ကမ္ဘာဦးခေတ်အခါမှ မပြီးပြတ်သေးသည့် တိုက်ပွဲ
Vol. 11-16 Ch. 200
အခန်း (၂၀၀) : ကမ္ဘာဦးခေတ်အခါမှ မပြီးပြတ်သေးသည့် တိုက်ပွဲ
အံ့ဖွယ်မိုးကောင်းကင်၏ သင်္ဘောပျံ ဆင်းသက်လာပြီးနောက် ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုအတွက် အချိန်ကျရောက်လာလေပြီ။ လှပကြော့ရှင်းသည့် ကောင်းကင်အသျှင်နှစ်ယောက်နှင့် အားကောင်းသော အထွတ်အထိပ်ရှင် ၁၈ ယောက်တို့က လေထဲ ရောက်နေကြသည်။ သူတို့ဆီမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး သူတို့၏ တကယ့်သွင်ပြင်ကို တောက်ပသော အလင်းရောင်များဖြင့် လွှမ်းခြုံထားလေသည်။
ဤသည်မှာ သီးသန့်ဓမ္မနည်းစနစ် ဖြစ်သည့် အံ့ဖွယ်အလင်းရောင် ဖြစ်၏။ ထိုအရာ၏ လုပ်ဆောင်ပုံမှာ ကျင့်ကြံသူများအတွက် ဆန်းကြယ်ခံစားချက်မျိုးကို ဖန်တီးပေးပြီး ပုံရိပ်ကောင်းကို ပြသပေးသည်။ ထိုဓမ္မနည်းစနစ်က အသုံးမတည့်သော်လည်း ခမ်းနားကြီးကျယ်ဟန် ပေါ်စေသည်။
အထွတ်အထိပ်ရှင်များစွာက ထိုနည်းစနစ်ကို သင်ယူထားကြသည်။ သူတို့၏ ဟိတ်ဟန်သွင်ပြင်က မလုံလောက်သေးသောကြောင့် ထိုဓမ္မနည်းစနစ်ကို အရန်အနေနှင့် အသုံးပြုကြရသည်။ ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ရှောင်လင်းအာနှင့် ရှန်ထျန်းတို့ကို ကြည့်ကာ သူမမျက်ဝန်းတို့၌ စိတ်သက်သာရာရသွားဟန် ပေါ်သွားသည်။
သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုက ငါးနှစ်တစ်ကြိမ်မှ ကျင်းပတာဆိုတော့ အားလုံးလည်း တိုက်ပွဲနယ်မြေမှာ ရှောင်ရန်ဆောင်ရန်တို့ကို သိပြီးသားဖြစ်မှာပါ။ အဲဆိုတော့ သိပြီးသားတွေကို ထပ်မပြောတော့ဘူး။ အားလုံး မှတ်ထားရမှာက ဒီတိုက်ပွဲနယ်မြေထဲမှာ နေရာတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နေတာဆိုတော့ ဘေးကင်းဖို့က ဦးစားပေးပဲ … ”
ကြာဖြူကောင်းကင်အသျှင်ကလည်း ခေါင်းညိတ်ကာ
“ ရဲရဲနီကကြိုးကောင်းကင်အသျှင် ပြောတာ မှန်တယ်။ အားလုံးမှာလည်း ဂိုဏ်းတွေက ပေးလိုက်တဲ့ ပို့ဆောင်ရေး အဆောင် ရှိကြတယ်။ တကယ်လို့ ဒဏ်ရာအပြင်းအထန် ရတာမျိုး၊ ရှေ့ဆက်ဖို့ ခက်ခဲသွားတာမျိုးဆိုရင် ဒီအဆောင်ထဲ ဓမ္မစွမ်းအား ပို့လွှတ်လိုက်ရုံနဲ့ အပြင်ပြန်ရောက်လာလိမ့်မယ်။ ဒါပေမဲ့ မှတ်ထားရမှာ နှစ်ခုရှိတယ် …
