မင်းသာ ရှိရင်
Vol. 1 Ch. 11
လုကျိုးကျွင်းနှင့် စာချုပ်ချုပ်ဆို ပြီးသည့်နောက်တွင် မိုဝူကျီသည် စမ်းသပ်ခန်း အတွင်းတွင် ထပ်၍ မနေတော့ချေ။ သူသည် စက်များကို ကြည့်လိုက်ပြီး သူတို့ အလုပ်လုပ်ပုံကို အကြမ်းဖျင်း နားလည်သွားသည်။
ဤနေရာတွင် စက်များသည် အရေအတွက် နည်းရုံသာမက သူတို့ကို ကောင်းစွာ ထိန်းသိမ်း ထားလေသည်။ သို့သော်လည်း ထိုစက်များသည် ကမ္ဘာမြေက စက်များနှင့် အလှမ်းကွာလွန်း၏။ အရင် စမ်းသပ်ခန်းတွင် သူသည် ပမာဏ အတိအကျကို ပေါင်းစပ်၍ တိုက်ရိုက် ဖော်စပ်နိုင်သည်။ ဤနေရာတွင် ထိုသို့ မဖြစ်နိုင်လောက်ပေ။
မိုဝူကျီသည် ဂရုမစိုက်ချေ။ သူ့အရင်ဘဝတွင် ချီသွေးကြောများ ကျယ်ပြန့်လာရန် ပေါင်းစပ် ဖော်စပ်နိုင်ခဲ့သည်က မတော်တဆ မဟုတ်ခဲ့ချေ။ ထိုစက်များ မပါရှိလျှင်ပင် သူ့၏ စမ်းသပ်မှု ထောင်ချီဖြတ်သန်း၍ ရရှိလာသော ကျွမ်းကျင်မှုများနှင့် ဖြေဆေးကို ပြန်လည် ဖော်စပ်နိုင်လိမ့်မည်။ ယခုတွင် ဤစက်များနှင့် လုပ်ဆောင်ရန် ပို၍ပင် ယုံကြည်ချက် ရှိလာခဲ့သည်။
ထိုမိန်းမသည် သူ့အပေါ် ကြံစည်သည့် အကြောင်းပြချက်သည် အရေးမပါတော့ပေ။ သူမသည် သူ့၏ ထုတ်ဖော်ရေး လုပ်ဆောင်နည်းနှင့် ဖြေဆေး ပေါင်းစပ်မှုကို ရရှိနိုင်မည် မဟုတ်။ အကြောင်းရင်းသည် သူ့နည်းလမ်းသည် တိကျသည့် မျိုးစပ်များ ပေါင်းစပ်မှုတွင် အခြေခံထားသည် မဟုတ်ဘဲ ဖော်စပ်ရေးတွင် ဖြစ်၏။ ထို့အပြင် သူသည် များပြားလှစွာသော အရေးပါသော အချက်အလက်များနှင့် တချို့ အရေးပါသော အပင်များ၏ အဆီအနှစ် ပမာဏများကို သိမ်းဆည်း မထားခဲ့ချေ။ အရာအားလုံးသည် သူ့စိတ်ထဲတွင် မှတ်သား ထားလေသည်။
ထိုအပင် အဆီအနှစ် ပမာဏမရှိလျှင် ဖြေဆေးသည် ပုံမှန်အတိုင်း ဖြစ်လေ၏။ ထိုအရာများကို ထပ်၍ ပေါင်းထည့်မှသာ မော်လီကျူး တည်ဆောက်ပုံ တစ်ခုလုံး ပြောင်းလဲသွားပြီး ဗီဇလက္ခဏာ(ဒီအန်အေ) စမ်းသပ်မှုပင် ပရမ်းပတာ ဖြစ်သွားလေသည်။ စမ်းသပ်မှု တစ်ခုချင်းစီ၏ ရလဒ်သည် အမြဲမတူညီချေ။
သို့ပေမဲ့ ဖြေဆေးသည် ချီသွေးကြောများကို ဖွင့်နိုင်သည့် အကျိုးသက်ရောက်မှု ရရှိနိုင်ဆဲ ဖြစ်၏။ မိုဝူကျီပင် နောက်ကွယ်မှ သဘောတရားကို နားမလည်ချေ။ ထိုအရာသည် မိုဝူကျီအား သိပ္ပံပညာသည် အလွန် လျှို့ဝှက် ဆန်းကြယ်လှခြင်း ဖြစ်သည်ဟု ယုံကြည်စေသည်။ ကမ္ဘာပေါ်တွင် သိပ္ပံပညာရပ်များဖြင့် ရှင်းပြ၍ မရသော ကိစ္စများစွာ ရှိနေသေး၏။
