော် ယခုတော့ သူ့အနေဖြင့် ထုတ်လွှတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပုံပေါ်သည်။ သို့သော် သူ ထိုသို့လုပ်တော့မည့်အချိန်မှာပဲ ဂိုဏ်းချုပ်သည် ခေါင်းနောက်လှန်ကာ ဒေါသတကြီးကြွေးကြော်လိုက်၏။
“ဒါက အာကာပြင်ကျယ်ကျောင်းတော်။ အာကာပြင်ကျယ်အဖွဲ့အစည်းရဲ့အခွဲ။ အာကာပြင်ကျယ်ဂိုဏ်းချုပ်ရဲ့ အမွေ။ ဘယ်စိတ်ဆန္ဒမှ ငါတို့ကို နှောင့်ယှက်ပိုင်ခွင့်မရှိဘူး” သူ့လက်များသည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ မိုးကောင်းကင်အား လက်ညှိုးထိုး၏။ ချက်ချင်းပင် အဝေးရှိ မြေကြီးများ လှုပ်ခတ်လာကာ ရှေးဆန်းသောအရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။
၎င်းပေါ်လာလျှင်ချင်း အပေါ်ရှိ လက်ကြီးက တုံ့ခနဲ ရပ်သွား၏။
ထို့နောက် မသဲကွဲသော ဗလုံးဗထွေးအသံတစ်သံအား ကြားလိုက်ရသည်။ သို့သော် မန်ဟိုသည် ပြောလိုက်သောစကားလုံးများကို သေချာနားထောင်နိုင်လိုက်၏။
“တစ္ဆေ...”
လက်ကြီးက ပို၍ပင်လျင်မြန်စွာ ဝုန်းခနဲကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် မြေကြီးထဲ၌ အက်ကြောင်းတစ်ကြောင်း ပွင့်ထွက်သွားရာ အတွင်းထဲမှ တောက်ပသောအနီရောင်အလင်း ဖြာထွက်လာသည်။ ထို့နောက် ချော်ရည်များက ပန်းထွက်လာပြီး ၎င်းအပေါ်၌ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... လိပ်ခွံတစ်ခွံ ရှိနေသည်။
လိပ်ခွံသည် အရာခပ်သိမ်းကို ပြင်းထန်စွာ တုန်ခါလာစေသော ရှေးစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်၏။ ၎င်းအောက်ရှိ အင်မတန်အိုမင်းနေသည့်တစ်စုံတစ်ရာသည် လွတ်မြောက်ဖို့ ကြိုးစားနေသယောင်ပင်။ လိပ်ခွံကား ချာလပတ်လည်ကာကာ လေဆင်နှာမောင်းတစ်လုံးအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေ၏။ လက်ကြီး ၎င်းကို ထိလိုက်လျှင်ချင်း လေဆင်နှာမောင်းမှာ ပြိုကွဲသွားပြီး ဂိုဏ်းချုပ်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူ၏မျက်လုံးများက နီရဲနေ၏။ အန္တရာယ်က အတိမ်းအစောင်းမခံလောက်အောင် ပြင်းထန်မှန်း သိသည့်အတွက် ဂိုဏ်းချုပ်က အံတင်းတင်းကြိတ်ကာ ဟိန်းဟောက်သည်။ “အာကာပြင်ကျယ်အဖိုးထိုက်ရတနာ လာလေလော့”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း လည်နေသော လိပ်ခွံသည် တုံ့ခနဲ ရပ်သွားပြီး ၎င်းအတွင်းထဲမှ တစ်စုံတစ်ခု ထိုးထွက်လာ၏ .... အရိုးခြောက်လက်တစ်ဖက်။
လက်သည် ရွှေအတိပြီးနေပြီး ကျင့်ကြံသူတစ်ယောက်၏ လက်တစ်ဖက် ဖြစ်ဟန်တူ၏။
လူတိုင်း၏စိတ်ကူးနယ်ပယ်ထက် ကျော်လွန်နေသည့်တိုင်အောင် အလွန်တရာသန့်ရှင်းစင်ကြယ်သော အင်မော်တယ်ချီက ၎င်းဆီမှ ပျံ့လွင့်လာသည်။ အာကာပြင်ကျယ်စကြဝဠာ၏အပြင်မှာတုန်းက အတုမရှိအင်မော်တယ်တိုင်ကို ထိခဲ့စဉ် တူညီသောအင်မော်တယ်ချီကို တွေ့ထိခဲ့ဖူးသည့် မန်ဟိုမှလွဲ၍ ထိုမျှသန့်ရှင်းသောချီကို သူတို့တစ်ယောက်မှ မမြင်ခဲ့ဖူးပေ။
အရိုးခြောက်လက်ပေါ်လာလျှင်ချင်း မန်ဟို့ကိုယ်ထဲရှိ ကြေးမီးအိမ်သည် တဖျတ်ဖျတ် လှုပ်လာ၏။
မန်ဟိုမှာ အာကာပြင်ကျယ်ဂြိုဟ်သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့တုန်းက ကြေးမီးအိမ်မှ ခံစားခဲ့ရသည့်အရာကို ချက်ချင်း ပြန်တွေးမိသွားသည်။ ဒဏ္ဍာရီတစ်ပုဒ်ပုဒ်၊ ဇာတ်လမ်းတစ်ခုခုမကြားဖူးသရွေ့ ထိုလက်၏ပိုင်ရှင်က မည်သူဖြစ်ကြောင်း သိကြမည်မဟုတ်ပေ။ သို့သော် မန်ဟိုကတော့ သေချာသည်။ သူ၏ခံစားချက်များအရ ... ဤအရိုးခြောက်လက်၏ပိုင်ရှင်က....