ပထမတစ်ခုက အဆောင်ကို အသက်သွင်းလိုက်တာနဲ့ စစ်ဆေးမှုကနေ ထွက်လိုက်တာနဲ့ အတူတူ ဖြစ်သွားမယ်။ နောက်ထပ် ထပ်ဝင်လို့ မရတော့ဘူး။ ဒုတိယအချက်က အဆောင်ကို အသက်သွင်းတဲ့အခါ နေရာမှာ သုံးစက္ကန့်လောက် ရပ်နေဖို့ လိုတယ်။ တကယ်လို့ အန္တရာယ်ကြုံတွေ့နေရရင် အရင်ဆုံး ဘေးကင်းရာရှာပြီးမှ အသုံးပြုဖို့ သတိထားကြပါ ”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ထပ်ပြောလိုက်သည် “ထုံးတမ်းအစဉ်အလာအရ ဒီစစ်ဆေးမှုအတွက် ဆုလာဘ်လည်း ရှိတယ်။ အရိုးခြောက်၊ အရိုးနတ်ဆိုးနဲ့ သွေးနတ်ဆိုးတို့ကို သတ်တာမျိုး ဒါမှမဟုတ် ဝိညာဉ်ဆေးပင်နဲ့ ရတနာရှာတွေ့တာမျိုးဆိုရင် ကိုယ့်ဘာသာ သိမ်းထားပြီးတော့ ကိုယ့်ဂိုဏ်းမှာကို ပြန်လဲလှယ်နိုင်တယ်။ ပြီးတော့ အများဆုံးသတ်နိုင်တဲ့ ထိပ်ဆုံးအယောက် ၂၀ က အထွတ်အမြတ်မြေ၊ ချိုင့်ဝှမ်းနဲ့ ကောင်းချီးနယ်မြေက ပြင်ဆင်ပေးထားတဲ့ ဆုလာဘ်တွေ ရရှိမယ် ”
ထိုစကားပြောလိုက်ရင်း အားလုံးရှေ့မှောက် ဝိညာဉ်အလင်းရောင်များ ထုတ်လွှင့်နေသည့် ရတနာသေတ္တာတစ်လုံး ပေါ်လာသည်။
အထွတ်အမြတ်မြေ၊ ချိုင့်ဝှမ်းနှင့် ကောင်းချီနယ်မြေ အမှတ်အသားများကို သေတ္တာတစ်ခုချင်းစီ၌ သက်ဆိုင်ရာ ရေးထွင်းထားလေသည်။
ကြာဖြူကောင်းကင်အသျှင်က ရတနာသေတ္တာများထဲမှ ဆုလာဘ်များကို တစ်ခုချင်းစီ မိတ်ဆက်ပေးလိုက်သည်။
“ ဒီစစ်ဆေးမှုအတွက် ထိပ်ဆုံးပြိုင်ပွဲဝင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အထွတ်အထိပ်အဆင့် ဝိညာဉ်ပစ္စည်း ခရမ်းမိုးကောင်းကင်တူကို ရရှိမယ်။
ဒုတိယဆုက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ အဆင့်မြင့် ဝိညာဉ်ပစ္စည်း ဝိညာဉ်ပုတီးနက်ကို ရရှိမယ်။ တတိယဆုက မိုးသောက်ရောင်နီ ချိုင့်ဝှမ်းရဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ပစ္စည်း ပယင်းနီ ပဝါ ရရှိမယ်။
စတုတ္ထမြောက် ဆုလာဘ်က ထိုက်ပိုင်ချိုင့်ဝှမ်းဆီ သွားပြီးတော့ ချန်းဟယ် ဓားအသျှင်ဆီကနေ သုံးလကြာအောင် ဓားတာအို သင်ယူနိုင်ပါလိမ့်မယ်။ ”
…………....