မိုဝူကျီအတွက် ရှင်းလင်းလှသည်။ သူ့ချစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရသည်ဖြစ်စေ သို့မဟုတ် ယန်အာအား အတင်းခေါ်ဆောင် သွားသည်ဖြစ်စေ ... အင်အားမရှိ၍သာ အဖြေမရှာနိုင်ခြင်း ဖြစ်၏။ အကယ်၍ သူသည် ဤကမ္ဘာအသစ်တွင် မကျင့်ကြံနိုင်ပါက ကံကြမ္မာဆိုး ဝင်ခြင်းဖြစ်ပြီး သူ့ကံတရားကို လက်ခံရလိမ့်မည်။
သို့သော်လည်း သူမကျင့်ကြံနိုင်ခြင်း လုံးဝ မသေချာခင် အချိန်အထိ သူသည် အခွင့်အရေး သေးသေးလေးကိုပင် လက်လွှတ်၍ မပေးနိုင်ချေ။
စာချုပ်ချုပ်ဆို ပြီးသည့်နောက် မိုဝူကျီသည် ယောင်ကျိုးမြို့တွင် လျှောက်လှည့်ပတ် ကြည့်လိုက်သည်။ သူ့၏ သုတေသန ဦးတည်ချက်ကို မဆုံးဖြတ်ခင် သူသည် ဈေးကွက်ကို အရင်ရှာဖွေရမည်။ မည်သည့်ဆေးက ပိုက်ဆံပိုဝင်၍ မည်သည်က မဝင်ဘူးလဲ ... ဤသည်က သူသိရန် အလိုအပ်ဆုံးဖြစ်၏။
မနက်မှ ညနေခင်းအထိ လျှောက်ပတ် သွားလာနေရင်း မိုဝူကျီ၏ ကနဦး စိတ်အား တက်ကြွမှုသည် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လာလေ၏။ သူသည် ဤကမ္ဘာ၏ နည်းပညာ အဆင့်အတန်းသည် ကမ္ဘာမြေအောက် ရောက်ကြောင်း သိရှိ၍ သူ၏ ဇီဝဗေဒပညာ အရည်ချင်းများနှင့်သာ ပေါင်းစပ်ပါက ပိုက်ဆံရရှိနိုင်မည့် ထုတ်ကုန် တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို ထုတ်လုပ်ရန် လွယ်ကူပေ၏။
သို့ပေမဲ့ မိုဝူကျီသည် စစ်တမ်း ကောက်ယူချက်များအရ နည်းပညာ အဆင့်သည် ကမ္ဘာအောက်တွင် ရှိနေသော်လည်း ဆေးဘက်ဆိုင်ရာ အဆင့်အတန်းသည် ထိုသို့ မဟုတ်ပေ။ အမျိုးမျိုးသော အလှကုန် ပစ္စည်းများနှင့် ကျန်းမာရေး ထုတ်ကုန်များသည် ကမ္ဘာမြေထက်ပင် သာလွန်နေသည်။ မိုဝူကျီသည် ထိုဆေးဝါးများ၏ အကျိုး သက်ရောက်မှုကို မစမ်းသပ် ခဲ့ရပေမဲ့လည်း လူများသည် ပွင့်လင်းမြင်သာစွာ ရောင်းချသည့် အချက်ကို ကြည့်၍ ထိုထုတ်ကုန် များသည်လည်း မဆိုးလှချေ။
