သင်္ချိုင်း
Vol. 110 Ch. 1528
“ပြီးခဲ့တဲ့ နှစ်တစ်ရာ၊ နှစ်ရာလောက်တုန်းက ငါတို့ ဒီကို ခဏခဏ ရောက်ခဲ့ကြတယ်” ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လျက် ပြောသည်။ “ဒီနေရာကို ရိုက်ခတ်ခဲ့တဲ့ ကပ်ဘေးကို ဘယ်လိုရှောင်ရမလဲ သိခဲ့သလို၊ မုန်တိုင်းခိုဖို့အတွက် အကောင်းဆုံးနေရာလည်း ရှိထားပြီ
“ဒါပေမဲ့ အဋ္ဌမမြေထုကို တစ်ခါမှ မကျော်နိုင်ခဲ့ဘူး။ နဝမမြေထုအနားလေးမှာတင် အမြဲတစ်နေခဲ့တာ” အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ပြီးနောက်၌ပင် သူတို့မှာ နဝမမြေထုဆီ သွားနိုင်မည့်နည်းလမ်းကို ရှာမတွေ့ခဲ့ကြပေ။
ပိုင်ဝူချိန်က ဘေးတွင် ရပ်နေရာမှ ပြောသည်။ “နဝမမြေထုရဲ့ ဝင်ပေါက်က တံခါးတစ်ချပ်ပဲ။ တံခါးကို ဖွင့်မှသာ ဝင်လို့ရမှာ”
မန်ဟိုက ခေါင်းညိတ်ပြီးနောက် ရှေ့ထွက်သွားသည်။ ဤအခိုက်အတန့်တွင် မန်ဟို ပျံသန်းနေစဉ် သင်္ချိုင်း၏အပြင်နယ်နိမိတ်၌ နေထိုင်သော တစ္ဆေများလည်း စိတ်လှုပ်ရှားစွာ ပျံသန်းလာကြလေပြီ။
ဂိုဏ်းချုပ်တို့အတွက် သင်္ချိုင်းအတွင်း၌ မန်ဟို၏ဩဇာအာဏာကို ပထမဆုံးမြင်ဖူးခြင်းမဟုတ်သော်လည်း အံ့ဩရသေးလေသည်။ အထူးသဖြင့် အင်မော်တယ်ပိုင်ဝူချိန်မှာ လွန်ခဲ့သောနှစ်ရာပေါင်းများစွာ မန်ဟို၏အနိုင်ယူခြင်းခံခဲ့ရပုံကို ပြန်မတွေးမိဘဲ မနေပေ။
ဤသို့ဖြင့် သက်ပြင်းခိုးချလျက် အနှစ်သာရ ၉ ခုအဆင့်ပါရာဂွန်အုပ်စုသည် မန်ဟို့နောက် လိုက်သွားကြတော့၏။
ဤနေရာသို့ သူတို့ဘာသာ လာရောက်ခဲ့သည့်အချိန်တိုင်း အပြင်ဧရိယာ၌ပင် အဆုံးအစွန်အထိ သတိထားဖို့ လိုခဲ့လေသည်။
သို့သော် မန်ဟို ဦးဆောင်နေသည့်အခါ.... ဆန့်ကျင်ဘက်ဖြစ်သွား၏။ တစ္ဆေများ၏ဘုရင် သူနှင့်ဆိုလျှင် ဤနေရာရှိ မည်သည့်အရာမှ သူတို့အား ရန်မလုပ်နိုင်ပေ။
သူတို့ဖြတ်သွားသည့်နေရာတိုင်းတွင် တစ္ဆေများသည် လေးစားကြည်ညိုမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် မန်ဟို့ဆီ ပျံသန်းလာကြ၏။
မန်ဟိုက သူတို့ကို သူတို့ကိုယ်သူတို့ အဆုံးစီရင်ဖို့ ပြောလျှင်ပင် မတွန့်မဆုတ် လိုက်နာမည့်အလားထင်ရပေသည်။
မန်ဟိုသည် တစ္ဆေများကို မျက်လုံးဝေ့ကြည့်လိုက်၏။ ဤနေရာသို့ ပထမဆုံး ရောက်လာပြီး တစ္ဆေများ၏ထူးဆန်းမှုကို ကြုံတွေ့ခဲ့ပြီးနောက် အကြံတစ်ခုပေါ်လာခဲ့သည်။ သို့ရာတွင် ထိုစဉ်တုန်းက တစ္ဆေများကို သူ ထိန်းချုပ်နိုင်တောင်မှ ယုတ္တိမရှိဟု ခံစားခဲ့ရလေသည်။
သို့သော် ယခုမူ ပြီးပြည့်စုံလုနီးပါး နဝမမန္တန်ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ထိုအကြံသည် သူ့စိတ်ထဲ၌ ပြန်ပေါ်လာ၏။ ဤတစ်ခေါက်တွင် ယုတ္တိမရှိဟု မခံစားရတော့...
