← Chapters

ချင်းမုန်မြို့

Vol. 002 Ch. 151

ချင်းမုန်မြို့

Vol. 002 Ch. 151

ထိုပုံစံအတိုင်းပင် ရီဖူရှင်းနှင့် ယူချင်းတို့က ခရီးဆက်နေကြသည်။ သူတို့က ခရီးသွားသည့် လမ်းတစ်လျှောက်တွင် သတ္တဝါဆန်း အမျိုးမျိုးကို တွေ့သော်လည်း လူတစ်ယောက်မှ မတွေ့ရပေ။

သိမ်းငှက်နက်ပေါ်မှ ယူချင်းက မေးသည်... “ကံစွမ်းအားကို မင်းသိလား...”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ကံစွမ်းအင်ဆိုတာ စိတ်စွမ်းအင်နဲ့ ဆင်တူတယ်... သတ္တဝါတစ်ကောင်က လေဓာတ်သဘာဝနဲ့ ပေါင်းစပ်နိုင်တယ် ဆိုပါစို့... ဒါက ထူးဆန်းတဲ့ တစ်နေရာရာက အားကောင်းတဲ့ လေဓာတ် စိတ်စွမ်းအင်ကို သူက ရရှိခဲ့လို့ပဲ... ဒါမှမဟုတ် သူက ဒီဓာတ်သဘာဝကို ပိုင်ဆိုင်တဲ့ တစ်စုံတစ်ခုကို သူစားမိလို့ပဲ... အဲဒီစွမ်းအင်က နောက်ပိုင်း ကံစွမ်းအားအနေနဲ့ ပြောင်းလဲသွားတယ်... ကံစွမ်းအားက လုံလောက်တဲ့ အတိုင်းအတာ တစ်ခုကို ရောက်ရှိတဲ့အခါ အဲဒီကံစွမ်းအားက နိုဘယ်ကံစွမ်းအားအဖြစ် ပြောင်းလဲသွားတယ်... ကံစွမ်းအားကို ပိုင်ဆိုင်တဲ့ တန်ခိုးရှင်တစ်ယောက်ဟာ အနာဂတ်မှာ စွမ်းအားမြင့်တဲ့ နိုဘယ်တန်ခိုးရှင်ဖြစ်ဖို့ အခွင့်အရေးရှိတယ်... ဒါပေမဲ့ ဒီဖြစ်စဉ်က အသိပညာကို ဘယ်လောက်အထိ ဖမ်းဆုပ်မိနိုင်တဲ့ အပေါ်မှာလည်း မူတည်သေးတယ်လို့ ငါထင်တယ်...” ရီဖူရှင်းက တစ်ကြိမ်တစ်ခါက ဧကရာဇ် စိတ်စွမ်းအားကို ခံစားမိဖူးရာ ကံစွမ်းအားကို ခွဲခြမ်းစိတ်ဖြာကာ ပြောပြသည်။ ခံစားချက်ကား တူညီ၏။

“ဒါဆို မင်းက သတ္တဝါတွေမှာ ရှိတဲ့ ကံစွမ်းအားကို မြင်ရတာပေါ့...” ယူချင်းက မေးသည်။

“သူတို့က ဒီအမျိုးအစား စွမ်းအင်ကို ဖော်ထုတ်သရွေ့ ဒါက ကံစွမ်းအား ဟုတ်မဟုတ် အလွယ်တကူ သိနိုင်တယ်...” ရီဖူရှင်းက ပြုံးလိုက်သည်။ သိမ်းငှက်နက်က ရှေ့ကို ဆက်လက် ပျံသန်းသည်။ သူတို့ခရီးလမ်း တစ်လျှောက်တွင်လည်း မီးပုံများနှင့် အသားနံ့များ ကျန်ရစ်သည်သာ။