ထုတ်ကုန်မရှိလျှင် သူသည် ရောင်းဝယ် ဖောက်ကားခြင်း၌ မည်မျှပင် ကောင်းနေပါစေ မိုဝူကျီသည် ဒန်းဟန် ဆေးလုပ်ငန်းကို မကယ်ဆယ်နိုင်ပေ။ အကယ်၍ သူသည် ဒန်းဟန် ဆေးလုပ်ငန်းကို မကယ်တင် နိုင်လျှင် ကျင့်ကြံနိုင်ရန် ထုတ်လုပ်မည့် လိုအပ်သော ဆေးဝါး ဖော်စပ်ဖို့ ကိစ္စသည် အိပ်မက်သာ ဖြစ်လာလိမ့်မည်။
ထိုသို့သော ရလဒ်များကို မြင်ပြီး မိုဝူကျီသည် တွေဝေသွားမိသည်။ လူငယ်လေး တစ်ယောက် သူ့အား ဝင်တိုက်သည့်အထိ သတိမထားမိခဲ့ပေ။
“ခိုးပြီး ထွက်ပြေးချင် တာလား….” အေးစက်သည့် အသံသည် မိုဝူကျီအား နိုးထစေခဲ့၏။ မိုဝူကျီသည် ကြည့်လိုက်သည့်အခါ လူငယ်သည် ပိန်ပါးသော လူငယ်တစ်ယောက်၏ လက်ကောက်ဝတ်ကို ဆွဲထားသည်ကို မြင်လိုက်ရသည်။ ဤလူငယ်သည် ကြီးမားသည့် အထုပ်ကို သယ်ဆောင် ထားလေသည်။ သူ့တွင် ထက်မြက်သည့် မျက်နှာနှင့် ခက်ထန်သည့် အငွေ့အသက်များ ရှိလေ၏။
“အဓိပ္ပာယ်မရှိတာ ... မြန်မြန် လွှတ်ပေး ... ”
ပိန်ပါးသော လူငယ်သည် ပြောလိုက်သည်။ ထိုအခါမှ မိုဝူကျီသည် သူ့အိတ်ကပ်ကို စမ်းမိပြီး သူ့ငွေအိတ် ပျောက်ဆုံးနေသည်ကို သတိထားမိသည်။
မိုဝူကျီသည် ဤလူငယ် သူ့ဆီမှ ငွေအိတ်ကို ခိုးစဉ်က မသိရှိခဲ့ချေ။ တွေဝေခြင်း မရှိစွာ သူသည် ရှေ့တက်လာပြီး လူငယ်၏ လက်တစ်ဖက်ကို ဆွဲကာ ရင်ဘတ်အတွင်းသို့ ကျန်လက်တစ်ဖက်ဖြင့် ရှာလိုက်သည်။
လူငယ်တွင် အိတ်ကပ်များ မပါရှိပေ။ ထို့ကြောင့် သူ့ခိုးထားသည့် ငွေအိတ်သည် သူမရင်ဘတ်တွင်သာ ရှိရမည်။
မိုဝူကျီသည် သေးငယ်ပြီး နူးညံ့သည့် ပေါက်စီကို ခံစားမိလိုက်ပြီး ထိုဘေးတွင်ရှိသော သူ့အိတ်ကို ဆွဲယူလိုက်သည်။
လူငယ်လေး မျက်နှာသည် နီရဲလာပြီး မရုန်းကန်ရဲတော့ချေ။
“ဒီကမိတ်ဆွေ ... ကူညီပေးတာ ကျေးဇူးတင်ပါတယ် ... ခင်ဗျားကြောင့်သာ မဟုတ်ရင် စားဖို့ ပိုက်ဆံတောင် ရှိတော့မှာ မဟုတ်ဘူး….”
မိုဝူကျီသည် ပိုက်ဆံအိတ်ကို သိမ်းလိုက်ပြီး လူငယ်လေးကို ကျေးဇူးတင်လိုက်သည်။
လူငယ်သည် မိုဝူကျီ ပိုက်ဆံအိတ် ပြန်ရသည်ကို မြင်ပြီး ပိန်ပါးသည့် လူငယ်ကို လွှတ်ပေးလိုက်သည်။ သူခိုးသည် လွှတ်ပေးလိုက်သည်ကို အနည်းငယ် အံ့သြသွားပြီး စက္ကန့်အနည်းငယ် အတွင်း လူထုကြားဝင်ကာ ပျောက်ကွယ် သွားခဲ့သည်။
ထိုအဖြစ်အပျက်သည် အလွန်မြန်ဆန် လွန်းသည့်အတွက် ဘေးမှ ဖြတ်သွား ဖြတ်လာများသည် ဘာဖြစ်မှန်းပင် မသိလိုက်ကြချေ။