သူ လုပ်နိုင်ကြောင်း သေချာသွားလေပြီ။
ဤသင်္ချိုင်းထဲရှိ တစ္ဆေအားလုံးကို သူ၏လက်အောက်ငယ်သားများအဖြစ် သူ ခေါ်သွားမည်။ ၎င်းတို့နှင့် နဝမဂိုဏ်းဖြင့်ဆိုလျှင် ကောင်းကင်ဘုံ ၃၃ ဘုံကို သွားရောက်ဖျက်စီးနိုင်သည့် စစ်တပ်ကြီးတစ်တပ်အား ထူထောင်နိုင်မည်။
မှန်သည်၊ မန်ဟိုသည် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကကိုလည်း လျှော့မတွက်ပေ။ သူ တန်ခိုးရှင်အဆင့်တက်လျှင်တောင်မှ သူ၏ရန်သူများကို အထင်သေးမည်မဟုတ်။ ထိုရန်သူနှစ်ဖွဲ့၏ စိတ်ထားအမှန်နှင့်ပတ်သက်၍ မန်ဟို တွေးမိထားသော်လည်း .... သူတို့ကို ရင်ဆိုင်ဖို့ ထောင့်စေ့အောင် ပြင်ဆင်ထားချင်သေးသည်။
နဝမမန္တန်ကို အောင်မြင်စွာ စုပ်ယူ၍ အဆင့်တက်နိုင်လျှင် သင်္ချိုင်းထဲမှ ထွက်သည်နှင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒ သွက်သွက်ခါအောင် ဒေါသူပုန်ထသွားမည်ကိုလည်း မန်ဟို ကောင်းကောင်းသိသည်။
သူသည် မျက်လုံးများအေးစက်စက် တောက်ပနေလျက် ဆက်သွားနေ၏။ ပတ်ဝန်းကျင်ရှိ တစ္ဆေများသည်လည်း သူတို့ကို ခြံရံလျက် ပထမမြေထုသို့ ဦးတည်နေကြသည်။ တံတားသို့ ရောက်သောအခါ မန်ဟိုက တွန့်ဆုတ်သွားခြင်းမရှိ။ တစ်ချက်လေးပင် မရပ်ဘဲ တစ္ဆေအုပ်ကြီးနှင့်အတူ တံတားအား ဖြတ်ကျော်သွားသည်။
သူ့အနောက်ရှိ ဂိုဏ်းချုပ်တို့မှာ သူတို့၏ခရီးစဉ်များနှင့် မည်မျှကွဲပြားနေသည်ကို မြင်ကြရ၍ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်ကြသည်။ မန်ဟိုနှင့်ပထမဆုံးတစ်ခေါက်သွားပြီးနောက် ကျန်အခေါက်များတွင် သူတို့အားလုံး တံတားကို ဖြတ်၍ အင်မတန်သတိထားခဲ့ကြရလေသည်။
သို့သော် ယခုတော့ မန်ဟိုက အေးအေးဆေးဆေး ဖြတ်သွားသည်။ သူတို့မှာ မနာလိုမိဘဲ မနေကြတော့။
“သူ့အိမ်အတိုင်းပဲ...” ကျင်ယွင်ရှန်းက ပွစိပွစိရေရွတ်ရင်း နောက်မှလိုက်လာသည်။