သူတို့၏ခရီးတွင် အစားအစာများကား လုံးဝ မရပ်တန့်ခဲ့ပေ။ သူတို့ခန္ဓာကိုယ် အတွင်းမှ ကံစွမ်းအားတို့မှာလည်း တဖြည်းဖြည်း ပိုမိုများပြားလာသည်။ ထိုကံစွမ်းအားကို သူတို့၏ ကိုယ်ပိုင် စွမ်းအားများနှင့် ပေါင်းစပ်၍ ရကြောင်း ရီဖူရှင်းနှင့် ယူချင်းတို့ လေ့လာ တွေ့ရှိခဲ့ကြသည်။

လဝက်ခန့် ကြာမြင့်ပြီးသောအခါ ရီဖူရှင်းနှင့် ယူချင်းတို့က လူသားများအား တွေ့ကြရတော့သည်။ သူတို့က မြေရိုင်းဒေသတွင် အမဲလိုက်နေကြသူများ ဖြစ်ကြသည်။ သိပ်မဝေးသော နေရာတွင် မြေပြင်ကား တုန်ခါနေသည်။ ရီဖူရှင်းက မျှော်ကြည့်လိုက်လျှင် သမင်ကြီးတစ်ကောင် ပြေးလာနေသည်ကို မြင်၏။ ထိုသမင်ကြီး လျှောက်သွားသည့် မြေပြင်တစ်လျှောက် ရေခဲများ ဖြစ်သွားသည်။

“ယူချင်း...” ရီဖူရှင်းက ယူချင်းကို ခေါ်လိုက်သည်။ ယူချင်းက ချက်ချင်း နားလည်သည်။ သူက တူကြီးအား ကိုင်ဆောင်လျက် သမင်ကြီးထံသို့ ပြေးဝင်သွားသည်။ သမင်ကြီးက ခေါင်းမော့လျက် ကြည့်လိုက်လျှင် ယူချင်းကို မြင်ကာ သူ၏မျက်လုံးမှ ဒေါသမီးလျှံများ ပိုမို တောက်လောင်လာသည်။ သူက ကျယ်လောင်စွာ ဟိန်းသံပေးလိုက်လျှင် ယူချင်းအား ရေခဲအလွှာများက အေးခဲပိတ်လှောင် သွားသည်။ သမင်ကြီးထံမှ ရေခဲဓာတ်စိတ်စွမ်းအား ထွက်ပေါ်လာနေသည်။

ယူချင်း၏ခန္ဓာကိုယ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာ ဖြစ်ပေါ်လာပြီး သူ၏လက်နှစ်ဖက်ဖြင့် တူကိုကိုင်ကာ ဝှေ့ယမ်းလိုက်လျှင် သူ့အား ပိတ်လှောင်ထားသော ရေခဲအလွှာများ ပြိုကွဲသွားကြသည်။ ထိုတိုက်ခိုက် ဖြိုခွင်းမှုကြောင့်ပင် ယူချင်းတွင် အားသိပ်မကျန်တော့ပြီဟု သမင်ကြီးက ခံစားမိသည့်အလျောက် သူက အားအပြည့်ဖြင့် ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

ကျယ်လောင်သော ထိရိုက်သံတစ်ချက် ထွက်ပေါ်လာပြီး အသည်းခိုက်အောင် နာကျင်သော အသံတစ်သံလည်း ထွက်ပေါ်လာသည်။ သမင်ကြီး၏ခန္ဓာက ကောင်းကင်မှ နေ၍ မြေပြင်ပေါ်သို့ ဖွဲအိတ်အလား ဆင်းသက်လာကာ ဆက်လက်၍ မလှုပ်ရှားတော့ပေ။

“နောက်ထပ် ဟင်းပွဲတစ်ပွဲ ရပြန်ပြီ ...” ရီဖူရှင်းက တောက်ပသော မျက်လုံးများဖြင့် ပြောသည်။ သူ့ကိုယ်မှ မီးဓာတ်သဘာဝများ ဖြစ်ပေါ်လာပြီး ခဏမှာပင် ညနေစာကား အဆင်သင့် ဖြစ်သွားပြီဖြစ်သည်။

ထိုစဉ်မှာပင် လူတစ်စု အဝေးမှ ပြေးလာနေကြကာ ရီဖူရှင်းတို့၏အပေါ် ကောင်းကင်တွင် ရပ်တန့်လိုက်ကြသည်။