ကြာဖြူကောင်းကင်အသျှင်က ဆုလာဘ်တွေကို ကြေညာပေးလိုက်သည့်အခါ တပည့်များက ချက်ချင်းဆိုသလို တက်ကြွလာလေသည်။ ယခင် ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုအတွက် အထွတ်အမြတ်မြေများက အလယ်အလတ်အဆင့် ဝိညာဉ်ပစ္စည်းကိုသာ ပေးလေ့ရှိ၏။ ယခုစစ်ဆေးမှုအတွက် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက အဆင့်မြင့် ဝိညာဉ်ပုတီးနက်ကို ချီးမြင့်ကာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အထွတ်အထိပ်အဆင့် ဝိညာဉ်ပစ္စည်းကို ဆုချီးမြင့်လိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။
အထွတ်အထိပ်အဆင့် ဝိညာဉ်ပစ္စည်းများသည် နတ်ပစ္စည်းအဆင့်နှင့် နီးကပ်နေလေပြီ။ အထွတ်အထိပ်အဆင့် ဝိညာဉ်ပစ္စည်းများသည် သာမန်အဆင့် နတ်ပစ္စည်းများထက် တန်ဖိုးအားဖြင့် မနိမ့်ကျပေ။ တစ်ခုတည်းသော ခြားနားချက်မှာ နတ်ပစ္စည်းတွင် အတိဒုက္ခလွန် ကျင့်ကြံသူများ၏ ဝိဇ္ဇာအဆင့် စွမ်းအားများ ကိန်းအောင်းပါဝင်နေခြင်း ဖြစ်၏။
ထိုစဉ် ပစ္စည်းဖန်တီးဖို့အတွက် အရင်းအမြစ်များအနေနှင့် ကျင့်ကြံဆင့် နိမ့်သော တပည့်များလက်ထဲရောက်သွားလျှင်ပင် စွမ်းအားအရ အထွတ်အထိပ်အဆင့် ဝိညာဉ်ပစ္စည်းများမှာ သာမန်အဆင့် နတ်ပစ္စည်းများထက် အားနည်းသွားမည် မဟုတ်ပေ။ ကနဦးဝိညာဉ်အဆင့်အောက် နိမ့်ကျသော ကျင့်ကြံသူများအတွက်ပင် အထွတ်အထိပ်အဆင့် ဝိညာဉ်ပစ္စည်းများက အားပိုကောင်းနိုင်သေး၏။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် အခြေတည်အဆင့် ကျင့်ကြံသူများ၏ စစ်ဆေးမှု ဆုလာဘ်အနေနှင့် အထွတ်အထိပ်အဆင့် ဝိညာဉ်ပစ္စည်းကိုပင် ပေးဖို့ လိုလားနေလေရာ ဤကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုအပေါ် သူတို့ မည်မျှ အရေးပေးထားကြောင်း သိသာနိုင်ပေသည်။
ထိုစည် ချိုင့်ဝှမ်းနှင့်ကောင်းချီးနယ်မြေမှ ပါရမီရှင်များက တက်ကြွမှုအပြည့် ဖြစ်လာသည်။ သူတို့က ခရမ်းမိုးကောင်းကင်တူကို လိုချင်လာကြသည်။ သူတို့ ရရှိသည်နှင့် သူတို့အင်အားမှာ သိသိသာသာ တိုးတက်သွားမည် မဟုတ်ပါလော။
သို့သော်လည်း သူတို့က ရှန်ထျန်းကို ကြည့်လိုက်မိသည့်အခါ သူတို့ခေါင်းပေါ် ရေအေးလောင်းချလိုက်သည့်အခါ တက်ကြွမှုအကုန် ချုပ်ငြိမ်းသွားတော့သည်။
ဒီလူနဲ့ ပထမနေရာကို ပြိုင်ရမှာလား … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
ထိုစဉ် ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ တပည့်များက အထွတ်အမြတ်မြေ၏ အကြံအစည်ကို ရုတ်ချည်း သဘောပေါက်သွားကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေနှင့် ရှန်ထျန်းသည် ပထမနေရာ ရလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်မှာ သိသာလှသည်။ ထိုအခါ ရှန်ထျန်း ပထမနေရာရသွားသည်နှင့် ခရမ်းမိုးကောင်းကင်တူကို သူတို့ပဲ ပြန်လည်ရရှိသွားပေမည်။