အာကာပြင်ကျယ်ဂိုဏ်းချုပ် ဖြစ်ချေသည်။
အာကာပြင်ကျယ်ဂိုဏ်းချုပ်သည် အင်မော်တယ်အဖြစ်မှ တစ္ဆေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်၌ ပထမဆုံးအကြိမ် အနန္တတန်ခိုးရှင်အဆင့် တက်သွားခဲ့သူဖြစ်၏။ သူက လောကပါလနတ်မင်း၏လက်ချောင်းတစ်ချောင်းကို ပထမဆုံးဖြတ်နိုင်ခဲ့သူလည်း ဖြစ်သည်။
သူသည် တစ္ဆေအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း သူ၏လက်တစ်ဖက်က အတုမရှိအင်မော်တယ်၏တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့သေး၏။ ထို့နောက် ၎င်းကို အမွေအဖြစ် ချန်ရစ်ခဲ့သည့်အတွက် အာကာပြင်ကျယ်ကျောင်းတော်၏ အစောင့်အရှောက်ရတနာဖြစ်လာခဲ့သည်။
အရိုးခြောက်လက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျဆင်းလာနေသော လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ တုန်ရီစပြုလာပြီး ဒေါသတကြီးဟိန်းဟောက်တော့သည်။ အရိုးခြောက်လက်ကြီးသည် ဧရာမလက်ကြီးနှင့်တူလာသည့်တိုင်အောင် ကြီးသထက်ကြီးမားလာရင်း ပျံတက်သွား၏။ ထို့နောက် လောကပါလနတ်မင်း၏စိတ်ဆန္ဒဖြစ်သည့် ကျဆင်းလာနေသော လက်ကြီးအား ဝင်တိုက်လိုက်တော့သည်။
ဘီလူးကြီးနှစ်ကောင် အချိန်နှင့်အာကာသကို ဖြတ်ကာ နေရာရွှေ့ပြောင်းခြင်းမုခ်ဝ၏အပေါ်တည့်တည့်၌ ဝင်တိုက်သွားသကဲ့သို့ပင်။
တဂျိန်းဂျိန်းထစ်ချုန်းသံများသည် အက်ကွဲကြောင်းများအား မြေမျက်နှာပြင်တစ်လျှောက် ပွင့်ထွက်လာစေရင်း အာကာပြင်ကျယ်ဂြိုဟ်တစ်လျှောက် ပဲ့တင်ထပ်သွားစေ၏။ လောကပါလနတ်မင်း၏စိတ်ဆန္ဒလက်ကြီးမှာ ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ဒေါသတကြီးအော်သံနောက်တစ်သံ ဟိန်းထွက်လာသည်။
အရာအားလုံး တုန်ရီနေရာ တစ်ဝက်ဂြိုဟ်တစ်ဂြိုဟ်လုံး ပြိုကျတော့မည့်အလား ထင်ရလေသည်။ သို့သော် အရိုးခြောက်လက်မှ ရွှေအလင်းရောင် ဖြာထွက်လာကာ အရာအားလုံးကို လွှမ်းခြုံကာကွယ်၍ လောကပါလနတ်မင်း၏စိတ်ဆန္ဒအား ဟန့်တားလိုက်သည်။
လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဖြစ်ပေါ်လာသော လက်ကြီး ပြိုကွဲသွားသောအခိုက်အတန့်တွင် နေရာရွှေ့ပြောင်းခြင်းမုခ်ဝသည် အသက်ဝင်လာ၏။ တဂျုန်းဂျုန်းထစ်ချုန်းသံများ ပဲ့တင်ရိုက်ခတ်နေပြီး တောက်ပသောအရောင်အဝါက လေပေါ် မြောက်တက်သွားသည်။ မန်ဟိုတို့ ပျောက်ကွယ်သွားချေပြီ။
သူတို့ပျောက်ကွယ်နေစဉ် နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှ တချွတ်ချွတ်အက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ တစ်ချိန်တည်းမှာပင် ရွှေအရောင်အဝါသည် တစတစဆုတ်ခွာသွား၏။ ရွှေအရောင်အဝါက ကျုံ့ကာ အရိုးခြောက်လက်ထဲ ပြန်ဝင်သွားသည်။ ထို့နောက် လိပ်ခွံအောက်သို့ ပြန်ဝင်သွားပြီးနောက် ချော်ရည်များဖြင့် မြေကြီးထဲ ပြန်နစ်သွား၏။
မြေအက်ကြောင်းလည်း ဖြည်းညင်းစွာ ပိတ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏....