ထိုအုပ်စုထဲတွင် ယောက်ျား သုံးယောက်နှင့် မိန်းကလေး နှစ်ယောက် ပါဝင်သည်။ သူတို့အားလုံးမှာ အတော်ငယ်ရွယ်ကြ၏။ မိန်းကလေးနှစ်ယောက်၏ ရုပ်ရည်မှာ အလွန် ဆင်တူလှသော်လည်း သူတို့၏ အလှက တစ်ယောက်တစ်မျိုးဖြင့် ဆွဲဆောင်မှု ရှိကြသည်။

“ခွင့်ပြုပါ... ကျုပ်တို့က ဒီရေခဲသမင်ကို လိုက်နေတာကြာပြီ... သမင်ကို ပထမဆုံး ဒဏ်ရာရအောင် လုပ်တာလည်း ကျုပ်တို့ပဲ...” လူငယ်က ပြောသည်။

ယူချင်းက ထိုလူငယ်အား စူးစိုက် ကြည့်လိုက်သည်။

“ပင်လယ်ကြီးလေးခုထဲမှာ ကျုပ်တို့အားလုံးက ညီအစ်ကိုတွေပဲ... ကျုပ်တို့နဲ့ အတူတူ လာစားကြပါလား...” ရီဖူရှင်းက ထိုအုပ်စုကို ဖိတ်ခေါ်လိုက်သည်။

သူတို့ငါးယောက်က အနည်းငယ် သတိထားပုံရသည်။ သူတို့က ရီဖူရှင်းနှင့် ယူချင်းတို့၏ စွမ်းရည်များကို သိရှိနားလည်ခြင်း မရှိကြပေ။ သူတို့အားလုံးက ခေါင်းညိတ်လိုက်ကာ မြေပြင်တွင် ဝိုင်းဖွဲ့ ထိုင်လိုက်ကြသည်။

“ခင်ဗျားတို့ကလည်း ချင်းမုန်မြို့ကလား...”  လူငယ်က မေးသည်။

“ချင်းမုန်မြို့...” ရီဖူရှင်း၏ မျက်ခုံးများ မြင့်တက်သွားသည်။ ကြည့်ရသည်မှာ သူတို့က မြို့နှင့် သိပ်ဝေးတော့ဟန် မတူတော့။ သူတို့နှစ်ယောက်က သည်ရက်ပိုင်းအတွင်း မြေရိုင်းဒေသတွင် လျှောက်သွား နေရသည်မှာ အလွန်ပျင်းရိနေပြီ ဖြစ်သည်။

“ရှင်တို့က မသိကြဘူးလား ...” မိန်းကလေး တစ်ယောက်က ဘေးမှ ဝင်ပြောသည်။

ရီဖူရှင်းက သူမအား ကြည့်ကာ ပြန်ပြောသည်... “အင်း ... ကျုပ်တို့ မသိဘူး... ကျုပ်တို့က ရှေးဟောင်း မြေရိုင်းဒေသကို ဝင်လာတာ သိပ်မကြာသေးဘူး... ကျုပ်တို့က ကန္တာရမြေတစ်လျှောက် ခရီးနှင်လာကြတာ ... အခုထိ လူနေတဲ့နေရာအနားကို မရောက်သေးဘူး... ချင်းမုန်မြို့က ဒီအနားမှာ ရှိတာလား...”

“ရှင်တို့က နယ်မြေတစ်ရာ ဒေသကလား...” တခြား မိန်းကလေး တစ်ယောက်က မေးသည်။

“ဟုတ်တယ်...” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ သူတို့မတိုင်မီ တခြားလူများက မြို့ကို ရောက်ရှိကြပြီး ဖြစ်မည်။ သိမ်းငှက်နက်ကား အလွန် လျင်မြန်ခြင်း မရှိပေ။ ထိုကြားထဲ  သူတို့က လမ်းခရီးတွင် အမဲလိုက်ကာ အနားယူခဲ့သည့် အချိန်များလည်း ရှိခဲ့သည်။ ထို့ကြောင့် တခြားလူများက ဦးစွာ ချင်းမုန်မြို့သို့ ရောက်ရှိသွားသည်မှာ မထူးဆန်းတော့ပေ။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်ကို မြင်လျှင် နယ်မြေတစ်ရာ ဒေသကမှန်း သူတို့ သိသွားပြီး မူလက သတိထားနေသော ဟန်အမူအရာများ ပျောက်ကွယ်သွားကြသည်။