ရှန်ထျန်း ဆုရရှိခြင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပြန်ပေးလိုက်ခြင်းနှင့် အတူတူ ဖြစ်ပြီး အရှုံးမရှိချေ။
ဆုလာဘ်ကား ဗန်းပြရုံသပ်သပ်သာ ဖြစ်နေသည်။
“ ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ စွမ်းအားက လျော့တွက်လို့ မဖြစ်ဘူးပဲ ”
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဒီလောက်လက်ရဲနေပြီးတော့ အထွတ်အထိပ်အဆင့်ကိုတောင် ဆုလာဘ်အနေနဲ့ ပေးထားသေးတယ် ”
“ သူတို့က စိတ်ကြီးဝင်နေတာပဲ … တစ်ခုခု လွဲချော်သွားမှာကို မကြောက်ကြဘူးလား ”
“ တစ်ခုခု ဘာမှားရမှာလဲ။ လာနောက်နေတာလား။ သူ စောစောလေးက ပြခဲ့တာသာ ကြည့် … ငါတို့ သူနဲ့ တိုက်နိုင်ဦးမယ် ထင်နေတုန်းလား ”
“ ငါ အရှုံးပေးတယ်။ ပထမနေရာကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ လုမဲ့အစား ဒုတိယဆု ဝိညာဉ်ပုတီးနက်အတွက်ပဲ ပြိုင်တော့မယ် ”
“ တတိယဆု ပယင်းနီပဝါလေးလဲ မဆိုးပါဘူး။ ကြားတာတော့ အဲဒါက ပင်းမီးဓာတ် အဆီအနှစ်ကို ထိန်းချုပ်နိုင်တယ်တဲ့ … စွမ်းအားက အံ့ဖွယ်မီးတောက်နဲ့ ယှဉ်လို့ မရပေမဲ့ ကြောက်စရာတော့ ကောင်းတယ်ကွ ”
“ ဒါနဲ့ စတုတ္ထဆုအကြောင်း ဘယ်သူမှ ဘာလို့ မပြောကြတာလဲ။ ချန်းဟယ် ဓားအသျှင် လီခန်းလန်က ဝိဇ္ဇာအဆင့်အောက်ထဲ အတော်ဆုံး ဓားသမားဆို .. ”
……....
စစ်ဆေးမှု မစတင်ခင် တပည့်အားလုံးနီးပါးက ပထမနေရာကို လက်လျော့ပြီးသား ဖြစ်သွားကြသည်။ အခြားနည်းလမ်း မရှိတော့ပေ။ ရှန်ထျန်း၏ ခမ်းခမ်းနားနား ပေါ်ထွက်လာမှုနှင့် သွင်ပြင်တို့က အရမ်းကြီးကျယ်နေသောကြောင့် အားလုံးကို လက်လျော့သွားစေလိုစိတ် ဖြစ်ပေါ်လာစေသည်။
အားလုံးက အခြေတည်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသော်လည်း သူ့သွင်ပြင်က ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများထက်ပင် ပို၍ မြင့်မြတ်ကာ ခမ်းနားကြီးကျယ်နေသေးသည်။ သူတို့အနေနှင့် သူ့အား မည်သို့ ယှဉ်နိုင်မည်နည်း။
သူ့တွင် ပြိုင်ဖက်ကင်း ရုပ်ရည်မျိုးရှိထားသောကြောင့် အားလုံး၏ ချီးကျူးမှုနှင့် တကောက်ကောက်လိုက်ခြင်းကို သည်းခံခဲ့ရပေမည်။ ဤသည်မှာ ခန့်ညားချောမောသည့် အမျိုးသားတစ်ယောက် တောင့်ခံရမည့် ဖိအားတစ်ခု ဖြစ်၏။
ယခု စစ်ဆေးမှုအချိန်စတင်တော့မည် ဖြစ်ရာ ရှန်ထျန်းက သူ့အဖွဲ့ဝင်များကို အမြန်နှုန်းနှင့် ရှာဖွေလိုက်သည်။ ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အခြေအနေသည် ထူးခြားလှပြီး ကမ္ဘာဦးခေတ်အခါက အကြွင်းအကျန်များဖြစ်သော ယင်ဝိညာဉ် အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး သူတို့က သက်ရှိများဖြစ်သည့် ယန်တည်ရှိမှုအပေါ် အာရုံခံကောင်းလှ၏။