မန်ဟိုနှင့် အခြားသူတို့ ပြန်ပေါ်လာသောအခါ သင်္ချိုင်းထဲ ရောက်နေကြလေပြီ။
မန်ဟို့ပါးစပ်မှ သွေးများစီးကျလာပြီး အခြားသူများမှာ ပို၍ပင်အခြေအနေ ဆိုးသေးသည်။ သူတို့မျက်နှာများအပေါ်တွင် ကြောက်လန့်နေသောအမူအရာများကို မြင်ရနိုင်၏။ စောစောက အန္တရာယ်ကို ပြန်တွေးမိလျှင် သူတို့အားလုံး ရင်တဒိန်းဒိန်းခုန်လာကြသည်။
ထိုလက်ကြီးသာ မြေကြီးပေါ် ကျရောက်လာခဲ့လျှင် နေရာရွှေ့ပြောင်းခြင်းမုခ်ဝသာ အဖျက်စီးခံရမည်မဟုတ်၊ တစ်ဖွဲ့လုံး အသက်နှင့်ခန္ဓာ အိုးစားကွဲသွားခဲ့လိမ့်မည်။
အထူးသဖြင့် မန်ဟို့ကို အဓိပ္ပါယ်ပါပါ ကြည့်နေသော ဂိုဏ်းချုပ်ပင်။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် မန်ဟိုက လက်ယှက်၍ အခြားသူများအား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“ကျုပ်ပေးထားတဲ့ကတိကို တည်မှာပါ” သူက ပြောသည်။ တုံ့ပြန်သည့်အနေဖြင့် ဂိုဏ်းချုပ်၏အမူအရာသည် အတန်ငယ်ပျော့ပျောင်းသွား၏။ တအောင့်ကြာသော် အကုန်လုံးခေါင်းညိတ်ကြသည်။
“ဒုက္ခခံပေးလို့ ကျေးဇူးပါ တာအိုရောင်ရင်းမန်” ဂိုဏ်းချုပ်က ပြောသည်။
မန်ဟိုက ဘာမှထပ်မပြောတော့ပေ။ သူသည် ရှေ့တစ်လှမ်းတက်၍ သင်္ချိုင်းထဲ ပြည့်နှက်နေသောအပျက်အစီးများအား ကြည့်လိုက်၏။ နတ်ဘုရားအာရုံဖြန့်ကျက်လိုက်သောအခါ ဤနေရာတွင် လောကပါလနတ်မင်း၏စိတ်ဆန္ဒ အားလုံးနီးပါး ကင်းမဲ့နေကြောင်း တွေ့လိုက်ရသည်။ ခပ်ငွေ့ငွေ့တော့ ရှိသေးသော်လည်း မပြောပလောက်ပေ။
ထိုမျှသာမက သင်္ချိုင်းကို ဖွဲ့စည်းထားသော မြေထုကိုးခု၏အတွင်းပိုင်းထဲ ရောက်လေလေ ၊ ထိုအငွေ့အသက်များက ပိုမိုအားနည်းလာလေလေပင်။ အမှန်တွင် မရှိသယောင်ပင် ထင်ရသည်။
“ဒါက ငါ တန်ခိုးရှင်အဆင့်တက်ရမယ့် နေရာပဲ” သူက တွေးသည်။ မန်ဟိုသည် တတိယမျက်လုံးကို ဖွင့်လိုက်သည့်အခါ သူ၏မြင်ကွင်း ပြောင်းလဲသွား၏။ အဝေးရှိ နဝမမြောက်မြေထုအပေါ်၌ ဧရာမပလ္လင်ကြီးတစ်ဆူနှင့် ၎င်းအပေါ်တွင် ထိုင်နေသော လူရိပ်အား သူ မြင်လိုက်ရသည်။ ထိုလူရိပ်၏မျက်လုံးများက ပွင့်လာပြီး မန်ဟို့ကို တည့်တည့်ကြည့်လေသည်။