နယ်မြေတစ်ရာဒေသကား အရှေ့မြေရိုင်းဒေသ၏ နယ်စပ်တွင် ရှိနေသည်။ သူတို့အတွက် ရှေးဟောင်း မြေရိုင်းဒေသမှာ မကြာမီကမှ ဖွင့်လှစ်ခဲ့သည်ဟု ထိုလူငယ်များ သိထားကြသည်။

“ခင်ဗျားတို့က နယ်မြေတစ်ရာက ဆိုမှတော့ ရှေးဟောင်းမြေရိုင်းဒေသနဲ့ ပတ်သက်ပြီး သိပ်မသိကြဘူးမလား...” လူငယ်တစ်ယောက်က မေးသည်။ ထို့နောက် သူက သမင်သားတစ်ဖဲ့အား ဆွဲငင်ယူကာ စားသောက်လိုက်သည်။ သူက သတိထားရန် မလိုအပ်တော့ပေ။ သူ့လေသံတွင် မောက်မာသော ဟန်ပန်အနည်းငယ် ပါဝင်နေသည်။

“ဒါမှန်တယ်... ကျုပ်တို့ကို ဂရုစိုက်ပေးပါဦး...” ရီဖူရှင်း ရယ်မောလိုက်သည်။ “ကျုပ်နာမည်က ရီဖူရှင်း ... ဟောဒါက ကျုပ်ရဲ့ညီ ယူချင်း...” သူက မိတ်ဆက်လိုက်သည်။

ရီဖူရှင်း၏အပြုံးကား ကလေးငယ် တစ်ယောက်ကဲ့သို့ ဖြူစင်လှသည်။ အသက်ဆယ့်ခုနစ်နှစ် အရွယ်ကား အတော်အတန် ရင့်ကျက်နေပြီဟု ပြော၍ ရသော်လည်း သူကား ပြောင်းလဲရန် အများအပြား လိုအပ်နေပေသေးသည်။ သူကား ယခင်ကကဲ့သို့ ပျော်ရွှင်တတ်သော၊ စနောက်တတ်သော လူငယ်လေး တစ်ယောက်မျှသာ။

“ကျွန်မနာမည်က ရိုယွီ... ဒါက ကျွန်မရဲ့ အစ်မ ရိုလျှို...” မိန်းကလေး တစ်ယောက်က ပြောသည်။ သူမ၏ချိုသာသော အပြုံးက ညင်သာမှု၊ သိမ်မွေ့မှု စသော ခံစားချက်ကို ပေးသော်လည်း သူမ၏အစ်မမူကား အေးစက်သော ပုံဟန်ရှိသည်။

“အရမ်း ကောင်းတယ်...” လူငယ်က ပြောသည်။ သူက အသာအယာ ပြုံးလျက် သူ့ကိုယ်သူ မိတ်ဆက်သည်။ သူ့အဖော်ကလည်း ဝင်ပြောသည်... “မင်းတို့က တော်တော် ငယ်သေးတာပဲ... ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်လာတယ်ဆိုတော့ မင်းတို့က တော်တော် ထူးချွန်ပုံရတယ်...”

“ကျုပ်တို့ရဲ့ အရည်အချင်းက သာမန်ပါပဲ... ကျုပ်တို့က အခု ကြယ်ကိုးပွင့် ကောင်းကင် အဆင့်ပဲ ရှိသေးတယ်...” ရီဖူရှင်းက အမှန်အတိုင်း ပြောပြလိုက်သည်။

“အစ်ကိုရီ... ခင်ဗျားက ရယ်စရာ ပြောနေတာပဲ... ကျုပ်တို့အုပ်စုမှာ အမြင့်ဆုံးက ဓမ္မအဆင့်လေးအထိ ရှိတယ်... ဒါပေမဲ့ ကျုပ်တို့က ရေခဲသမင်ကို မတားနိုင်ခဲ့ဘူး...”