ထို့ကြောင့် အဖွဲ့တစ်ခုတွင် လူအများကြီး ပါဝင်နေလျှင် ယင်ဝိညာဉ်များကို အလွယ်တကူ ဆွဲဆောင်သလို ဖြစ်သွားပြီး သူတို့အနား ဝိုင်းလာပြီး တိုက်ခိုက်ကြလိမ့်မည်။ ထိုအခါ အားကောင်းသည့် ယင်နတ်ဆိုးများလည်း ပေါ်လာနိုင်သေး၏။
ကမ္ဘာဦးတိုက်ပွဲနယ်မြေက ရှုပ်ထွေးနေခြင်းမျိုး မဟုတ်ဘဲ တကယ်တော့ ကျင့်ကြံသူများ၏ စွမ်းအားကို ကန့်သတ်ထားလေသည်။ သို့သော်လည်း ရှေးဟောင်း အားကောင်းသည့် သတ္တဝါများ၏ အလောင်များနှင့် မိစ္ဆာဝိညာဉ်များမှ ပေါက်ဖွားလာသော ထူးထူးဆန်းဆန်း နတ်ဆိုးများအတွက် သက်ရောက်မှု မရှိပေ။
ကမ္ဘာဦးတိုက်ပွဲနယ်မြေက ရွှေအမြုတေကျင့်ကြံသူ၊ ကနဦးဝိညာဉ်အဆင့်နှင့် ဝိညာဉ်အသွင်ပြောင်းခင်း အဆင့် ကျင့်ကြံသူ တည်ရှိမှုကဲ့သို့ ကြောက်စရာကောင်းသည့်အရာများလည်း ရှိနေသေးသည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း စည်းမျည်းများ လွှမ်းမိုးသက်ရောက်မှုကြောင့် သတ်ဖြတ်လိုစိတ်နှင့် သွေးဆာမှုတို့က ထိုနတ်ဆိုးသတ္တဝါများကို ထိန်းချုပ်ထားကြသည်။ သူတို့က အချင်းချင်း ဆက်တိုက် သတ်ဖြတ်ဝါးမျိုပစ်ကြ၏။ ဤသို့သော နတ်ဆိုးသတ္တဝါများ၏ ဉာဏ်ရည်မှာ အလွန်နိမ့်ကျသော်လည်း တိုက်ပွဲစွမ်းအားမှာ အခြေတည်အဆင့် လူသားကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။
ထိုနတ်ဆိုးသတ္တဝါများအတွက် လူသားကျင့်ကြံသူအုပ်စုသည် အရသာရှိသော အစာတစ်ခုသာ ဖြစ်၏။ အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူ အယောက် ၁၀၀ သာ အတူတူသွားလာမည်ဆိုလျှင် သူတို့၏ ယန်အငွေ့အသက်က များပြားလွန်းနေလိမ့်မည်။ ထိုအခါ နေ့တစ်ဝက်အတွင်း အားလုံး အသတ်ခံနိုင်ရခြေ ရှိ၏။
ငါးနှစ်တစ်ကြိမ် ကနဦးဝိညာဉ်အဆင့်နှင့်အထက် တည်ရှိမှုများသည် ကမ္ဘာဦးတိုက်ပွဲနယ်မြေ အစွန်းအဖျားမှ ပျောက်ကွယ်သွားတတ်ကြသည်။ ထိုအချိန်အတွင်း ကျင့်ကြံရေးဂိုဏ်းများအနေနှင့် သူတို့ဂိုဏ်းမှ တပည့်များ လွှတ်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်၏။
အခြေတည်အဆင့် ကျင့်ကြံသူများသည် အဖွဲ့ဖွဲ့၍ ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ဝင်ရောက်နိုင်ပေသည်။
ယခင် နှစ်တစ်သောင်းလောက်တုန်းက စစ်ပွဲအတွင်း သေဆုံးသွားကြသော ထာဝရအရှင်များစွာလည်း ပါသည်ဟု ဆိုကြသည်။ ဝိဇ္ဇာအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက်မူ တိုက်ပွဲအတွင်း အလွယ်တကူ ရှင်းထုတ်ခံရသော အမြောက်စာသာသာ ဖြစ်ကြ၏။ ထိုစဉ် သူတို့၏ သွေး၊ စိတ်ဝိညာဉ်ခုနှစ်သွယ်နှင့် ဝိညာဉ်သုံးမျိုးတို့လည်း တိုက်ပွဲအတွင်း တစစီ ဖြစ်သွားကာ တိုက်ပွဲနယ်မြေ၏ စုပ်ယူခြင်းကို ခံလိုက်ကြရသည်။