မန်ဟို တံတားကို ဖြတ်၍ ပထမမြေထုအပေါ် ခြေချတော့မည့်အချိန်မှာပဲ တံတားအောက်မှ ဟိန်းသံတစ်သံ ပဲ့တင်ထပ်လာသည်။ အောက်ရှိ မှောင်မှောင်မည်းမည်းဖြစ်တည်မှုကြီးတစ်ခုက ခုန်တက်လာပြီး သူတို့လမ်းကို ပိတ်တော့မည့်အလားပင်။
သေသေချာချာ ကြည့်လိုက်သည့်အခါ ထိုအရာသည် မီတာသုံးရာတိတိရှည်လျားသော ကျားကြီးတစ်ကောင်မှန်း သူတို့မြင်လိုက်ကြရ၏။ ကျားက အလွန်မည်းလွန်း၍ ဟင်းလင်းပြင်နှင့် တစ်သားတည်းဖြစ်နေပုံပေါ်ခြင်းပင်။ မန်ဟို နောက်ဆုံးတစ်ခေါက် ဤနေရာသို့ ဝင်လာပြီး တံတားအောက်ရှိ ချောက်ထဲ ကျသွားခဲ့တုန်းက ဤကျားကို အရိပ်အယောင်ပင် မမြင်ခဲ့ရပေ။
မန်ဟိုသည် ငုံ့ကြည့်လိုက်ရာ ကျားနှင့်အကြည့်ချင်းဆုံသွား၏။ ထို့နောက် ကျားမှာ တဆတ်ဆတ်တုန်လာသည်။ ကျားသည် တစ္ဆေများကို ကြောက်ခြင်းမဟုတ်၊ မန်ဟို့အကြည့်က ၎င်း၏နှလုံးသားကို တုန်ရီသွားစေ၏။ ၎င်းမှာ အမြီးကုပ်လျက် နောက်ဆုတ်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။
မန်ဟိုက အကြည့်ပြန်လွှဲ၍ ပထမမြေထုအပေါ် ခြေချလိုက်သည်။ အတိတ်တုန်းက ကျားသည် ဂိုဏ်းချုပ်တို့အတွက် ခေါင်းကိုက်စရာဖြစ်ခဲ့သည့်အတွက် ၎င်းအမြီးကုပ်ပြေးသွားပုံကို မြင်ရခြင်းက သူတို့အား ခပ်ယဲ့ယဲ့သာ ပြုံးလိုက်မိစေပြန်သည်။
ကျားသည် အံ့မခန်းလိလိအတိုက်အခိုက်စွမ်းရည်ဖြင့် ကြောက်မက်ဖွယ်ကောင်းသည့်အပြင် ဟင်းလင်းပြင်နှင့်တစ်သားဖြစ်သည့် ၎င်း၏အရောင်က ၎င်း၏နတ်ဘုရားစွမ်းရည်နှင့် မှော်သိုင်းကွက်အားလုံးကို ပိုမိုထိရောက်စေခဲ့၏။ ၎င်းကား တိုက်ခိုက်ရာတွင် သူမတူအောင် ရက်စက်ကြမ်းကြုတ်၏။ ဒေါသထွက်သည့်အခါ အမုန်းဝိညာဉ်မုန်တိုင်းကိုလည်း ထုတ်လွှတ်နိုင်သည်။ နှစ်ပေါင်းရာချီတစ်လျှောက်လုံး ဂိုဏ်းချုပ်တို့သည် ၎င်းကို ကျော်ဖြတ်ဖို့ အစွမ်းကုန်အားထုတ်ခဲ့ရ၏။
သို့သော် ယခုတော့ ...