“ကျုပ်တို့မှာ ကူညီမယ့် အဖော်သတ္တဝါဆန်း ရှိတယ်လေ... ပြီးတော့ ရေခဲသမင်က နဂိုတည်းက ဒဏ်ရာရထားတယ်... ဒါတောင် ကျုပ်တို့က မနည်း တိုက်ယူရတယ်...” ရီဖူရှင်းက ပြောသည်။

သူတို့အုပ်စုက သိမ်းငှက်နက်ကြီးအား ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ အချင်းချင်း စကားစမြည် ပြောကြရင်း ရီဖူရှင်းက သတင်း အချက်အလက်များ ပိုမိုရရှိလာသည်။

ဝမ်ကြွေ... ဓမ္မအဆင့်လေးဖြစ်ပြီး သူတို့အုပ်စုတွင် တန်ခိုး အမြင့်ဆုံးဖြစ်သည်။

ဂူချန်ကား ဓမ္မအဆင့်သုံး ဖြစ်သည်။

ဂူကျင့်ကား ဂူချန်၏ညီငယ် ဖြစ်သည်။

ရိုလျှိုက ဓမ္မအဆင့်နှစ်ဖြစ်ပြီး ရိုယွီက အဆင့်တစ်ဖြစ်သည်။

သူတို့ ငါးယောက်လုံးမှာ အင်အားကြီး အဖွဲ့အစည်း တစ်ခုတည်းမှ လူငယ်မျိုးဆက်များ ဖြစ်ကြသည်။ ဝမ်ကြွေကား တည်ငြိမ်ကာ ဂူညီနောင်မှာ အနည်းငယ် မောက်မာသည်။ ရိုလျှိုက အေးစက်ကာ အခြားတစ်ဖက်တွင် ရိုယွီကား အလွန်ဖော်ရွေသည်။ သတင်းအချက်အလက် အများစုမှာ ရိုယွီထံမှ ရခြင်းဖြစ်သည်။

သူတို့အားလုံးက သူတို့ယခု ရောက်နေသော နေရာနှင့် မနီးမဝေးတွင်ရှိသော ချင်းမုန်မြို့မှ လာကြခြင်း ဖြစ်သည်။

အတန်ကြာလျှင် ရေခဲသမင်ကား လုံးဝ ပျောက်ကွယ်သွားကာ လူငယ်ခုနစ်ယောက်၏ ဝမ်းဗိုက်အား သက်သောင့်သက်သာ ဖြစ်စေခဲ့သည်။ ထို့နောက် သူတို့အုပ်စုက ထွက်ခွာရန် ပြင်ဆင်ကြသည်... “ရှင်တို့လည်း ချင်းမုန်မြို့ကို သွားကြမလို့မလား... အတူတူသွားမလား...”

“ကောင်းပြီ...” ရီဖူရှင်းက သဘောတူလိုက်သည်။ သူသိလိုသည်များ အများအပြား ကျန်နေသေးသည်။

“နယ်မြေတစ်ရာဒေသက လူတွေ ချင်းမုန်မြို့ကို အများကြီး ရောက်လာကြတာလား...” ရီဖူရှင်းက သိမ်းငှက်နက်ပေါ်ကို တက်ရင်းက မေးလိုက်သည်။ ထို့နောက် သူတို့အုပ်စုက ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။

“တော်တော်များတယ်... ဒါကြောင့် မြို့က နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသေးတယ်..." ဂူကျင့်က ပြန်ဖြေသည်။ “ရီဖူရှင်း... နယ်မြေတစ်ရာက  လူတွေအများကြီး အုပ်စုလိုက် ရောက်လာကြတယ်... မင်းတို့က ဒီအုပ်စုတွေနဲ့ ဘာလို့ မသွားတာလဲ...”