နှစ်တစ်သောင်းကြာပြီးနောက် ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း အမျိုးမျိုးသော စွမ်းအားများက ပုံသဏ္ဌာန်အသီးသီး စုဝေးလာကြကာ သွေးနတ်ဆိုး၊ အရိုးနတ်ဆိုးနှင့် မိစ္ဆာနတ်ဆိုးကဲ့သို့သော တည်ရှိမှု အမျိုးမျိုး ဖြစ်ပေါ်လာလေသည်။ တစ်ချိန်တည်းတွင် အပြင်ဘက်လောက၌ အင်မတန် ရှာတွေ့ဖို့ ခက်ခဲသော အဖိုးတန်ဆေးပင်များနှင့် ရတနာများလည်း ဖြစ်ပေါ်လာကြသည်။
“ နဂါးသွေးမြက်” က တကယ့်နဂါးသွေးစစ်စစ် သွန်းလောင်းမှသာ ရှင်သန်ကြီးထွားနိုင်ပြီး “ ဓားနှလုံးသားသစ်သီး” မှာလည်း မြောက်များစွာသော အထွတ်အထိပ် ဓားတာအို ကျင့်ကြံသူများစွာ သေဆုံးပြီးသည့်နောက်မှ ဓားအငွေ့အသက်မှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ သူတို့ သေဆုံးသွားပြီးနောက် ကျန်ရှိခဲ့သော အင်မတန် ရှားပါးသည့် ရတနာများနှင့် နတ်ပစ္စည်း၊ နတ်သစ်သီး၊ အံ့ဩဖွယ် အမွေအနှစ်များက သတ္တုရိုင်းတုံးများအဖြစ် ပြောင်းလဲသွားပြီး မြေအောက်ထဲ မြှပ်နှံ့ခံလိုက်ကြရသည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေသည် အရှေ့ပိုင်းလွင်ပြင်၏ အန္တရာယ်အများဆုံး တားမြစ်နယ်မြေတစ်ခုဟု ဆိုနိုင်ပေသည်။ သို့သော်လည်း တစ်ချိန်တည်းတွင် အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံးအတွင်း ရတနာအပေါများဆုံး နယ်မြေလည်း ဖြစ်နေသေး၏။
လီလျန်အာ၏ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့နှင့် ကျန်းယွင်ရှီး၏ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားတို့ကို ကမ္ဘာဦးတိုက်ပွဲနယ်မြေ အဖျားပိုင်းမှ ရရှိလာခြင်း ဖြစ်သည်။
ကောလဟာလများအရ မီးတိုင်းပြည်အနီးရှိ ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း အထွတ်အထိပ် ထာဝရပစ္စည်းတစ်ခု ပေါ်လာသည်ဟု ဆိုကြသည်။
ဤသည်မှာ အထွတ်အမြတ်မြေများပင် အလိုရှိနေကြသည့် ပစ္စည်းမှ မွေးဖွားလာသော ပစ္စည်းစိတ်ဝိညာဉ်မျိုး ဖြစ်သည်။ ထိုပစ္စည်းကို မည်သူမှ မရယူနိုင်ကြသေးသည်မှာ နှမြောစရာကောင်းလှသည်။ ထိုပစ္စည်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ပုန်းအောင်းနေပြီး တည်နေရာက အချိန်မရွေး ပြောင်းလဲနေကာ ကံစပ်သူကို စောင့်ဆိုင်းနေလေသည်။
ပစ္စည်း စိတ်ဝိညာဉ်၏ အသိမှတ်ပြုမှုကို ရယူပြီးမှသာ ထာဝရပစ္စည်းကို ထိန်းချုပ်နိုင်လိမ့်မည်။ ထိုပစ္စည်းကို မြင်တွေ့ဖူးသည်မှာ လူအရေအတွက် မနည်းသော်လည်း ပစ္စည်းစိတ်ဝိညာဉ်ဆီမှ သခင်အဖြစ် မှတ်ယူခြင်း မခံခဲ့ရရှာပေ။
ထိုအရာကို ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း အကြီးမားဆုံး ကံအပြောင်းအလဲ အခွင့်အရေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည်။
……....