“ဒီနေရာက သူ့အိမ်လိုပါလား..” ဂိုဏ်းချုပ်က သက်ပြင်းခိုးချရင်း တွေးသည်။ သို့သော် ဤတစ်ကြိမ်တွင် နဝမမြေထုသို့ အမှန်တကယ်ရောက်နိုင်လိမ့်မည်ဟုလည်း သူ မျှော်လင့်နေမိသည်။
အမှန်တွင် မန်ဟိုသာ နဝမမြေထုသို့ အရောက်မသွားနိုင်လျှင် မည်သူမှ သွားနိုင်မည်မဟုတ်ဟုပင် သူ ခံစားရလေသည်။
ပထမမြေထုအပေါ် ခြေချပြီးနောက် မန်ဟိုက အသက်ဝဝရှူလိုက်သည်။ ဤသည်မှာ ဤနေရာသို့ တတိယအကြိမ် သူ ရောက်လာခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်က သင်္ချိုင်းထဲ ခဏတဖြုတ်ဝင်ရောက်ခြင်းဖြစ်ကာ ဒုတိယအကြိမ်ကတော့ ကြေးမုံ၏မှန်ကွဲစကို ရှာဖို့ ရောက်လာခဲ့သည့်အချိန်ပင်။
“ဒါက တတိယအကြိမ်ဖြစ်သလို၊ နောက်ဆုံးလည်း ဖြစ်လောက်တယ်။ ငါ ထွက်သွားရင် တန်ခိုးရှင့်အဆင့်တက်ပြီးသား ဖြစ်နေလိမ့်မယ်” မန်ဟိုသည် ခေါင်းနောက်လှန်၍ အသံရှည်ဆွဲအော်သံပြုရင်း အမြန်ဆုံးထွက်သွား၏။ သူ ပထမဆုံးမြေထုကို တဟုန်ထိုး ဖြတ်သွားနေစဉ် ထိုနေရာရှိ တစ္ဆေအားလုံး တဆတ်ဆတ်တုန်ရီကုန်ကြပြီး ပျံသန်းလာကြသည်။
“ဧကရာဇ်ပဲ...”
“ဧကရာဇ်ရဲ့အရှိန်အဝါ .... တတိယအကြိမ်”
“ဧကရာဇ် ငါတို့ကို ဆင့်ခေါ်နေတယ်...”
မရေမတွက်နိုင်သော တစ္ဆေများ အရပ်မျက်နှာတစ်ခွင် ပေါ်လာကြသည်။ ၎င်းတို့ မန်ဟို့ကို လှည့်ပတ်လျက် ပျံဝဲနေကြသဖြင့် မိုးကောင်းကင်သည် သိမ့်သိမ့်ခါနေပြီး မြေပြင်များ လှုပ်ခတ်နေ၏။
ဂိုဏ်းချုပ်တို့သည် ဤအရာမျိုးကို ကြုံတွေ့ခဲ့ဖူး၍ စိတ်ကိုပြင်ဆင်ထားခဲ့သော်လည်း မတုန်လှုပ်မိဘဲမနေသလို၊ မနာလိုခြင်းလည်း ဖြစ်မိ၏။
တစ္ဆေများ သူ့ပတ်ပတ်လည်တွင် ပေါ်လာသည်နှင့်အမျှ မန်ဟိုက အရှိန်တင်သည်။ တစ္ဆေများကိုသာ မြင်နိုင်လျှင် ပြွတ်သပ်နေသော တစ္ဆေပင်လယ်ကြီးအား တွေ့ရလိမ့်မည်။
ထိုပင်လယ်ကြီးနှင့်ယှဉ်လျှင် ကျင့်ကြံသူများသည် သေးဖွဲ့သိမ်နုပ်၏။ မန်ဟို့အတွက်မူ သူ့အစွမ်းဖြင့် ပျံသန်းနေစရာမလိုပေ။ သူ့ကို သယ်ဆောင်ပေးနေသော တဖွေးဖွေးလှုပ်နေသည့် ပင်လယ်ကြီးနှင့်အတူ လိုက်ပါစီးမျောသွားဖို့သာ လိုသည်။
တစ္ဆေပင်လယ်ကြီးက ပထမမြေထုနှင့် ဒုတိယမြေအကြားရှိ လမ်းကို အဖက်မလုပ်ဘဲ ဆက်လက်ရွေ့လျားလာသဖြင့် အရာအားလုံး တုန်ခါနေသည်။ ထိုပင်လယ်ကြီးအား ရပ်တန့်မရ၍ တခဏကြာသော် မန်ဟိုကား ဒုတိယမြေထုအပေါ် ရောက်သွားလေပြီ။