“ဒါက ပြောရတာ ရှက်စရာတောင် ကောင်းတယ်... ကျုပ်တို့က တန်ခိုးအဆင့်နိမ့်လို့ သူတို့တွေက ကျုပ်တို့ကို စွန့်ခွာခံတာ...” ရီဖူရှင်းက ဝမ်းနည်းစွာ ပြောသည်။

“ဒါကြောင့်ကိုး... ကောင်းပြီ... မင်းတို့က သားရဲတွေရဲ့အစာ ဖြစ်မသွားဘဲ ဒီအထိ ခရီးရောက်လာတာ တော်တော် ကံကောင်းတယ် ပြောရမယ်...” ဂူကျင့်က ရယ်မောလိုက်သည်။

“ရှင်တို့က တော်တော် သတ္တိကောင်းကြတာပဲ... ရှေးဟောင်း မြေရိုင်းဒေသကို ကောင်းကင် အဆင့်နဲ့ ဝင်ရဲကြတယ်...” ရိုယွီက ရယ်မောလျက် ပြောသည်။

“ရှေးဟောင်းမြေရိုင်း ဒေသက ဖွင့်လိုက်ပြီဆိုတော့ လူအများကြီးက ရောက်လာကြတယ်... ကျုပ်တို့ကလည်း ကံစမ်းချင်တာ သဘာဝပဲမဟုတ်လား... ကျုပ်တို့က တခြားလူတွေနဲ့ တိုက်ခိုက်မှာမှ မဟုတ်တာ... ဒါကြောင့် သိပ်ပြီး အန္တရာယ်မရှိဘူး... ဟုတ်တယ်မလား...”

ရိုယွီက အသာအယာ ခေါင်းညိတ်လိုက်သည်။ “ကံစွမ်းအားကို ရဖို့ နည်းအများကြီးရှိတယ်... သားရဲကောင်တွေကို သတ်တာ၊ ရှားပါးတဲ့ ဆေးပင် ဆေးမြစ်တွေကို လိုက်ရှာတာ... ရှေးဟောင်း မြေရိုင်းဒေသက ထူးဆန်းတဲ့နေရာတွေကို သွားပြီး ရှာဖွေတာ... ဒီနည်းတွေနဲ့ ရှင်က ကံစွမ်းအားကို ရနိုင်တယ်... ဒါပေမဲ့ တိုက်ရိုက်ကျတဲ့ နည်းကတော့ တခြားလူတွေဆီက ခိုးယူတာပဲ... ရှင်တို့က ဒီလောက် တန်ခိုးအဆင့်နိမ့်နေတာနဲ့ ဘယ်လိုလုပ် တခြားလူတွေက လာခိုးပါ့မလဲ... ပြီးတော့ ရှင်တို့မှာ ကံစွမ်းအားလည်း သိပ်မရှိဘူး...”

“ခိုးတာကလည်း နည်းလမ်းပဲလား...” ရီဖူရှင်းက မေးလိုက်သည်။

ချင်းမုန်မြို့မှ တခြားလူများက ရီဖူရှင်းကို ကြည့်ကာ ရယ်မောလိုက်ကြသည်။ သည်ကောင်လေး နှစ်ယောက်ကား အမှန်ပင် နယ်မြေတစ်ရာမှ ဒေသခံများ ဖြစ်ဟန်တူသည်။ သူတို့က ကံစွမ်းအားကို မည်သို့ ရယူရန်ကိုပင် မသိကြပေ။

“မှန်တယ်... ရှင့်ရဲ့ ကိုယ်ပိုင် ကံစွမ်းအားကိုသုံးပြီး တခြားလူတွေရဲ့ ကံစွမ်းအားကို ဝါးမျိုတာပဲ... ကံစွမ်းအားရဲ့ အကူအညီနဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေက တခြားလူတွေကို အနိုင်ယူပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်ကံစွမ်းအားကို ထုတ်လွှတ်ခိုင်းတယ်... ပြီးတော့ စုပ်ယူတယ်... ရက်စက်တဲ့ လူတွေကတော့ သတ်ပြီးတော့ ယူကြတာပဲ...” ရိုယွီက ရှင်းပြသည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ပြောသည်... “ရှင်က ဒါတောင် မသိဘူးပေါ့...”