ကမ္ဘာဦးတိုက်ပွဲနယ်မြေ အဖျားပိုင်းအတွက် ပို့ဆောင်ရေး စက်ဝန်းကို ပြင်ဆင်ထားလေပြီ။ ရှန်ထျန်းက မျက်လုံးရှင်ရှင်ထားကာ ပါရမီရှင်များ၏ ခေါင်းပေါ်မှ ကံအပြောင်းအလဲ အခွင့်အရေးများကို လိုက်ကြည့်နေမိသည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ လူအရေအတွက်မှာ များပြားလွန်းနေသည့်အတွက် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရဖို့ သိပ်မလွယ်လှပေ။
လီလျန်အာ၊ ရှောင်လင်း၊ ချင်ယွင်တိ၊ ကွေ့ကုန်းကုန်း၊ ချင်ကောင်း၊ ရှန်အောင်းနှင့် အခြားလူများက ရှန်ထျန်းနား စုဝေးနေကြသည်။ အကြမ်းဖျင်းရေတွက်ကြည့်ပါက ရှန်ထျန်း၏ အဖွဲ့မှာ လူဆယ်ယောက်ကျော်နေလေပြီ။
တိုက်ပွဲနယ်မြေအတွင်း မှတ်သားထားရမည့် အချက်အလက်အရ ပမာဏကျော်လွန်နေပြီ ဖြစ်၏။
ကံအပြောင်းအလဲ အခွင့်အရေးများနှင့် လူငယ်လေးများ ဖြတ်သန်းသွားသည်ကို မြင်ပြီး ရှန်ထျန်း တစ်ယောက် ဆုံးရှုံးသွားရသလို ခံစားမိနေသည်။ သူတို့ကား သူ ရရှိနိုင်သည့် အကျိုးမြတ်များ မဟုတ်ပါလော။
သို့သော်လည်း ကျောက်ဟောင်ခေါင်းအထက်ရှိ ကံအပြောင်းအလဲ အခွင့်အရေးကို မြင်တွေ့ပြီးနောက် ရှန်ထျန်းတစ်ယောက် စိတ်အခြေအနေ ပိုကောင်းလာသည်။
ကံအပြောင်းအလဲ အခွင့်အရေးလိုမျိုးအရာမှာ ပမာဏက အဖြေ မဟုတ်ချေ။ အရည်အသွေးက ပမာဏထက် များစွာ အရေးပါပေသည်။ ရှန်ထျန်းက ကျောက်ဟောင်သည် သူ့အား စိတ်မပျက်စေသောကြောင့် အင်မတန် စိတ်အေးမိသွားသည်။ သူ့ကံအပြောင်းအလဲ အခွင့်အရေးမှာ အတော်လေး မိုက်လှသည်။ သူက သူ့ဆရာ သေသွားစေသည့် တရားခံ ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။
…….....
အားလုံးက တန်းစီလျက် လျှောက်လှမ်းလာကြပြီး ပို့ဆောင်ရေးစက်ဝန်းထဲ ဝင်ရောက်လိုက်ကြသည်။
အစီအရင် အသက်သွင်းလာသောကြောင့် အားလုံးက သူတို့ရှေ့ရှိ အာကာပြင်နှင့် အလင်းရောင်တို့မှာ ပုံမမှန်တော့ကြောင်း ခံစားလိုက်ကြရသည်။ သူတို့အမြင် ပုံမှန်ပြန်ဖြစ်သွားသည့်အခါ တိုက်ပွဲနယ်မြေထဲ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ကြသည်။
ဤသည်မှာ အသက်ဝင်မှုမရှိတော့သည့် ကျတ်တီးနယ်မြေတစ်ခု ဖြစ်ပြီး ကောင်းကင်မှာ အနီရင့်ရောင်သမ်းနေကာ မြေကြီးမှာလည်း နီညိုရောင် ဖြစ်နေသည်။ နေဝန်းပင် အနီရင့်ရောင် ဖြစ်နေလေ၏။ တိုက်ပွဲနယ်မြေရှိ အရာအားလုံးမှာ သွေးရောင် စွန်းထင်းထားသလို ဖြစ်နေသလိုမျိုး ဖြစ်၏။
တိုက်ပွဲနယ်မြေ၌ ပန်းပင်များ မရှိသလို သစ်ပင်များလည်း မရှိနေပေ။ စိမ်းစိမ်းစိုစိုအရောင်ကို မိုင်တစ်ထောင်အတွင်း မတွေ့ရပေ။ သာမန်အပင်များက မိစ္ဆာဝိညာဉ် များနှင့် သွေးများ၏ ကြောက်ခမန်းလိလိ အငွေ့အသက်ကို ခံနိုင်ရည်ရှိပုံ မပေါ်ပေ။ သူတို့အားလုံးက လေထုထဲ သွေးနံ့ကိုပင် ရလိုက်ကြသည်။