ထိုနေရာရှိ တစ္ဆေများလည်း အလားတူတုန်လှုပ်သွားကြပြီး သူ့ဆီ ရွေ့လျားပျံသန်းလာကြကာ ဧရာမပင်လယ်ကြီးနှင့် ပေါင်းစည်းလိုက်ကြ၏။
မိုးကောင်းကင်သည် မှောင်မိုက်လာပြီး ကမ္ဘာထဲရှိ မည်သည့်အရာမဆို ပြင်းထန်စွာ လှုပ်ခတ်နေသည်။ မန်ဟိုက အင်္ကျီလက်စခါလိုက်ရာ တစ္ဆေများသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တတိယမြေထုဆီ ရွေ့လျားသွားကြ၏။
ဂိုဏ်းချုပ်နှင့်အခြားသူများ ပင့်သက်ရှိုက်မိလိုက်ကြသည်။ သူတို့အနေဖြင့် တစ္ဆေများကို မမြင်ရသော်လည်း ကြောက်မခန်းလိလိ အအေးဓာတ်ကိုတော့ ခံစားရသေးလေသည်။
“ဒီအတိုင်းသာဆို .... အဋ္ဌမမြေထုဆီ ရောက်ရင် တစ္ဆေဘယ်လောက်တောင် စုဝေးနေလောက်မလဲ” တစ်အုပ်စုလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အဆုံးမဲ့တစ္ဆေပင်လယ်ကြီးက မန်ဟို့ကို စတုတ္ထမြေထုဆီ ခေါ်သွားနေစဉ် မိုးနှင့်မြေ၌ မိုးထစ်ချုန်းသံများ ဆူညံနေသည်။
စတုတ္ထမြေထုသို့ ဝင်ပေါက်သည် ဝင်ရောက်လာသော သက်ရှိအရာဟူသမျှကို စားပစ်မည့် မျက်လုံးများပြည့်နေသည့် ချောက်ကြီးတစ်ချောက် ဖြစ်၏။
ထိုမျက်လုံးများအပြင် အသားများပုပ်နေသော ခပ်ထွားထွားဘီလူးကြီးများလည်း ရှိသည်။ ၎င်းတို့သည် အသေကောင်များ၏အရေပြားများကို အတူတွဲချုပ်ခံထားရသကဲ့သို့ အကျည်းတန်ကြ၏။
သို့သော် မန်ဟိုနှင့် တစ္ဆေပင်လယ်ကြီးကို မြင်လျှင် ထိုဘီလူးကြီးများမှာ မှင်သက်သွားကြပြီး ၎င်း၏မျက်နှာအပေါ်ရှိ ကြမ်းကြတ်မှုတို့နေရာတွင် ထိတ်လန့်မှုတို့ အစားထိုးဝင်ရောက်လာသည်။ ၎င်းတို့သည် ကြောက်လန့်တကြားအော်ဟစ်ရင်း ချောက်ထဲ တစ်ချိုးတည်း ပြေးဝင်သွားကြတော့၏။
မျက်လုံးများမှာမူ ပို၍ပင် ကြောက်ရွံတုန်လှုပ်နေကြသေးသည်။
မျက်စိတစ်မှိတ်အတွင်း တစ္ဆေပင်လယ်ကြီးကား ချောက်ကို ကျော်ကာ စတုတ္ထမြေထုအပေါ် ရောက်ရှိသွားချေပြီ။
မန်ဟိုက ချောက်ကို ကြည့်ပင်မကြည့်။ ဂိုဏ်းချုပ်နှင့်အခြားသူများမှာတော့ ဤချောက်ကို ဖြတ်ကျော်ဖို့ မည်မျှအားထုတ်ခဲ့ရသည်ကို ပြန်တွေးရင်း ခပ်ယဲ့ယဲ့သာ ပြုံးမိကြသည်။ အတိတ်တုန်းက သူတို့အတွက် အလွန်တရာကြောက်စရာကောင်းခဲ့သည့် သတ္တဝါများက ဤတစ်ကြိမ်တွင် ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီမဟုတ်ပါလော။