ရီဖူရှင်း၏မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားသည်။ နောက်ဆုံးတွင် ဧကရာဇ်လျိုက နန်ဒူဘုရင်ဟောင်း၏ ကံစွမ်းအားကို မည်ကဲ့သို့ ခိုးယူခဲ့သည်ကို သူသဘောပေါက် လိုက်သည်။

ဧကရာဇ်ရီက တန်ခိုးအဆင့် နိမ့်နေသောကြောင့် သူ့အား မဝင်ခိုင်းခြင်းမှာ ဤအကြောင်းအရင်း ကြောင့်သာ ဖြစ်ကြောင်း ရီဖူရှင်း နားလည်လိုက်သည်။ သည်နေရာတွင် တန်ခိုးအဆင့် နိမ့်သူများမှာ တခြားလူများအတွက် အစာသာဖြစ်သည်။ သူတို့က လူတိုင်းအား အသနားခံကြရသည်။ နောက်ဆုံးတွင် တကယ်တမ်း အကျိုးခံစားခွင့် ရသူများမှာ စွမ်းအားမြင့်သူများသာ ဖြစ်သည်။

သူတို့က ဆက်သွားကြလျှင် နောက်ဆုံးတွင် မြို့၏ပုံဟန်အား အဝေးမှ မြင်လာရပြီ ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူ၏မြင်ကွင်းထဲတွင် မြို့ကား ပိုမိုကြည်လင် ပြတ်သားလာသည်။

မြို့ကား သိပ်မကြီးပေ။ ကန်ယီနိုင်ငံ၏ နန်းမြို့တော်နှင့်ပင် မယှဉ်နိုင်ပေ။ သို့သော် သူ၏လှပမှုမှာ ရိုးစင်းမှုက လာသည်။ ထို့အပြင် သည်နေရာကား ရှေးဟောင်း မြေရိုင်းဒေသမှ မြို့တစ်မြို့ ဖြစ်သည်။ သည်နေရာကို လာရောက်သူများမှာ ကံစွမ်းအားကို လာရောက် စုဆောင်းသူများ ဖြစ်ကြသည်။

“ဒါက ချင်းမုန်မြို့ပဲ...” ရိုယွီက ရှေ့ကို မျှော်ကြည့်လျက် ပြောသည်။ “ဒီမြို့က ကျွန်မတို့ ချင်းမုန် နိုင်ငံသားတွေက ရှေးဟောင်း မြေရိုင်းဒေသမှာ စုရပ်အနေနဲ့ တည်ဆောက် ထားခဲ့ကြတာပဲ... ချင်းမုန်ဒေသက ရှေးဟောင်း မြေရိုင်းဒေသကို ဝင်တဲ့အခါမှာ ကျွန်မတို့က တစ်ခါတည်းနဲ့ ဒီကို ရောက်တာပေါ့...”

ရီဖူရှင်းက သည်အချက်ကို ယခင်တည်းက သိပြီးဖြစ်သည်။ ချင်းမုန်ဒေသကား နယ်မြေတစ်ရာ ဒေသနှင့် တူညီကာ သူတို့တွင် ကလန်များ၊ မြို့များနှင့် မိသားစုများ ရှိသည်။ ကွဲပြား ခြားနားသည်ကား သူတို့က ပိုမို၍ အင်အား ကြီးမားခြင်းပင်။ သူတို့က ချင်းမုန်မြို့ကို ထိန်းချုပ်ကြသလို ရှေးဟောင်း မြေရိုင်းဒေသကို ဝင်သည့်ဂိတ်တံခါးကိုလည်း စောင့်ကြပ်ကြသည်။

ပြင်ပလောကတွင်ကား နယ်မြေတစ်ရာဒေသမှ အရှေ့မြေရိုင်းဒေသ၏ အလယ်ပိုင်းကို သွားရောက်ရန် သင်က ချင်းမုန်ဒေသကို ဖြတ်ကျော်ရမည် ဖြစ်သည်။