သူတို့က လွန်ခဲ့သော နှစ်တစ်ထောင်ကကဲ့သို့ အော်ဟစ်သံများနှင့် တိုက်ခိုက်သံများကိုပင် ဝေဝေဝါးဝါး ကြားနေရသည်။
ရှန်ထျန်းတို့အုပ်စုလည်း ကျတ်တီးတောင်ပေါ် ရောက်လာသည်။ သူတို့ ငုံ့ကြည့်လိုက်ကြသည့်အခါ ပုံရိပ်အချို့ တိုက်ခိုက်နေသည်ကို မသည်းမကွဲ မြင်လိုက်ကြသည်။
ထိုအရာများကို ပုံသဏ္ဌာန်ဟုပင် ခေါ်၍ မရနိုင်လောက်ပေ။ သူတို့ သေချာကြည့်လိုက်သည့်အခါ ထိုအရာများက သာမန်လူသားများ မဟုတ်ကြောင်း သတိပြုမိလိုက်ကြ၏။ ထိုအရာများက အရိုးစုများ ဖြစ်၏။ သူတို့အပေါ်တွင် အသား၊ အရေပြားတို့ ရှိမနေဘဲ အရိုးများသာ ပေါ်နေပြီး သွေးနီရောင် နေရောင်အောက်တွင် အေးစက်စက် တောက်ပနေသည်။
သူတို့က ကမ္ဘာဦးခေတ်အခါမှ ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။ အတိတ်တုန်းက ထိုချပ်ဝတ်များသည် ခိုင်ခံ့ကာ ထူးခြားပြီး ဖျက်စီး၍ ရနိုင်မည် မဟုတ်လောက်ပေ။ သို့သော် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သူတို့အတွင်းရှိ ဝိညာဉ်ချီမှာ ပျောက်ဆုံးသွားသောကြောင့် အဝတ်စုတ် ဖြစ်လာလေသည်။
ထိုအရိုးခြောက်များက ထိုချပ်ဝတ်များကို ဝတ်ဆင်ထားပြီး ပျက်စီးနေသော လက်နက်များကို ကိုင်ဆောင်ကာ တိုက်ခိုက်နေကြသည်။ သူတို့တိုက်ပွဲပုံစံမှာ အင်မတန် ရိုးရှင်းကာ ကြမ်းတမ်းလှသည်။ ဓမ္မစွမ်းအားများ အသုံးပြုခြင်း မရှိဘဲ လက်နက်များကို အရိုးရှင်းဆုံးဝေ့ယမ်း၍သာ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြခြင်း ဖြစ်၏။
သို့သော်လည်း သူတို့ ဓားချင်းရိုက်သံမှာ ကျယ်လောင်နေသောကြောင့် ထိုအရိုးခြောက်များ၏ တိုက်ခိုက်စွမ်းမှာ အားမနည်းကြောင်း သိသာလေသည်။
အရိုးခြောက်တစ်ခုချင်းစီ၏ အင်အားက သာမန်အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်ပေသည်။ သူတို့ကား ကမ္ဘာဦးခေတ်အခါမှ သူရဲကောင်းဝိညာဉ်များ ဖြစ်သည်မှာ သိသာလှသည်။
အမည်မသိအကြောင်းအရင်းတချို့ကြောင့် သူတို့ မြှပ်နှံထားသော မြေမှ ပြန်လည်ရှင်သန်လာခဲ့သည်။ သူတို့၏ တိုက်ခိုက်လိုစိတ် နိုးကြားလာကာ ယခင်ဘဝမှ မပြီးပြတ်သေးသော တိုက်ပွဲကို ဆက်လက် တိုက်ခိုက်ကုန်ကြသည်။
ထိုအရိုးခြောက်များကို ကြည့်ရင်း ရှန်ထျန်း အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။ သူ့သွေးများပင် ဆူပွက်လာသလို ခံစားလာရသည်။
ဒါက ကမ္ဘာဦးတိုက်ပွဲနယ်မြေလား … နှစ်တစ်ထောင်ကြာပြီးတာတောင် အငွေ့အသက်တွေကို ခံစားနေရတုန်းပဲ …
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က အဖြစ်အပျက်ကို တွေးကြည့်၍ ရမည် မဟုတ်ပေ။