လူငယ်သည် မိုဝူကျီ၏ သဘောထားကို မတုံ့ပြန်ခဲ့ပေမဲ့ မိုဝူကျီအား ကြည့်ကာ မေးလိုက်သည်။
“သူခိုးကို ဘာလို့ လွှတ်ပေးလိုက်တာလဲ ... ”
ယခု သူသည် လက်များကို ဖြေလျော့လိုက်သည်။ အကယ်၍ မိုဝူကျီသာ သူခိုးအား နေစေပါက သူသည် သူခိုးကို ဆက်လက်၍ ဆွဲထားမည် ဖြစ်သည်။
မိုဝူကျီသည် ရယ်မောလိုက်ပြီး
“အဲဒီသူခိုးက အရမ်းပိန်တယ် ... သူမအရမ်း ဆာလောင်နေတာ သိသာတယ် ... သူ့ကို ဖမ်းထားရင်လည်း ရိုက်နှက်ရုံအပြင် ဘာများ တတ်နိုင်မှာလဲ ... ”
ပိန်ပါးသည့် သူခိုးသည် အလွန်တရာ ဆာလောင်နေသည့် မိန်းကလေး ဖြစ်သည်။ မိုဝူကျီ သူခိုးကို ဖမ်းထားသည့် အချိန်က သူမတွင် ယန်အာ၏ ပုံရိပ်ကို မြင်လိုက်ရ၍ ထိုမိန်းမငယ်လေးကို သနားသွားခြင်း ဖြစ်၏။ သို့သော် သူသည် သူခိုးများကို အမြဲပင် မနှစ်သက်ချေ။ သူမကို သနားစိတ် ဝင်သော်လည်း ရည်ရွယ်ချက်ရှိရှိ သူမကို ပိုက်ဆံ မပေးလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ထိုမိန်းကလေးအား သင်ခန်းစာ ပေးရန်လည်း မလုပ်ရက်ချေ။
“ခင်ဗျား အားရင် အနီးအနားက ဆိုင်ကို လိုက်ပြီး ကျွေးမွေးပါရစေ….ကျွန်တော် ဒကာခံပါ့မယ် ... ” မိုဝူကျီသည် ခေါင်းစဉ် ပြောင်းရန် ထိုစကားကို ပြောလိုက်သည်။
လူငယ်သည် ပေါ့ပါးစွာ ပြန်ပြော လိုက်သည်။
“ကျွန်တော်က အားနည်းနည်းလေး စိုက်ခဲ့ရုံပါ ... အဲဒီလောက်အထိ မလိုပါဘူး….”
မိုဝူကျီသည် ထပ်၍ ပြောလိုက်သည်။
“ကျွန်တော်က ဆေးဖော်စပ်သူပါ ... ဒီကမိတ်ဆွေမှာ ရောင်းချဖို့ ဆေးပင်များ ပါမလား သိချင်လို့ပါ ... ပါတယ်ဆိုရင် ကျွန်တော် လိုအပ်နေတာလေးတွေ ရှိတယ်……”
အပင်များ၊ ဆေးဖက်ဆိုင်ရာ ပါဝင်ပစ္စည်းများနှင့် နေ့စဉ်ထိတွေ့ နေရသည့် ဇီဝဗေဒပညာရှင် တစ်ယောက်အတွက် မိုဝူကျီသည် ဤလူငယ်၏ ဆေးအနံ့များကို လွယ်လွယ်ကူကူ ခွဲခြားနိင်၏။
“ဘယ်လိုသိတာလဲ ... ”
လူငယ်သည် မိုဝူကျီအား နားလည်ရခက်စွာ ကြည့်လိုက်၏။
မိုဝူကျီသည် ပြုံးလိုက်ရင်းဖြင့်
“ခင်ဗျားမှာ ဆေးပင် အနံ့ရတယ်….ပြီးတော့ ဆေးပင်တွေက အရမ်း လတ်ဆတ်သေးတယ်….”
လူငယ်သည် ခေါင်းညိတ်ပြ လိုက်ပြီး
“ဆိုင်က ရှေ့မှာရှိတယ် ... ယောင်ကျင်းရှန်ဆိုင်က မဆိုးဘူး….အဲဒီကို သွားရအောင်….”