သူတို့အုပ်စုက မြို့ကို ဝင်ရောက်လာကြသည်။ လေထဲတွင်လည်း သတ္တဝါဆန်း အများအပြား တွေ့ကြသည်။ ထိုအထဲတွင် အလွန်ရှားပါးကာ စွမ်းအားမြင့်သော သတ္တဝါဆန်းများ ပါဝင်သည်။ သူတို့နှင့်ယှဉ်လျှင် သိမ်းငှက်နက်ကြီးကား သာမန်အဆင့်ထက်ပင် နိမ့်ကျနေပေသေးသည်။

ဤရှေးဟောင်း ချင်းမုန်မြို့တွင်လည်း တန်ခိုးအဆင့်ကွဲပြားသော လူအများအပြား ရှိသည်။ အင်အားကြီး အဖွဲ့အစည်းမှ လူများကား တန်ခိုးအဆင့် နိမ့်သည့်တိုင် သူတို့က ရှေးဟောင်း မြေရိုင်းဒေသအား ဝင်ရောက်ခွင့် ရကြပေသည်။

အချိန် အနည်းငယ်ကြာလျှင် ထိုလူငယ်အုပ်စုက တည်းခိုခန်းတစ်ခုသို့ ရောက်လာကြသည်။ လူအများအပြားက တည်းခိုခန်းအောက်ထပ် စားသောက်ဆိုင်နေရာတွင် လောင်းကစားခြင်း၊ စားသောက်ခြင်း၊ စကားပြောခြင်းများ ပြုလုပ်နေကြသည်။

“မင်းတို့ ပြန်လာပြီလား...” လူငယ်တစ်ယောက်က ရိုယွီနှင့် တခြားလူများအား နှုတ်ဆက်သည်။

“စီနီယာ အစ်ကိုယန်...” ရိုလျှိုက နှုတ်ဆက်သည်။ တခြားလူများကလည်း ဝိုင်းဝန်း နှုတ်ဆက်ကြသည်။ လူငယ်က ခေါင်းညိတ်ကာ အသိအမှတ်ပြုသည်။ ထို့နောက် သူ၏မျက်လုံးက ရီဖူရှင်းနှင့် ယူချင်းတို့ထံ ရောက်လာသည်... “သူတို့က ဘယ်သူတွေလဲ...”

“သူတို့က နယ်မြေတစ်ရာဒေသကပဲ... ကျွန်မတို့က သူတို့ကို လမ်းမှာတွေ့လို့ ခေါ်လာခဲ့ကြတာ...” ရိုလျှိုက ပြောသည်။

“နယ်မြေတစ်ရာဒေသ...” လူငယ်က မျက်မှောင်ကုတ်လိုက်ပြီး ဆက်ပြောသည်... “နောက်ဆိုရင် ဒီလိုလူတွေကို ခေါ်မလာကြနဲ့...”

“ဒါဆို ကျွန်မက သူတို့ကို နှင်ထုတ်လိုက်မယ်...” ရိုလျှိုက ပြောသည်။

“မလိုဘူး... ဒီတစ်ခါ လွွှတ်ပေးလိုက်မယ်...” လူငယ်က ခေါင်းယမ်းကာ ပြောသည်... “မနက်ဖြန် ကျုပ်တို့က ကန်တောင်ကုန်းကို သွားကြမယ်...”

ရိုလျှို၏မျက်နှာတွင် ထူးဆန်းသလို ဖြစ်သွားပြီးမှ သူမက ခေါင်းညိတ်လိုက်သည်။ လူငယ်က သူတို့ထံမှ ထွက်ခွာသွား၏။

ရီဖူရှင်းက နောက်တွင် တိတ်ဆိတ်စွာ ရပ်နေရာ အဖြစ်အပျက် တစ်ခုလုံးအား တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ့မျက်လုံးတွင် သဘောမကျမှုများ ပြည့်နေ၏။ ကြည့်ရသည်မှာ သည်လူများကို သမင်သားအား ကျွေးခြင်းမှာ အရေးမပါမှန်း သူသိလိုက်သည်။ သူတို့ထံမှ ကျေးဇူးတင်သည့်ပုံစံ ဆံခြည်တစ်မျှင်ခန့်မျှ သူမတွေ့ရပေ။

***

All Chapters