ယောင်ကျင်းရှန်ဆိုင်သည် မဆိုးလှပေ။ စားပွဲထိုးသည် ဝိုင်ယူလာသည့် အခါ မိုဝူကျီသည် သောက်မကြည့်ပဲနှင့် အေးစိမ့်စိမ့် ရနံ့ကို ရရှိလေ၏။
“ကျွန်တော့် နာမည်က မိုဝူကျီပါ ... မိတ်ဆွေကို ဘယ်လိုများခေါ်ရမလဲ….” မိုဝူကျီသည် ဝိုင်ကို လောင်းထည့်ပေးကာ မေးလိုက်သည်။
“လန်ယုပါ….” လူငယ်သည် အများကြီး မပြောပေ။ နာမည် ပြောပြီးသည်နှင့် ဖန်ခွက်ကို ပြောင်အောင် မော့ချလိုက်သည်။
“ကျွန်တော်က ဒန်းဟန် ဆေးလုပ်ငန်းက ဆေးဖော်စပ်သူပါ ... အကယ်၍ နောင်ကျ အစ်ကိုလန်မှာ ဆေးပင်များ ရှိခဲ့ရင် ဒန်းဟန် ဆေးလုပ်ငန်းကို တိုက်ရိုက် လာပို့နိုင်ပါတယ် ... ကျွန်တော်လိုအပ်နေတဲ့ ဆေးပင်တွေသာ ရှာတွေ့မယ်ဆိုရင် ဈေးနှုန်းက…….”
မိုဝူကျီသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် ဒန်းဟန် ဆေးလုပ်ငန်းအတွက် သင့်တော်သည့် ဆေးထုတ်ကုန်ကို ရှာမတွေ့သေးချေ။ သူလိုအပ်သည့် ဆေးပင်များကို ဝယ်ယူရန် ပိုက်ဆံ ဘယ်ကရမည်နည်း….
လန်ယုသည် မိုဝူကျီ ဆက်လက်၍ မပြောသည်ကို မြင်ပြီး မိုဝူကျီသည် ဈေးနှုန်း မြင့်နိုင်ကြောင်း ရိပ်ခြည်ပြ နေသည်ဟု တွေးထင်လိုက်၏။ ထို့နောက်တွင် ပြောလိုက်သည်။
“ဒါပေါ့ ... ဒါပေမဲ့ ကျွန်တော်က ယောင်ကျိုးက မကြာခင် ထွက်သွားတော့မှာ ... ချင်ယွီနဲ့ ချန်ယန်ပြည်နယ်မှာ စစ်ပွဲ စတင်နေပြီ ... အဲဒီမှာ ကုသရေး ဆေးပင်တွေ အရေးတကြီး လိုအပ်လိမ့်မယ်….ကျွန်တော်လည်း စစ်ပွဲရှိတဲ့ဆီ သွားရမှာ ... ”
စစ်ပွဲလား ... ကုသရေး ဆေးပင်တွေလား ... မိုဝူကျီသည် သူစိတ်ထဲတွင် မိုးကြိုးအပစ်ခံ လိုက်ရသကဲ့သို့ အရာအားလုံးသည် ရုတ်တရက် ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့သည်။
သူသည် ဆေးဝါးသိုလှောင်ရာ အခန်းတွင် ကုသရေး ဆေးများစွာကို မြင်ဖူး၏။ ထိုဆေးများသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက် မည်မျှပင် ကောင်းစေကာမူ သူတို့သည် ပင်နီဆီလင်လောက် ကောင်းနိုင်ပါ့မလား…
အဓိကအချက်သည် လုကျိုးကျွင်းသည် မနက်ခင်းက ကုသရေး ဆေးများအကြောင်း ပြောဖူးသည်။ ဤကိစ္စမတိုင်ခင် သူသည် ယုံကြည်ချက် လွန်ကဲပြီး သတိမပြုခဲ့မိပေ။ သင့်တော်သည့် ထုတ်ကုန်ကို ရှာမတွေ့နိုင်ခဲ့ ပေမဲ့လည်း ယခု သူသည် စစ်ပွဲနှင့် ကုသေရေး ဆေးများ အကြောင်း ကြားပြီး ချက်ချင်းပင် ပင်နီဆီလင်ကို တွေးမိသွားသည်။
ဒုတိယ ကမ္ဘာစစ်အတွင် စစ်ပွဲအခြေအနေ ပြောင်းပြန်ဖြစ်ခဲ့သည်မှာ ပင်နီဆီလင်ကြောင့် များစွာပါဝင်၏။ ထိုအရာသည် ဒုတိယကမ္ဘာစစ် အတွင် အသက်ပေါင်း မီလီယံနှင့်ချီကာ ကယ်ဆယ်နိုင်လိုက်သည်။
မိုဝူကျီသည် လက်ခုပ် တီးလိုက်သည်။ ပင်နီဆီလင် မင်းသာရှိရင် အားလုံး အဆင်ပြေပြီ ...
***